Thursday, March 19, 2009

Filled Under:

အာရှလူ့အခွင့်အရေးကော်မရှင်နဲ့ ဆက်သွယ်မေးမြန်းချက်

RFA ----- 3/ 2/ 2009

အောင်လံမြို့နယ် လယ်ယာမြေသိမ်းခံရမှု၊ ILO တိုင်ကြားမှု တွေအတွက် အဖမ်းခံရတဲ့ ကိုဇော်ဌေးကိစ္စနဲ့ ပတ်သက်ပြီး ဦးဇော်မိုးကျော်က အာရှလူ့အခွင့်အရေး ကော်မရှင်မှ ရှေ့နေဦးမင်းလွင်ဦးနဲ့ ဆက်သွယ် မေးမြန်းခဲ့ပါတယ်။

မေး ----- အောင်လံမြို့နယ်က ကိုဇော်ဌေးကို ဖမ်းဆီးထောင်ချတဲ့အမှုမှာ တရားရုံးမတင်မီ ညှင်းပမ်း နှိပ်စက်တာတွေ၊ လူ့အခွင့်အရေး ချိုးဖေါက်တာတွေလည်း ရှိတယ်လို့ အာရှလူ့အခွင့်အရေး ကော်မရှင်က ပြောဆိုထားပါတယ်။ ဒီကိစ္စနဲ့ ပတ်သက်ပြီး နည်းနည်းလောက် ရှင်းပြပါလားခင်ဗျား။

ဖြေ ----- ဟုတ်ကဲ့ခင်ဗျား။ ဒီကိစ္စနဲ့ပတ်သက်ပြီး ပြောရမယ်ဆိုရင် ကိုဇော်ဌေးကိုဖမ်းတာက အောက်တိုဘာ ၂၉ ရက်နေ့ ဖြစ်ပါတယ်။ အောက်တိုဘာ ၂၉ ရက်နေ့မှာ စပြီးဖမ်းတယ်။ ကိုလှစိုးကို အောက်တိုဘာ ၂၀ ရက်နေ့မှာ ဖမ်းတယ်။ နောက်ပြီးတော့ အမှုစွဲတင်တာက ၂၀၀၈ ခုနှစ်၊ ဇန်န၀ါရီလ အတွင်းမှာ ဖြစ်တယ်။ ဒီကာလအတွင်းမှာ ဖမ်းဆီးထိန်းသိမ်း ခံနေရတာဟာ မတရားဖမ်းဆီး ချုပ်နှောင်ခံရတယ်လို့ ကျနော်တို့ ပြောချင်တယ်။

ဒီကာလအတွင်းမှာ နှိပ်စက်ညှင်းပမ်းခံရတဲ့ ကိစ္စရပ်တွေကလည်း နိုင်ငံတကာက ပြဌာန်းထားတဲ့ ဥပဒေကို ချိုးဖေါက်ပြီး နှိပ်စက်ညှင်းပမ်းတယ်။ အဲဒီကနေပြီးတော့ ဖြောင့်ချက်တွေယူတယ် ဆိုတာကို ကျနော်တို့အနေနဲ့ အတိအကျ ပြောနိုင်တယ်။

မေး ----- နောက်တခု ကိုဇော်ဌေးကို အဓိက တရားစွဲဆိုပြီး ထောင်(၁၀)နှစ် ချလိုက်တယ်ဆိုတော့ သူ့ကိုစွဲတဲ့ အဓိက စွဲချက်က ဘာလဲခင်ဗျား။

ဖြေ ----- ဟုတ်ကဲ့ခင်ဗျား၊ နိုင်ငံတော် လှို့ဝှက်ချက် ပေါက်ကြားရေး အက်ဥပဒေ ပုဒ်မ ၃ /၁ (က) အရ ယခုလိုမျိုး အပြစ်ပေး လိုက်တာ ဖြစ်တယ်။ အဲလိုမျိုး အပြစ်ပေးလိုက်တဲ့ ကိစ္စရပ်ကလည်း တရားရုံးမှာ တပ်မတော် ကန့်သတ်နယ်မြေ ဖြစ်တယ်။ စစ်တပ်ပိုင် နယ်မြေဖြစ်တယ်။ နောက်ပြီးတော့ တပ်မတော်က ဘန်ကာတွေကို ဓါတ်ပုံ ရိုက်ယူတယ်ဆိုတဲ့ ကိစ္စရပ်တွေနဲ့ အမှုမှာ တင်သွင်း စွဲဆိုတာဖြစ်တယ်။

မေး ----- အဲတော့ အဓိက ဦးမင်းလွင်ဦးတို့ ထုတ်ပြန်ချက်ထဲမှာ သက်သေ အထောက်အထား မခိုင်လုံဘူးလို့ ပြောထားပါတယ်။ ဘယ်လိုအချက်တွေကြောင့် သက်သေ အထောက်အထား မခိုင်လုံဘူးလို့ ပြောနိုင်တာလဲ။

ဖြေ ----- ဟုတ်ကဲ့ခင်ဗျား၊ အဲဒီမှာ ပြောရမယ်ဆိုလို့ရှိရင် ဓါတ်ပုံရိုက်ယူတဲ့လူက ဗိုလ်ကြီး ဖြိုးဝေမြင့်ဖြစ်တယ်။ပင်မ စစ်လက်နက်ပစ္စည်းတပ်။ နောက်တခါ ဓါတ်ပုံရိုက်တဲ့သူလို့ သူတို့ စွပ်စွဲထားတဲ့ လူကလည်း ကိုလှစိုးဖြစ်တယ်။ ကိုဇော်ဌေး မဟုတ်ပါဘူး။ ကိုလှစိုး ရိုက်တယ်လို့ပြောပြီး ကိုလှစိုး ကနေပြီးတော့ အစိုးရသက်သေအဖြစ် ထွက်ဆိုပြီးတော့ ဒီအမှုကနေ လွတ်သွားတာဖြစ်တယ်။

ကိုဇော်ဌေး ဆီကနေပြီးတော့ ကင်မရာလည်းမမိဘူး။ ဓါတ်ပုံလည်းမမိဘူး။ ကိုဇော်ဌေးလုပ်ကိုင် ဆောင်ရွက်တဲ့ ဟာတွေကို တခုမှ ရုံးမှာ သက်သေအဖြစ် တင်ပြနိုင်ခြင်း မရှိဘူးဆိုတာ ကျနော်တို့ တွေ့ရှိရတယ်။ တရားရုံးမှာ ဖြောင့်ချက်အနေနဲ့ တင်သွင်းထားတဲ့ ဖြောင့်ချက်ကလည်း တရားမ၀င်တဲ့ ဖြောင့်ချက်ဖြစ်တယ် ဆိုတာကို ကျနော်တို့ အနေနဲ့ အလေးထားပြီး ပြောချင်တယ်ခင်ဗျား။

မေး ----- ဟုတ်ကဲ့၊ အခုလို သက်သေ အထောက်အထား မခိုင်လုံဘဲနဲ့ ဘာကြောင့် ကိုဇော်သက်ဌေးကို ထောင်ဒဏ် (၁၀) နှစ် ချတယ်လို့ အာရှလူ့အခွင့်အရေး ကော်မရှင်မှ သုံးသပ်ပါသလဲခင်ဗျား။

ဖြေ ----- ဟုတ်ကဲ့ခင်ဗျား။ ကိုဇော်ဌေးကို အခုလို ထောင်ဒဏ် (၁၀) နှစ် ချလိုက်တဲ့ ကိစ္စကတော့ ILO နဲ့ ပတ်သက်တဲ့ ကိစ္စတွေမှာ ကိုဇော်ဌေးက တက်တက်ကြွကြွ ဆောင်ရွက်ပေးနေတဲ့ လူတယောက် ဖြစ်တဲ့အတွက် ဒါကိုအငြိုးထားပြီး အခုလိုမျိုး အပြစ်ပေးတယ်ဆိုတာကို ကျနော်တို့အနေနဲ့ အဓိကအလေးထားပြီး ပြောချင်တယ်။

နောက်ပြီးတော့ အထက်မြန်မာနိုင်ငံအတွင်းမှာ အခုအချိန်မှာ လယ်ယာမြေသိမ်းတဲ့ ကိစ္စတွေကလည်း စဉ်ဆက်မပြတ် ဆက်လက်ဖြစ်ပွားနေဆဲပဲဖြစ်တယ်။ ဒါတွေကို တားစီးနိုင်ဖို့်အတွက် ကိုဇော်ဌေးကို အပြစ်ပေး တယ်လို့ပဲ ကျနော်တို့အနေနဲ့ ထင်မြင်ယူဆပါတယ်။

မေး ----- အဲဒီတော မြန်မာနိုင်ငံမှာရော မြန်မာအစိုးရနဲ့ ILO နဲ့က သူတို့သဘောတူ လက်မှတ်ရေးထိုးထားတာ ရှိတယ်။ တရားဝင် လယ်မြေ သိမ်းခံရတာတို့၊ ပေါ်တာဆွဲခံရတာ၊ အဓမ္မစေခိုင်း ခံရတာရှိရင် တိုင်တန်းနိုင်တယ်။ တိုင်တန်းတဲ့လူကိုလည်း အရေးမယူပါဘူးဆိုတဲ့ ဥပဒေတွေ၊ ဒီသဘောတူညီချက်မျိုးရှိတယ် မဟုတ်ဘူးလားခင်ဗျား။ အဲဒီကိစ္စကိုရော ဘယ်လို လေ့လာမိပါသလဲ။

ဖြေ ----- ဟုတ်ကဲ့ခင်ဗျား။ ILO နဲ့ မြန်မာအစိုးရတို့ နားလည်မှု စာချွန်လွှာ လက်မှတ်ရေးထိုးထားတာ ရှိပါတယ်။ အဲဒီ နားလည်မှု စာချွန်လွှာမှာ ပါတွေပါလဲဆိုလို့ရှိရင် အလုပ်သမား ကိစ္စရပ်နဲ့ပတ်သက်ပြီး ပညာပေးကိစ္စရပ်ကို သော်လည်းကောင်း၊ အဓမ္မလုပ်အားပေး ကိစ္စရပ်ကို သော်လည်းကောင်း၊ လယ်ယာမြေသိမ်းယူတဲ့ ကိစ္စရပ်တွေကို သော်လည်းကောင်း၊ အစိုးရအနေနဲ့ အဓမ္မ မပြုလုပ်ပါဘူးဆိုတဲ့ သဘောတူညီမှု ပြုလုပ်ထားတာတယ်ဆိုတာ ကျနော်တို့ သိရပါတယ်။ သို့သော်လည်း ကျနော်တို့ အဲဒီကိစ္စရပ်တွေကို တိုင်တန်းတဲ့အခါမှာ ၂၀၀၇ ခုနှစ်အတွင်းမှာ သူရိန်အောင်တို့ အလုပ်သမား ကိစ္စရပ်တွေ ပြောမိတဲ့အတွက်၊ ပညာပေးမိ တဲ့အတွက် ထောင်ဒဏ် တသက်တကျွန်း ကျခံခဲ့ရတဲ့ ကိစ္စရပ်တွေရှိပါတယ်။

နောက်ပြီးတော့ ကလေးစစ်သားတွေနဲ့ အဓမ္မ လုပ်အားပေး ကိစ္စရပ်တွေကို တိုင်တန်းတဲ့အတွက် ဦးသက်ဝေကိုလည်း ထောင်ဒဏ် (၂) နှစ် အပြစ်ပေးထားတာ ရှိတယ်။ ယခု တတိယ အကြိမ်ကတော့ ကိုဇော်ဌေးအနေနဲ့ (၁၀) နှစ် အပြင်းထန်ဆုံး အပြစ်ပေး ခံရတယ်ဆိုတာကို ကျနော်တို့ သိရှိရပါတယ်။ အစိုးရအနေနဲ့ ILO ရဲ့ သဘောတူညီချက်တွေကို လုံးဝ လိုက်နာခြင်းမရှိဘူး ဆိုတာကို ကျနော်တို့ ပြောချင်ပါတယ် ခင်ဗျား။

(အဲတာက အာရှလူ့အခွင့်အရေးကော်မရှင်မှ ရှေ့နေဦးမင်းလွင်ဦးကို ဦးဇော်မိုးကျော် ဆက်သွယ် မေးမြန်းခဲ့တာ ဖြစ်ပါတယ်။)