Wednesday, March 18, 2009

Filled Under:

ရွှေဝါရောင် တော်လှန်ရေးအတွင်း ဖမ်းဆီးထားသူတွေရဲ့ အခွင့်အရေး

VOA ---- Evening progremme, 28 August 2008

မြန်မာနိုင်ငံ ဒီနေ့မှာ စပြီးပေါ်ပေါက်ခဲ့တဲ့ သြဂုတ်၊ စက်တင်ဘာလှုပ်ရှားမှု နှစ်ပတ်လည်ကာလမှာ ဖမ်းဆီးထိန်းသိမ်း ခံထားရသူတွေထဲက အချို့ဟာဆိုရင် အဖမ်းခံထားရတာ တနှစ်ကျော်လာပြီဖြစ်ပေမဲ့၊ ဥပဒေကြောင်းအရ ရပိုင်ခွင့်၊ ခံစားခွင့်တွေကော ရကြပါရဲ့လား၊ ကိုကျော်ကျော်သိန်းရေ ပြောပြပေးပါအုံးခင်ဗျား။

ဟုတ်ကဲ့ပါ၊ ကိုရော်နီငြိမ်းရေ၊
ပြီးခဲ့တဲ့ သြဂုတ်၊ စက်တင်ဘာလတွေမှာ သံဃာတော်တွေ၊ လူ့အခွင့်အရေး လှုပ်ရှားသူတွေ၊ ပြည်သူတွေကို တိတိကျကျ ရုံးတင်တရားစွဲဆိုတာမျိုးမရှိပဲ ပုဒ်မအမျိုးမျိုးပြောင်းပြီး ဆက်ချုပ်နှောင် ထားတာဟာ စိုးရိမ်ရစာ ဖြစ်ကြောင်း AHRC လို့ ခေါ်တဲ့ အာရှလူ့အခွင့်အရေး ကော်မရှင်က ထုတ်ပြန်ထားပါတယ်။ တခါဖမ်းဆီးထားသူတွေကို တရားရုံးတင်ပြီး စစ်ဆေးပြန်တော့လည်း ဥပဒေနဲ့ မညီညွတ်ပုံ ကို AHRC မှာ မြန်မာ့အရေး ဆောင်ရွက်ပေးနေတဲ့ ရှေ့နေဦးမင်းလွင်ဦးက ယခုလို ရှင်းပြပါတယ်။

“ဒီလိုမျိုးအမှုတွေမှာ စစ်ဆေးစီရင်မယ်ဆိုရင် ပြစ်မှုဆိုင်ရာကျင့်ထုံးဥပဒေ၊ နောက်ပြီးတော့ မြန်မာနိုင်ငံ တရားစီရင်ရေးဥပဒေ ပြဌာန်းချက်တွေနဲ့ အညီ လွတ်လပ်တဲ့တရားရုံးတွေမှာ စစ်ဆေးစီရင်ရမှာဖြစ်ပါတယ်။ ဒါပေမဲ့ အခုတော့ ထောင်အတွင်းသီးသန့့် တရားရုံးတွေမှာပဲ စစ်ဆေးစီရင်ရမှာ ဖြစ်ပါတယ်။ ဒါပေမဲ့ အခုတော့ ထောင်အတွင်း သီးသန့် တရားရုံးတွေမှာ စစ်ဆေးစီရင်တာ အများဆုံးဖြစ်နေတယ်။ ရက်ချိန်းယူတာတွေ အများဆုံး ဖြစ်နေတယ်ဆိုတာကို ကျနော်တွေ့ရတယ်။”

ဒါ့အပြင် ဖမ်းဆီးစစ်ဆေးတာကတဖွဲ့၊ တရားစွဲတင်တာကတဖွဲ့ လုပ်နေတာမို့ စစ်ဆေးခံရသူတွေ နစ်နာ တာကိုလည်း ဦးမင်းလွင်ဦးက ရှင်းပြပါတယ်။

“သတင်းတပ်ဖွဲ့ ကနေပြီးတော့ သတင်းအချက်အလက်အပြည့်အစုံကို ရရှိဖမ်းဆီးပြီးတော့မှ သက်သေ အ ထောက်အထား ခိုင်ခိုင်လုံလုံနဲ့တရားစွဲတင်တာ မဟုတ်ပဲနဲ့ ကျနော်တို့ စရဖ ခေါ်တဲ့ စစ်ဖက်ဆိုင်ရာလုံခြုံရေး အဖွဲ့က ပူးပေါင်း စစ်ကြောရေးအဖွဲ့နဲ့ စစ်ကြောပြီးတော့မှ ရရှိတဲ့ သတင်းအချက်အလက်တွေအပေါ်မှာ သတင်း တပ်ဖွဲ့ကနေပြီးတော့ အမှုကို တာဝန်ယူ တရားစွဲဆိုနေတာကို ကျတော်တို့ တွေ့ ရှိနေရတယ်။ ဒါတွေက ကျနော် တို့ ဥပဒေပြဌာန်းချက်တွေနဲ့ လည်းမညီဘူး၊ တရားစီရင်ရေး ဆိုင်ရာမူတွေနဲ့ လည်းမညီဘူး။ ဒါကြောင့် အဲဒီလိုမျိုး စစ်ဆေးခံနေရတဲ့ သူတွေက မျှတတဲ့တရားခွင်၊ လွတ်လပ်တဲ့ တရားစီရင်ရေးနဲ့ စစ်ဆေးခံရမှာ မဟုတ်ဘူးဆိုတာကို ကျနော်တို့ စိုးရိမ်လို့ ဒီနေ့ ကျေညာချက် ထုတ်ပြန်ကျေညာတာ ဖြစ်တယ်”

“ဖမ်းဆီးထိန်းသိမ်း ခံထားရသူတွေကို အမှုစစ်ဆေးတာတွေနဲ့ ပတ်သက်လို့ AHRC အနေနဲ့တောက်လျောက် အနီးကပ် စောင့်ကြည့်နေခဲ့ ရာကနေ အခုလို တရားဥပဒေနဲ့ မကိုက်ညီတာတွေ၊ တွေ့လာရတာ ဖြစ်တယ်လို့ ဦးမင်းလွင်ဦးက ပြောပါတယ်။ တရားစွဲဆို ခံနေရသူတွေ အနေနဲ့ ဥပဒေကြောင်းအရ မျှမျှတတ ခံစားခွင့်ရဖို့၊ အမှုစစ်ဆေးရာမှာလည်း မှန်မှန်ကန်ကန် စစ်ဆေးဆုံးဖြတ် တယ်ဆိုတာကို သိရှိနိုင်ဖို့ အတွက် အများပြည်သူ ရှေ့မှောက်မျာ တရားစီရင်ဖို့ လိုတယ်လို့လဲ AHRC ကဆိုပါတယ်။

“အဲဒီလို စစ်ဆေးစီရင်မှလည်း ဒီအမှုမှာ အမှားအမှန်ကို ပြည်သူတွေ သံသယရှင်းစွာ၊ ရှင်းရှင်းလင်းလင်း သိနိုင်မှာဖြစ်တယ်။ ကျတော်တို့ အခုဖြစ်နေတဲ့ ဥစ္စာတွေက အပြင်တရားရုံးတွေမှာ လွတ်လွတ်လပ်လပ် စစ်ဆေးစီရင်မယ် ဆိုလို့ရှိရင် အများပြည်သူ ကနေပြီးတော့ ဒီအမှုတွေဟာ သက်သေ အထောက်အထား အခိုင်အမာမရှိဘဲ စွဲဆိုထားတဲ့ အမှုတွေဖြစ်တယ်။ နောက်ပြီးတော့တခါ တရားလိုကိုယ်တိုင်က ဘာမှမသိဘူးဆိုတဲ့ အချက်အလက်တွေ နောက်ပြီးတော့ စစ်ဖက်ဆိုင်ရာ လုံခြုံရေးအဖွဲ့၊ ထောက်လှမ်းရေးအဖွဲ့၊ ထောက်လှမ်းရေး အဖွဲ့ရဲ့လွှမ်းမိုးမှု ရှိတယ်ဆိုတာတွေကို သိမြင်လာမှာ ဖြစ်တဲ့အတွက် ယခုလိုထောင်တွင်း သီးသန့် တရားရုံးတွေမှာ စစ်ဆေးစီရင်နေ တာကို ကျနော်တို့ လူ့အခွင့်အရေး ကော်မရှင်က ထင်မြင်ယူဆတယ် ခင်ဗျား။

ပြီးခဲ့တဲ့ သြဂုတ်လတွေက စပြီးဖြစ်ခဲ့တဲ့ လှုပ်ရှားမှုတွေနဲ့ ပတ်သက်ပြီး ဖမ်းဆီးထိန်းသိမ်းခဲ့သူတွေ အပါအ၀င် မြန်မာ နိုင်ငံအကျဉ်းထောင် အသီးသီးမှာ ဖမ်းဆီးခံထားရတဲ့ နိုင်ငံရေးအကျဉ်းသားပေါင်း ၂၀၀၀ ကျော် ရှိတယ်လို့ အကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း AAPP ကပြောပါတယ်။ ဒီအထဲမှာ သံဃာတော် ၁၉၆ ပါး ပါဝင်ပါ တယ်တဲ့။ ယုံကြည်ချက်ကြောင့် ဖမ်းဆီးထိန်းသိမ်း ထားသူတွေကို လွှတ်ပေးဖို့ နိုင်ငံတကာက အစဉ်တစိုက် တောင်းဆိုပေမဲ့ မြန်မာ အာဏာပိုင်တွေက ဒီတောင်းဆိုချက်ကို လျစ်လျူရှုထားဆဲပါ။

အခု AHRC အနေနဲ့ ကတော့ ဖမ်းဆီးထားသူတွေကို အမှုစစ်ဆေးရာမှာ နိုင်ငံအတွင်း လက်ရှိပြဌာန်းတဲ့ ဥပဒေတွေ အရ မှန်မှန်ကန်ကန် အသုံးပြုစစ်ဆေးဖို့ ထောက်ပြတောင်းဆိုထားတာခင်ဗျား။