Wednesday, March 18, 2009

Filled Under:

ရိုဟင်ဂျာနဲ့ လူ့အခွင့်အရေး ပြဿနာ အပိုင်း (၃)

RFA ----- 17 March 2009

သောတရှင်များခင်ဗျား၊ မြန်မာနိုင်ငံက ရိုဟင်ဂျာပြဿနာနဲ့ ပတ်သက်ပြီး ထိုင်း၊ မလေးရှား၊ အင်ဒိုနီးရှား နိုင်ငံတွေက ဆွေးနွေးပြောဆိုလာတဲ့အခါ မြန်မာစစ်အစိုးရ အနေနဲ့ မြန်မာနိုင်ငံမှာ ရိုဟင်ဂျာဆိုတာ မရှိပေမဲ့ ဘင်ဂါလီတော့ရှိကြောင်း ပြောင်းလဲပြောဆိုလာပြီး ဒီပြဿနာဟာ ဒေသအတွင်း ဆေးနွေးရမည့် အနေအထား ရောက်လာပါတယ်။

ဒီကိစ္စနဲ့ ပတ်သက်ပြီး ကြိုက်သည်ဖြစ်စေ၊ မကြိုက်သည်ဖြစ်စေ ဆွေးနွေးရမည့် ပြဿနာ တရပ် ဖြစ်လာတယ်ဆိုတာ ထင်ရှားပါတယ်။ လက်ရှိ အရှေ့တောင်အာရှနိုင်ငံတွေကို ခရီးထွက်နေတဲ့ စစ်အစိုးရ ၀န်ကြီးချုပ် ဗိုလ်ချုပ်ကြီး သိန်းစိန်ဟာ အင်ဒိုနီးရှားနိုင်ငံ သမ္မတနဲ့ တွေ့ဆုံစဉ် မြန်မာနိုင်ငံသားအဖြစ် သက်သေပြနိုင်ရင် အင်ဒိုနီးရှားမှာ ရောက်နေတဲ့ ရိုဟင်ဂျာတွေကို မြန်မာနိုင်ငံမှာ ပြန်လည် လက်ခံမယ်လို့ မတ်လ ၁၆ ရက်နေ့က ပြောဆိုလိုက်ပါတယ်။

မြန်မာစစ်အစိုးရကတော့ သူတို့ကို ရိုဟင်ဂျာလို့ ခေါ်ဝေါ်ခြင်းမရှိဘဲ ဘင်ဂါလီလို့ သတ်မှတ်ခေါ်ဝေါ်ခဲ့ပါတယ်။ ဒုက္ခသည်တွေကိုယ်တိုင်က သူတို့ကိုသူတို့ ရိုဟင်ဂျာလို့ ခေါ်ဝေါ် သတ်မှတ်ပါတယ်။ ဒါ့အပြင် ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး အပါအ၀င် လူ့အခွင့်အရေး အဖွဲ့အစည်းတွေနဲ့ သတင်းဌာနတွေကတော့ ရိုဟင်ဂျာလို့ ခေါ်ဝေါ်သုံးစွဲနေတာ တွေ့ရပါတယ်။ ရိုဟင်ဂျာလို့ ဘယ်အချိန်မှာ ခေါ်ဝေါ် သတ်မှတ်တယ်ဆိုတာကို အသိအကျ မသိရသေးပါဘူး။ ဒီရိုဟင်ဂျာ (သို့) ဘင်ဂါလီတွေဟာ ဘင်္ဂလားဒေ့ရှ်နဲ့ အိန္ဒိယဘက်မှာလည်း ရှိပါတယ်။ မြန်မာနိုင်ငံအတွင်းကိုလည်း အဲဒီနိုင်ငံမှတဆင့် ၀င်ရောက်လာတာ ဖြစ်ပါတယ်။ သူတို့ဟာ လောလောဆယ်မှာ နိုင်ငံမဲ့သူအဖြစ် သတ်မှတ်ခံနေရတာ ဖြစ်ပါတယ်။ ရိုဟင်ဂျာ ပြန့်နှံ့နေထိုင်နေတာနဲ့ ပတ်သက်ပြီး အာရှလူ့အခွင့်အရေး ကော်မရှင်မှ လူ့အခွင့်အရေး ရှေ့နေဖြစ်တဲ့ ဦးမင်းလွင်ဦးက အခုလို ပြောဆိုပါတယ်။

ဦးမင်းလွင်ဦး ----- ရိုဟင်ဂျာတွေကတော့ မြန်မာနိုင်ငံတွေအပါအ၀င် ဘင်္ဂလားဒေ့ရှ်၊ အိန္ဒိယ
ဒီလိုမျိုးနိုင်ငံမှာ နေလို့မရတဲ့အခါကျတော့ နိုင်ငံသားအဖြစ် အသိအမှတ်ပြုနိုင်မယ်လို့ ယူဆတဲ့ နိုင်ငံဖြစ်တဲ့ အာဖကန်နစ်စတန်တို့ အရှေ့အလယ်ပိုင်း ပါလက်စတိုင်း၊ လက်ဘနွန် စတဲ့နိုင်ငံတွေမှာ ပြန့်နှံ့ရောက်ရှိနေတယ်ဆိုတာကို သိရပါတယ် ခင်ဗျား။

မြန်မာစစ်အစိုးရက ဘင်ဂါလီလို့ ပြောဆိုသုံးစွဲပေမဲ့ ရိုဟင်ဂျာနဲ့ ဘင်ဂါလီ ကွဲပြားး ခြားနားမှု ရှိတာကိုတော့ ရှင်းရှင်းမသိကြပါဘူး။ ရိုဟင်ဂျာလို့ ခေါ်ဝေါ်သုံးစွဲ တာနဲ့ပါသက်ပြီး ဦးမင်းလွင်က အခုလို ပြောဆိုပါတယ်။

ဦးမင်းလွင်ဦး ----- ရိုဟင်ဂျာ ဆိုတာက အရင်ကတုန်းက ဒီအမည်နာမနဲ့ ခေါ်ဆိုခဲ့တာ မရှိပါဘူး။ ကိုလိုနီလက်အောက် ကျရောက်တဲ့အခါမှာ မြန်မာနိုင်ငံဒေသ တော်တော်များများမှာ ရာသီအလိုက် ရွှေ့ပြောင်းလုပ်ကိုင်ကြတဲ့ အိန္ဒိယကနေပြီး ၀င်ရောက်လာကြတဲ့ သူတွေဖြစ်တယ်။ အဲဒီလိုအများစုဟာ ဘင်္ဂလားဒေ့ရှ်၊ အိန္ဒိယနဲ့ နယ်နိမိတ်ချင်း ထိစပ်နေတဲ့ ဒေသက လာတဲ့သူတွေ တော်တော်များများ ဖြစ်ပါတယ်။
အရင်အထောက်အထားတွေကို ပြန်ကြည့်မယ် ဆိုလို့ရှိရင် ရိုဟင်ဂျာလို့ တိတိကျကျ သတ်မှတ်ထားတာ မရှိပါဘူး။ ဘင်ဂါလီ လူမျိုးဖြစ်တယ် ဆိုတာကိုဘဲ သူတို့အနေနဲ့ သတ်မှတ် ဖေါ်ပြထားတာကို တွေ့ရမှာဖြစ်တယ်။
မြန်မာနိုင်ငံ လွတ်လပ်ရေး ရပြီးတဲ့နောက်ပိုင်းမှာ မြန်မာနိုင်ငံအတွင်းမှာ နေထိုင်နေတဲ့ သူတွေကနေပြီး သီးခြား အမည်နာမ တခုနဲ့ သတ်မှတ်တယ်လို့ဘဲ ကျနော့အနေနဲ့ ထင်မြင်ယူဆပါတယ်။”

ထိုင်းနိုင်ငံမှာ ရိုဟင်ဂျာ နှစ်သောင်းလောက် တရားမ၀င် ရောက်ရှိနေပြီး ဒီရိုဟင်ဂျာတွေကို မြန်မာပြည်ကို ပြန်ပို့လိုတယ်လို့ ထိုင်းကပြောပါတယ်။

မလေးရှားမှာ တရားဝင် ဒုက္ခသည်အဖြစ် မှတ်ပုံတင်ထားတဲ့ ရိုဟင်ဂျာအရေအတွက်ဟာ ၁၄၀၀၀ ကျော် ရှိတယ်လို့ ဆိုပါတယ်။ တရားမ၀င်နေထိုင်သူတွေလည်း ရှိပါတယ်။ ဘင်္ဂလားဒေ့ရှ် မြန်မာနယ်စပ်မှာ ရိုဟင်ဂျာ ဒုက္ခသည်အရေး ဆောင်ရွက်နေတဲ့ လူ့အခွင့်အရေး NGO မှ ခရစ်တေလါကတော့ ရိုဟင်ဂျာဒုက္ခသည်တွေ မြန်မာနိုင်ငံအတွင်းနဲ့ ဘင်္ဂလားဒေ့ရှ် နယ်စပ်မှာ ပြန့်နှံ့ တည်ရှိနေတာနဲ့ ပတ်သက်ပြီး အခုလိုရှင်းပြပါတယ်။

ခရစ်စတေလာ ----- ရခိုင်ပြည်မြောက်ပိုင်း ဘူးသီးတောင်၊ ရသေ့တောင်၊ မောင်းတော သုံးမြို့နယ် ဒေသတ၀ိုက်နဲ့ ကုလသမဂ္ဂ ဒုက္ခသည်မဟာမင်းကြီးရုံး UNHCR က တာဝန်ယူ ဆောင်ရွက်နေတဲ့ ရခိုင်ပြည်နယ် အတွင်းက ဒေသတွေမှာ UNHCR ရဲ့ စာရင်းတွေအရာ ရိုဟင်ဂျာဦးရေဟာ ခုနစ်သိန်း သုံးသောင်းလောက် ရှိနေပါတယ်။ ဒါ့အပြင် ဘင်္ဂလားဒေ့ရှ် မြန်မာနိုင်ငံ နယ်စပ်က ဒုက္ခသည် စခန်း ၂ ခုမှာ UNHCR စာရင်းအရဘဲ တရားဝင် ဒုက္ခသည် ၂၈၀၀၀ ရှိနေပြီး ဘင်္ဂလားဒေ့ရှ်နယ်ထဲမှာ တရားမ၀င် နေထိုင်နေသူ နှစ်သိန်းလောက်ရှိတယ်လို့ ခရစ်တေလာက ပြောဆိုသွားပါတယ်။

မြန်မာနိုင်ငံမှာ ၁၉၄၈ ခုနှစ် လွတ်လပ်ရေး ရပြီးနောက် နိုင်ငံသား ဖြစ်မှုဆိုင်ရာ ဥပဒေ အပြောင်းအလဲတွေကြောင့် မြန်မာနိုင်ငံမှာ မူလဒေသခံ တိုင်းရင်းသားအဖြစ် သတ်မှတ်ခြင်း မခံရသူတွေရဲ့ နိုင်ငံသား ဖြစ်မှုဆိုင်ရာ အခြေအနေတွေအပေါ်မှာ များစွာ သက်ရောက်မှု ရှိခဲ့တယ်လို့ ဦးမင်းလွင်ဦးက ရှင်းပြပါတယ်။

ဦးမင်းလွင်ဦး ----- “ ၁၉၄၈ ခုနှစ် လွတ်လပ်ရေး ရပြီးတဲ့နောက်ပိုင်း နိုင်ငံသားဖြစ်မှုဆိုင်ရာ ဥပဒေတွေ ပြဌာန်းတဲ့အခါမှာ မြန်မာနိုင်ငံအတွင်းမှာ စဉ်ဆက်မပြတ် အနှစ် ၂၀ ဆက်တိုက် နေခဲ့လို့ရှိရင် နိုင်ငံသားအဖြစ် လျှောက်ထားနိုင်တဲ့ သတ်မှတ်ချက်တခုရှိတယ်။ နောက်ပြီးတော့ ဦးနေ၀င်း အစိုးရလက်ထက်ကျတော့ ဒီအချက်အလက်အချို့တွေကို ပြန်လည် ပြင်ဆင်တာရှိတယ်။ နောက် န ၀ တ ၊ န အ ဖ လက်ထက်ကျတော့ နောက်ဆုံးအနေနဲ့ နိုင်ငံသား ဖြစ်မှု ဥပဒေဆိုပြီးတော့ ပြင်ဆင်ခဲ့တာရှိပါတယ်။ ဒီတော့ အဲဒီလိုမျိုး အခြေအနေတွေမှာ အရင်ကတည်းက မျိုးရိုးစဉ်ဆက်အရ နေလာကြတဲ့ သူတွေလည်း ရှိတယ်ဆိုတာကို အထောက်အထားတွေနဲ့ ငြင်းလို့မရဘူးဖြစ်တယ်။

နောက်ပိုင်းမှာ စီးပွားရေးလုပ်ငန်းတွေကြောင့် ဟိုဘက်ကူးလိုက်၊ ဒီဘက်ကူးလိုက်နဲ့ လာကြတဲ့သူတွေရှိတယ်။ အဲဒီလို လူတွေကိုကျတော့ နောက်ပိုင်း ဥပဒေတွေအရ ဒါတွေကို နိုင်ငံသား ဥပဒေအဖြစ် အသိအမှတ်မပြုဘူး ဆိုတာကို ကျနော်တို့ သိရှိရတယ်။”

မြန်မာနိုင်ငံမှာ နိုင်ငံသားဖြစ်မှုဆိုင်ရာ ဥပဒေတွေဟာ လွန်စွာတင်းကြပ်ပြီး စစ်အစိုးရလက်ထက် မြန်မာနိုင်ငံမှာ နိုင်ငံသားဖြစ်ခွင့်မှာ လူမျိုးက အဓိက အခြေခံထားတာကို တွေ့ရပါတယ်။ စစ်အစိုးရက သတ်မှတ်ထားတဲ့ လူမျိုး ၁၃၅ မျိုးအတွင်း ပါဝင်ခြင်းမရှိရင် မြန်မာနိုင်ငံမှာ နိုင်ငံသားဖြစ်ဖို့ မလွယ်ကူတဲ့ အနေအထားမှာ ရှိနေပါတယ်။ မြန်မာနိုင်ငံမှာ ရိုဟင်ဂျာ (သို့) ဘင်ဂါလီနဲ့ ပတ်သက်ပြီး စစ်အစိုးရ အဆက်ဆက်မှာ စစ်ဆင်ရေး အမည်အမျိုးမျိုးနဲ့ ၆ ကြိမ်၊ ၇ ကြိမ်လောက် မြန်မာနိုင်ငံကနေ မောင်းထုတ်နေတာကို တွေ့ရပြီး သိန်းတဲ့ ချီတဲ့ ရိုဟင်ဂျာကိုလည်း တရားဝင် ပြန်လည်လက်ခံခဲ့တာ တွေ့ရကြောင်းပါခင်ဗျား။