Wednesday, March 18, 2009

Filled Under:

ရိုဟင်ဂျာနဲ့ လူ့အခွင့်အရေး ပြဿနာ အပိုင်း (၁)

RRA ----- 12 March 2009

သောတရှင်များခင်ဗျား။ ရခိုင်ပြည်နယ် ဘူးသီးတောင်မြို့နယ်က အမှတ် (၁) မဲဆန္ဒနယ်မြေ ၁၉၉၀ ရွေးကောက်ပွဲမှာ အနိုင်ရခဲ့တဲ့ လွှတ်တော်ကိုယ်စားလှယ် ဦးကျော်မင်းကို မြန်မာစစ်အစိုးရက နိုင်ငံသား ဖြစ်မှုဆိုင်ရာ လိမ်လည်ဖေါ်ပြမှု၊ ဒါ့အပြင် နိုင်ငံတော်လုံခြုံရေး ဥပဒေပုဒ်မ (၅ - ည)တို့နဲ့ ထောင်ဒဏ် ၄၇ နှစ် ချထားပါတယ်။

ဦးကျော်မင်းဟာ ရိုဟင်ဂျာတဦးဖြစ်ပြီး မြန်မာနိုင်ငံသားတဦး ဖြစ်ပါတယ်။ သူဟာ လက်ထောက်ပညာရေးမှူး ဟောင်းတဦးဖြစ်သလို အလယ်တန်း ကျောင်းအုပ်ဟောင်းလည်း ဖြစ်ပါတယ်။ ဒါ့အပြင် သူဟာ ရှေ့နေတဦးလည်း ဖြစ်ပါတယ်။

ဒီလိုတာဝန်မျိုးတွေကို ထမ်းဆောင်နိုင်ဖို့ရာ
မြန်မာနိုင်ငံမှာ နိုင်ငံသားတဦး ဖြစ်ရမှာ ဖြစ်သလို၊ ဒါအပြင် သူဟာ နိုင်ငံသားဖြစ်တဲ့အတွက် ရွေးကောက်ပွဲ ၀င်ခွင့်ရခဲ့တာလည်း ဖြစ်ပါတယ်။ ဒါပေမဲ့ သူ့ကို ၂၀၀၅ ခုနှစ်မှာ ဖမ်းဆီးခဲ့ပြီး သူ့ရဲ့သားသမီးတွေအတွက် မှတ်ပုံတင်ကို လိမ်လည်ရယူဖို့ ကြိုးပမ်းတယ်ဆိုကာ ထောင်ဒဏ် ၄၇ နှစ် ချခဲ့တာဖြစ်ပါတယ်။ ဦးကျော်မင်းနဲ့ ပတ်သက်လို့ ဖမ်းဆီးမှုကနေ လွတ်မြောက်သွားတဲ့ သားဖြစ်သူ ကိုကျော်နိုင်က အခုလို ပြောပြပါတယ်။

“ အရင်က ဘူသီးတောင်မှာ အထက်တန်းပြဆရာရယ်၊ အလယ်တန်းကျောင်းအုပ်ရယ်၊ မြို့နယ်လက်ထောက် ပညာရေးမှူးအဖြစ် အမှုထမ်းခဲ့ပါတယ်။”

“၁၉၈၈ ခုနှစ်က ဆန္ဒပြပွဲမှာ ပါဝင်တယ်ဆိုပြီးတော့ သူ့ကို အလုပ်ကနေ ထုတ်လိုက်တယ်။ ထုတ်လိုက်တဲ့အချိန်မှာ သူတို့က ဆက်ပြီးလုပ်ချင်ရင် အသနားခံလွှာ တင်လို့ရတယ်လို့ စာလာတယ်။ အဲဒီတုန်းက ကျနော့အဖေက နိုင်ငံရေးလုပ်ချင်တယ် ဆိုပြီးတော့ အဲဒီအချိန်ကနေ တခါထဲ ထွက်လိုက်တယ်။ ထွက်ပြီးတော့ ရွေးကောက်ပွဲ ၀င်ပြိုင်တယ်။ ဘူးသီးတောင်မဲဆန္ဒအမှတ် (၁)မှ အမတ်လောင်းအဖြစ် ၀င်ရောက်အရွေးခံရတယ်။ ရွေးကောက်ပွဲ နိုင်ပြီးတော့ နောက်ဆုံး ကျနော့အဖေက အဲဒီတုန်းက စစ်အစိုးရက လွှတ်တော်ကိုယ်စားလှယ်တွေ အကုန်လုံးကို ရန်ကုန်ဖိတ်တာရှိတယ်။ အဲဒီအချိန်မှာ ရန်ကုန်ကိုရောက်လာတယ်။ ရန်ကုန်ရောက်ပြီးနောက် ပြန်မသွားတော့ဘဲ ရန်ကုန်မှာဘဲ နေလိုက်တယ်။”

“၁၉၉၈ ခုနှစ်မှာ CRPP ကို join လုပ်တယ်။ အဲဒီကြားထဲမှာလည်း အနှောင့်အယှက် အမျိုးမျိုးပေးတာရှိတယ်။ ဥပမာအားဖြင့် ကြယ်တာရာ စစ်ဆင်ရေးဆိုပြီးတော့ ရခိုင်မှာလုပ်တာရှိတယ်။ ၁၉၉၂ မှာလည်း အဲဒီတုန်းကလည်း (၄) (၅) ခေါက် ဖမ်းတာရှိတယ်။ ကြားမှာပေါ့လေ။ ဒီတခေါက် နောက်ဆုံ၂၀၀၅ မတ် ၁၇ ဖမ်းလိုက်တဲ့အချိန်ကျတော့ တခါထဲ မလွှတ်တော့ဘူး။”

ဦးကျော်မင်းဟာ ရိုဟင်ဂျာ အများစုနေထိုင်ရာ ရခိုင်ပြည်မြောက်ပိုင်း ဘူးသီးတောင်ဘက်မှာ အမျိုးသား ဒီမိုကရက်တစ် လူ့အခွင့်အရေးပါတီ (NDPHR) ကို ထူထောင်ပြီး ရွေးကောက်ပွဲ ၀င်ခဲ့တာ ဖြစ်ပါတယ်။ ဦးကျော်မင်းဟာ သာမန်ကျောင်းဆရာ၊ ပညာရေးမှူးအဖြစ် တာဝန်ထမ်းဆောင်နေစဉ် မြန်မာနိုင်ငံသား ရိုဟင်ဂျာအဖြစ် သာမန်နေထိုလို့ ဖြစ်ခဲ့ပေမဲ့ ရိုဟင်ဂျာတဦး နိုင်ငံရေးအရ အရေးပါလာတဲ့အခါ ကြိုတင်ပြီး ဦးနှိမ်ထားအနေနဲ့ အခုလို ကြီးလေးတဲ့အပြစ်ဒဏ်တွေ ချမှတ်လိုက်တာ ဖြစ်တယ်လို့ နိုင်ငံရေးအကဲခတ်သူတွေကတော့ မှတ်ချက်ပြု ပြောဆိုပါတယ်။ သူ့ကို အပြစ်ပေး အရေးယူတာနဲ့ ပတ်သက်ပြီး အာရှလူ့အခွင့်အရေးကော်မရှင် (AHRC) မှ ဦးမင်းလွင်ဦးက အခုလို သုံးသပ်ပြောဆိုပါတယ်။

“ ဟုတ်ကဲ့ခင်ဗျား၊ (၁) အချက် ကျနော်ပြောချင်တာက ဦးကျော်မင်းကို စတင်ပြီးတော့ နိုင်ငံသားဥပဒေ ပုဒ်မနဲ့ စပြီး အရေးယူတာက လွဲမှားနေတယ်ဆိုတာကို ကျနော်ပြောချင်ပါတယ်။ ကျနော်တို့ မြန်မာနိုင်ငံအတွင်းမှာ ဒီလိုမျိုး Institute အသက်မွေး ပညာသင်ကျောင်းတွေမှာ ပညာသင်ကြားခွင့်ဆိုတာ နိုင်ငံသားဖြစ်တဲ့သူတွေကိုမှ ရခဲ့တာဖြစ်တယ်။ နောက်ပြီးတော့ ဦးကျော်မင်းကိုယ်တိုင်ကလည်း လက်ထောက်ပညာရေးမှူး၊ ကျောင်းအုပ်အဖြစ် နှစ်ရှည်လများ အမှုထမ်းခဲ့သူဖြစ်တယ်။”

“ သူ့ဇနီးဖြစ်တဲ့သူကလည်း ဘူးသီးတောင်ဒေသအတွင်းမှာ နှစ်ရှည်လများ မျိုးရိုးစဉ်ဆက် နေလာကြတဲ့သူတွေ ဖြစ်တယ်ဆိုတာကို ဒေသခံ၊ သက်သေခံအထောက်အထား၊ နောက်ပြီး လူဝင်မှူး ဦးစီးဌာနက ထွက်ဆိုထားတဲ့ ထွက်ဆိုချက်တွေရှိပါတယ်။ နိုင်ငံသားအဖြစ် လက်ခံထားပြီးတဲ့သူ ဖြစ်တဲ့အတွက် ရွေးကောက်ပွဲကို ၀င်ရောက်ယှဉ်ပြိုင်နိုင်တာ ဖြစ်တယ်။ လွှတ်တော်ကိုယ်စားလှယ်အဖြစ် အရွေးခံခဲ့ရတဲ့အခါကျမှ ဒီနိုင်ငံသားအဖြစ် လိမ်လည်ပြီးတော့ ဖေါ်ပြထားတယ်ဆိုတဲ့အချက်ကို အကြောင်းပြပြီးတော့ ဦးကျော်မင်းကို အရေးယူတယ် ဆိုတာကို ကျနော်တို့တွေ့ရတယ်။”

“ဒါကြောင့် ကျနော်တို့က ဒီလိုအမှုကို စွဲဆိုခြင်းဟာ သာမန် သွေးရိုးသားရိုးမဟုတ်ဘဲနဲ့ နိုင်ငံရေးအရ ပါဝင်ပါတသက်တဲ့ ကိစ္စရပ်တွေကို စောင်းပေးချင်တဲ့အတွက် ဒီလိုမျို့း ကြံဖန်တရားစွဲတယ် ဆိုတာလို့ ကျနော်တို့ပြောချင်ပါတယ်။”

ဒါ့အပြင် ဦးကျော်မင်းတွင်မကဘဲ နိုင်ငံရေးပြဿနာအတွင်း ပါဝင်ခြင်းမရှိတဲ့ ဇနီးဖြစ်သူ ဒေါ်သီဇာ၊ သားကိုအောင်နိုင်၊ သမီးမခင်ခင်နု၊ သမီးငယ် မဝေေ၀နုတို့ကိုလည်း ထောင်ဒဏ် ၁၇ နှစ်စီ ချထားပါတယ်။ အခုလို ဦးကျော်မင်းနဲ့ မိသားစုကို ကြီးလေးတဲ့ အပြစ်ဒဏ်တွေ ချထားတဲ့ကိစ္စမှာ တရားစီရင်ရေး ဆိုင်ရာလိုအပ်ချက်အနေနဲ့ သုံးသပ်ထားတာလည်း ရှိပါတယ်။