Wednesday, March 18, 2009

Filled Under:

မြန်မာစစ်အစိုးရ၏ ဥပဒေမဲ့ တရားစီရင်မှုအား အပြည်ပြည်ဆိုင်ရာ ရာဇ၀တ်မှုခုံရုံး တင်ရန်ကိစ္စ

BBC ----- morning progarmme, 30/11/08

ဤ ဆွေးနွေးချက်ကို BBC မြန်မာ့အရေး ကမ္ဘာ့အရေး အစီအစဉ်တွင် Global Justice Center မှ သုတေသန အရာရှိ ဒေါ်ဖြူစင်၊ AHRC အာရှလူ့အခွင့်အရေးကော်မရှင်မှ ရှေ့နေဦးမင်းလွင်ဦးနှင့် အမေရိကန် ပြည်ထောင်စု ဂျော့မေစင် တက္ကသိုလ်မှ သင်တန်းနည်းပြဆရာ ဦးမင်းဇော်ဦးတို့က အောက်ပါအတိုင်း ဆွေးနွေးတင်ပြထားသည်။

မြန်မာစစ်အစိုးရရဲ့ တရားစီရင်ရေး စနစ်တွေမှာ ဥပဒေမဲ့ လုပ်ရပ်တွေ ရှိနေပြီးဆိုတဲ့ ပြောဆိုချက်အပေါ် အပြည်ပြည်ဆိုင်ရာ ရာဇ၀တ်မှု ခုံရုံးတင်ဖို့အထိ ကြိုးပမ်းနေတာဟာ ဘယ်လောက် ထိရောက်မှု ရှိသလဲဆိုတာကို ဆွေးနွေးထား ကြပါတယ်။

တောတရှင်များခင်ဗျား။ အခုတလော မြန်မာ့နိုင်ငံရေး အတိုက်အခံတွေကို နှစ်ရှည်ထောင်ဒဏ် ချမှတ်ပြီးတော့ အစိုးရက ပြင်းပြင်းထန်ထန် နှိမ်နင်းနေတာနဲ့ ပတ်သက်လို့ ကမ္ဘာတလွှားရှိ လူ့အခွင့်အရေး အဖွဲ့အစည်းတွေက ရှုံ့ချလျက် ရှိပါတယ်။

အထူးသဖြင့် မြန်မာတရားစီရင်ရေးစနစ်ဟာ ဥပဒေဘက်ကနေ လူထုကို အကာအကွယ် ပေးရမဲ့အစား တဖက်သတ် စီရင်ချက် ချနေတယ်။ ပြီးတော့ တရားလိုရှေ့နေတွေကိုလည်း ထောင်ချတာအထိ ကျူးလွန်နေတာမို့ မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂအထူး ကိုယ်စားလှယ် မစတာ ကင်တားနား အပါအ၀င် ကုလသမဂ္ဂရှိ တရားရေးဆိုင်ရာ လူ့အခွင့်အရေးဆိုင်ရာ ကိုယ်စားလှယ်တွေက ဒီနိုင်ငံရဲ့ လှုပ်ရှားသူတွေကို အများရှေ့မှာ ပြန်စစ်ဆေးဖို့ တောင်းဆိုလိုက်ပါတယ်။ နောက်ပြီးတော့ Global Justice Center လို့ခေါ်တဲ့ ကမ္ဘာတလွှား တရားမျှတမှုဖေါ်ဆောင်ရေးအဖွဲ့ ကလည်း န အ ဖ အနေနဲ့ တရားစီရင်ရေးစနစ် သုံးပြီးတော့ ပြစ်မှုတွေကို ကျူးလွန်နေတယ်လို့ ဝေဖန်သွားပါတတယ်။

ဒါကြောင့်မို့လို့
မြန်မာနိုင်ငံက တရားသူကြီးချုပ် အပါအ၀င် အခုအမှုတွေနဲ့ ပတ်သက်တဲ့ တရားသူကြီးတွေကို ICC အပြည်ပြည်ဆိုင်ရာ ရာဇ၀တ်ခုံရုံးကို ပို့သင့်တယ်လို့ GJC အဖွဲ့မှ တောင်းဆိုချက် ရှိပါတယ်။ အခုလို စွပ်စွဲချက်တွေကို လက်တွေ့ ဘယ်ပုံဘယ်နည်း ICC အထိ တိုင်ကြားလို့ရမှာလဲ၊ ပြည်တွင်းက တရားစီရင်ရာမှာ တရားရေးဝန်ထမ်းတွေ အပေါ်မှာ တာဝန်ရှိတာလား။ အာဏာပိုင်တွေ၊ စစ်ထောက်လှမ်းရေးလို ကြိုးကိုင်တဲ့ ပုဂ္ဂိုလ်တွေမှာရော တာဝန်မရှိဘူးလား စတဲ့ တရားစီရင်ရေးနဲ့ဆိုင်တဲ့ အကြောင်းအရာတွေကို ကျနော်တို့ ဆွေးနွေး ပြောဆိုကြမှာဖြစ်ပါတယ်။

မေး ----- အဲတော့ မြန်မာနိုင်ငံမှာ တရားစီရင်ရေးမှာအပေါ်မှာ ဖေါက်ဖျက်ကျူးလွန်မှုရှိနေတယ်ဆိုပြီးတော့ တရားသူကြီးတွေ ICC တင်ပြဖို့ တောင်းဆိုမှုတွေဟာ လက်တွေ့မှာရော ဘယ်လောက်အထိ ဖြစ်နိုင်မှာလဲ ဒေါ်ဖြူစင်ခင်ဗျ။

ဒေါ်ဖြူစင် ----- ကျမတို့အဖွဲ့အနေနဲ့က မြန်မာနိုင်ငံ တရားသူကြီးချုပ် ဦးအောင်တိုးနဲ့ တရားသူကြီးတွေဟာ မြန်မာနိုင်ငံ နိုင်ငံရေး လှုပ်ရှားသူတွေကို တရားမျှတမှု မရှိဘဲနဲ့ တရားဥပဒေအရ တရားမျှတစွာ မစီရင်ဘဲနဲ့ နှစ်ရှည်ထောင်ဒဏ်တွေ ချတာ တရားသူကြီးတွေ လိုက်နာရမဲ့ စည်းကမ်းတွေကို ချိုးဖေါက်ပြီးတော့ နိုင်ငံတကာ ဥပဒေအရဆိုရင် Crime Against Humanity လူသားမျိုးနွယ်ကို ဆန့်ကျင်တဲ့ ရာဇ၀တ်မျိုး ကျူးလွန်တဲ့အတွက် ICC လို့ဆိုတဲ့ အပြည်ပြည်ဆိုင်ရာ ရာဇ၀တ်မှု ခုံရုံးကနေ အရေးယူဖို့ ကျမတို့တောင်းဆို တာဖြစ်ပါတယ်။ ဘာဖြစ်လို့လည်း ဆိုတော့ တရားသူကြီးတွေဟာ ဥပဒေကို ကာကွယ် စောင့်ရှောက်မဲ့သူတွေ၊ အမှန်တရားကို ဖေါ်ဆောင်ရမဲ့သူတွေ ဖြစ်ပါတယ်။

နိုင်ငံတကာ ရာဇ၀တ်မှုဆိုင်ရာ တရားခုံရုံးလို့ခေါ်တဲ့ International Criminal Court ရဲ့ ဥပဒေပုဒ်မ (၇) အရ ဒီဖြစ်မှုကို ကျူးလွန်တယ်ဆိုတာ အသေအချပြဌာန်းပြီး ဖြစ်ပါတယ်။ ဒီပြဌာန်းချက်က ဘာကို ပြထားသလဲဆိုတော့ လူတဦးတယောက်၊ လူတစု၊ နိုင်ငံရေး၊ ဘာသာရေး စတဲ့ အခြေခံယုံကြည်မှု တွေကြောင့် တရားစွဲဆိုခြင်းကို ခွင့်မပြုရပါဘူး။ နောက်ပြီး သက်ဆိုင်ရာ နိုင်ငံထဲမှာရှိတဲ့ နိုင်ငံသားတွေရဲ့အခြေခံ လွတ်လပ်ခွင့်ကိုလည်း တရားရုံးကနေပြီးတော့ ကာကွယ်ပေးခြင်း မရှိဘူး၊ စောင့်ရှောက် ပေးနိုင်စွမ်းလည်း မရှိတော့ဘူး၊ အဲဒီအချက်တွေနဲ့ ထင်ရှားခဲ့မယ်ဆိုရင် အဲဒီနိုင်ငံရဲ့ တရားစီရင်ရေး စနစ်ကိုပါ အရေးယူ နိုင်တယ်လို့ ဆိုထားတဲ့အတွက် ကျမတို့က ICC ကနေတဆင့် ဒီတရား သူကြီးတွေကို အရေးယူရတယ်လို့ ဆိုခြင်း ဖြစ်ပါတယ်။

မေး ----- မြန်မာနိုင်ငံမှာ ဖြစ်နေတဲ့ကိစ္စက ခဏ Crime Against Humanity လို့ ဒေါ်ဖြူစင်တို့အဖွဲ့ ပြောသလို အဲဒီပုဒ်မနဲ့ ညိနိုင်သလား၊ ကိုမင်းဇော်ဦးပြေပါဦး။

ဦးဇော်ဦး ----- မြန်မာပြည်ကိစ္စကို ICC တင်မယ်ဆိုရင် အမိန့်ချတဲ့အဆင့်မပြောနဲ့ အမှုတင်တဲ့အဆင့် တောင်ရောက်ဖို့မလွယ်ဘူး။ ဘာဖြစ်လို့လည်းဆိုတော့ ဗမာပြည်ဟာ ICC စတင်ဖွဲ့စည်းစဉ်က အခြေခံထားတဲ့ Rule Statue လို့ခေါ်တဲ့ ရောမမြို့သဘောတူညီချက်ကို လက်မှတ်ရေးထိုးထားတဲ့ အဖွဲ့ဝင်နိုင်ငံမဟုတ်ဘူး။ မဟုတ်တော့ ကုလသမဂ္ဂလုံခြုံရေးကောင်စီက တင်မှရမယ်ဆိုတဲ့ အခြေအနေဖြစ်လာတယ်။ လက်ရှိမြန်မာပြည်ကိစ္စဟာ ကုလသမဂ္ဂ လုံခြုံရေးကောင်စီမှာ Statement ထုတ်ဖို့တောင် လွယ်တဲ့ကိစ္စမဟုတ်ဘူး။ အဲဒါနဲ့ပင် ပွဲကပြတ်နေပြီး။ နောက်တချက်ကတော့ ICC က ကိုင်တွယ်တဲ့ကိစ္စက Genocide လို့ခေါ်တဲ့ လူသားများ အစုလိုက် အပြုံလိုက် သတ်တဲ့ကိစ္စမျိုး၊ နောက်တချက် Crime Against Humanity လို့ခေါ်တဲ့ လူသားကျင့်ဝတ် ဖေါက်ဖျက်တဲ့ ရာဇ၀တ်မှုလိုဟာမျိုးကို သူကကိုင်တွယ်တယ်။

ဗမာပြည်ဟာ လူ့အခွင့်အရေး ချိုးဖေါက်မှုသက်သက်နဲ့ နိုင်ငံတကာဥပဒေအရ Crime Against မဖြစ်ပါဘူး။ မြန်မာပြည်ကို ကုလသမဂ္ဂ လုံခြုံရေးကောင်စီ ကရော၊ အထွေထွေညီလာခံရောက Crime Against Humanity ဆိုတဲ့အဆင့်မှာ မထည့်ထားဘူး။ တောင်အာဖရိကမှာ ၁၉၇၀ လောက်ကတည်းက Tripartite ဟာ လူတွေအချင်းချင်း ခွဲခြားတဲ့စနစ်ဟာ Crime Against Humanity ဆိုပြီးတော့ ၁၉၇၀ လောက်က အထွေထွေညီလာခံမှာ သတ်မှတ်ထားတာဖြစ်တယ်။ ဗမာပြည်ကျတော့ ဒီနေဒီအချိန်အထိ ကုလသမဂ္ဂမှာရှိတဲ့ အထွေထွေညီလာခံရော၊ လုံခြုံရေးကောင်စီကပါ Crime Against Humanity လို့ မသတ်မှတ်ထားပါဘူး။

မေး ----- ဦးမင်းဇော်ဦးပြောကြားချက်နဲ့ ပတ်သက်လို့ ဒေါ်ဖြူစင်ပြောပါဦီခင်ဗျ။

ဒေါ်ဖြူစင် ----- ကုလသမဂ္ဂ လုံခြုံရေးကောင်စီက ဆုံးဖြတ်ချက်တခုချပြီး နိုင်ငံတကာ ခုံရုံးကို လွှဲရပြီးဆိုလို့ရှိရင် နိုင်ငံတကာ ငြိမ်းချမ်းရေးနဲ့ လုံခြုံရေးကို ထိခိုက်တယ်ဆိုရင် နဲ့ Chapter 7 အရ အဲဒီအခွင့်အာဏာနဲ့သာလျှင် လွှဲပေးလို့ရပါတယ်။

မှန်ပါတယ်၊ ဗမာပြည်မှာ တခါမှ အဲအဆင့်ကို မရောက် သေးဘူးဆိုတာ မှန်ပါတယ်။ ဘာဖြစ်လို့လည်း ဆိုတော့ ဗမာပြည်မှာ ဖြစ်မှု ကျူးလွန်တဲ့ကိစ္စကို ကျမတို့တခါမှ မပြောပါဘူး၊ တခါမှလည်း အဲဒီကိစ္စကို လေးလေးနက်နက် မတင်ပြခဲ့ဘူးပါဘူး။ General Assembly မှာရော၊ လုံခြုံရေးကောင်စီ မှာရောပေါ့လေ။ Crime တွေက ပြည်တွင်းမှာ ကျူးလွန်တာဘဲဖြစ်ဖြစ်၊ အုပ်ချုပ်ရေးစနစ် ပျက်ယွင်းလို့၊ တရားစီရင်ရေးစနစ် ပျက်ယွင်းလို့ဖြစ်ဖြစ် ဒီဟာက နိုင်ငံတကာ ငြိမ်းချမ်းရေးနဲ့ လုံခြုံရေးကို ထိခိုက်စေတယ် ဆိုပြီးတော့ ၁၉၉၃/၉၄ ယူကိုစလားဗီးယားနဲ့ ရာဝမ်တာ ခုံရုံးတွေအပြီးမှာ ကုလသမဂ္ဂ လုံခြုံရေးကောင်စီ ကနေပြီး သဘောတူခဲ့ပါတယ်။

ဦးမင်းဇော်ဦး ----- အရင်တုန်းက လုပ်ခဲ့ကြတဲ့ UN Security Council Campaign ကျဆင်းမှုနဲ့ သွားပြီးတော့ ဆင်တူနေပါတယ်။ Security Campaign လုပ်တုန်းကလည်း ကျနော်တို့က တောက်လျှောက် အင်တိုက်အားတိုက် လုပ်သွားကြပေမဲ့လည်း ကျနော်တို့ မအောင် မြင်သွားကြဘူး။ ဘာဖြစ်လို့လည်းဆိုတော့ Security Council မှာရှိနေနဲ့ အင်အားကြီးနိုင်ငံတို့၊ ဗီတိုအာဏာပိုင်ဆိုင်တဲ့ တရုတ်နဲ့ ရတ်ရှားတို့က ၀င်ပြီးတော့ ကာကွယ်ပေးတဲ့အခါမှာ ဗမာပြည်ကိစ္စကို အဆုံးအဖြတ်လို့မရဘူး။ အဲဒီအခြေခံ တခုတည်းမှာပင် ဗမာပြည်ကိစ္စမှာ ဆုံးဖြတ်ချက်ဖို့ မပြောနဲ့ Statement ထုတ်ဖို့လို့ ရတဲ့အဆင့်တောင် မလွယ်ဘူးလို့ ကျနော်ထင်ပါတယ်။

မေး ----- ဦးမင်းလွင်ဦးကရော တရားဥပဒေရှုထောင့်ကနေ ဘယ်လိုဆက်လုပ်လို့ရမှာလဲ။

ဦးမင်းလွင်ဦး ----- အဲတော့ ကျနော်တို့ AHRC အနေနဲ့ လူ့အခွင့်အရေး ချိုးဖေါက်မှုကိစ္စတွေ၊ နောက်ပြီးတော့ Human Rights Defender တွေကိစ္စရပ်တွေ၊ နောက်ပြီးတော့ မတရားဖမ်းဆီးခံထားရ သူတွေရဲ့ ကိစ္စတွေ၊ နောက်ပြီးတော့တခါ ချုပ်နှောင်ထားတဲ့ ကာလအတွင်းမှာ သေဆုံးသွားသူတွေရဲ့ ကိစ္စနဲ့ ပတ်သက်ပြီးတော့ ကုလသမဂ္ဂ လက်အောက်ခံ လူ့အခွင့်အရေး ကောင်စီရဲ့အောက်က အဖွဲ့အစည်းအသီးသီးကို ပေးပို့နေပါတယ်။ အစဉ်ဆက်မပြတ် ပေးပို့နေပါတယ်။

နောက်ပြီးတော့တခါ လူ့အခွင့်အရေး ကိုယ်စားလှယ်ကိုလည်း ကျနော်တို့ ပေးပို့ထားတာရှိပါတယ်။ အဲဒီကနေပြီးတော့ တဖြေးဖြေးအမှုတွေကို စုလာမယ်။ သက်ဆိုင်ရာ ဌာနကနေပြီးတော့ ကျနော်တို့ လူ့အခွင့်အရေးကောင်စီ ကနေပြီးတော့ တိကျတဲ့ဆုံးဖြတ်ချက်တခုကို ကျနော်တို့ မြန်မာနိုင်ငံအပေါ် ချနိုင်မယ်ဖြစ်ပါတယ်။

ဒီဆုံးဖြတ်ချက်အပေါ်မှာ မူတည်ပြီးတော့လည်း လုံခြုံရေးကောင်စီက မတရား ဖမ်းဆီးခံရတဲ့ကိစ္စရပ်တွေ၊ သတ်ဖြတ်ခံရတဲ့ ကိစ္စရပ်တွေ အထောက်အထား ခိုင်ခိုင်မာမာနဲ့ တင်ပြပြောဆိုလာနိုင်ပြီးဆိုရင်တော့ အင်အား ကြီးနိုင်ငံတွေအနေနဲ့လည်း ပြောတော့ ပြောမှာဘဲ၊ ဒါပေမဲ့လည်း သူတို့အနေနဲ့ အသံနည်းနည်း သိပ်သွားနိုင်တယ်။ ကျနော်တို့အနေနဲ့လည်း လောလောဆယ် ဆုပ်မိနေတဲ့ ဥစ္စာလေးအရဘဲ ဆက်သွားနေတယ် ဆိုတာကို ကျနော်ပြောချင်တယ်။

မေး ----- ဒေါ်ဖြူစင်တို့ကရော အဲတာကို လက်ခံသလား။

ဒေါ်ဖြူစင် ----- တရုတ်က Crime နဲ့တက်လာတဲ့ ကိစ္စအားလုံးပေါ့နော်၊ ယူကိုစလားဗီယား၊ ရာဝမ်တာတို့ နောက်ပြီးတော့ သူ့ကိုတကယ် Support တဲ့ ဆူဒန်အဆုံး သူတခါမှ ဗီတို မသုံးခဲ့ပါဘူး။ တရုတ်မှာ တကယ့် နိုင်ငံခြားရေးအကြံပေးဖြစ်တဲ့ Professor ဂျူးဆိုလို့ရှိရင် သူကဘယ်လောက်အထိ ပြောခဲ့သလဲဆိုတော့ တရုတ်ပြည်ဟာ ဆူတန်နဲ့ ပတ်သက်ပြီး ဘာကြောင့် ဗီတို မသုံးခဲ့သလဲဆိုရင် အနောက်နိုင်ငံရဲ့ အထင်သေးမှုကို မခံရအောင်၊ တရုတ်ပြည်ရဲ့ Security Council အခန်းဏ္ဍနဲ့ ပတ်သက်ပြီးတော့ ဂုဏ်သိက္ခာရှိချင်လို့ သူပြောပါတယ်။ China ရဲ့ထောင်လျှော်က သူ့ရဲ့ပေါ်လစီ တလျောက်လုံးမှာ Crime နဲ့ပတ်သက်လာရင် သူတခါမှာ ဗီတိုမသုံးဘူးဆိုတာ ထင်ရှားပါတယ်။ ဒီတော့ ကျမတို့ရဲ့ တာဝန်ကတော့ ဒါဟာ Crime လည်းဖြစ်တယ်။ တရားစီရင်ရေးစနစ်လည်းမဟုတ်တော့ဘူး၊ ဗမာပြည်မှာ ကျူးလွန်မှုတွေက အာဏာကို အသုံးချပြီးတော့ ကျူးလွန်နေတယ်ဆိုတာ ဆက်တိုက်ဆက်တိုက် တင်ပြသွားဖို့ဖြစ်တယ်။

မေး ----- ဦးမင်းဇော်ဦးရေ၊ တရုတ်က သူတို့နိုင်ငံရဲ့ ဂုဏ်သိက္ခာကို စဉ်းစားပြီးတော့ Crime တွေကို မကန့်ကွက်ဘူးဆိုတဲ့ ဆွေးနွေးချက်နဲ့ ပတ်သက်လို့ ပြန်ပြီးရှင်းပြပါဦး။

ဦးမင်းဇော်ဦး ----- ဟုတ်ကဲ့၊ အဲဒါကိုမပြောခင် ICC ကိစ္စကို တချက်လောက် ပြောချင်တယ်။ ICC မှာ ၂၀၀၇ နှစ်ကုန်အထိ ICC မှာ နိုင်ငံပေါင်း ၁၃၉ နိုင်ငံကှ တိုင်ကြားချက်အမှုပေါင်း ၂၉၀၀ ရှိတယ်။ အဲဒီအထဲမှာမှ ICC တကယ်လုပ်နိုင်တာက အမှု (၄)မှုပဲရှိတယ်။ အမှု (၄) ခုထဲမှာ အမှုတခုက လုံခြုံရေးကောင်စီနဲ့သွားတဲ့ ဆူတန်ကိစ္စ။ အမှု (၃)ခုက သူ့အဖွဲ့ဝင်နိုင်ငံတွေက တိုင်တဲ့ကိစ္စ။ အဲဒီအမှုတွေအားလုံးဟာ အာဖရိကနိုင်ငံက ဖြစ်တယ်။ အဲဒီတော့ ICC ကိုယ်တိုင်က အမှုတွေကို လက်ခံပြီးတော့ လုပ်နိုင်တဲ့အရည်အချင်း အရမ်း အားနည်းတယ်။ နောက်တခု တရုတ်နဲ့ ရတ်ရှား ဗမာပြည်မြင်တဲ့အမြင်က Crime ဟုတ်ခြင်း မဟုတ်ခြင်းနဲ့မဆိုင်ဘူး။ အဓိက ဗမာပြည်ကို သူတို့ကြည့်တာက သူတို့ရဲ့ မဟာဗျူဟာ အကျိုးစီးပွားအရ သူတို့ကြည့်တယ်။ အဲဒီအပေါ်မှာ ဘယ်စွဲချက်နဲ့ တက်လာတက်လာ သူတို့က ကာကွယ်သွားမှာဖြစ်တယ်။

မေး ----- ဒေါ်ဖြူစင်တို့ လေ့လာတွေ့ရှိချက်အရ ဒါတွေကို ဘယ်လိုကာကွယ်လို့ရသလဲ။

ဒေါ်ဖြူစင် ----- ကုလသမဂ္ဂ လုံခြုံရေးကောင်စီမှာ ကျမတို့တင်တဲ့အခါဖြစ်ဖြစ်၊ General Assembly မှာ ကျူးလွန်တဲ့ အမှုကိုဘဲ သီးသန့်ထားပြီးတော့ ကျမတို့တင်မယ်။ စောစောက ဦးမင်းလွင်ဦး ပြောသလိုမျိုး ကျမတို့ Documents အကုန်လုံးနဲ့ တင်မယ်။ ကျမတို့ ဘာအကြောင်းကိုမှ ပြောပြီးတင်မှာမဟုတ်ဘူး။ ကျမတို့အရင်က တင်တဲ့တလျှောက်လုံး နိုင်ငံရေးနဲ့ တခြားကိစ္စနဲ့ ပတ်သက်ပြီးတော့ တင်ခဲ့တာများတယ်။ Crime အသီးသီးကိုသာ တင်ခဲ့မယ်ဆိုလိုရှိရင် ကျမတို့ကလုံးဝထင်ပါတယ်။ ကျမတို့ ဟစ်တလာကို သွားပြီးကာကွယ်မှာလား၊ ဟစ်တလာ လောက်တောင်ဆိုးနေတဲ့ အာဏာရှင်ကို အလွဲသုံးစား လုပ်ပြီးတော့ လုပ်ချင်တာ လုပ်နေတဲ့ အာဏာရှင်ကို ဘယ်လောက်အထိ သူတို့ကာကွယ်သွားမယ်ဆိုရင် ဒီအချက်တွေအပေါ်မှာ မူတည်သွားပါလိမ့်မယ်။

မေး ----- အခုကျနော်တို့ ဆွေးနွေးနေတာက မြန်မာနိုင်ငံ တရားစီရင်ရေးနဲ့ ပတ်သက်လို့ တဖက်သတ် စီရင်ချက်ချတယ်။ မတရားတဲ့ ပုဒ်မတွေကို အမြင့်ဆုံး သတ်မှတ်တယ်ဆိုတဲ့အပေါ်မှာ ICC အထိတင်ဖို့ ကြိုးပမ်တဲ့ကိစ္စဖြစ်ပါတယ်။ အဲတော့ ဦးမင်းလွင်ဦးလည်း ကြားခဲ့တဲ့အတိုင်းပေါ့နော် Global Justice က Crime နဲ့ ရှုထောင့်တခုနဲ့ပဲ ကြည့်မယ်ဆိုတော့ ပြည်တွင်းမှာရော ခိုင်မာအောင်၊ ခဏက သက်သေကိစ္စတွေ၊ အမှုတည်ဆောက်တဲ့အခါကျတော့ရော လက်တွေ့မှာ ဘာတွေဖြစ်နိုင်သလဲ။

ဦးမင်းလွင်ဦး ----- ကျနော်တို့ အာရှနိုင်ငံတွေမှာ ဥပမာ သီရိလင်္ဂါရှိတယ်။ ပါကစ္စတန် နိုင်ငံရှိတယ်။ ဒီလိုပဲ အာဏာရှင် ကနေပြီးတော့ လူ့အခွင့်အရေး ချိုးဖေါက်မှုတွေ ကျူးလွန်နေတဲ့ ကိစ္စရပ်တွေရှိတယ်။ ဒါပေမဲ့ အဲဒီနိုင်ငံတွေမှာ လူ့အခွင့်အရေး ဆိုင်ရာ အထူးကိုယ်စားလှယ် ရုံးတွေကို ဖွင့်လှစ်ခွင့်ပေးထား တဲ့အတွက် ဒီလိုမျိုး လူ့အခွင့်အရေး ချိုးဖေါက်မှု ကိစ္စရပ်တိုင်းကို အဲဒီရုံးမှာ လူတိုင်းသွားပြီး တိုင်နိုင်တယ်။ နောက်ပြီးတော့ မတရားမှုတွေကို ဖေါ်ပြနိုင်တယ်။ အဲတော့ အဲဒီလိုမျိုးသာ ရှိခဲ့မယ်ဆိုရင် ကျနော်တို့ မြန်မာနိုင်ငံမှာ ထောင်ဒဏ် ချမှတ်ခံထားရတဲ့ လူ ၁၉၀ စလုံးက သူတို့ရဲ့မိသားစုတွေက သွားပြီးတိုင်ကြမှာဘဲဖြစ်တယ်။ အဲတော့ အဲဒီလိုမျိုး အချက်အလက်တွေကကို အသေးစိတ် ရယူဖို့လိုတယ်။ မိသားစုတွေရဲ့ သဘောတူညီမှု ရယူဖို့လိုတယ်။ ဒါတွေ ဖြစ်လာမယ်ဆိုရင် လုံခြုံရေးကောင်စီအထိ ရောက်သွားနိုင်ဖို့ မခဲယဉ်းဘူး။ နောက်ပြီး လူ့အခွင့်အရေး ကောင်စီမှာလဲ ပြတ်သားတဲ့ ဆုံးဖြတ်ချက်တွေ ချနိုင်ဖို့ဆိုတာ လွယ်ကူလာနိုင်မယ် ဆိုတာကို ကျနော်တို့ တွေ့ရှိနေရတယ်။

အခု လောလောဆယ်မှာလည်း ကျနော်တို့ နိုင်ငံမှာ ILO ရဲ့ အထူးကိုယ်စားလှယ်ရုံး ဖွင့်ဖို့ပေးထားတယ်။ ILO နဲ့ ပတ်သက်တဲ့ အရာမှန်သမျှ လူတိုင်း တိုင်ကြားနိုင်တဲ့ တဲ့အခါမှာ န အ ဖ အစိုးရအနေနဲ့ သူတို့ လုပ်ချင်တဲ့အတိုင်း လုပ်လို့မရဘူး ဖြစ်လာတယ်။ ဒီလိုဘဲ လူ့အခွင့်အရေး ကိုယ်စားလှယ်ရုံးကိုလည်း မြန်မာနိုင်ငံမှာ ဖွင့်နိုင်ခွင့် ရဖို့အတွက်ကို အထူး ကြိုးစားပြီးတော့ တောင်းဆိုဖို့လိုတယ်။

အဲလို မဖွင့်နိုင်ဘူးဆိုရင်လည်း ကုလသမဂ္ဂ လက်အောက်ခံ အဖွဲ့အစည်းတခုခုနဲ့ ညှိနှိုင်းပြီးတော့ ဒီလိုအမှုကိစ္စတွေ ကြုံလာပြီးဆိုရင် ဒီအဖွဲ့အစည်းတွေမှာ သွားပြီးတိုင်ကြားနိုင်တယ် ဆိုတာကို UN maganism အတွင်းမှာ ညှိနှိုင်းဖို့ လိုတယ်ဆိုတာကို ကျနော်တို့က လက်တွေ့ကျကျ မြင်ပါတယ်။

မေး ----- ဦးမင်းဇော်ဦးကရော ကုလသမဂ္ဂရဲ့ တရားရေးဆိုင်ရာ လူ့အခွင့်အရေး ဆိုင်ရာတွေကို ပြည်တွင်းမှာ ရုံးဖွင့်ပြီး တိုင်ကြားနိုင်တဲ့ အလားအလာတွေရှိသလား၊ လုပ်နိုင်တဲ့ အလားအလာရောရှိသလား။

ဦးမင်းဇော်ဦး ----- လောလောဆယ်ကတော့ န အ ဖ ခွင့်ပြုချက်မရဘဲနဲ့ နိုင်ငံကတာ ၀င်လုပ်ဖို့ မလွယ်ဘူးလို့ ကျနော်ထင်တယ်။ နောက်တခုကတော့ ဗမာနိုင်ငံနဲ့ ပတ်သက်လာရင် နိုင်ငံတကာ စစ်မျက်နှာမှာ ကုလသမဂ္ဂ စစ်မျက်နှာမှာ လုပ်နိုင်တဲ့အားက ကျနော့အမြင်မှာတော့ ကုန်သွားပြီးလို့်ထင်တယ်။

မေး ----- ဦးမင်းလွင်ဦးတို့ ကရော အဲဒီဟာကို လုပ်လို့ရအောင် ဘယ်လိုကြိုးပမ်းမှာလဲ။

ဦးမင်းလွင်ဦး ----- ကျနော်တို့ အနေနဲ့ကတော့ မဖြစ်တော့ဘူးဆိုတော့ အားလျော့လိုက်လို့မရဘူး။ မဖြစ် ဖြစ်တဲ့နည်းနဲ့ ဆက်လက်လုပ်ဆောင် နေရမှာဖြစ်တယ်။ ဒီနှစ်အတွင်းမှာ သက်ဆိုင်ရာ လူ့အခွင့်အရေးကော်မရှင် အဖွဲ့အစည်းအသီးသီကို ပို့ထားအမှုပေါင်း ၁၇၀ ကျော် ရှိနေတယ်။ အရင်တုန်းက အဲဒီလိုမျိုး ပို့ထားတဲ့အမှုတွေ ၄၀/၅၀ မရှိတဲ့အတွက် ကျနော်တို့မှာ ပြောအားမရှိဘူး။ အခု ကျနော်တို့အနေနဲ့ ဒါကို အင်သိုက်အားသိုက် တောင်းဆိုဖို့လိုတယ်ဆိုတာကို ကျနော့အနေနဲ့ပြောချင်တယ်။

မေး ----- ကျနော်တို့ ဒီနေ့မှာ ဆွေးနွေးနေတာက နိုင်ငံရေး အတိုက်အခံတွေကို ဥပဒေရှုထောင့်က တရားစွဲဆိုဖို့ ကိစ္စဘဲ ဖြစ်ပါတယ်။ အားလုံးကိုတော့ ပြန်ပြီးခြုံကြည့်မယ်ဆိုလို့ရှိရင် ဒီလိုဖြစ်တာဟာ တရားသူကြီးတွေမှာဘဲ တာဝန်ရှိတာလား၊ စနစ်ကြောင့်ဖြစ်တာလား၊ ဒေါ်ဖြူစင်ပြောပါဦး။ တရားသူကြီးတွေကိုဘဲ အပြစ်ချမယ်ဆိုရင် တော့ ခုတ်ရာတခြား၊ ရှရာတခြား ဖြစ်မနေဘူးလား။ နိုင်ငံမှာရှိတဲ့ ခေါင်းဆောင်တွေကရော တာဝန်မရှိဘူးလား။

ဒေါ်ဖြူစင် ----- နိုင်ငံမှာအုပ်ချုပ်တဲ့သူက အဓိကတာဝန်ရှိပါတယ်။ ကျမတို့ ICC ဆိုတာလည်း အလကားပြောတာ မဟုတ်ဘူးရှင်၊ ICC က တာဝန်အရှိဆုံးလူတွေကို တရားစွဲလို့ရပါတယ်။ အဲဒီအထဲမှာ ဗိုလ်ချုပ်မှူးကြီးသန်းရွှေ၊ နောက်ပြီး တရားသူကြီးချုပ် ဦးအောင်တိုးအပြင် တရားသူကြီးတွေကိုလည်း သူတို့ကို high authorities လို့ယူဆတယ်။ ဒါကြောင့်မို့လို့ ဒီလိုလိုတွေကို အပြစ်ယူဖို့ သူတို့ဟာ တကယ့်ကို သိလျှက်နဲ့ကျူးလွန်တဲ့အတွက် လို့ကျမတို့ထင်ပါတယ်။ လုံးဝယုံကြည်တဲ့အတွက် ကျမတို့ အရေးယူဖို့ လုပ်တာဖြစ်ပါတယ်။

မေး ------ ဦးမင်းလွင်ဦးကရော အဲလိုတရားဥပဒေ ရှုထောင့်က ကြည့်မယ်ဆိုရင် ခေါင်းဆောင်ပိုင်းမှာ ပိုပြီး တာဝန်ရှိသလား။

ဦးမင်းလွင်ဦး ----- သက်ဆိုင်ရာ ခေါင်းဆောင်တွေအပေါ်မှာ အဓိက တာဝန်ရှိပါတယ်။ ကျနော်တို့ ပြဌာန်းထားတဲ့ ဥပဒေတွေအရ ကင်းလွှတ်ခွင့်ပေးရမည့် အချက်အလက်တွေရှိတယ်။ နောက်ပြီးတော့ သက်ဆိုင်ရာ တရားသူကြီးချုပ် ဥပဒေ၊ ရှေ့နေချုပ် ဥပဒေတွေအရ ကင်းလွှတ်ခွင့် ပေးထားတဲ့ အချက်အလက် တွေရှိပါတယ် ။ အဲတော့ ကျနော်တို့အနေနဲ့ တကယ်တန်း အရေးယူမယ် ဆိုလို့ရှိရင် တကယ် အမိန့်စနစ်အရ အထက်က လာတဲ့အတွက် အထက်က လာတဲ့လူတွေကိုသာ အဓိက အရေးယူဖို့ သင့်တယ်ဆိုတာကို ကျနော့အနေနဲ့ ပြောလိုပါတယ်ခင်ဗျ။

မေး ----- ဦးမင်းဇော်ဦးခင်ဗျ၊ လက်တွေ့ကျကျ အရေးအကြီးဆုံး ပါလုပ်နိုင်မှာလည်းခင်ဗျ။

ဦးမင်းဇော်ဦး ----- အဓိက ဗမာပြည်နဲ့ ပတ်သက်ပြီးတော့ နိုင်ငံတကာက လုပ်နိုင်တဲ့အား အလွန် နည်းပါးသွားပြီး ဖြစ်ပါတယ်။ ပြဿနာက ဗမာပြည်မှာ ဖိနှိပ်တဲ့စနစ်ရှိနေသရွေ့ ဖိနှိပ်တဲ့လူတွေ ရှိနေမှာဘဲ။ ICC ဒီပြဿနာ ရောက်ခဲ့လို့ ICC ကအပြစ်ရှိတယ်လို့ ဆုံးဖြတ်ခဲ့တယ်လို ဆိုသည့်တိုင်အောင် ဒီလူတွေကို ဗမာပြည်ထဲကို ၀င်ဖမ်းလို့ မရဘူးဖြစ်နေတယ်။ ဒါကတော့ နိုင်ငံတကာမှာရှိတဲ့ ဥပဒေရဲ့ ကိစ္စပဲ။ အဲဒီတော့ နိုင်ငံတကာ စစ်မျက်နှာကနေပြီးတော့ ဗမာပြည်က န အ ဖ ကို ဖိအားပေးမယ်လို့ တိုက်ပွဲမျိုးစုံ ၀င်တိုက်တဲ့အခါမှာ ဖိအားပေးနိုင်တဲ့ အတိုင်းအတာက ဘယ်လောက် ရှိသလဲဆိုတာကိုတော့ ကျနော်တို့ကို ကျနော်တို့ သိသင့်တယ်လို့ ထင်ပါတယ်။

တောတရှင်များခင်ဗျား၊ မြန်မာ့ တရားစီရင်ရေးစနစ်ကို ကြည့်မယ်ဆိုလို့ရှိရင် နိုင်ငံတကာ တောင်းဆိုမှုတွေကို မျက်ကွယ်ပြုပြီး အစိုးရက ဆက်လက်ဖမ်းဆီး ထောင်ချတာတွေ၊ ဝေးလံတဲ့ထောင်တွေ ပြောင်းရွှေ့တာတွေ ဆက်လုပ်နေတဲ့အတွက် နိုင်ငံတကာ တရားရေးအဖွဲ့က ထိရောက်တဲ့ အရေးယူမှုတွေ ပြုလုပ်မှသာလျှင် မတရားမှုတွေ နည်းပြီးတော့ တရားရေးမဏ္ဍိုင်ကို ပြန်တဲ့မတ်အောင် လုပ်နိုင်မယ်လို့ ထင်မြင်ယူဆတဲ့ အကြောင်း မြန်မာ့အရေး ကမ္ဘာ့အရေး ကနေပြီးတော့ ဆွေးနွေး တင်ပြလိုက်ပါတယ်။

0 comments:

Post a Comment