Wednesday, March 18, 2009

Filled Under:

နာဂစ်မုန်တိုင်းကာလ စစ်အစိုးရ၏ ပြည်သူများအပေါ် လျစ်လျူရှုထားမှုနှင့် ပတ်သက်၍ ICC တင်ရန် ပြင်ဆင်

RFA ---- Evening Programme 1/ 3/ 2009

သောတရှင်များခင်ဗျား။ အမေရိကန် ပြည်ထောင်စုအခြေစိုက် Johns Hopkins တက္ကသိုလ်မှ ပြည်သူ့ကျန်းမာရေး ဦးစီးဌာန ပါမောက္ခကြီး ဒေါက်တာ Crist Badar တို့၊ ထိုင်းနိုင်ငံ မယ်တော်ဆေးခန်းမှ ဒေါက်တာ စင်တီယာမောင်၏ EAT အရေးပေါ်ကူညီပေးရေးအဖွဲ့ (မြန်မာနိုင်ငံ) ဆိုတဲ့ အဖွဲ့ကပြီးတော့ န အ ဖ စစ်အစိုးရကို နာဂစ်မုန်တိုင်း တိုက်ခတ်ပြီးသွားတဲ့အချိန်မှာ ပြည်သူလူထု ဒုက္ခရောက်နေတာကို အကူအညီမပေးဘဲ အဟန့်အတားလုပ်နေတာနဲ့ ပတ်သက်လို့ ဒါကို နိုင်ငံတကာက ကြည့်မနေဘဲနဲ့ အရေးယူပေးဖို့အတွက် စီစဉ်သွားမယ်ဆိုတာကို ဘန်ကောက်မြို့မှာ ရှင်းလင်းပြောကြား သွားခဲ့ကြပါတယ်။

အဲဒီ
နာဂစ်မုန်တိုင်း တိုက်ခတ်ပြီးတဲ့ နောက်ပိုင်းမှာ နိုင်ငံတကာ အကူအညီပေးအဖွဲ့တွေက ကူညီချင်တယ်ဆိုတာကိုလည်း အ၀င်မခံဘဲနဲ့ တားဆီးထားသလို၊ ပြည်တွင်းကနေပြီးတော့ နောက်ပိုင်းကာမှာ သွားရောက်ကူညီခဲ့တဲ့ သူတွေကိုလည်း အရေးယူတာတွေ၊ ဟန့်တားတာတွေ လုပ်ခဲ့တဲ့ အတွက်ကြောင့် ဒါတွေဟာ လူသားထုတရပ်လုံးအပေါ်မှာ ကျူးလွန်တဲ့ ပြစ်မှုတခုဖြစ်တယ် ဆိုပြီးတော့ ပြောသွားခဲ့ကြပါတယ်။

အဲဒီတော့ ဒီကိစ္စနဲ့ပတ်သက်ပြီး ဒီနေ့ စကားဝိုင်းမှာ ဆွေးနွေးဖို့ EAT (Emergency Assistant Team) အရေးပေါ် ကူညီပေးရေးအဖွဲ့ (မြန်မာနိုင်ငံ)မှ ဆရာမန်းမန်း၊ မြန်မာနိုင်ငံ သတင်းသမဂ္ဂ ဒုတိယ ဥက္ကဌ ဖြစ်သူ ဆရာ ဦးဇင်းလင်းနဲ့ AHRC အာရှလူ့အခွင့်အရေးအဖွဲ့မှ ဦးမင်းလွင်တို့ ပါဝင်ဆွေးနွေးခဲ့ကြသည်။

ဒီကိစ္စနဲ့ပတ်သက်ပြီး ဘယ်လိုစီစဉ်ဆောင်ရွက်နေသလဲ ဆိုတာကို ဆရာမန်းမန်းကို ဦးစွာပထမ မေးကြည့်ချင်ပါတယ်။ ဆရာမန်းမန်းတို့အနေနဲ့ ဘယ်လိုဘယ်ပုံ စစ်အစိုးရကို အရေးယူဖို့ စီစဉ်နေသလဲဆိုတာ ပြောပြပါ ခင်ဗျား။

ဆရာမန်းမန်း ----- ဟုတ်ကဲ့။ အဓိကကတော့ ကုလသမဂ္ဂမှနေပြီးတော့ နာဂစ်မုန်တိုင်းနဲ့ ပတ်သက်ပြီး န အ ဖ စစ်အစိုးရကနေပြီးတော့ အဓမ္မ ခိုင်းစေမှုတွေ၊ အကူအညီတွေလည်း အဟန့်အတားဖြစ်စေသည့်အပြင် နောက်တခါ အကူအညီပစ္စည်းတွေကို ပြည်သူလူထုဆီ မရောက်ဘဲနဲ့ ဈေးကွက်ရောက်သွားတာတို့၊ ဒါတွေကို စုံစမ်းစစ်ဆေးဖို့အတွက် ကျနော်တို့ တောင်းဆိုထားတာရှိတယ်။

မေး ----- အဲတော့ န အ ဖ စစ်အစိုးရက မုန်တိုင်းတိုက်ပြီးတဲ့အချိန်မှာ ချက်ချင်းလုပ်ဆောင်ပေးခဲ့တဲ့ အရာတွေက ကျနော်တို့ ဘာမှ မကြားရပါဘူး။ ဒါပေမဲ့ နိုင်ငံတကာကနေပြီးတော့ ဒီမုန်တိုင်းကြီးက ကြီးကျယ်လွန်းတဲ့အတွက် လူအသေအပျောက် အများကြီးရှိတယ်။ မုန်တိုင်းတိုက်ပြီးပြီးချင်းမှာ ကယ်ဆယ်ရေးတွေ လုပ်ဖို့လိုတယ်ဆိုပြီးတော့ အားလုံးက ၀ိုင်းပြီးပြောခဲ့ကြတယ်။ အမေရိကန်၊ ပြင်သစ်၊ အင်္ဂလိပ် စတဲ့နိုင်ငံတွေက စစ်သဘောင်္တွေက သူတို့မှာရှိတဲ့ရိက္ခာတွေကို အရေးပေါ် အကူအညီအဖြစ်နဲ့ ပေးချင်ပါတယ်။ ၀င်ပေးပါရစေဆိုတာလည်း န အ ဖ စစ်အစိုးရက လက်မခံခဲ့ဘူး။ အဲလိုဖြစ်ခဲ့တဲ့ ကိစ္စနဲ့ပတ်သက်ပြီးတော့ န အ ဖ စစ်အစိုးရကို အရေးယူပေးဖို့ ဆိုပြီးတော့ ဒီကိစ္စ ပေါ်လာတယ်လို့ ကျနော်တို့ နားလည်ထားပါတယ်။

အဲတော့ မုန်တိုင်းတိုက်ပြီးတဲ့ အချိန်မှာ ဖြစ်ပျက်ခဲ့တာတွေကို နဲနဲလောက် ဆွေးနွေးကြည့်ချင်ပါတယ် ခင်ဗျား၊ အဲဒီတုန်းက ဖြစ်ခဲ့တာတွေနဲ့ ပတ်သက်ပြီးတော့ ဆရာဇင်းလင်းအနေနဲ့ ဘယ်လို မြင်ပါသလဲ။

ဦးဇင်းလင်း ----- ဟုတ်ကဲ့ခင်ဗျား၊ သတင်းဘက်ထောင့်ကနေ ကြည့်တဲ့အခါကျတော့ သတင်းတွေက အမှောင်ချထားပါတယ် ဆရာရယ်။ ထုံစံအတိုင်းပါပဲ ဒီိလိုကိစ္စအကြီးအကျယ်မျိုးကို မဆိုထားနဲ့ သာမန် တိုင်းပြည်အတွင်းမှာ ဖြစ်ပျက်နေတဲ့ သူတို့ (စစ်အစိုးရ)ရဲ့ အမှားမှား၊ အယွင်းအယွင်း၊ အလွဲအချော်ချော် စီစဉ်မှုတွေကြောင့် ဖြစ်ပျက်နေတဲ့ ဆင်းရဲဒုက္ခကိုထောင် ဖေါ်ပြခွင့် ရခဲ့တာမဟုတ်ဘူး။ အခုဟာက အင်မတန်ကြီးမားတဲ့ မြန်မာနိုင်ငံအဖို့ မဆိုထားနဲ့ ဒေသတခုလုံး ကမ္ဘာ့နဲ့ ယှဉ်ရင်ထောင် ဒီနာဂစ် မုန်တိုင်းဘေးဟာ အလွန်ကြီးမားပါတယ်။ လူအသေအပျောက်လည်း သိန်းနဲ့ချီရှိတယ်။ မုန်တိုင်းဒဏ်ကို ခံလိုက်ရတဲ့ အိုးခြေ၊ အိမ်ခြေမဲ့သွားတဲ့သူတွေ၊ သားတကွဲ မယားတကွဲ ဖြစ်သွားတဲ့သူတွေ၊ ဆွေမျိုး မိဘ သားချင်းတွေ ဆုံးရှုံးသွားတဲ့သူတွေ စသဖြင့် ထိခိုက်ခံစားရတဲ့ လူဦးရေပမာဏကလည်း ၄ သန်း၊ ၅ သန်း အထိရှိနိုင်တယ်လို့ သတင်းသမားတွေရဲ့ ထောင့်ဘက်က ဒီလိုမြင်ကြတယ်။

သို့သော်လည်း ဒီဟာတွေက နောက်ပိုင်းကျမှသာ သတင်းသမားတွေက သူတို့နည်း သူတို့ဟန်နဲ့ ဖေါ်ထုတ်ပြီးတော့ ကြိုးစားလာနိုင်တာ ဖြစ်တယ်။ ဖြစ်ဖြစ်ချင်းမှာတော့ သိကျတဲ့အတိုင်းပဲ၊ မေ ၂ ရက်၊ ၃ ရက် ဖြစ်ပြီးတဲ့အချိန်လေးမှာ သူတို့ထုတ်ပြန်လိုက်တဲ့ သတင်းဟာ ရာဂဏန်းလောက်ဘဲဆိုတာမျိုး ဖုံးကွယ်ဖို့အတွက် ကြိုးစားသေးတယ်။ သို့သော်လည်း သိတဲ့အတိုင်းဘဲ အင်မတန်ကြီးမားတဲ့ မုန်တိုင်းဖြစ်တဲ့အတွက်ကြောင့် ဒီနာဂစ်မုန်းတိုင်းဘေးကို သူတို့အနေနဲ့ ဘယ်လိုမှ ဖုံးအုပ်လို့မရတော့ဘူး။ ဧရာဝတီမြစ်ဝကျွန်းပေါ် တခုလုံးနည်းပါးလောက်ကို ပြင်းပြင်းထန်ထန် ထိခိုက်သေကြေ၊ ဆုံးပါးမှုတွေ အများကြီး ဖြစ်သွားခဲ့တာဖြစ်တယ်။

အဲဒီတော့ သတင်းသမားတွေရဲ့ ထောင့်ကတော့ ပြည်သူလူထု အားလုံးလည်းသိအောင်၊ ကမ္ဘာကလည်းသိအောင် တတ်နိုင်သလောက် ၀ိုင်းဝန်း ကြိုးပမ်း အားထုတ်ပြီးတော့ သတင်းတွေကို ဖေါ်ထုတ်ဖို့ သူတို့ ကြိုးစားခဲ့တာတွေ တွေ့ရတယ်။ အဲလို ကြိုးစားတဲ့နေရာမှာ ကျနော်တို့ လက်လှမ်းမီသလောက် ကိုယ်တိုင် လေ့လာမိသလောက် ဆိုရင်တော့ ပြည်တွင်း သတင်းသမားတွေ အပါအ၀င် နိုင်ငံတကာ သတင်းသမားတွေကလည်း သူတို့နည်း သူတို့ဟန်နဲ့ တရားဝင်နည်းရော၊ တရားမ၀င်နည်းရော နည်းအမျိုးမျိုးနဲ့ ထိုးဖေါက် ၀င်ရောက်ပြီးတော့ သတင်း ဗွီဒီယိုတို့ ရိုက်နိုင်ခဲ့တယ်။ Interviews တွေ လုပ်နိုင်ခဲ့တယ်။ CNN တို့ BBC တို့မှာ ဒီဟာတွေကို ကျနော်တို့ မြင်ကြရမှာပါ။ ဒါကြောင့် ဒီကနေ့ အင်မတန် တိုးတက်ဖွံ့ဖြိုးတဲ့ သတင်းမီဒီယာခေတ်ကြီးမှာ စစ်အာဏာပိုင် ကနေပြီးတော့ တိုင်းပြည်ရဲ့ ဆင်းရဲဒုက္ခတွေကို ဖုံးအုပ်ဖို့ ကြိုးစားသော်ငြားလည်း အင်မတန်ကြီးမားတဲ့ နာဂစ်လိုကိစ္စဆိုတော့ သူတို့ဘယ်လိုမ ဖုံးဖိလိှု့ ကြိုးစားလို့ မရပါဘူး။

တဖက်ကလည်း သတင်းသမားတွေရဲ့ ၀ိုင်းဝန်းကြိုးပမ်းမှုကြောင့် အသေအပျောက် စာရင်းအင်းတွေကို မူလကိန်းဂဏန်းထက် ၀န်ခံလာရတယ်။ အသေ အပျောက် မြင်မကောင်း၊ ရှုမကောင်းတဲ့ အပျက်အစီးတွေ၊ ဆုံးရှုံးမှုတွေကို ကျနော်တို့ ဒါတွေကလည်း စက်တလိုက် တီဗွီမှာ တက်လာတယ်။ ဒါတွေက သူတို့ ပိတ်ဆို့ထားတဲ့ ကြားမှာဘဲ သတင်းသမားတွေက တာဝန်ကျေကျေပြွန်ပြွန်နဲ့ ဒီလိုတင်ပြလာနိုင်တဲ့အတွက် နောက်ပိုင်းမှာ ဖိအားတွေရလာတယ်။ ဖိအားတွေများလာတဲ့ အပေါ်မှာ ခွင့်မပြုချင်သောလည်း နိုင်ငံတကာ အကူအညီတွေကို အတိုင်းအတာ တခုအထိ သူတို့ ခွင့်ပြုလာရတာ ဖြစ်တယ်။

ဒီကိစ္စနဲ့ ပါတ်သက်ပြီးတော့ သတင်းသမား ပုဂ္ဂိုလ်တွေ အနေနဲ့ဆိုရင် တော်တော့ကို ဆင်းရဲ အပင်အပန်းခံပြီးတော့ ဒီသတင်းတွေကို လိုက်ခဲ့ရတာဖြစ်တယ်။ မအိခိုင်ဦးဆိုတဲ့ မိန်းကလေးဆိုလို့ရှိရင် ရန်ကုန်မှာ ဒုက္ခသည်တွေ ပေးဝေတဲ့ အကူအညီတွေ မျှမျှတတ မဖြစ်တာရော၊ နောက် corruption ဖြစ်နေတာကိုရော ဒီလိုဖြစ်နေတဲ့ အတွက်ကြောင့် ဒုက္ခသည်အချို့တွေက UNDP နဲ့ ICRC ရုံးတွေမှာ အကူအညီတောင်းဖို့ ကြိုးစားတယ်။ ကြိုးစားတဲ့ ကိစ္စကို သတင်းသမား အသက် ၂၄ နှစ်ရှိတဲ့ မိန်းကလေးက သတင်းထောက်က Eco Version ဂျာနယ်နေပြီးတော့ သတင်း Cover လုပ်ဖို့ သူကြိုးစားတယ်။ ဓါတ်ပုံရိုက်တယ်၊ မေးမြန်စရာ ရှိတဲ့အရာကို သူမေးမြန်းတယ်။

ဒီသတင်း အပြင်မထွက်အောင် အဲဒီအချိန်တုန်းက ဒီမိန်းကလေးကို သူတို့ ဖမ်းဆီးခဲ့တယ်။ နောက်ပိုင်းသတင်းစာ ရှင်းလင်းပွဲမှာ မေးမြန်းတဲ့အခါမှာလည်း သူတို့မေးမြန်းစရာရှိလို့ မေးမြန်းတာပါလို့ပါ ဆိုတာမျိုး မရို့မလွန် ဖြေခဲ့တာရှိတယ်။ ဒါပေမဲ့ တကယ်တန်းကျတော့ ဒီမိန်းကလေးကို ပုဒ်မ ၁၅၅ (ခ)နဲ့ အမြင့်ဆုံး ထောင်ဒဏ် ၂ နှစ် ချလိုက်တာ တွေ့ရမှာဖြစ်ပါတယ်။

ဒါကြောင့် ဆိုလိုတာက သူတို့ (အစိုးရအနေနဲ့) ဘယ်လောက် ဖုံးဖိပေမဲ့ ပြည်တွင်းမှာရော၊ နိုင်ငံတကာမှာပါ၊ သတင်းသမားတွေက နာဂစ်နဲ့ပတ်သက်ပြီးတော့ ပုံပေါ်အောင် နည်းလမ်းမျိုးစုံနဲ့ ဖေါ်ထုတ်နိုင်ခဲ့တယ်။ ဒါကြောင့်မို့လို့ ဒီကနေ့ ရေးထုတ်ဖေါ်ပြခဲ့တယ်။ တဆက်ထဲမှာ သူတို့ရဲ့မတော် မတရား ပြုလုပ်တဲ့ကိစ္စတွေကို အချို့နေရာတွေမှာ ကျနော်တို့ အသေးစိပ် ဖေါ်ထုတ်နိုင်ခဲ့တာကို တွေ့ရတယ်။

ဒါကြောင့် ဒီကနေ့ ဒီအချက်တွေကို အခြေခံပြီးတော့ ဒီကနေ့ န အ ဖ စစ်အာဏာပိုင်များဟာ ဒီလောက်ပြည်သူလူထု ဒုက္ခ အကြီးအကျယ် ရောက်နေတဲ့ အချိန်မှာထောင်မှ သူတို့ဟာ အမြတ်ထုတ်ပြီးတော့ ပြည်သူလူထုကို နိုင်ငံတကာက ပေးတဲ့ လှူတဲ့ ပစ္စည်းတွေကို အလွဲသုံးစား လုပ်ရဲတယ်၊ လူမဆန်တဲ့ စိတ်ဓါတ်မျိုးတွေနဲ့ သူတို့ကျူးလွန်တဲ့ ကိစ္စရပ်တွေဟာ အခုလိုမျိုး ကျနော်တို့ EAT Team ကနေပြီးတော့ သူတို့လည်းဘဲ ကြိုးကြိုးစားစား အားထုတ်ပြီးတော့ကား Interviews တွေလုပ်၊ သတင်းအချက်အလက်တွေ စုဆောင်းပြီးတော့မှ အခုလို Independence ဖြစ်ပါတယ်။ လွတ်လွတ်လပ်လပ် Civil Society တွေရဲ့ ထောင့်ကနေပြီးတော့ ဖေါ်ထုတ်လိုက်တဲ့ ဒီအစီရင်ခံစာဟာ ICC မှာ န အ ဖ အာဏာပိုင်များရဲ့ အင်မတန်ကြီးမားတဲ့ လူ့အခွင့်အရေး ချိုးဖေါက်မှုဟာ Crime Against Humanity အထိ ဒီလိုတရားစွဲဖို့အထိ ဖြစ်လာတဲ့နေရာမှာ သတင်းသမားတွေရဲ့ ထောင့်ကနေပြီးတော့ တတ်နိုင်သလောက် ပံ့ပိုးခဲ့တယ်လို့ ကျနော်ရှုမြင်မိပါတယ် ခင်ဗျား။

မေး ----- ဟုတ်ပါတယ်ခင်ဗျား၊ ဆရာဇင်းလင်းပြောသလိုပါဘယ် လွန်ခဲ့တဲ (၅) နှစ်၊ (၁၀) နှစ် ကာလလောက်တာဆိုရင်တော့ မြန်မာနိုင်ငံမှာ မုန်ုတိုင်း တိုက်တဲ့ကိစ္စမှာ လူ (၅၀)၊ (၁၀၀) လောက် သေတယ်လို့ဘဲ ကျနော်တို့ သိရမှယ်လို့ ထင်မိမယ်လေ။ သတင်းတွေကြည့်တော့ မြန်မာအစိုးရကနေပြီးတော့ ဖုံးဖိနေပေမဲ့လည်း အခုအင်တာနက် ဂြိုလ်ထုခေတ် ရောက်နေတဲ့အတွက်ကြောင့် ဒီမုန်တိုင်း ဘယ်လောက်ကြီး သလဲဆိုတာကို နိုင်ငံတကာ ဂြိုလ်ထုကနေပြီးတော့ ဓါတ်ပုံရိုက်ပြထားတာ မြင်ရတယ်။ ဘယ်နေရာ ဘယ်နယ်မြေတွေမှာ ဒုက္ခရောက်တယ်ဆိုတာ၊ ရေလွှမ်းနေတဲ့ဟာတွေကို ဂြိုလ်ထုဓါတ်ပုံ ကနေမြင်ရတယ်။ အင်တာနက် ကနေတဆင့် ပြည်တွင်းက တတ်နိုင်သလောက် စုဆောင်ပြီ့း  ဓါတ်ပုံတွေ ရိုက်ပြီး တင်ပေးတယ် ဆိုတာဟာလည်း ဘယ်လိုမှ ဖုံးဖိလို့မရ၊ နိုင်ငံတကာက မြင်တွေ့ပြီးတော့ တုန်လှုပ်ခဲ့ရတာပေါ့ဗျား။

ဒီလို န အ ဖ စစ်အစိုးရရဲ့ ဒုက္ခရောက်နေရတဲ့ လေဘေး ဒုက္ခသည်တွေအပေါ်မှာ အကူအညီမပေးဘဲနဲ့ သူတို့ရဲ့ အခြေခံဥပဒေ အတည်ပြုရေးကိုဘဲ လုံးပမ်းနေတဲ့ ကိစ္စနဲ့ ပတ်သက်ပြီးတော့ စောစောက ကျနော်တင်ပြတဲ့ Johns Hopkins တက္ကသိုလ်က ပါမောက္ခ Krist Bahar ကလည်း ဘန်ကောက်သတင်းစာ ရှင်းလင်းပွဲမှာ တော်တော်လေး ပြောသွားပါတယ်။ အတိဒုက္ခရောက်နေတဲ့ ဒုက္ခသည်တွေကို အကူအညီ ထိုက်ထိုက်တန်တန် မပေးတဲ့အပြင် ကိုယ့်နေရပ်ကိုဘဲ အတင်းစေခိုင်းပြီးတော့ မောင်းထုတ်တဲ့ ကိစ္စဟာ တော်တော်ကိုဘဲ လူမဆန်တဲ့ အကြီးမားဆုံး လူ့အခွင့်အရေး ချိုးဖေါက်မှုကြီး ဖြစ်တယ်လို့ ပြောသွားတယ်။ အဲတာတွေလည်း ကျနော်တို့ မှတ်မိလိုက်ပါတယ်။

အဲတော့ အာရှလူ့အခွင့်အရေးကော်မရှင်မှ ဆရာဦးမင်းလွင်ဦးကို ကျနော်ဆက်ပြီး မေးချင်ပါတယ်။ အဲဒီဖြစ်ရပ်နဲ့ ပါတ်သက်ပြီးတော့ ဆရာ့ရဲ့ အမြင်ကိုလည်း ကြားပါရစေ။

ဦးမင်းလွင်ဦး ----- ကျနော်တို့ မြန်မာနိုင်ငံအတွင်းမှာ ဆိုင်ကလုန်းနာဂစ် တိုက်ခတ်ပြီးတဲ့ နောက်တရက်မှာဘဲ ကျနော် မှတ်မိသလောက်တော့ ရိုးမ ၃ သတင်းဌာနနဲ့ DVB သတင်းဌာကနေပြီးတော့ ဗွီဒီယို ရိုက်ထားတဲ့ အရာတွေကို ကျနော်တို့ ကြည့်ရှုရတယ်။ အဲဒီအချိန်မှာ ကျနော်တို့အနေနဲ့ ပထမဦးဆုံး စဉ်းစားမိတာက သဘာဝ ဘေးအန္တရာယ်ကြောင့် စစ်အစိုးရ ပြုတ်ကျ ဖို့အတွက် အခွင့်အရေးတရပ်ဖြစ်လာတယ် ဆိုတာကို ကျနော်တို့ မြင်လာတယ်။

တပြိုင်နက်ထဲမှာ ဒီကိစ္စရပ်အပေါ်မှာ စစ်အစိုးကနေပြီးတော့ ဘယ်လို စီမံခန့်ခွဲမယ် ဆိုတာကိုလည်း ကျနော်တို့ သိချင်တယ်။ အဲတော့ အဲဒီလိုမျိုး ကျနော်တို့ စောင့်စားနေတဲ့ ချိန်မှာဘဲ ကျနော်တို့ မြန်မာနိုင်ငံအတွင်းက မုန်တိုင်းထိခိုက်ခံရတဲ့ ဒေသ တွေမှာ ပထမဦးဆုံး ဖြစ်တာတဲ့ပြဿနာက သေဆုံးတဲ့အလောင်းတွေကို အာဏာပိုင်ကနေပြီးတော့ ဘာစာရွက်စာတမ်း အမှတ်အသားမှ မရှိဘဲနဲ့ ဖျောက်ဖျက်တဲ့ကိစ္စရပ်တွေက (၁) အချက် ပြဿနာဖြစ်လာတယ်။

နောက်တခါ တာဝန်ရှိတဲ့ သူတွေက ဒီအလေင်းကို မြှုပ်ပေးဖို့ တာဝန်ရှိသော်ငြားလည်း မလုပ်ပေးတဲ့အတွက် စေသနာ့ ၀န်ထမ်းကနေပြီးတော့ လူအားလုံးရဲ့ ကျန်းမာရေးအတွက် သေဆုံးသွားတဲ့ လူတွေရဲ့အလောင်းကို မြှုပ်လိုက်တယ်။ မြှုပ်လိုက်တဲ့ သူတွေက အခုပြဿနာဖြစ်ကြတယ်။ ဒီလိုမျိုးအခက်အခဲတွေ ဖြစ်လာတယ်။

နောက်တခါ ကျနော်တို့စဉ်းစားတာက ဒီဒေသတွေမှာ သဘာဝ ဘေးအန္တရာယ်ကျသွားပြီးဆိုလို့ရှိရင် နောက်ပိုင်းမှာ လယ်ယာမြေသိမ်းမှုတွေ ဖြစ်လာမယ်။ ဒါတွေကို ကျနော်တို့က ဥပဒေ ရှုထောင့်အရမြင်တယ်။ မြင်သော်ငြားလည်း ကျနော်တို့ အနေနဲ့ သတင်းအချက်အလက် အတိအကျ မရနိုင်ဘူး ဖြစ်တယ်။ နောက်တခါ ဒီလိုမျိုးဖြစ်နေတဲ့ အချိန်မှာဘဲ အစိုးရကပြီးတော့ သတင်းတွေအားလုံး အမှောင်ချထားတယ်။ နောက်ပြီးတော့ အကူအညီပေးတဲ့ ကိစ္စတွေတွေမှာလည်း ပြည်သူလူထုစီကို ထိရောက်တဲ့အချိန်မှာ မရောက်ဘဲနဲ့ နှောင့်နှေး ကြံ့ကြာနေတာကို ကျနော်တို့ တွေ့ရတယ်။ ဒါကြောင့် မုန်းတိုင်းမှာ သေသွားတဲ့သူတွေရဲ့ တ၀က်လောက်က အကူအညီတွေ ထိုက်သင့်အချိန်မှာ မရတဲ့အတွက် သေဆုံးတယ်ဆိုတာကို သတင်းအချက်အလက် ကနေပြီးတော့ ကျနော်တို့ သိရတယ်။ ဒါဟာလည်း သတင်းမီဒီယာက ပေးပို့တဲ့အခြေအနေပြီးတော့ ကျနော်တို့ သုံးသပ်ရတာဖြစ်တယ်။

အဲဒီတော့ အစောကပြောသလိုမျိုး လူ့အခွင့်အရေး ချိုးဖေါက်မှုတွေရှိတယ်။ နောက်တခါ မုန်တိုင်းဖြစ်တဲ့အတွက် လူအယောက် ၅၀၀၀ ၊ ၆၀၀၀ လောက် အလုပ်ရတယ်လို့သာ သူတို့က ပြောကြတယ်။ အဲဒီလူတွေက တကယ်တန်း ပြောရမယ်ဆိုလို့ရှိရင် အဓမ္မ လုပ်အား ခိုင်းခံရတဲ့သူတွေ ဖြစ်တယ်။ အစိုးရကနေပြီးတော့ စနစ်တကျ စီမံခန့်ခွဲမှုကို မလုပ်ခဲ့တဲ့အတွက် ပြည်သူတွေမှာ ပိုမိုဆင်းရဲပြီး ဒုက္ခရောက်ရတယ်။ မသေသင့်ဘဲ သေကြရတယ်။ ဒါကြောင့် ကျနော်တို့က လူသားချင်း စာနာမှုမရှိဘဲနဲ့ အစိုးရကနေပြီးတော့ ကျူးလွန်တယ်ဆိုတာကို ကျနော်တို့ အစောကတည်းက သုံးသပ်မိပါတယ်။

အခုတော့ Johns Hopkins တက္ကသိုလ်နဲ့ EAT အဖွဲ့ကနေပြီးတော့ ဒီကိစ္စတွေ ဆောင်ရွက်လာတဲ့အပေါ်မှာ ကျနော်တို့ ၀မ်းမြောက်တယ်၊ ကြိုဆိုတယ်။ နိုင်ငံတကာကလည်း ဒီအပေါ်မှာ အရေးတယူ တုန့်ပြန်ကြဖို့ ဒီအဆင့်တွေမှာသာ မထားဘဲနဲ့ ဆက်လက်လုပ်ဆောင်သွားဖို့ လိုတယ်ဆိုတာကို ကျနော်ပြောချင်ပါတယ်။

မေး ------ ဟုတ်ကဲ့။ အဲဒီတော့ စောစောပြောခဲ့သလိုပေါ့လေ။ မုန်းတိုင်းတိုက်ပြီးတဲ့နောက် ဒုက္ခရောက်တဲ့သူတွေကို ကယ်ဆယ်ရေးလုပ်ဖို့ကိစ္စမှာ စစ်အစိုးရကနေပြီးတော့ အဟန့်အတားတွေလုပ်တယ်၊ တားဆီးမှုတွေ လုပ်တယ်ဆိုပြီးတော့ အစီရင်ခံစာထဲမှာ ရေးသားထားတာကို ကျနော်တို့ တွေ့လိုက်ပါတယ်။ ဒီအစီရင်ခံစာ ဖြစ်မြောက်ဖို့အတွက် ဘယ်လိုအချက်အလက်တွေ ရှာဖွေခဲ့ရတာတွေကို EAT အဖွဲ့မှ ဆရာမန်းမန်းကို ကျနော်မေးကြည့်ပါရစေ ခင်ဗျား။

မန်းမန်း ----- ကျနော်တို့ EAT အဖွဲ့ကလည်း တချိန်ထဲမှာ ကျနော်တို့ တတ်နိုင်တဲ့ ဘက်ကနေပြီးတော့ အကူအညီပေးရေး လုပ်ငန်းတွေကို ကျနော်တို့ ဆောင်ရွက်ခဲ့တယ်။ ကျနော်တို့ လုပ်ငန်းဟာ အစိုးရနဲ့ ပါဝင်ပတ်သက်ခြင်း မရှိဘူး။ ကျနော်တို့ တိုက်ရိုက် ပြည်သူလူထုက နေပြီးတော့ ဆောင်ရွက်တာရှိတယ်။ ကျနော်တို့ အကူအညီပေးတဲ့ သူတွေဆီက အချက်အလက်တွေ စုဆောင်းခဲ့သလို မုန်းတိုင်းခံရတဲ့ ဒုက္ခသည်ရဲ့ ရွာသူရွာသားတွေကို ကျနော်တို့ မေးမြန်း စစ်တမ်း ကောက်ယူတာတွေ ရှိပါတယ်။

၂ ပိုင်းပေါ့နော်၊ ပထမ အခြေအနေကတော့ သြဂုတ်လမှ စက်တင်ဘာလ၊ နောက် အောက်တိုဘာလမှ နိုဝင်ဘာအထိပေါ့နော်။ အပိုင်းနှစ်ပိုင်းမှ အချက်အလက်တွေကို ခြုံငုံပြီးတော့ ကနဦးအပိုင်း မုန်တိုင်း စဖြစ်တဲ့ကာလ ဖြစ်ရှိနေတဲ့အခြေအနေနဲ့ နောက်ပိုင်း အနီးစပ်ဆုံးကာလ အခြေအနေတွေကို စဟန့်မိအောင် ဆိုပြီးတော့ စစ်တမ်းတွေကို ကျနော်တို့ ကောက်ယူခဲ့တယ်ပေါ့နော်။ ကျနော်တို့အားလုံး စစ်တမ်းကောက်ယူတာ ၉၀ လောက်ရှိတယ်ပေါ့နော်။ အဲဒီအပေါ်မှာ အချက်အလက်တွေကို ကျနော်တို့ စုဆောင်းပြီးတော့ ကျနော်တို့ University ကတော့ EAT Burma ရော၊ တချိန်ထဲမှာ Global Fan Assess Program ပေါ့နော် ကျနော်တို့ ကျန်းမာရေးလုပ်ငန်းတွေမှာ တစုံတရာ Technical support နည်းပညာအရ ပံ့ပိုးပြီးတော့ ဒါတွေကို စစ်တမ်းကို ကောက်ယူပြီးတော့ ဒီစစ်တမ်းအပေါ်မှာ စနစ်တကျ ကောက်ယူပြီးတော့ ကျောင်းက University ကနေပြီးတော့ ဒီဘက် ဒေသဆိုင်ရာ ဆောင်ရွက်တဲ့ အဖွဲ့အစည်းကနေ ပေါင်းပြီးတော့ ပြန်လည်သုံးသပ်ပြီးတော့မှ ထုတ်ပြန်ရခြင်း ဖြစ်ပါတယ်။

မေး ----- စစ်တမ်းတွေမှာ ပါတဲ့အချက်အလက်တွေကို လုံခြုံရေးကောင်စီ ကနေပြီးတော့ နိုင်ငံတကာခုံရုံးကို တင်ဖို့အတွက် တိုက်တွန်းဆောင်ရွက်မယ်ဆိုတော့ ဘယ်လိုဘယ်ပုံ ဒီအစီရင်ခံစာကို လုံခြုံရေးကောင်စီကို တင်သွင်းဖို့ အစီအစဉ်ရှိတယ် ဆိုတာကို ပြောလို့ရမှာလား ခင်ဗျား။

ဦးမန်းမန်း ----- ကျနော်တို့ အဓိကကတော့ လုံခြုံရေးကောင်စီ ရောက်နိုင်ဖို့ကတော့ ကုလသမဂ္ဂကနေပြီးတော့ အထူးစုံစမ်းရေးကော်မရှင်တွေ ဖွဲ့ဖို့အတွက် ကျနော်တို့ ကုလသမဂ္ဂကို တောင်းဆိုထားတာရှိတယ်။ အဲဒါကိုလည်း ကျနော်တို့ University နဲ့ရော အခြား လူ့အခွင့်အရေးဆိုင်ရာ ကော်မရှတွေင်နဲ့ ဆက်စပ်ပူးပေါင်းပြီးတော့ ဆက်လက်တွန်းအားပေးဖို့ ရှိပါတယ်။ တချိန်ထဲမှာ ASESN ကလည်း အဓိက အရေးပါတဲ့ ကဏ္ဍကဖြစ်ပါတယ်။ အာဆီယံကလည်း ဒီကိစ္စအပေါ်မှာ ထိထိရောက်ရောက် အရေးယူဆောင်ရွက်ဖို့ အဓိကအားဖြင့် အာဆီယံကနေပြီးတော့ မြန်မာပြည်ကို ၀င်ရောက်ကူညီတဲ့နေရမှာ အာဆီယံက န အ ဖ ကို တွန်းအားပေးသွားဖို့၊ ဖမ်းဆီးထားတဲ့ အကူအညီ ပေးတဲ့သူတွေ လွတ်မြောက်နိုင်ဖို့ အတွက်ရော၊ အကူအညီပေးတဲ့နေရာမှာ Assessment စစ်တမ်းတွေ ကောက်တာရှိတယ်ပေါ့နော်။ စစ်တမ်းတွေ ကောက်တဲ့နေရာမှာ အိုချာ report ပေါ့နော်၊ UN အိုချာ က သုံးပွင့်ဆိုင်ဆိုပြီးတော့၊ ကုလသမဂ္ဂပါမယ်၊ အာဆီယံပါမယ်၊ န အ ဖ ပါမယ်။ ကျနော်တို့ လိုချင်တာကတော့ စစ်တမ်းအမှန်နဲ့၊ ပြည်သူလူထု၏ စစ်တမ်းအမှန် ရရှိဖို့အတွက်က စစ်အစိုးရနဲ့ ပါတ်သက်လို့ မဖြစ်ဘူးထင်ပါတယ်။ ဘာဖြစ်လို့လည်းဆိုတော့ စစ်အစိုးရကို နှစ်ပေါင်းများစွာ လူထုတွေက ကြောက်ရွံ့ ထိန့်လန့် နေတော့ တကယ့် လူထုရဲ့ အဖြစ်မှန်ကို စစ်တမ်းကောက်ယူနိုင်ဖို့အတွက်က စစ်အစိုးရမပါဘဲနဲ့ ဆောင်ရွက်ဖို့လိုတယ်။ တချိန်ထဲမှာဘဲ အဲလိုဆောင်ရွက်တဲ့ နေရာမှာ လူထုအခြေပြု လူ့အဖွဲ့အစည်း တွန်းအားပေးသွားဖို့ လိုပါတယ်။ အဲဒါမှသာလျှင် ရေရှည်အတွက် ထိရောက်မှာဖြစ်တယ်။

အဲလို မဟုတ်ခဲ့ဘူးဆိုရင် NGOs တွေ ပြည်သူလူထုတွေ တွန်းအားပေးတဲ့နေရာမှာ အားနည်းနေပါသေးတယ်။ ဒါ့အပြင် NGOs တွေမှာလည်း ကူညီဆောင်ရွက်တဲ့နေရမှာ တဖွဲ့နဲ့တဖွဲ့ ဆက်စပ်ဖို့ အားနည်းနေတာရှိတယ်။ ဥပမာ တခုပြောရမယ်ဆိုရင် ရေကိစ္စ၊ ရေကန်တူး ဖေါ်တဲ့နေရာမှာ NGO တဖွဲ့မှ လုပ်သွားပြီးတော့ နောက်အခြားတဖွဲ့ ၀င်ရောက် ကူညီတာမျိုးကို လက်မခံတော့ဘူး၊ ပထမ တဖွဲ့လုပ်တာလည်း လုပ်ငန်းမပြီးမပြတ်ဘူး၊ နောက်တဖွဲ့လုပ်ဖို့ဟာလည်း လက်မခံဘူးဆိုတော့ အဲတာတွေအပေါ်မှာ ဆက်ပြီး အကူအညီပေးဖို့ လိုပါတယ်။ အာဆီယံ ကနေပြီးတော့လည်း န အ ဖ စစ်အစိုးရ အပေါ်မှာ ဖိအားပေးလာမှာ ဖြစ်တယ်။ တချိန်ထဲမှာ အာဆီယံနေနဲ့လည်း ကုလသမဂ္ဂ စုံစမ်းစစ်ဆေး ရေးအဖွဲ့ ပါဝင်လာဖို့အတွက်လည်း လုပ်ဆောင်လာဖို့လိုလာတယ်။

အဲဒါမှသာလျှင် ကျနော်တို့ ပြည်သူလူထုတွေ ခံစားနေရတဲ့ ဘ၀အဖြစ်မှန်ကို ပြန်လည်ဖေါ်ထုတ်နိုင်ပြီးတော့ တရားမျှတတဲ့ အရေးယူမှုကို ဆောင်ရွက်ပေးနိုင်တာ ဖြစ်ပါတယ်။

မေး ----- ဟုတ်ကဲ့ ခဏက ဆရာမန်းမန်း ပြောသွားတဲ့အထဲမှာ အာဆီယံ၊ ကုလသမဂ္ဂနဲ့ န အ ဖ သုံးပွင့်ဆိုင် ဖွဲ့စည်းထားတဲ့ အဖွဲ့၊ နောက်ပြီးတော့ အိုချာ အစီရင်ခံစာတို့ ဆိုတာကို လူတွေတော်တော်များများက သိပ်ပြီး အယုံအကြည်မရှိ ဘူးလို့ ကျနော်တို့ကြားရတယ်။ ဘာဖြစ်လို့လည်းဆိုတော့ စစ်အစိုးရအလိုကျ ဒီအဖွဲ့ကနေပြီးတော့ လုပ်ဆောင်နေတာ ရှိတယ်။ ဖုံးဖုံးအုပ်အုပ်နဲ့ ပြောနေဆိုတယ်လို့ ဝေဖန်နေတယ်လို့လည်း ကြားရပါတယ်။

ကယ်ဆယ်ရေးလုပ်ငန်းတွေ၊ ထိခိုက် ပျက်စီး သေကျေကြတဲ့ ကိစ္စတွေကို ဖေါ်ထုတ်တဲ့ကိစ္စအတွက် စာနယ်ဇင်းသမားတွေ၊ ဖမ်းဆီးခံရတယ်၊ ထောင်ချခံရတယ်ဆိုတဲ့ ခဏကပြောတဲ့ မအိခိုင်ဦးတို့၊ အင်တာနက် ဘလော့ဂ်ကာတွေရေးတဲ့ ကိုနေဘုန်းလတ်တို့ ဆိုရင် သူတို့တော်တော်ဘယ် ဒုက္ခရောက်ရတယ်။

အဲတော့ စာနယ်ဇင်းနဲ့သက်ပြီးတော့ နာဂစ်မုန်းတိုင်း ဖြစ်ပွားခဲ့တာကို ဖေါ်ထုတ်လို့ ဒုက္ခရောက်ရတယ်၊ ထောင်ကျတယ် ဆိုတာကို ဆရာဇင်းလင်းကရော သတင်းသမားတယေက်အနေနဲ့ ရှေ့ဘယ်လိုဖြစ်လာမယ်ဆိုတာကို နည်းနည်းလောက်ပြောပြပါလား။

ဦးဇင်းလင်း ----- ကျနော်တို့ ပြီးခဲ့တဲ့ တနင်္ဂနွေကဘဲ မြန်မာသတင်းသမဂ္ဂရဲ့ (၆) ကြိမ်မြောက် ညီလာခံကျင်းပခဲ့ပါတယ်။ အဲဒီညီလာခံမှာ ကျနော်တို့ စာနယ်ဇင်းသမား ၁၄၀ ကျော် ၁၅၀ ပတ်ဝန်းကျင်ပေါ့လေ၊ နိုင်ငံတကာမှာ ရောက်ရှိနေတဲ့ မြန်မာသတင်းသမားတွေရော၊ မြန်မာ့အရေးမှာ စိတ်လိုက်မာန်ပါ အာရုံစိုက်ပြီး ဆောင်ရွက်ပေးနေတဲ့ နိုင်ငံတကာ သတင်းဆရာကြီးတွေရော စုံစုံညီညီ တက်ရောက်ပြီးတော့ ဆွေးနွေးကြတဲ့အထဲမှာ နာဂစ်ကာလအတွင်းမှာ သတင်းပိတ်ဆို့ အမှောင်ချထားတဲ့ ကိစ္စရပ်တွေကိုလည်း ဆွေးနွေးဖြစ်ခဲ့တယ်။ ခဏကပြောတဲ့ သုံးပွင့်ဆိုင်မှာတော့ ၉ ဖွဲ့က တင်တဲ့အစီရင်ခံစာမှာ န အ ဖ ပါနေတဲ့အတွက် အကုန်လုံးက UN ကလည်း လုပ်ချင်တာကို အတိုင်းအတာတခုအထိ ဖြစ်အောင်၊ နောက်ပြီးတော့ အာဆီယံလည်း နိုင်ငံတနိုင်ငံရဲ့ ပြည်တွင်းရေးကို ၀င်ရောက် မစွက်ဖက်တဲ့မူကို ယနေ့အထိ ဆုပ်ကိုင်ထားတယ်ဆိုတော့ အဲတော့ အဲဒီမူအပေါ်မှာလည်း ရပ်ထားတယ်။ အဲဒါအပြင် လက်ရှိကိစ္စ ဆောင်ရွက်တဲ့ နေရာမှာလည်း မြန်မာစစ်အာဏာပိုင်တွေ့ လက်ခံနိုင်တဲ့ အတိုင်းအတာအပေါ်မှာ ချော့ချော့မော့မော့နဲ့ အာဆီယံဟာ တစုံတရာအတိုင်းအတာအထိ လုပ်ကိုင်နိုင်တယ် ဆိုတာကို ပြချင်တဲ့အတွက်ကြောင့် ဒီအဖွဲ့က တင်တဲ့အစီရင်ခံမှာ အများကြီး ထိန်ချန်ထားတာလို့ ပြောရမှာပဲ။

ဘာကြောင့်လည်းဆိုတော့ အကူအညီတွေဟာ တကယ်ကျတော့ မုန်တိုင်းခံရတဲ့ ပြည်သူတွေဆီကို ပြည့်ပြည့်၀၀မရောက်ဘူး။ ပြည့်ပြည့်၀၀ မရောက်ဘူးလို့ဆိုတဲ့ နေရာမှာ သူတို့ ၁၀၀ ဝေရင် အများဆုံး ၃၀ ထောင် ရောက်ပါ့မလားလို့ သံသယဖြစ်ဖွယ် အများကြီးရှိတယ်။ ဘာကြောင့်လဲဆိုတော့ မြန်မာနိုင်ငံကိုယ်၌က စစ်အာဏာရှင် အောက်မှာ နေရတဲ့အတွက် ခေါင်ကအစ မိုးမလုံဘူး။ အောက်ခြေအထိ စာရိတ္တ ပျက်ပြားနေတယ်။ ပြောချင်တာကတော့ Corruption ကြီးစိုးနေတဲ့နိုင်ငံ ဖြစ်နေတဲ့ အခါကျတော့ တိုင်းပြည်ဟာလည်း အလွန်ဆင်းရဲနေတဲ့အခါကျတော့ UN Agency တွေမှာလည်း တော်တော်များများက local Sources ဖြစ်နေတယ်။

အဲဒါကြောင့် ဒီကိစ္စတွေကို ဖေါ်ထုတ်တဲ့အခါ အားနည်းတယ်လို့ ပြောရမယ်ဖြစ်ပါတယ်။ အဲလိုတာဝန်ရှိတဲ့ Agency လို ၀န်ထမ်းကိုယ်တိုင်၌က မှန်မှန်ကန်ကန် မုန်တိုင်းခံရတဲ့ ဒေသတွေကို ရောက်အောင်လည်း မသွားကြဘူး။ ရောက်အောင်လည်း မပို့ကြဘူး။ သူတို့ဝေတယ် ဆိုတာကလည်း သူတို့သတင်းရရုံနဲ့ သတင်းဖြည့် တယ်တဲ့ပုံနဲ့ ဓါတ်ပုံရိုက်မယ်၊ ဗွီဒီယိုရိုက်မယ်။

တချို့နေရမှာက အစိုးရ Agency တွေ ဝေတဲ့နေရာမှာ မြ၀တီတို့၊ မြန်မာတီဗွီတွေမှာ for show လောက်ဘဲရိုက်ပြီးတော့ ပစ္စည်းတွေ မဝေဘဲနဲ့ ပြန်သိမ်းသွားတဲ့ နေရာတွေလည်းရှိပါတယ်။ အဲဒါတွေက ထိန်ချန်ထားလို့ မရပါဘူး။ သူတို့ သုံးပွင့်ဆိုင်မှ အစီရင်ခံစာဟာ အားထားရတဲ့ အစီရင်ခံစာမဟုတ်ဘူး။ တကယ့်အရေးကြီးတဲ့ အချက်အလက်တွေ ထိန်ချန်ထားတာကို ကျနော်တို့ တွေ့ရတယ်။ ဒါကြောင့်လည်း ကျနော်တို့ ဒီနေ့မှာ EAT နဲ့ Johns Hopkins မှ ပူးပေါင်းပြီး တင်လာတဲ့ အစီရင်ခံစာဟာ အဲဒီအစီရင်ခံစာရဲ့ ဟာကွက်တွေကို ဖြည့်ပေးနိုင်တဲ့အပြင် န အ ဖ ရဲ့ The Crime Against Humanity ဆိုတာမျိုး ကျနော်တို့ ဖေါ်ထုတ်နိုင်တာကို ကျနော်တို့ တွေ့ရပါတယ်။ အဲဒါတွေအပြင် တခြားလူ့အခွင့်အရေး ချိုးဖေါက်မှုတွေက အများဘကီး ဒီအထဲမှာ ဖြစ်တယ်ဆိုတာက ပေါ်လွင်တယ်လေ။ ကနေ့အချိန်အထွ ပြည်သူလူထုရဲ့ စားဝတ်နေရေး၊ ကျန်းမာရေး၊ ပညာရေးဆိုရင် ဒီကနေ့အထိ ဖြေရှင်း မပေးနိုင်သေးတယ်ဆိုတာ ကျနော်တို့တွေ့ရတယ်။

သူတို့ရဲ့ Corruption တွေကြောင့် မလုပ်နိုင်တာဖြစ်တယ်။ ဒါတွေကို စာနယ်ဇင်း သမားတွေက နေပြီးတော့ တတ်နိုင်သလောက် နှိုက်ချွတ်ပြီးတော့ ဖေါ်ထုတ်ပေးခဲ့တယ်။ ဒီအချက်အလက်တွေကိုလည်း EAT နဲ့ Johns Hopkins မှ အစီရင်ခံစာကို အခြေခံပြီးတော့ သူတို့လုပ်ချင်တဲ့ အလုပ်တွေကို အစပျိုးလိုက်မယ်ဆိုရင် ကျန်တဲ့ Civil Societies တွေက၊ စာနယ်ဇင်းတွေရော၊ လူ့အဖွဲ့အစည်းနဲ့ဆိုင်တဲ့ အဖွဲ့အစည်းတွေရော၊ ဥပဒေပိုင်းမှာ ကျွမ်းကျင်တဲ့ ပုဂ္ဂိုလ် တွေက ၀ိုင်းပြီးတော့ အားဖြည့်လာကြမယ်လို့ ထင်တယ်။ ဒါကြောင့်မို့ ဒီအစီအစဉ်ဟာ အစကောင်းတယ်လို့ ကျနော်တို့ ပြောရမှာ် ဖြစ်တယ်။ ဒီအပေါ်မှာ ၀ိုင်းဝန်းပံ့ပိုးလာမယ်လို့ ကျနော်တို့ ယူဆတယ်။ ဒါဟာ ဒီကနေ့ ကျနော်တို့တိုင်း ပြည်အတွင်းမှာ ဖြစ်ပျက်နေတဲ့ မတော်မတရားမှုတွေကို အုပ်ချုပ်နေတဲ့ ကိစ္စကို ပိုမိုထင်ရှားအောင် ၀ိုင်းဝန်းကြိုးစားပြီးတော့ နိုင်ငံတကာ တရားရုံးတခုမှာ တင်ပြဖေါ်ထုတ်နိုင်မယ်လို့ ကျနော်ခြုံငုံ တင်ပြတာပါ။


မေး ------ မုန်းတိုင်း တိုက်ခတ်ပြီးသွားတဲ့ နောက်ပိုင်းမှာ ကယ်ဆယ်ရေး အကူအညီတွေပေးကမ်းဖို့ ကိစ္စကို မြန်မာအစိုးရမှာ နှောင့်နှေး ကြံ့ကြာအောင် လုပ်တယ်။ ကယ်ဆယ်ရေး ပစ္စည်းတွေကို ခဏက ဆရာဇင်းလင်း ပြောသွားသလို တရာပေးတယ်၊ သုံးဆယ်လောက်ဘဲရတယ်၊ ကျန်တဲ့ဟာတွေက ဟိုကယူ၊ ဒီကယူနဲ့ အဆင့်ဆင့် အကထိ လိုက်စားမှုတွေ၊ ပစ္စည်းခိုးတာတွေက ကျနော်တို့ ကြားရပါတယ်။ ရေလွှမ်းသွားတဲ့ တယ်မြေတွေ တချို့နေရာတွေမှာ ပြန်လည်သိမ်းယူခံရတဲ့ သတင်းတွေ ကျနော်တို့ကြားရတယ်။

နောက်တခါ ပြန်လည်တည်ဆောက်ရေး အစီအစဉ်တွေမှာလည်း ကလေးငယ်တွေပါမကျန် ဒုက္ခရောက်နေတဲ့ လူထုကိုဘဲ အဓမ္မခိုင်းခဲ့တယ်။ ဒါတွေဟာ တကယ့်ကို Crime Against Humanity လို့ လူသားတွေအပေါ်မှာ စာနာထောက်ထားမှုမရှိတဲ့ ကျူးလွန်ခဲ့တဲ့ ရာဇ၀တ်မှု ဖြစ်တယ်လို့ ဒီအစီရင်ခံစာမှာ ရေးသားထားတယ်။ ဒီတော့ ဒီအချက်အလက်တွေနဲ့ နိုင်ငံတကာ ခုံရုံးကို တင်မယ်ဆိုရင် ဥပဒေကြောင်းအရ ဘယ်လိုဖြစ်လာနိုင်မယ် ဆိုတာကို ဦးမင်းလွင်ဦးမှ နည်းနည်းလောက် ပြောပြပေးပါလားခင်ဗျ၊

ဦးမင်းလွင်ဦး ----- ဟုတ်ကဲ့ခင်ဗျား၊ အဲလိုကျနော်တို့မြန်မာနိုင်ငံမှာ မုန်တိုင်း တိုက်ခတ်ပြီးတဲ့နောက်ပိုင်းမှာ နိုင်ငံတကာမှ အကူအညီပေးဖို့ ကမ်းလှမ်းလာတာကို စစ်အစိုးရမှ ငြင်းပယ်ခဲ့တယ်။ ဘာကြောင့် ငြင်းပယ်ခဲ့တယ် ဆိုတာကို ကျနော်တို့လည်း ပြန်ပြီးစဉ်းစားတယ်။ အဲဒီမှာ ကျနော်တို့တွေ့တာကတော့ ပထ၀ီအနေအထားအရ ဟိုင်းကြီးကျွန်းမှာ သူတို့ရဲ့ ရေဒါ စခန်းတွေရှိတယ်၊ စစ်အခြေစိုက် စခန်းတွေရှိတယ်။ အဲဒါတွေကို မသိစေချင်တဲ့အတွက် နိုင်ငံတကာက ပေးမဲ့အကူအညီတွေကို သူတို့ကဟန့်တားတယ်။ ပြီးတော့ အဲဒီမှာ သူတို့ ဘာလုပ်ထားသလဲဆိုတာကို နိုင်ငံတကာကို မသိစေချင်ဘူးဖြစ်နေတယ်။

ကျနော်တို့ မြန်မာနိုင်ငံအတွင်းမှာ အင်္ဂလိပ် လက်ထက်ကတည်းက ဘယ်လိုမျိုး သဘာဝဘေး အန္တရာယ်ကြုံလာမယ်ဆိုရင် ဘယ်လိုစီမံ ခန့်ခွဲမယ်ဆိုတာကို ဥပဒေအတိအကျရှိတယ်။ ကျနော်တို့ မြို့ရွာ အက်ဥပဒေတွေမှာလည်း ဒါတွေကို အတိအကျ ညွှန်ပြထားတာရှိတယ်။ အဲဒီလိုမျိုးဖြစ်လာတဲ့အခါမှာ ပြည်သူတွေအနေနဲ့ ဒုက္ခတွေ့လာတယ်။ စားဝတ်နေရေး အခက်အခဲ ကြုံလာတဲ့အခါမှာ သူတို့ကို နေ့စားလစာပေး၊ အဲဒီလိုတွေဖြစ်လာတယ်။ ဒါတွေက ဥပဒေအရ သတ်မှတ်ထားတဲ့ သတ်မှတ်ချက်တွေဖြစ်တယ်။ ဒါပေမဲ့ စစ်အစိုးရမှာ အဲဒီလိုမလုပ်ပါဘူး။ ခိုင်းစေခြင်းခံရတဲ့ သူတွေအနေနဲ့လည်း ဒါတွေကို အဓမ္မပြုပြီးတော့ ခိုင်းတာဖြစ်တယ်။

အဲတော့ အဲဒီလိုမျိုး ခိုင်းစေခြင်းခံရသူတွေကိုမှ အကူအညီတ၀က်တပျက်လောက် ခံရတယ်ဆိုတာကို ကျနော်တို့ တွေ့ရှိရတယ်။ နောက်တခါ နိုင်ငံတကာ အကူအညီ အဖွဲ့အစည်းနဲ့ပတ်သက်ပြီးတော့လည်း ဆရာမန်းမန်းပြောတာရော၊ ဆရာဇင်းလင်း ပြောသွားတဲ့အချက်တွေရော ဒီအချက်အလက်တွေ တော်တော်မှန်တယ် ဆိုတာကို ကျနော်တို့ တွေ့ရတယ်။ ဘာလို့လည်းဆိုတော့ နိုင်ငံတကာနဲ့ ဆက်ဆံပြီးတော့ လုပ်တဲ့ကိစ္စရပ်တွေမှာ အဖွဲ့အစည်းတွေက တာဝန်ယူဆောင်ရွက်တဲ့အခါမှာ သူတို့လုပ်ငန်းတွေ ဘယ်လောက်အောင်မြင်တယ်၊ ပေါက်ရောက်တယ်ဆိုတာကို သူတို့ပြချင်တယ်။

ပြချင်တဲ့အခါကျတော့ တဖက်ကပြောတဲ့ Over Head Course ပေါ့ဗျား။ အဲဒီဟာကို သူတို့က တ၀က်လောက်ယူလိုက်တယ်။ အကူအညီ တစ်သန်းပေးတယ်ဆိုရင် တသန်းမရောက်ဘူး။ တ၀က်လောက်ဘဲရောက်တယ်။ အဲတ၀က်မှာလည်း လာဘ်စား ချစားတဲ့ သူတွေဆီက ထပ်ခိုးလိုက်ပြန်တယ်ဆိုတော့ ပြည်သူတွေဆီ ရောက်တဲ့အခါမှာ အရိုးဘဲကျန်တော့တယ်။
ဒါက မြန်မာနိုင်ငံအတွင်းမှာ ဖြစ်နေတဲ့ လက်ရှိအခြေအနေဖြစ်တယ်။ ဒါကြောင့် ကျနော်တို့ အဲဒါတွေကို ထောက်ပြဖို့အတွက် သတင်းအချက် အချက်တွေ မရဘူးဖြစ်နေတယ်။ နောက်တခါ ASEAN ၀င်တဲ့အကူအညီ ကလည်း ရှင်းရှင်းပြောရရင် န အ ဖ က ASEAN ကိုတောင်ဝင်စေချင်တာမဟုတ်ဘူး။ ဒါပေမဲ့ ပြင်သစ်ရဲ့ဖိအား၊ အမေရိကန်ရဲ့ဖိအား၊ နိုင်ငံတကာရဲ့ ဖိအားများလာတော့ အာဆီယံကို လက်ခံလိုက်ခြင်းအားဖြင့် ငါတို့အချင်းချင်း လက်ခံလိုက်မယ်ဆိုရင် အချင်းချင်း ညှိလို့ရမယ် ဆိုတဲ့သဘောနဲ့ လက်ခံလိုက်တာဖြစ်တယ်။

တကယ်တန်း အာဆီိယံက သူတို့ဝင်ရောက်တဲ့ကိစ္စက တကယ်တန်းအရာ ထင်သလား အကျိုးသက်ရောက်မှု ရှိသလားဆိုတော့ သုံးပုံတပုံလောက်တော့ ဖြစ်နိုင်မယ်ထင်တာနော်။ စစ်အစိုးရရဲ့ ထိန်းချုပ်မှုအောက်မှာ သူတို့နေထိုင်ရတယ်၊ လှုပ်ရှားရတယ်၊ အစီရင်ခံစာတွေ ရေးသားရတာဖြစ်တယ်။ အဲတော့ Johns Hopkins တက္ကသိုလ်နဲ့ EAT အဖွဲ့တို့က ပြုစုထားတဲ့အရာက တကယ်တန်း နိုင်ငံတကာခုံရုံးတင်မယ်ဆိုရင်
၁။ အစိုးရရဲ့ စီမံခန့်ခွဲမှု ညံ့ဖျင်းတဲ့ကိစ္စ၊
၂။ နောက်တခါ အစိုးရရဲ့ ပြည်သူလူထုအပေါ် ထိုက်သင့်တဲ့ အလေးပြုမှုမရှိတဲ့ကိစ္စ၊
၃။ နောက်တခါ လူသားတွေကို လူသားလို့ အမြင်တဲ့ကိစ္စ အဲဒီကိစ္စ
တွေအပေါ်မှာ ကျနော်တို့ အရေးယူနိုင်ဖို့ အခွင့်အရေး ပေါ်ပေါက်လာတာဖြစ်တယ်။

ဒါတွေကို အဖွဲ့အစည်းအားလုံး နိုင်ငံတကာမှ အားလုံး ပါဝင်လာဖို့ ဆက်လက်ဆောင်ရွက်သွားဖို့ လိုတယ်ဆိုတာကို ကျနော့အနေနဲ့ ပြောချင်ပါတယ်။ မဖြစ်နိုင်တော့မဟုတ်ဘူး၊ ဒါက သဘာဝ ဘေးအန္တရာယ်ဖြစ်လာတဲ့အခါမှာ အစိုးရရဲ့ စီမံခန့်ခွဲမှု ညံ့တယ်ဆိုတာကို ကျနော်တို့ ပြည်သူလူထုကိုယ်တိုင် တောင်းဆိုဖို့လိုတယ်။ ကျနော်တို့ ဥပဒေကျွမ်းကျင်တဲ့ သူတွေအနေနဲ့လည်း နိုင်ငံတကာမှာ ဖိအားပေးနိုင်တဲ့ အဖွဲ့တွေကို ဖိအားပေးနိုင်တဲ့ အဖွဲ့အစည်းတွေနဲ့ ဆက်သွယ်ဆောင်ရွက်သွားဖို့ လိုတယ်ဆိုတာကို ကျနော်ပြောချင်ပါ တယ်ခင်ဗျား။

မေး ---- ဟုတ်ကဲ့ခင်ဗျား၊

ဦးဇင်းလင်း ----- ကျနော်တို့ တခုတင်ပြချင်တာက အထူးသဖြင့် Crime Against Humanity ပေါ့နော်။ ဒါဟာ မြန်မာပြည်အရှေ့ပိုင်းမှာ ဖြစ်နေတယ်။ တချိန်ထဲမှာ န အ ဖ စစ်အစိုးရရဲ့ ပြည်သူလူထုနဲ့ သံဃာ တွေအပေါ် ကျူးလွန်မှုတွေ အများကြီးရှိတယ်။ တချိန်ထဲမှာပင် နိုင်ငံတကာကို သိစေချင်တာကတော့ ဒီလိုကျူးလွန်မှုတွေက မြစ်ဝကျွန်းပေါ်ဒေသမှာ ဖြစ်နေတဲ့ပုံစံမျိုး မြန်မာပြည်အနှံ့အပြားရှိတယ် ဆိုတာကို ကမ္ဘာကသိနိုင်အောင် ဆက်ပြီးကြိုးစားဖို့ လိုတယ်ဆိုတာကို ကျနော် ထပ်ပြောချင်တယ်။

(အထက်ပါ ဆွေးနွေးချက်များကို ဤအင်တာနက် စာမျက်နှာတွင် နားဆင်နိုင်ပါသည်။)http://www.rfa.org/burmese/commentaries/sunday_round_table-03012009011136.html

0 comments:

Post a Comment