Wednesday, March 18, 2009

Filled Under:

မြန်မာ့နိုင်ငံ လူ့အခွင့်အရေးနေ့တွင် လက်ရှိ လူ့အခွင့်အရေး အခြေအနေ

VOA----- 13/ 3/ 2009

ဤဆွေးနွေးချက်ကို အာရှလူ့အခွင့်အရေးကောင်မရှင်မှာ ရှေ့နေ ဦးမင်းလွင်ဦး၊ စက်မှုတက္ကသိုလ် ကျောင်းသားဟောင်း ကိုရင်အေးနဲ့ ပြည်ပရောက် စက်မှု တက္ကသိုလ်ကျောင်းသူ မယု တို့ ဆွေးနွေး ထားပါသည်။

လွန်ခဲ့တဲ့ ၂၁ နှစ် အခုလို မတ်လ ၁၃ ရက်နေ့မှာ
ရန်ကုန် စက်မှုတက္ကသိုလ် ကျောင်းသားကိုဘုန်းမော်ဟာ မြန်မာအာဏာပိုင်တွေရဲ့ ပစ်ခတ်မှုကြောင့် သေဆုံးခဲ့ရပြီး၊ အဲဒီနေ့ကို မြန်မာဒီမိုကရေစီ အင်အားစုတွေက မြန်မာနိုင်ငံ လူ့အခွင့်အရေးနေ့အဖြစ် သတ်မှတ်ခဲ့ကြတာ ဖြစ်ပါတယ်။ ဒါကြောင့် ၂၁ နှစ်မြောက် မြန်မာနိုင်ငံလူ့အခွင့်အရေးနေ့မှာ လူ့အခွင့်အရေးလှုပ်ရှား ဆောင်ရွက်နေသူတွေအနေနဲ့ ဘယ်လိုသုံးသပ်ချက်တွေ ရှိမှာလဲ။ အဲတာတွေကို သိနိုင်ဖို့အတွက် ကိုကျော်အောင်လွင်က ဆက်သွယ်မေးမြန်းထားပါတယ်။

မြန်မာပြည်မှာ လူ့အခွင့်အရေး ချိုးဖေါက်မှုတွေ ရှိနေတယ်။ ဒီအခြေအနေတွေဟ တနေ့ထက်တနေ့ ပိုပြီးကောင်းလာတာ မဟုတ်ဘူးဆိုတာ အားလုံးက သိကြပေမဲ့လည်း မြန်မာ့လူ့အခွင့်အရေး ကိစ္စတွေကို လုပ်ကိုင်ဆောင်ရွက်နေတဲ့ AHRC လို့ခေါ်တဲ့ ဟောင်ကောင်အခြေစိုက် အာရှ လူ့အခွင့်အရေးကော်မရှင်မှ မြန်မာရှေ့နေ ဦးမင်းလွင်ဦး၏ အမြင်ကို သိနိုင်ဖို့ ကျနော် မေးမြန်းထား ပါတယ်။

ဦးမင်းလွင်ဦး ----- “ လူ့အခွင့်အရေး အချက် (၃၀) ကို ကျနော် မပြောလိုပါဘူး။ အဲဒီအထဲမှာ ကျနော့အနေနဲ့ ပြောချင်တဲ့ အချက် (၃) ချက်ရှိပါတယ်။ အဲဒါတွေက ဘာတွေလည်းဆိုတော့ ---
(၁) လွတ်လပ်စွာ စည်းရုံးခွင့်ရှိပါသလား၊ ယနေ့ကာလမှာ လုံးဝမရှိပါဘူး။
(၂) လွတ်လပ်စွာ စီတန်း လှည့်လည်ခွင့်ရှိပါသလား။ ဒါလည်းအခိုအချိန်အထိ ကျနော်တို့ မရရှိသေးပါဘူး။ နောက်တခါ ---
(၃) လွတ်လပ်စွာ ထုတ်ဖေါ် ပြောဆိုခွင့်ကို ခွင့်ပြုထားပြီးလား။ ဒါကတော့ အဆိုးဆုံးဖြစ်တယ်။ လုံးဝမရနိုင်သေးတဲ့ ဥစ္စာဖြစ်တယ်။ အဲတော့ ကျန်တဲ့အချက် (၃၀) ကို အသာထားပါ။ ဒီအချက် (၃) ချက်ကိုတောင် ကျနော်တို့ မရနိုင်သေးတဲ့အတွက် ကျနော်တို့ မြန်မာနိုင်ငံရဲ့ လူ့အခွင့်အရေး အခြေအနေဟာ လက်ရှိကာလမှာ ပိုမိုးဆိုးဝါးနေသေးတယ် ဆိုတာကိုဘဲ ကျနော့အနေနဲ့ ပြောချင်တယ်။”

AHRC အဖွဲ့မှ ရှေ့နေ ဦးမင်းလွင်ဦး ဖြစ်ပါတယ်။

စက်မှုတက္ကသိုလ် ကျောင်းသား ကိုဘုန်းမောင် အသတ်ခံရတုန်းက သူနဲ့တချိန်ထဲ ကျောင်းတက်နေခဲ့ပြီး ကျောင်းသားလှုပ်ရှားမှုတွင် ပါဝင်ခဲ့တဲ့ စက်မှုတက္ကသိုလ်ကျောင်းသား ကိုရင်အေးဟာ ယခုအချိန်အထိ မြန်မာ့ဒီမိုကရေစီရေး လှုပ်ရှားမှုတွေကို အမေရိကန်မှာ ဆက်ပြီး ဆောင်ရွက်နေတုန်းပါ။

ကိုရင်အေး ----- “ကိုဘုန်းမော် ပစ်သတ်ခဲ့တုန်းက လုံထိမ်းတွေဗျ၊ လုံထိမ်းဆိုတာက အာဏာရှင်တွေက မွေးထားတဲ့ လက်ကိုင်တုတ်တွေ ပေါ့နော်။ အဲဒီလက်ကိုင်တုတ် ကနေတဆင့် သူတို့အတွက် အန္တရာယ် ပြုနိုင်မဲ့ ကျောင်းသားတို့၊ သံဃာတော်တို့ ပြည်သူတွေကို နှိပ်ကွပ်ဖို့အတွက် လုပ်တယ်။ အခုအချိန်ဆိုရင်လည်း န အ ဖ အနေနဲ့ သူလက်သတ်မွေးထားတဲ့ ကြံ့ဖွံ့တွေ၊ အင်အားစုတွေကို သုံးပြီးတော့ ကျနော်တို့ တက်ကြွ လှုပ်ရှားတဲ့သူတွေ၊ ဒီမိုကရေစီရေးကို လွတ်လွတ်လပ်လပ် တောင်းဆိုတဲ့ ကျောင်းသားတွေ၊ သံဃာတော်တွေ၊ ပြည်သူတွေကိုနှိပ်ကွပ်တဲ့အခါ သုံးနေတာကို ကျနော်တို့ တွေ့ရတယ်။”

“ပိုဆိုးလာတာက လွန်ခဲ့တဲ့ ၂၁ နှစ်နဲ့စာရင် လူ့အခွင့်အရေး အခြေအနေဟာ ကျနော်တို့ တိုင်းပြည်မှာ အဆိုးဆုံး အခြေအနေ ရောက်နေတယ်။ အဲဒါကို ကျနော် စိတ်မကောင်းကြီးစွာ တွေ့ရတယ်။ ကိုဘုန်းမော် ကျဆုံးခဲ့တဲ့ ၂၁ နှစ်တုန်းက အခြေအနေဟာ ဆိုးလှတယ် ထင်ပြီးတော့ ကျနော်တို့ မခံနိုင်တော့ဘဲနဲ့ တိုက်ပွဲဝင်ခဲ့ကြတယ်။ ဒါပေမဲ့ ဒီကနေ့ ဒီအချိန်မှာ တိုင်းပြည် ပကတိ ကြုံနေရတဲ့ ပြည်သူ ပြည်သားတွေ အားလုံး နေ့တူတကွ ရင်ဆိုင်နေရတဲ့ အခြေအနေက လွန်ခဲ့တဲ့ ၂၁ နှစ်ကနဲ့ အဆပေါင်းများစွာ ဆိုးနေတာ ကျနော်တို့ တွေ့ရတယ်။”

စက်မှုတက္ကသိုလ် ကျောင်းသားဟောင်း ကိုရင်အေး ပြောသွားခဲ့တာပါ။

မြန်မာပြည်အတွင်းမှာ မတရားမှုတွေ ပေါ်လာတိုင်း လူငယ်သဘာဝ တက်တက်ကြွကြွရှိကြတဲ့ အထဲမှာ ရန်ကုန်စက်မှုတက္ကသိုလ်က ကျောင်းသား၊ ကျောင်းသူတွေဟာလည်း အစဉ်အလာ ရှိကြတဲ့သူတွေ ဖြစ်ပါတယ်။ ဒါပေမဲ့ ဒီကနေ့ အချိန်မှာတော့ စက်မှုကျောင်းသား၊ ကျောင်းသူတွေအကြောင်း မျိုးဆက်သစ် ကျောင်းသားကျောင်းသူတွေ အသိနည်းနေပြီလို့ မကြာခင်ကမှ စက်မှုကျောင်းတက္ကသိုလ်ပြီးလာခဲ့တဲ့ အမေရိကနိုင်ငံရောက် မယုကနေ ရှင်းပြပါတယ်။

မယု ----- “ ကျမတို့အရွယ်လောက်ဆိုတော့ အဲဒီနေ့အကြောင်းတွေကို ဘာမှ မသိကြတော့ပါဘူး။ ကိုဘုန်းမော် သေဆုံးသွားတဲ့နေကို လူ့အခွင့်အရေးနေ့လို့ သတ်မှတ်ထားတာကိုလည်း မသိပါဘူး။ သိတယ်ဆိုလို့ ရှိရင်လည်း သိတဲ့အသိုင်းအ၀ိုင်းက နည်းပါတယ်။ နည်းတဲ့သူတွေကလည်း သူတို့ အချင်းချင်းတွေ့ရင်တော့ ပြောဖြစ်နေကြမှာဘဲလေ။ ဒါပေမဲ့ လူအများကြီး ဆုံတဲ့နေရာတွေမှာ မပြောကြပါဘူး၊ ပြောသံမကြားမိဘူး။”

စက်မှုတက္ကသိုလ် ကျောင်းသူ မယု ရှင်းပြခဲ့တာပါ။

၂၁ နှစ်မြောက် မြန်မာ့လူ့အခွင့်အရေးနေ့ အထိမ်းအမှတ် အခမ်းအနားတွေကို မြန်မာပြည်ထဲမှာ တရားဝင် ကျင်းပတာတွေ မရှိပေမဲ့လည်း နိုင်ငံတကာရောက် မြန်မာ့ဒီမိုကရေစီရေး လှုပ်ရှားသူတွေကတော့ ယခုလိုနှစ်ပတ်လည်နေ့ ရောက်လာတိုင်း ကြေငြာချက်တွေ ထုတ်ကြတာတွေ၊ အခမ်းအနား ကျင်းပကြတာတွေ နှစ်စဉ်လုပ်လာခဲ့တာ အစဉ်အလာတခုလို ဖြစ်နေပါပြီခင်ဗျား။

0 comments:

Post a Comment