Wednesday, March 18, 2009

Filled Under:

အသင်းအဖွဲ့ ဖွဲ့စည်းခြင်းဆိုင်ရာ ဥပဒေပုဒ်မ (၆)၊ (၇) နဲ့ ထောင်ချခြင်းဟာ ဥပဒေနဲ့ မကိုက်ညီ

RFA ---- Morning Programme, 17/01/2009

မြန်မာနိုင်ငံမှာ အသင်းအပင်း ဖွဲ့စည်းခြင်းဆိုင်ရာ ဥပဒေပုဒ်မ (၆)၊ (၇) နဲ့ အရေးယူထောင်ချနေတာဟာ ဥပဒေနဲ့ ညီညွတ်ခြင်းမရှိသလို တရားစီရင်ရေးဆိုင်ရာ လုပ်ထုံးလုပ်နည်းနဲ့လည်း မညီညွတ်ကြောင်း အာရှလူ့အခွင့်အရေးကော်မရှင် AHRC ဇန်နာဝါရီလ ၁၅ ရက်နေ့က ထုတ်ပြန်ချက်နဲ့ ပတ်သက်ပြီး AHRC အဖွဲ့မှ ရှေ့နေတဦးနဲ့ ဆက်သွယ်မေးမြန်းချက်ကို တင်ဆက်ကြရအောင် ဒေါ်ဆန်းဆန်းတင်ရေ။

ဒီအထဲမှာ ၈၈ မျိုးဆက်ကျောင်းသားများထဲက ကိုကိုကြီးစမ်းချောင်းပါ ၁၃ ဦးကို ပြန်လွှတ်ပေးဖို့ တောင်းဆိုထားပါတယ်။ ဒီပုဒ်မနဲ့ တရားစွဲဆိုတုန်းက ကိုမင်းကိုနိုင် ကိုကိုကြီး အပါအ၀င် ၈၈ မျိုးဆက်ကျောင်းသား ၃၇ ယောက်ကို စွဲဆိုခဲ့သော်လည်း နောက်ဆုံးတော့ ကိုကိုကြီးစမ်းချောင်းနဲ့ ၁၃ ဦးကို အသင်းအပင်းဆိုင်ရာ ဖွဲ့စည်းခြင်းပုဒ်မနဲ့ ထောင်ချခဲ့တာ ဖြစ်ပြီး ကျန်တဲ့လူတွေကိုတော့ စွဲချက်ကနေ ရုပ်သိမ်းပေးခဲ့ပါတယ်။ ဒီကိစ္စနဲ့ပတ်သက်ပြီး အာရှလူ့အခွင့်အရေး ကော်မရှင်မှ ရှေ့နေဦးမင်းလွင်ဦးကို ဦးဇော်မိုးကျော်က ဆက်သွယ်မေးမြန်းထားထားကို ကိုဇော်မိုးကျော်က တင်ပြထားပါတယ်။

မေး ----- ဟုတ်ကဲ့ခင်ဗျား၊ ဇန်နာဝါရီလ ၁၅ ရက်နေ့ ရက်စွဲနဲ့ အာရှလူ့အခွင့်အရေး ကော်မရှင်မှ ထုတ်ပြန်တဲ့ ဒီမေတ္တာရပ်ခံချက်ထဲမှာ ကိုကိုကြီး စမ်းချောင်းပါ ၁၃ ဦးကို စစ်အစိုးရက နေပြီးတော့ အသင်းအပင်းဆိုင်ရာ ဥပဒေပုဒ်မနဲ့ တရားစွဲဆို ထောင်ချတဲ့ကိစ္စဟာ ဥပဒေကြောင်းနဲ့ မညီညွတ်သလို လုပ်ထုံးလုပ်နည်းနဲ့လည်း မညီညွတ်ဘူး ဆိုဆိုပြီး ဖေါ်ပြထားတာ ရှိပါတယ်။ ဘာကြောင့်များ အခုလို ပြောနိုင်ပါသလဲခင်ဗျား။

ဖြေ ---- ဟုတ်ကဲ့၊ အခုတရားစွဲဆိုခံရတဲ့ ကိုကိုကြီးဟာ စမ်းချောင်းကိုကိုကြီး ဖြစ်ပါတယ်။ ကျနော်တို့ မင်းကိုနိုင် ကိုကိုကြီး မဟုတ်ပါဘူး။ ၈၈ မျိုးဆက်ကျောင်းသား ထဲတွေမှာပါတဲ့ ကိုမင်းကိုနိုင်၊ ကိုကိုကြီး၊ ကိုမင်းဇေယာ၊ နောက်ကိုဌေးကြွယ် စတဲ့အုပ်စုတွေထဲမှာ တခါတည်း အဖမ်းခံရတဲ့ သူတွေဖြစ်တယ်။ အဲဒီမှာ ကိုကိုကြီး နှစ်ဖြစ်နေတာကို ကျနော်တို့ တွေ့ရှိ ရမှာဖြစ်တယ်။

နောက်ပြီးတော့ ဒီအမှုမှာ ကိုမင်းကိုနိုင်တို့ကို စွဲဆိုထားတဲ့ အမှုတွေကိုတော့ ရန်ကုန်တောင်ပိုင်းခရိုင် တရားရုံး ကနေပြီးတော့ ရုပ်သိမ်းခွင့်ပြုလိုက်တယ်။ အဲဒါကို လက်ခံပြီးတဲ့အခါမှာ ကိုကိုကြီး (ခ) သိန်သန်းထွန်း အပါအ၀င် ၁၃ ဦး အပေါ်မှာလည်း အသင်းအဖွဲ့ဆိုင်ရာ စည်းမျဉ်း ဥပဒေပုဒ်မ (၆)၊ (၇) စတာတွေနဲ့ အရေးယူ အပြစ်ပေးခဲ့တယ်ဆိုတာကို ကျနော်တို့ တွေ့ရှိရတယ်။ အဲဒီလို အရေးယူ အပြစ်ပေးတဲ့ အခါမှာလည်း သတ်မှတ်ထားတဲ့ ဥပဒေနဲ့အညီ ဖွဲ့စည်းထားတဲ့ အသင်းအဖွဲ့ တခုမဟုတ်ဘူး။

နောက်ပြီးတော့ အသင်းအဖွဲ့တခုမှာ ပူးပေါင်းလုပ်ဆောင်ကြတဲ့ လုပ်ဆောင်ချက်တွေကလည်း နိုင်ငံရေး လုပ်ဆောင်ချက်တွေလို့ မယ်မယ်ရရ သက်သေတင်ပြနိုင်ခြင်း မရှိတာကို ကျနော်တို့ တွေ့ရှိရတယ်။

နောက်ပြီးတော့ အသင်းအဖွဲ့ ဖွဲ့စည်းပြီးတော့ နိုင်ငံတော်ရဲ့ တည်ငြိမ်ရေးကို နှောင့်ယှက်ဖျက်ဆီးဖို့၊ ဟန့်တားဖို့အတွက် လုပ်ဆောင်လှုပ်ရှားတဲ့ လုပ်ဆောင်ချက်တွေလည်း ဘယ်လိုမှ တရားလိုဘက်က သက်သေ အထင်အရှား တင်ပြနိုင်ခြင်း မရှိတဲ့အတွက် ဒီအမှုမှာ ကိုကိုကြီးပါ ၁၃ ဦးနဲ့ ပတ်သက်ပြီးတော့ ဒီအမှုကနေပြီးတော့ အပြီးအပြတ် လွှတ်ပေးသင့်တယ်ဆိုတဲ့အကြောင်းကို ကျနော်တို့ ဒီနေ့ အရေးပေါ် မေတ္တာရပ်ခံစာ ထုတ်ပြန်ရခြင်း ဖြစ်ပါတယ်ခင်ဗျား။

မေး ---- အဲဒီတော့ ဒီအမှုနဲ့ပတ်သက်ပြီးတော့ တရားလိုဘက်ကနေ အသင်းအပင်းဆိုင်ရာ လှုပ်ရှားမှုတွေဟာ ဘယ်လိုဟာမျိုးတွေ ဖြစ်နေတာကို တွေ့ရသလဲ။

ဖြေ ----- ၈၈ မျိုးဆက်ကျောင်းသားတွေရဲ့ အဖွဲ့အစည်းဆိုပြီးတော့ ဥက္ကဌ ဆိုတာလည်းမရှိဘူး။ အတွင်းရေးမှူး ဆိုတာလည်းမရှိဘူး။ အလုပ်အမှုဆောင်အဖွဲ့ ဆိုတာလည်းမရှိဘူး။ ဘဏ္ဍာရေးအဖွဲ့ ဆိုတာလည်း မရှိဘူး။ ဒီလူမျိုး၊ ၀ါဒနာ ပါတဲ့လူငယ်တွေ၊ သဘော်တူတဲ့ လူငယ်တွေ အချင်းချင်း လှုပ်ရှားကြတဲ့ လှုပ်ရှားမှု ဖြစ်တယ်ဆိုတာကိုဘဲ သက်သေထွက်ဆိုချက်တွေမှာ အထင်အရှားတွေ့ရှိတာကို မြင်ရပါတယ်။ ဒါပေမဲ့လည်း တရားရုံး ကနေပြီးတော့ အဲဒီလို အသင်းမဖွဲ့မဟုတ်ဘူး ဆိုတာဆိုထောင်မှပဲ အသင်းအဖွဲ့ ဖွဲ့စည်းခြင်းဆိုရာ စည်းမျဉ်း ဥပဒေနဲ့အညီ ဖွဲ့စည်းထားခြင်းမရှိဘူး။

တရားလိုဘက်ကနေ တင်ပြတဲ့အခါ ဘာတွေ တင်ပြလာသလဲဆိုတော့ ပထမအကြိမ် ၀ါဆိုသင်္ဃန်းကပ်လှူပွဲ၊ နောက်တခါ ဒုတိယ အကြိမ် ၀ါဆိုသင်္ကန်းကပ်လှူပွဲ၊ နောက်တခါ စာရေးဆရာ တာရာမင်းဝေ အသုဘမှာ ၈၈ ကျောင်းသားတွေ အသုဘ လိုက်ပို့တယ်ဆိုတဲ့ကိစ္စ ၊ နောက်ပြီးတော့ ဗိုလ်ချုပ်မှူးကြီး သန်းရွှေဆီကို မကျေနပ်ချက်တွေကို တိုင်ကြားနိုင်တယ်ဆိုတဲ့ သူတို့ တိုင်ကြားဖို့အတွက် Open Head လုပ်တဲ့အခါမှာ အဲဒီစာတွေ ရေးပို့တဲ့ ကိစ္စရပ်တွေနဲ့ ပတ်သက်ပြီးတော့ အခုလိုမျိုး အသင်းအဖွဲ့ဆိုင်ရာ စည်းမျဉ်း ဥပဒေနဲ့ အရေုးုယူထားခြင်း ခံရတယ်ဆိုတာကို ကျနော်တို့ တွေ့ရှိရတယ်။

ကျနော်တို့ ဒီလုပ်ရပ်တွေဟာ သာမန် သာရေးနာရေး လုပ်ရပ်တွေသာ ဖြစ်တဲ့အတွက် ဥပဒေ ချိုးဖေါက်တာ မဟုတ်ဘူး။ အသင်းအပင်း ဖွဲ့စည်းခြင်းဆိုင်ရာ စည်းမျဉ်း စည်းကမ်း ဥပဒေတွေနဲ့ အရေးယူလို့ မရဘူးဆိုတာကို ကျနော့အနေနဲ့ ပြေချင်တယ်။

(အာရှလူ့အခွင့်အရေးကော်မရှင်မှ AHRC နဲ့ ဆက်သွယ် မေးမြန်းချက် ဖြစ်ပါတယ်။)