Wednesday, March 18, 2009

Filled Under:

ရိုဟင်ဂျာနဲ့ လူ့အခွင့်အရေး ပြဿနာ အပိုင်း (၂)

RFA ----- 13 March 2009

မြန်မာနိုင်ငံက ရိုဟင်ဂျာ ပြဿနာဟာ ဒေသအတွင်း ပြဿနာတရပ်ဖြစ်လာပြီးတော့ ကမ္ဘာ့ကုလသမဂ္ဂ ကပါ ၀င် ရောက်ဖြေရှင်းရတဲ့ ပြဿနာ ဖြစ်လာနေပါတယ်။ ဒီလိုအခြေအနေမှာ မြန်မာနိုငံက ရိုဟင်ဂျာ ပြဿနာနဲ့ ပတ်သက်ပြီး ထင်ရှားတဲ့ ဖြစ်ရပ်အချို့ကို လူ့အခွင့်အရေး ရှုထောင့်ကနေပြီး ထုတ်နှုတ် တင်ပြထားပါတယ်။ ကိုဇော်မိုးကျော်က တင်ပြထားပါတယ်။ လွှတ်တော်ကိုယ်စားလှယ် ဦးကျော်မင်းအမှုနဲ့ ပတ်သက်ပြီး တရားရုံးရဲ့ တရားစီရင်ရေးဆိုင်ရာ လုပ်ထုံးလုပ်နည်းနဲ့ မညီညွတ်တဲ့အပေါ်မှာ ဝေဖန်ထောက်ပြထားပါတယ်။

သောတရှင်များခင်ဗျား။ ပြီးခဲ့တဲ့ အပိုင်း (၁) မှာ နိုင်ငံသားဖြစ်မှုဆိုင်ရာ ဥပဒေပုဒ်မနဲ့ တရားစွဲဆိုပြီး ထောင်ဒဏ် ၄၇ နှစ် အကျခံထားရတဲ့ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးကျော်မင်းနဲ့ ပတ်သက်၍ တင်ပြခဲ့ပါတယ်။

ရခိုင်ပြည်နယ် ဘူးသီးတောင်မြို့နယ် မဲဆန္ဒနယ်မြေ အမှတ် (၁) က ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးကျော်မင်းဟာ ၁၉၉၈ ခုနှစ်မှာ CRPP ခေါ် ပြည်သူ့လွှတ်တော် ကိုယ်စားပြုကော်မီတီမှာ အဖွဲ့ဝင် ဖြစ်လာခဲ့ပါတယ်။

အဲဒီနောက် ဦးကျော်မင်းတို့မိသားစု ရန်ကုန်ကို ရွှေ့ပြောင်းလာပြီး ၂၀၀၅ ခုနှစ်မှာ ဦးကျော်မင်းကို ဖမ်းဆီးခဲ့ပါတယ်။ အဲဒီနောက် ဇနီးဖြစ်သူနှင့် သားသမီးတွေကိုပါ ဖမ်းဆီးပါတယ်။ ဦးကျော်မင်းကို ဖမ်းဆီးသွားတာနဲ့ ပတ်သက်ပြီ နော်ဝေနိုင်ငံမှာ ဒုက္ခသည်အဖြစ် ခုံလှုံနေထိုင်နေသူ သားဖြစ်တဲ့ ကိုကျော်နိုင်က အခုလို ပြောပြပါတယ်။

ကိုကျော်နိုင် ----- “ ကျနော်တို့မိသားစုက ၁၉၉၃/၁၉၉၄ မှာ ရန်ကုန်ကို အကုန်လုံး ပြောင်းလာတယ်။ အဖေက ရခိုင်ပြန်မသွားတော့ဘဲ၊ ရန်ကုန်မှာ နေမယ်ဆိုတော့။ ပြောင်းလာတဲ့အချိန်မှာ သူတို့က ၂၀၀၅ မှာ ကျနော့အဖေကို ဖမ်းပြီး၊ တလလောက် နေပြီးနောက် တအိမ်လုံးကို ခေါ်သွားတယ်။ ကျနော်တို့ ညီအကို ၃ ယောက်က အပြင်မှာရှိတယ်။ အဲဒီတုန်းက အဖေဖမ်းသွားပြီ ဆိုတော့ ကျနော်တို့ ယောကျာ်းတွေ အိမ်မှာသိပ်မနေတော့ဘူး။ အပြင်မှာရှိတော့ ကျနော်တို့ ထွက်ပြေးရတာပေါ့။ အိမ်မှာရှိတဲ့ လူတွေကို အကုန်လုံး ခေါ်သွားတယ်။ ခဏ စစ်မယ်ဆိုပြီးတော့ ခေါ်သွားတာ။ ကျနော့ညီမ ၂ ယောက်၊ ညီမအကြီးက ခင်ခင်နု အငယ်ကောင်မလေးက ဝေေ၀နု တို့ပေါ့။ ကျနော့ညီ ၁ ယောက်၊ မောင်အောင်နိုင် ၃ ယောက်ပေါ့။ ကျနော့အမေရယ် ၄ ယောက် ခေါ်သွားတယ်။ ခေါ်သွားပြီးတော့ ရန်ကုန်မှာ အမျိုးတွေမရှိဘူး ။ အဖေနဲ့ ရင်းနှီးတဲ့သူတွေရှိတယ်ပေါ့။ သူတို့ကဘဲ အခုနည်းနည်း ထောင်ဝင်စာတွေ လိုက်ကူညီးတယ်။”

ဦးကျော်မင်းနဲ့ မိသားစုအမှုကို မင်္ဂလာတောင်ညွန့်မြို့နယ် တရားရုံးက ရုံးတင်စစ်ဆေးရာ မှတ်ပုံတင်ပြုလုပ်ရာမှာ မမှန်မကန် ဖေါ်ပြမှုနဲ့ စွပ်စွဲခဲ့ပြီး ဒီအမှုအတွက် ထောင်ဒဏ် ၄၇ နှစ် ချခဲ့တာဟာ မမှန်ကန်ဘူးလို့ အာရှလူ့အခွင့်အရေးကော်မရှင်မှ ရှေ့နေဦးမင်းလွင်ဦးက ထောက်ပြပါတယ်။ တရားရုံးက စစ်ဆေး တရားစီရင်ရာမှာ လိုအပ်ချက်တွေ ရှိတယ်လို့ ဦးမင်းလွင်ဦးက ပြောပါတယ်။

ဦးမင်းလွင်ဦး ----- “ ဒီလိုမျိုး အမှုတွေကို စစ်ဆေးတဲ့ အခါတွေမှာလည်း နိုင်ငံသားအဖြစ် အသိအမှတ်ပြုထားပြီးတဲ့ မိဘနှစ်ပါးမှ မွေးဖွားလာတဲ့ကလေးတွေကို နိုင်ငံသားကဒ်ပြား လုပ်ပေးတဲ့ကိစ္စရပ်တွေမှာ မမှန်မကန်ဖေါ်ပြတယ် ဆိုပြီး သူတို့ကနေပြီးတော့ တရားရုံးတွေမှာ တင်ပြတဲ့ အချက်အလက်တွေ ရှိပါတယ်။”

“ဒါတွေကလည်း ဥပဒေအတိုင်း ပြောရမယ်ဆိုရင် မမှန်တဲ့ အချက်အလက်တွေကို ဖြည့်စွက်ပေးတဲ့ သူတွေကိုပါ ထည့်သွင်း အရေးယူထားဖို့ လိုတယ်။ ဒါပေမဲ့ ဒီအမှုမှာ အဲဒီလိုမျိုး ထည့်သွင်း ရေးသားထားတာ မတွေ့တဲ့ အတွက် အရေးယူထားတာ မရှိတဲ့အတွက် ဒါတွေဟာ ဥပဒေနဲ့ အညီအညွတ် မဟုတ်ဘူး ဆိုတာကို ကျနော်တို့ ပြောခြင်းဖြစ်ပါတယ် ခင်ဗျား။”

ဦးကျော်မင်းကို ရုံးတင် စစ်ဆေးရာမှာ သက်သေထွက်ချက်မခိုင်လုံသလို လုပ်ထုံးလုပ်နည်းတွေမှာလည်း မှားယွင်းတယ်လို့ လူ့အခွင့်အရေး ရှေ့နေဖြစ်တဲ့ ဦးမင်းလွင်ဦးက အခုလိုဆက်လက်ပြောဆိုပါတယ်။

ဦးမင်းလွင်ဦး -----“ ဟုတ်ကဲ့ခင်ဗျား။ အမှုစစ်တဲ့အခါမှာ ဦးကျော်မင်းကနေပြီး သူ့ရဲ့မိသားစု အဖွဲ့ဝင်တွေကို ရန်ကုန်ကို အကြိမ်ကြိမ်ခေါ်တယ်။ နောက်ပြီး ရန်ကုန်မှာ အိမ်ငှားနေပြီးတော့ ရန်ကုန်မှာရှိတဲ့ မင်္ဂလာတောင်ညွန့်မြို့နယ် လူဝင်မှု ကြီးကြပ်ရေးဦးစီးဌာန၊ နောက် သက်ဆိုင်ရာ လ ၀ က တွေနဲ့ ပေါင်းပြီး နိုင်ငံသားကဒ်ရဖို့အတွက် ကြိုးစားတယ်။ လုပ်ဆောင်တယ်ဆိုပြီး စွပ်စွဲထားတာ ဖြစ်ပါတယ်။”

“ဒါပေမဲ့ အဲလို စွပ်စွဲထားတဲ့ကိစ္စရပ်ကို လူဝင်ကြီးကြပ်ရေး ဦးစီးဌာနမှ အရာရှိကိုယ်တိုင်က လာရောက် ထွက်ဆိုထားခြင်း မရှိဘူးဆိုတာကို ကျနော်တို့ တွေ့ရမှာ ဖြစ်တယ်။ နောက်ပြီးတော့ ဒီအမှုနဲ့ ပတ်သက်ပြီး နိုင်ငံသားအဖြစ်ကနေ ရုပ်သိမ်းတယ်ဆိုတာကို ထုတ်ပြန်ထားဖို့ လိုပါတယ်။ ဘာဖြစ်လို့လည်းဆိုတော့ ရွေးကောက်ပွဲတောင် ၀င်ထားတဲ့ သူတယောက်ကို ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့က အသေအချာ မစီစစ်ဘူးလား ဆိုတာကို ကျနော်တို့ သံသယ ဖြစ်စရာ အချက်အလက်တွေ အများကြီး တွေ့ရှိနေရတယ်။”

“ဒါကြောင့် ကျနော်တို့က တရားရုံးကနေပြီး တင်ပြထားတဲ့ သက်သေ အထောက်အထား ခိုင်ခိုင်လှုံလှုံ မရှိပဲနဲ့ ဒီအမှုမှာ ဦးကျော်မင်းကို အပြစ်ပေးထားတယ် ဆိုတာကို ပြောခြင်းဖြစ်ပါတယ် ခင်ဗျား။ ”

ဦးကျော်မင်းကိုတိုင်လည်း ဥပဒေဘွဲ့ရ ပညာတတ်တဦး ဖြစ်တာကြောင့် ဒီအမှုကို အထက်တရားရုံး အဆင့်ဆင့်ကို အယူခံ တင်ခဲ့ပေမဲ့ အယူခံ ပယ်ချခြင်း ခံရပြီး မအောင်မြင်ဘူးလို့ သိရပါတယ်။ လောလောဆယ် ဦးကျော်မင်းဟာ မြင်းခြံထောင်မှာ အကျဉ်းကျနေပြီး ဇနီးဖြစ်သူ သားနဲ့ သမီး ၂ ဦးတော့ အင်းစိန်ထောင်မှာ အကျဉ်းကျလျက် ရှိနေပါတယ်။

ဦးကျော်မင်းကို ၂၀၀၇ ခုနှစ် ရွှေဝါရောင် တော်လှန်ရေးကာလမှာ အင်းစိန်ထောင်မှ မြင်းခြံထောင်သို့ ပြောင်းခဲ့တာ ဖြစ်ပါတယ်။ အခုအချိန်မှာ မိသားစုဝင်တွေအားလုံး ထောင်ထဲရောက်နေတာက တကြောင်း၊ မိသားစုဝင် မဟုတ်သူတွေ ထောင်ဝင်စာ တွေ့ခွင့် မရှိတာကတကြောင်း၊ ဦးကျော်မင်းကို အကူအညီ ပေးနေသူတွေလည်း ထောင်ဝင်စာ တွေ့ခွင့်မရ ဖြစ်နေတယ်လို့ သိရပါတယ်။

ကိုကျော်နိုင် ----- “ ကျနော့အဖေကို မြင်းခြံထောင်မှာ ထောင်ဝင်စာ တွေ့ပိုင်ခွင့်လည်းမရှိဘူး။ ပါဆယ်ထုပ်ပို့တယ်။ တလ တခါ၊ နှစ်ခါပေါ့။ ဒါပေမဲ့ လူတွေ့ပိုင်ခွင့် မရှိတာက ရွှေဝါရောင်တော်လှန်ရေးကနေ သူ့ကို မြင်းခြံထောင်သို့ ပြောင်းသွားရကတည်းက ဘယ်သူ့ကိုမှ အတွေ့မခံဘူး။ ကျနော့အမေတော့ တလ နှစ်ခါ ထောင်ဝင်စာ သွားတွေ့လို့ရတယ်။ အဲဒါက ကျနော့တို့မှာ အမျိုးတွေက အကုန်လုံး ရခိုင်မှာဘဲ ရှိတယ်။ အမျိုးအရင်းတွေ ရန်ကုန်မှာမရှိဘူး။ မရှိဘူးဆိုတော့ ကျနော်တို့အဖေနဲ့ ရင်းနှီးတဲ့ သူကပဲ တာဝန်ယူပြီးတော့ အကူအညီ ပေးနေတယ်။ ညီမကြီးက နည်းနည်းနေမကောင်းဘူးလို့ ကြားရတယ်။”

ဦးကျော်မင်းကို လူသားချင်း စာနာ ထောက်ထားသောအားဖြင့် အကူအညီပေးနေတဲ့ သူတွေနဲ့ ဆွေမျိုးနီးဆပ် တော်သူတွေကို ထောင်ဝင်စာ ပေးတွေ့သင့်တယ်လို့ ဦးမင်းလွင်ဦးက မှတ်ချက်ပြု ပြောဆိုပါတယ်။ ဦးကျော်မင်းတို့ မိသားစုတွေအပေါ်မှာ ချမှတ်ထားတဲ့ ပြစ်ဒဏ်တွေဟာ လူ့အခွင့်အရေး ရှုထောင့်က ကြည့်ရင် အလွန်ကို ပြင်းထန်တဲ့ ပြစ်ဒဏ်တွေ ဖြစ်တယ်လို့ ဦးမင်းလွင်ဦးက ပြောဆိုပါတယ်။

ဦးမင်းလွင်ဦး ----- “ လူ့အခွင့်အရေး ရှုထောင့်က ကြည့်လို့ရှိရင်တော့ ကျနော်တို့မြန်မာနိုင်အတွင်းမှာ ပြဌာန်းထားတဲ့ တည်ဆဲဥပဒေတွေရဲ့ ပြဌာန်းချက်တွေကို မူတည်ပြီးတော့ ပြောဆိုရမှာဖြစ်တယ်။ နောက်တခါ နိုင်ငံတကာမှာ လက်ခံကျင့်သုံးနေတဲ့ လက်ရှိ နိုင်ငံတကာရဲ့ ဥပဒေတွေ၊ သတ်မှတ်ချက် စံတွေနဲ့ ညီအောင် ညှိထားဖို့လိုပါတယ်။”

“ နိုင်ငံတကာတွေမှာကတော့ နိုင်ငံခြားကနေ တရားမ၀င် ရောက်လာတဲ့ အဲဒီလိုမျိုး မှတ်ပုံတင်အဖြစ် လိမ်လည် လျှောက်ထားတယ် ဆိုလို့ရှိရင် ပြစ်ဒဏ်တွေ ချမှတ်တာ မှန်ပါတယ်။ ဒါပေမဲ့ ဒီလိုမျိုး လူညွန့်တုံးလောက်တဲ့အထိ ကြီးလေးတဲ့ ထောင်ဒဏ်တွေ ပြစ်ဒဏ် ချမှတ်ထားခြင်းမရှိဘူး။ ငွေဒဏ်သော်လည်းကောင်း၊ ထောင်ဒဏ်သော်လည်းကောင်း သတ်မှတ်ထားတဲ့ကာလအတွင်း ၃ နှစ် ဆိုရင် ၃ နှစ်၊ ၅ နှစ် ဆိုရင် ၅ နှစ်၊ ချမှတ်ပြီးရင် သက်ဆိုင်ရာ နိုင်ငံတွေကို ပြန်လည်ပို့ဆောင်တဲ့ သာဓကတွေ ရှိပါတယ်။”

“ဒါကြောင့် ကျနော်တို့ လူ့အခွင့်အရေး စံနှုန်းအရ ပြောမယ်ဆိုလို့ရှိရင် ဦးကျော်မင်းရယ်၊ သူ့မိသားစုတွေ အားလုံးအပေါ်မှာ ချထားတဲ့ အပြစ်ဒဏ်တွေက လူ့အခွင့်အရေး စံနှုန်းနဲ့မညီပဲ လူညွန့်တုံးတဲ့အထိ ပြစ်ဒစ်ပေးထားတဲ့ ပြစ်ဒဏ်ပေးချက် ဖြစ်တယ်လို့ ကျနော်တို့ ပြောချင်တယ်ခင်ဗျား။”

အာရှလူ့အခွင့်အရေးကော်မရှင်မှ ဦးမင်းလွင်ဦး ပြောဆိုသွားတာပါ။

ဒါကတော့ မြန်မာနိုင်ငံသားတစ်ဦးဖြစ်ပေမဲ့ ရိုဟင်ဂျာဖြစ်တာကြောင့် နိုင်ငံသားဆိုင်ရာ ဥပဒေပုဒ်မနဲ့ နိုင်ငံတော် လုံခြုံရေးဆိုင်ရာ ဥပဒေတွေနဲ့ ထောင်ဒဏ် ၄၇ နှစ် ကျခံနေရတဲ့ ဦးကျော်မင်းနှင့် မိသားစုအကြောင်းကို တင်ပြထားတာ ဖြစ်ပါတယ်။