Wednesday, March 18, 2009

Filled Under:

မြန်မာ့ ဒီမိုကရေစီရေးရာ အစီအစဉ် ဆွေးနွေးချက်

VOA ----- 16/11/2008 Evening Programme

အာရှလူ့အခွင့်အရေးကော်မရှင်မှ ရှေ့နေ ဦးမင်းလွင်ဦးနှင့် VOA မှ ဦးသန်းလွင်ထွန်းတို့က အောက်ပါအတိုင်းဆွေးနွေးတင်ပြထားပါသည်။

မြန်မာနိုင်ငံရဲ့ ယိုယွင်းနေတဲ့ တရားစီရင်ရေးစနစ်ဟာ လုံးဝ တဖက်စောင်းနင်း ပြိုလဲသွားခဲ့ပြီး ဆိုတဲ့အချက်ကို ပြီးခဲ့တဲ့ အပါတ်အတွင်း နိုင်ငံရေး အတိုက်အခံတွေ၊ ရှေ့နေတွေ ဘုန်းကြီးတွေနဲ့၊ သတင်းထောက် Blogger ကဗျာ ဆရာတွေကို နှစ်ရှည် ထောင်ဒဏ်ချမှတ်ခဲ့ အဖြစ်အပျက်တွေက သက်သေခံနေပါတယ်။

အမှုတခုချင်းစီမှာ တရားသူကြီးတွေ ခုံသမာသူကြီးတွေရဲ့ သမာတမတ်မရှိမှု၊ ရှေ့နေရှေ့ရပ်၊ တရား လိုအမှုလိုက်တွေရဲ့ သမာတမတ်မရှိမှု၊ အကတိ လိုက်စားမှုတွေကြောင့် ယိုယွင်းမှုတွေ၊ ချွတ်ယွင်းမှုတွေ နေရာတိုင်းမှာ ရှိခဲ့ပေမဲ့
တရားစီရင်ရေး စနစ်တခုလုံး ယိုယွင်းပျက်သွား ရလောက်အောင် တရားသူကြီး၊ တရားဥပဒေ ဘက်တော်သား ကိုယ်တိုင်က အာဏာရှင်တွေရဲ့ အလိုကျ လိုက်လုပ်နေရပြီ ဆိုတဲ့အချက်ဟာ ကမ္ဘာ့အလယ်မှာ ရှက်ဖွယ်လိလိ ဖြစ်တယ်ဆိုတာ ပြောရပါ လိမ့်မယ်။

အာရှလူ့အခွင့်အရေးကော်မရှင်မှာ မြန်မာ့လူ့အခွင့် အရေးရာတွေကို ကူညီဆောင်ရွက်ပေး နေတဲ့ နော်ဝေနိုင်ငံက ရှေ့နေဦးမင်းလွင်ဦးကို ကျနော် ဆက်သွယ်မေးမြန်း ထားပါတယ်။

ဦးသန်းလွင်ထွန်း ----- ဟုတ်ကဲ့ ဦးမင်းလွင်ဦးခင်ဗျ။ အခု လတ်သလော ကြားနေတဲ့ အမှုတွေနဲ့ ပြစ်ဒဏ်စီရင်ချက်ကို ကြားရတော့ တရားစီရင်ရေး မဟုတ်ပဲနဲ့ မတရားစီရင်ရေး ဖြစ်နေပြီးလို့ ပြောကြပါတယ်။ စစ်အစိုးရအလိုကျ ရက်ရက်ရောရော ထောင်စုတွေ ပေးနေပြီးလို့ဆိုကြပါတယ်။ ဦးမင်းလွင်ဦးအနေနဲ့ အဲဒီအကြောင်းတွေကြား ရတော့ အံ့သြမိသလားခင်ဗျ။

ဦးမင်းလွင်ဦး ----- ဟုတ်ကဲ့ခင်ဗျား၊ ကျနော်တို့ မြန်မာနိုင်ငံအတွင်းမှာ အခုဖြစ်နေတဲ့ ဥစ္စာတွေ က ဥပဒေက မည်သို့ပင် ဆိုစေကာမူ အမိန့်အာဏာကို ဦးထိပ်ပန်ပြီးတော့ တရားသူကြီးတွေ ကအစ အဲဒီလိုမျိုး နှစ်ရှည် ထောင်ဒဏ်တွေကို ချပြီးတော့ ပေးနေတယ်ဆိုတာကို ကျနော်တို့ တွေ့ရတယ်။ အဲဒီလိုမျိုးဖြစ်တဲ့ ဥစ္စာကလည်း ပြီးခဲ့တဲ့အပါတ်ထဲမှာ ပိုပြီးတော့ ဆိုးဆိုးဝါးဝါး ဖြစ်လာတာကို ကျနော်တို့ တွေ့ရတယ်။ အဲတော့ ကျောင်းသား ခေါင်းဆောင်တွေ ဆန္ဒပြတဲ့ကိစ္စ၊ နောက်ပြီးတော့ လွတ်လပ်တဲ့ တရားစီရင်ရေးဖြစ်ဖို့ တောင်းဆိုတဲ့ကိစ္စရပ်တွေ၊ ဒါတွေကနေပြီးတော့ ဆင့်ပွားပြီးဖြစ်လာတဲ့ကိစ္စရပ်တွေက ရှေ့နေကိုယ်စားလှယ်လွှဲစာ ရုပ်သိမ်းတဲ့ ကိစ္စအထိ ဖြစ်လာတယ်။

အဲတော့ အဲဒီလို ဥပဒေအတွင်းတိုက်ပွဲက ဘယ်လောက်အထိ ဆိုးလာသလဲဆိုတော့က နောက်ပိုင်း ဒီစစ်အစိုးရ ကနေပြီးတော့ ကျနော်တို့ အမှုတွေမှာ လိုက်ပါ ဆောင်ရွက်ပေးနေတဲ့ တရားရုံးချုပ်ရှေ့နေတွေ၊ အထက်တန်း ရှေ့နေတွေကို ပြစ်ဒဏ်ပေးပြီးတော့ သူလို့လိုက်ပါ ဆောင်ရွက်နေတဲ့ အမှုတွေကို မြန်မြန်ဆန်ဆန်နဲ့ အမြင့်ဆုံး အပြစ်ဒဏ်တွေ ပေးနေတယ်ဆို တာကို ကျနော်တို့တွေ့ရတယ်။

ဦးသန်းလွင်ထွန်း ----- ဒီတော့ လက်ရှိ အခြေအနေတွေကို ခြုံပြီးပြောရမယ်ဆိုရင် မြန်မာနိုင်ငံမှာ ဖြစ်နေ တာက အဖမ်းခံတဲ့ သူတွေအနေနဲ့လည်း မတရားအဖမ်းခံရတာပေါ့။ သဘောကတော့ သူတို့ရဲ့လွတ်လပ်စွာ စည်းရုံးခွင့်၊ လှုပ်ရှားခွင့်၊ ဟောပြောပိုင်ခွင့်၊ ယုံကြည်ပိုင်ခွင့်တွေကို ဖေါက်ဖျက်ပြီးတော့ အဖမ်းခံရတယ်။ ဒါအပြင် မိမိကိုယ်ကို ဥပဒေကြောင်းအရ ကာကွယ်ချေပ ပိုင်ခွင့်တွေလည်း မရှိတော့ဘူး။ ဒါ့အပြင် မတရားကြီးလေးတဲ့ အပြစ်ဒဏ် ကြီးတွေလည်း ချမှတ်ခံရတယ်ဆိုတော့ ဒီအချက်ကို ကြည့်လိုက်မယ် ဆိုရင် မြန်မာနိုင်ငံ တရား စီရင်ရေးစနစ်တခုလုံး ယိုယွင်းရုံသာမဟုတ်ပဲ ဘုံးဘုံး လဲ ပြိုကျလုမတတ် ပြစ်နေပြီးဆိုတဲ့ ဝေဖန်ချက်ကိုရော ဦးမင်းလွင်ဦး အနေနဲ့ ဘယ်လိုယူဆပါ သလဲ။

ဦးမင်းလွင်ဦး ----- ဟုတ်ပါတယ်ခင်ဗျား။ ဘာဖြစ်လို့လည်းဆိုလို့ရှိရင် ကျနော်တို့ ပြီးခဲ့တဲ့နှစ် စက်တင်ဘာ အရေးအခင်း ဖြစ်တဲ့နောက်ပိုင်းမှာ ဖမ်းဆီးခံရတဲ့လူတွေ၊ ကုန်ဈေးနှုန်းတက်လို့ ဆန္ဒပြတဲ့သူတွေ ဒီလူတွေကို ဖမ်းဆီးတဲ့အခါမှာ တရားစွဲအဖွဲ့ကနေ ဖမ်းတာမဟုတ်ပဲနဲ့ ထောက်လှမ်းရေး ကနေပြီးတော့ ဖမ်းတယ်။ စစ်ဘက် ဆိုင်ရာ အကူတပ်ဖွဲ့ (၁)က ကဖမ်းတယ်။ နောက်ပြီးတော့ စစ်ကြောရေးလုပ်တယ်။ စစ်ကြောပြီးတော့ ရတဲ့ အချက်အလက်တွေကို သူတို့က မြန်မာနိုင်ငံသတင်းတပ်ဖွဲ့ကို ပေးလိုက်တယ်။ မြန်မာနိုင်ငံ သတင်းတပ်ဖွဲ့က သူတို့ ဘာမှမသိဘဲနဲ့ တရားရုံးမှာ သူတို့ခင်ဗျားလည်း အထက်ကပေးတဲ့ ဥစ္စာဆိုတော့ လာပြီးတော့ သက်သေထွက် နေရတာတွေ့တယ်။ အဲဒီလိုမျိုး ဖြစ်တဲ့ကိစ္စရပ်တွေမှာ တရားခံဘက်က လိုက်ပါဆောင်ရွက်ပေးနေတဲ့ အကျိုး ဆောင်တွေက တတ်နိုင်တဲ့ ဥပဒေဘောင်ထဲကနေ ဖေါ်ထုတ်ပေး တာကို တွေ့ရတယ်။ အဲဒီလို ဖေါ်ထုတ်ခဲ့လို့လည်း ဦးအောင်သိန်းနဲ့ ဦးခင်မောင်ရှိန်နဲ့က ထောင်ဒဏ် ၄ လ အပြစ်ပေးခံရတယ်။ ညီညီထွေးနဲ့ စောကျော်ကျော်မင်းတို့ ကလည်း ၆ လ အပြစ်ပေးခံရတာဆိုတာကို ကျနော်တို့ သိရတယ်။

အဲတော့ အဲဒီလိုမျိုး ကျနော်တို့ မြန်မာနိုင်ငံအတွင်းမှာ တရားစွဲတယ်ဆိုတာက ပြစ်မှုဆိုင်ရာ ကျင့်ထုံးဥပဒေနဲ့အညီ သတ်မှတ်ထားတဲ့ ဥပဒေပြဌာန်းချက်နဲ့အညီ တရားစွဲဆို ရတာဖြစ်တယ်။ အခုတော့ အဲဒီလိုမျိုး မဟုတ်ဘဲနဲ့ ပစ်စလက်ခတ် တရားစွဲသလိုမျိုးဖြစ်တယ်။

နောက်ပြီးတော့ ဖမ်းဆီးထိန်းသိမ်း ခံရသူတွေကလည်း အမှုတွဲတွဲသာဖြစ်တယ်။ တယောက်နဲ့ တယောက်ကို မသိကြဘူး။ အဲဒီလိုမျိုး ဥစ္စာတွေ အမှုစစ်ဆေးချက်တွေမှာ ကျနော်တို့ တွေ့ရတယ်။ ဒါကြောင့် တရားစီရင်ရေး စနစ်တခုလုံးမှာ စည်းမျဉ်းစည်းကမ်းနဲ့ စနစ်တကျသွားတဲ့ တရားစီရင်ရေး စနစ်မဟုတ်ဘဲနဲ့ ပရမ်းပတာ သွားနေပြီး ဆိုတာကို ကျနော်တို့ အနေနဲ့ ထပ်လောင်းပြောချင်ပါတယ်။

ဦးသန်းလွင်ထွန်း ----- မြန်မာနိုင်ငံရဲ့ စစ်အစိုးရအနေနဲ့ အခုလို အစိုးရကိုဆန့််ကျင်တဲ့သူတွေကို လိုက်ပါ ဆောင်ရွက်ပေးနေတဲ့ ရှေ့နေအပါအ၀င်ပေါ့နော်၊ ဒီလိုအဖွဲ့အစည်းတွေအကုန်လုံးကို နှစ်ကြီး၊ အပြစ်ဒဏ်ကြီး ချပြပြီးတော့ ကျန်တဲ့လူထုကို ခြောက်လှန့်ဖို့ ရည်ရွယ်ချက်ရှိတယ် ဆိုတာကတော့ ထင်ရှားပါတယ်။ ဒါပေမဲ့ ဒီရည်ရွယ်ချက်ကို တရားသူကြီးတွေကပါ လိုက်ပြီးတော့ အကောင်အထည်ဖေါ်ပေးနေတဲ့ သဘောမျိုးဆိုတော့ မြန်မာနိုင်ငံမှာ လူထုအနေနဲ့ တရားရေးစနစ်တခုလုံးကို လုံးဝအယုံ အကြည်မဲ့သွားပြီးတော့ တရားရေးဘက်မှာ ပါတနေတဲ့ အဖွဲ့အစည်းတွေကို ရွံမုန်းလာနိုင်တဲ့ အခြေအနေမျိုး ဖြစ်မလာ နိုင်ဘူးလားခင်ဗျား။

ဦးမင်းလွင်ဦး ----- ဖြစ်လာနိုင်တာပေါ့ခင်ဗျား။ အစောကပြောတလိုမျိုး ကျနော်တို့ တရားသူကြီး တွေမှာသာ တာဝန်ရှိတာ မဟုတ်ပါဘူး။ ကျနော်တို့ နိုင်ငံတော်ဘက်က လိုက်ပါဆောင်ရွက်တဲ့ ဥပဒေ ၀န်ထမ်းတွေမှာလည်း တာဝန်ရှိပါတယ်။ အမှုတမှု တရားရုံးကို တင်မယ်ဆိုရင် ဥပဒေနဲ့အညီ တိုင်ကြားထားတာ ဟုတ်ရဲ့လား၊ စာရွက် စာတမ်းမှန်ရဲ့လား၊ နောက်ပြီးတော့ စွဲဆိုတဲ့ ပုဒ်မတွေက ခွင့်ပြုမိန့်လိုတဲ့အတိုင်း စွဲဆိုဖို့တောင်းထားသလား၊ ဒါတွေကို စီစစ်ပြီးတော့မှ တခါတည်း တရားရုံးမတင်မီ အမှုကိုချေဖျက်ပြီးတော့ လက်မခံရင်သော်လည်းကောင်း၊ လက်ခံရင်သော်လည်းကောင်း ဥပဒေဘောင်နဲ့တကွ လက်ခံဖို့လိုပါတယ်။

အခုတော့ အဲဒီလိုမျိုးမဟုတ်ဘဲနဲ့ ဒီလိုမျိုး ပြီးရင်ပြီးရောဆိုတဲ့ သဘောမျိုးနဲ့ စစ်ထောက်လှမ်း ရေးကပေးတဲ့ ထွက်ချက်ကိုပဲ တရားရုံးတွေမှာ အားကိုးအားထား ပြုနေရတယ်ဆိုတော့ စဉ်းစားနေရတာက ကျနော်တို့ မြန်မာ နိုင်ငံ တရားစီရင်ရေးစနစ်ကြီး တခုလုံးအတွက် လွန်စွာမှပင် ၀မ်းနည်းဖို့ ကောင်းတယ်ဆိုတာ ကျနော်ထပ်ပြီး ပြောချင်တယ်။

ဦးသန်းလွင်ထွန်း ----- စောစောက ဦးမင်းလွင်ဦး ထောက်ပြတဲ့အချက်မှာ ဖမ်းဆီးတဲ့အဖွဲ့ ကနေပြီးတော့ အပြစ်ရှာ ဖမ်းဆီးလာပြီးတဲ့နောက်ပိုင်းမှာ ဒီလူကို တရားရုံးတင်ပြီး တရားစွဲသင့်မစွဲသင့် ဘယ်လိုဥပဒေနဲ့ တရား စွဲဆိုရမယ်ဆိုတာကို ဥပဒေ အကျိုးဆောင်တွေက စီစစ်ပေး ရတဲ့အချက် ဒီအချက်ပျက်ကွက်သွားတာ ပေါ့နော်။

ဒီအချက် ပျက်ကွက်သွားပြီး အခါကျတော့ တရားသူကြီးတွေအနေနဲ့ ရုံးကိုရောက်လာတဲ့ အမှုတွေကို ကြားနာ စစ်ဆေးပြီးတော့အပြစ်ဒဏ်ချမှတ်တဲ့နေရာမှာ တရားဥပဒေ ဘောင်အတွင်းက တရားဥပဒေ အလုပ်ထဲကပဲဖြစ်အောင် ဆိုပြီးတော့ ဥပဒေကြောင်းနဲ့ တရားရေး ဘက်ကိုပဲ လိုက်ကြည့်ဖို့ မဖြစ်နိုင်ဘူးလားခင်ဗျား။ တဖက်က အာဏာ ရှင်ရဲ့ ဖိအားတွေကိုဘဲ မျက်စိမှတ်ပြီးတော့ လိုက်နာနေရတဲ့ သဘောတွေ ဖြစ်နေတာလား။

ဦးမင်းလွင်ဦး ----- ဟုတ်ကဲ့ခင်ဗျား၊ အစောကပြောသလိုမျိုး တရားသူကြီးတွေ ကနေပြီးတော့ ဥပဒေဘောင် အတွင်းက ခွင့်ပြုနိုင်တဲ့ အတိုင်းအတာတွေကို သူတို့ခွင့်ပြုခဲ့တာရှိတယ်။ အဲဒီကိစ္စရပ်တွေက နောက်တခါ ဘယ်လိုပြဿနာ တက်သလဲဆိုတော့ အထက်တရားရုံး အဆင့်ဆင့်ကို အယူခံဖြစ်ဖြစ် တက်တဲ့အခါမှာ ဥပေဒေ ကြောင်းအရ သိသိသာသာ လွဲမှားနေတာကို ထောက်ပြဖို့ အချက်တွေ ဖြစ်လာတယ်။ အဲတော့ လွှတ်ပေးရမည့် အခြေအနေတွေ ဖြစ်လာတယ်။ အဲဒီဥစ္စာနဲ့ ပတ်သက်လို့ တရားရုံးအဆင့်ဆင့်က တရားသူကြီးချုပ်ကနေပြီးတော့ အောက် တရားရုံး တွေကို ညွှန်ကြား ထားတယ်ဆိုတာကို ကျနော်တို့ သိရတယ်။

နိုင်ငံရေး အမှုတွေနဲ့ပတ်သက်ပြီးတော့ စစ်ဆေးနေနဲ့ အမှုတွေအားလုံးကို မြန်မြန်နဲ့ အမြင့်ဆုံး အပြစ်ဒဏ်ပေးဖို့ ဆိုတာကို သူတို့ဌာနအတွင်းအနေနဲ့ ညွှန်ကြားထားတာကို ကျနော်တို့ သိရပါတယ်။

ဦးသန်းလွင်ထွန်း ----- မြန်မြန်နဲ့ အမြင့်ဆုံး ပြစ်ဒဏ်တွေပေးလိုက်ဆိုပြီးတော့ ညွှန်ကြားပြီးတော့ အကယ်၍ အပေါ်ရုံးကိုတက်ပြီးတော့ အယူခံဝင်လို့ရှိရင် ပြန်လွှတ်ပေးတဲ့ အလားအလာ ရောရှိသလား။

ဦးမင်းလွင်ဦး ----- ဟုတ်ကဲ့ခင်ဗျား၊ အဲဒီလိုမျိုး အမှုကိစ္စရပ်တွေမှာ ကျနော်တို့ ဒီမိုကရေစီရေး လှုပ်ရှားတဲ့သူတွေ၊ ကျောင်းသား ခေါင်းဆောင်တွေ၊ နောက်ပြီးတော့ ရဟန်းရှင်တွေ သူတို့က တော့ လက်ရှိ တရားစီရင်ရေးစနစ်ကို အယုံအကြည်မရှိဘူး။ လက်ရှိတရားစီရင်ရေး စနစ်အပေါ်မှာ အမှီထားပြုပြီးတော့ ဆုံးဖြတ်ထားတဲ့ အချက်အလက် တွေကိုလည်း သူတို့အနေနဲ့ အသိအမှတ်မပြုဘူး သူတို့က ခံယူထားတဲ့အတွက် သူတို့အနေနဲ့ အယူခံမှုသော် လည်းကောင်း ပြင်ဆင်မှုသော်လည်းကောင်း မတက်ဘူးလို့ ကျနော်တို့ သိရပါတယ်။

ဦးသန်းလွင်ထွန်း ----- ဒါဆိုလို့ရှိရင် အခုလို အောက်ရုံးတွေမှာ ချမှတ်လိုက်တဲ့ အထူးသဖြင့် နှစ်ရှည်ထောင်ဒဏ် ၆၅ နှစ်လို နှစ်မျိုးပေါ့နော်။ ကိုမင်းဇေယျာ၊ ကိုဂျင်မီ၊ မနီလာသိန်း ဆိုလိုရှိရင် ၆၅ နှစ် ကြာသွားပြီး။ သူတို့အနေနဲ့ တာကို အယူခံမ၀င်ဘူးဆိုရင် ဒီဟာက (၆၅) ကြာရှည်သွားမဲ့ အနေအထားပေါ့။

ဦးမင်းလွင်ဦး ----- ဟုတ်ကဲ့ခင်ဗျား၊ ကျနော်တို့ ကျောင်းသားခေါင်းဆောင်တွေရဲ့ အမှုမှာ အခုချလိုက်တဲ့အမှုမှာ ၂ မှုပဲရှိသေးတယ်။ Election Translation Act နဲ့ ၁၅ လေးလီ ၆၀၊ နောက်ပြီးတော့တခါ အသင်းအဖွဲ့ ဖွဲ့စည်းခြင်း ဆိုင်ရာ ဥပဒေနဲ့ ၅ နှစ်၊ ၆၅ နှစ်၊ ကျန်တဲ့ ဥစ္စာတော်တော်များများ ရှိပါသေးတယ်။ အားလုံးပေါင်းလိုက် မယ်ဆိုရင် ၁၆၅ နှစ်ပေါ့ဗျား။ နှစ်ရာချီကျမဲ့ အလားအလာရှိပါတယ်။

ဦးသန်းလွင်ထွန်း ------ ဦးမင်းလွင်ဦး ပြောသွားတဲ့ စောစောက ပြောသွားတဲ့ ၁၅ လေးလီ ၆၀ ဆိုတော့ အမှုတခုတည်းကို လေးကြိမ် အပြစ်ချလိုက်တယ်ဆိုတဲ့ သဘောပေါ့။ အဲလိုမျိုးကို ကျနော်တို့ အစောကတည်းက လည်း ကြားပါတယ်။ အမှုတခုထဲမှာ မြို့နယ်ကနေပြီးတော့ ကျူးလွန်ခဲ့တဲ့အမှုတွေကို တပေါင်းတစည်းထဲ ပြစ်ဒဏ် ချမဲ့အစား ခွဲခြားပြီး ချလိုက်တဲ့အတွက် နှစ်ရှည်တွေ ဖြစ်ကုန်တယ်ပေါ့လေ။ ပြစ်ဒဏ် ချလိုက်တဲ့အတွက် ဒါဟာ တရားဥပဒေအရ နည်းလမ်းကျရဲ့လား။ နည်းလမ်းကျတဲ့ စီရင်မှုဟုတ်ရဲ့လား။

ဦးမင်းလွင်ဦး ----- ဟုတ်ကဲ့ခင်ဗျား၊ အဲတာကတော့ ပြစ်မှုဆိုင်ရာ ကျင့်ထုံးဥပဒေရဲ့ တရားရုံးများလက်စွဲပါ ပြဌာန်းချက်တွေကို အသိအလင်း ကျူးလွန်ပြီးတော့ ဖေါက်ဖျက်ပြီးတော့ ဆုံးဖြတ်တာဖြစ်တယ်။ ဘာဖြစ်လိုလည်း ဆိုလို့ရှိရင် အဲဒီလိုတနှစ်အတွင်းမှာ ဖြစ်ပွားခဲ့တဲ့ အမှုတွေကို သီးခြားစီခွဲပြီးတော့ စွဲဆိုနိုင်ပါတယ်။ အဲလိုစွဲဆိုပြီး တော့ အပြစ်ပေးမယ်ဆိုရင် အားလုံးကိုပေါင်းပြီးတော့ တပေါင်းထဲသာ အပြစ်ပေးရမယ်ဆိုတာ ကျနော်တို့ ပြစ်မှု ဆိုင်ရာ ကျင့်ထုံးဥပဒေမှာ ရှင်းရှင်းလင်းလင်းပြဆိုထားပါတယ်။

ဒါပေမဲ့လည်း အခုပညာရှိ တရားသူကြီးတွေကတော့ တယောက်ကိုတမှု၊ တမှုဆိုလည်း အမြင့်ဆုံးပြစ်ဒဏ် သီးခြားစီကျခံစေ အဲလိုချနေတာကို ကျနော်တို့ တွေ့ရတယ်။ ဒါတွေက ကျနော်တို့ ဥပဒေပြဌာန်းချက်တွေနဲ့ လုံးဝညီညွတ်ခြင်းမရှိပါဘူး။

ဦးသန်းလွင်ထွန်း ----- တရားသူကြီးတွေအနေနဲ့ စီရင်ထုံးဥပဒေတွေကို ဘောင်ကျော်ပြီး တော့ လိုက်နာခြင်းမရှိဘဲနဲ့ မတရားဆုံးဖြတ်ချက်တွေကျကြောင်း ပေါ်လွင်တယ်ဆိုရင် အဲဒီ တရားသူကြီးတွေက အပြစ်ပေးလို့ရသလား။

ဦးမင်းလွင်ဦး ----- ဟုတ်ကဲ့ခင်ဗျား၊ အဲဒီလိုမျိုး ကျတော်တို့ ပြည်သူ့ဝန်ထမ်းတွေ၊ တရားရေး ဥပဒေ ၀န်ထမ်းတွေကို ပြစ်ဒဏ်ပေးချက်ကနေပြီးတော့ အကာအကွယ် ပေးထားတဲ့ ဥပဒေပြ ဌာန်းချက် တွေရှိတယ်။ ဒါတွေကို သူတို့က အကုန်လုံးသူတိုအတွက်သုံးတယ်။ ကျနော်တို့ အနေနဲ့ အဲလိုအပြစ်ပေးမယ်၊ ဥပဒေနဲ့အညီဘူး စွဲမယ်ဆိုရင် ကျနော်တို့မှာ ဖွဲ့စည်းပုံအခြေခံ ဥပဒေမရှိဘူး။ နိုင်ငံသားတွေရဲ့ အခွင့်အရေးတွေကို ကာကွယ်ပေး ရမယ့် ဥပဒေကလည်း အခုအချိန်အထိ ရေးလို့ မပြီးသေးဘူးဆိုရင်တော့ ကျနော်တို့မှာ တော်တော်အခက် အခဲရှိတဲ့ အခြေအနေဖြစ်ပါတယ်။

နိုင်ငံတကာမှာရှိတဲ့ ဥပဒေနဲ့အသက်မွေးဝမ်းကြောင်းပြုတဲ့ အဖွဲ့အစည်းအသီးသီး၊ တရားစီရင်ရေးဆိုင်ရာကိစ္စရပ် တွေနဲ့ အသက်မွေးဝန်းကြောင်းပြုတဲ့ပညာရှင်တွေ အားလုံးကိုတွေ့ပြီးတော့ ဆွေးနွေးတဲ့အခါမှာ သူတို့ပြန်မေးတဲ့ မေးခွန်းက ဖြေရတာ ကျနော်တို့အနေနဲ့ ရှက်ဖို့ကောင်းပါတယ်။

မင်းတို့မြန်မာနိုင်ငံအတွင်းမှာ ပြဌာန်းထားတဲ့ဥပဒေက ဒီလောက်ပေါ့လေ။ အင်္ဂလိပ် လက်ထက်ကထောင် ချခဲ့တဲ့ အပြစ်ဒဏ်တွေက တသက်တကျွန်းဆိုလို့ရှိရင် အနှစ် ၂၀၊ ၁၄ နှစ်ဒီလောက်ပဲဖြစ်တယ်။ အခုမင်းတို့ဥစ္စာ တွေက နှစ်တရာကျော်ဆိုတော့ မင်းတို့စီမှာ ဘာဥဒေများရှိသလဲ ရင်ဆိုင်ပြီးတော့ ပြောပြ ရှင်းပြနေရတာ တော်တော် ရှက်ဖို့ကောင်းပါတယ် ခင်ဗျား။

ဦးသန်းလွင်ထွန်း ----- အဲတော့ ဒီလက်ရှိ အခြေအနေကို ပြန်ပြီးအဖတ်ဆယ်နိုင်ဖို့ ဦးမင်းလွင်ဦးတို့ အနေနဲ့ ၊ ဥပဒေ ပညာရှင်တွေအနေနဲ့ ဘာတွေများလုပ်ဖို့လိုတယ်လို့ ယူဆပါသလဲခင်ဗျ။

ဦးမင်းလွင်ဦး ----- ဟုတ်ကဲ့ခင်ဗျား ကျတော်တို့ တရားစီရင်ရေးစနစ်ကြီး တခုလုံး ချို့ယွင်းချွတ်ချော် နေတဲ့ကိစ္စရပ်တွေမှာတော့ အားလုံး Judicial Reform အနေနဲ့ ပြန်လည် လုပ်ဆောင်ဖို့ လိုအပ်လာပြီးဆိုတာ ကျနော်တို့ ပြောချင်တယ်။ အဲတော့ အဲဒီလိုမျိုးလုပ်ဖို့ ဆိုတာကလည်း မြန်မာနိုင်ငံရဲ့ နိုင်ငံရေးအခြေအနေ တည်တည်ငြိမ်ငြိမ် ရှိဖို့လိုတယ်။ မျှတတဲ့ နိုင်ငံသားတွေကို အကာအကွယ်ပေးတဲ့ Constitution တွေ ပါဖို့ လိုပါတယ်။ အဲဒီလိုမျိုးရှိမှသာ ကျနော်တို့အနေနဲ့ ထိထိရောက်ရောက် တရားစီရင်ရေးစနစ်ကို ကောင်းမွန်တဲ့ တရားစီရင်ရေးအဖြစ် ဖန်တီးနိုင်မယ်ဆိုတာ ကျနော် ပြောချင်တယ်။

0 comments:

Post a Comment