Wednesday, March 18, 2009

Filled Under:

အသင်းအဖွဲ့ ဖွဲ့စည်းခြင်းနှင့် စပ်လျဉ်း၍ ၈၈ မျိုးဆက် ကျောင်းသားများအား ဖမ်းဆီးခြင်း

VOA ---- morning programme, 16/01/2009

ဒီဆက်သွယ် မေးမြန်းချက်ကို VOA မှ ဦးရော်နီငြိမ်းက AHRC အဖွဲ့မှ ဦးမင်းလွင်ဦးကို မေးမြန်းခဲ့ခြင်း ဖြစ်သည်။

မြန်မာနိုင်ငံအတွင်းက ၈၈ မျိုးဆက်ကျောင်းသား ခေါင်းဆောင်တွေအပေါ် စစ်အစိုးရအာဏာပိုင်တွေက နှစ်ရှည်ထောင်ဒဏ်တွေ ချမှတ်နေတာနဲ့ ပတ်သက်ပြီး ကုလသမဂ္ဂ လူ့အခွင့်အရေး ကောင်စီအပါအ၀င် တခြားနိုင်ငံတကာ အဖွဲ့အစည်းတွေကို တင်ပြ သွားမည်ဖြစ်ကြောင်း အာရှလူ့အခွင့်အရေးကော်မရှင် AHRC က ပြောလိုက်ပါတယ်။

ကျောင်းသားခေါင်းဆောင် ကိုကိုကြီးနဲ့ ကိုဇော်ထက်ကိုကို မနွဲ့ရီတို့အပါအ၀င် စုစုပေါင်း (၁၃)ယောက်ဟာ ရန်ကုန်တောင်ပိုင်း ခရိုင်တရားရုံးမှာ ၂၀၀၈ ခုနှစ်နောက်ပိုင်း ပြစ်မှုဆိုင်ရာအမှု ၅၂/၂၀၀၈ မတရားအသင်းအဖွဲ့ ဖွဲ့စည်းမှုနဲ့ ရုံးတင်ခံခဲ့ရပါတယ်။ ဒီလို ရုံးတင်ခံခဲ့ရတာဟာ မှားယွင်းတဲ့အကြောင်း အာရှလူ့အခွင့်အရေးကော်မရှင်က ပြောပါတယ်။

AHRC မှ ဦးမင်းလွင်ကို ဦးရော်နီငြိမ်းက ဆက်သွယ် မေးမြန်းတဲ့အခါ ဦးမင်းလွင်ဦးက အခုလိုပြောပါတယ်ရှင်။

ဖြေ ----- ဒီအမှုမှာ ကိုမင်းကိုနိုင်တို့ အပါအ၀င် (၉)ဦးလည်းပါတယ်။ နောက်တခါ ကိုမင်းဇေယျာတို့ အုပ်စုလည်းပါတယ်။ အဲဒီလူတွေကို ကျတော့ ပြစ်မှုဆိုင်ရာ ကျင့်ထုံးဥပဒေအရ အမှုကိုရုပ်သိမ်းခွင့် ပြုလိုက်တယ်။ ပြုလိုက်ပြီးတော့မှ ကိုကိုကြီးရယ် ကျန်တဲ့ (၁၃) ယောက်ကို အခုလို အသင်းအဖွဲ့ ဖွဲ့စည်းခြင်းဆိုင်ရာ စည်းမျဉ်း ဥပဒေပုဒ်မတွေနဲ့ အပြစ်ပေးထားတယ် ဆိုတာကို ကျနော်တို့ တွေ့ရှိရတယ်။

မေး ----- မြန်မာစစ်အစိုးရဲ့ စွဲဆိုချက်ထဲမှာ့ ဒီ (၁၃)ယောက်ဟာ သက်ဆိုင်ရာရဲ့ ခွင့်ပြုချက်ကို ရယူခြင်းမရှိဘဲနဲ့ အသင်းအဖွဲ့ ဖွဲ့စည်းတယ် ဆိုတဲ့ဟာ ပါပါတယ်။ ၂၀၀၅ ခုနှစ်မှာ ပြန်လွှတ်ပေးခဲ့တဲ့ ကျောင်းသား ခေါင်းဆောင်တွေပေါ့နော်၊ သူတို့ကို ပြန်လွှတ်ပေးစဉ်အခါကတည်းက ဒီလိုမျိုးကတိက၀တ် ရှိရဲ့သားနဲ့ ခွင့်မတောင်းပဲ ဖွဲ့တယ်ဆိုတဲ့ သဘောမျိုးသက်ရောက်နေတယ်၊ အဲတာကို ကျနော်တို့ကို နည်းနည်းလောက် ရှင်းပြပေးပါခင်ဗျား။

ဖြေ ----- ဟုတ်ကဲ့ခင်ဗျား၊ ၂၀၀၅ ခုနှစ်မှာ ကိုမင်းကိုနိုင်တို့ ပြန်လည်လွတ်လာပြီးတဲ့ နောက်ပိုင်းမှာ ၈၈ မျိုးဆက်ကျောင်းသားများ ဆိုပြီး အသင်းအဖွဲ့ ဖွဲ့စည်းတယ် ဆိုပြီးတော့ သူတို့ စွပ်စွဲထားတာဖြစ်တယ်။ ဒါပေမဲ့ အဲဒီတုန်းက အသင်းအဖွဲ့ ဖွဲ့စည်းခြင်း မလုပ်ပါဘူးဆိုတဲ့ ခံဝန်ချက်လည်း ကျောင်းသားခေါင်းဆောင်တွေနဲ့ သဘောတူ ချုပ်ဆိုထားခြင်းမရှိဘူး။ ကျောင်းသား ခေါင်းဆောင်တွေကလည်း လက်မှတ်ရေးထိုးထားတာမရှိဘူး။ နောက်ပြီးတော့ သူငယ်ချင်းအပေါင်းအသင်းတွေ အားလုံးစုပြီးတော့ စုပေါင်းလုပ်ဆောင်ကြတဲ့ ကိစ္စရပ်မျိုးတာ ဖြစ်တယ်။ အဲဒီလိုမျိုးအဖွဲ့အစည်းတွေက ကျနော်တို့ မြန်မာနိုင်ငံအတွင်းမှာ တော်တော်များများရှိပါတယ်။

ကိုအေးလွင်တို့ ဖွဲ့စည်းထားတဲ့အဖွဲ့ဆိုရင်လည်း အသင်းအဖွဲ့ ဖွဲ့စည်းခြင်းဆိုင်ရာ ဥပဒေနဲ့ ဖွဲ့စည်းထားခြင်းမရှိဘူး။ နောက်တခါ မြန်မာနိုင်ငံလုံးဆိုင်ရာ အမျိုးသားဝံသာနုအသင်းဆိုတာလည်း အသင်းအဖွဲ့ ဖွဲ့စည်းခြင်းဆိုင်ရာ ဥပဒေနဲ့အညီ ဖွဲ့စည်းထားတဲ့ အဖွဲ့တွေမဟုတ်ပါဘူး။ အဲတော့ အဲဒီလိုမျိုး တခြားအသင်းအဖွဲ့တွေကို လုပ်ဆောင်ခွင့်ပေးထားပြီးတော့ ၈၈ မျိုးဆက်ကျောင်းသားတွေက အသင်းအဖွဲ့ရယ်လို့ မကြေငြာထားသော်ငြားလည်း အားလုံးပူးပေါင်း လုပ်ကိုင်ဆောင်ရွက်တယ်ဆိုတဲ့ သုံးသပ်ချက်အပေါ်မှာ မူတည်ပြီးတော့ အခုလိုမျိုး အသင်းအဖွဲ့ ဖွဲ့စည်းခြင်းဆိုင်ရာ စည်းမျဉ်းနဲ့ အပြစ်ပေးထားတယ် ဆိုတာကို ကျနော်တို့ တွေ့ရှိရတယ်။ ဒါကြောင့်လည်း ဒီလိုအပြစ်ပေးတာဟာ မှားတယ်ဆိုတာကို ကျနော်တို့အနေတဲ့ ထုတ်ဖေါ်ပြောဆိုရခြင်း ဖြစ်ပါတယ်။

မေး ----- ဟုတ်ကဲ့ခင်ဗျား၊ ဦးမင်းလွင်ဦးတို့ အာရှလူ့အခွင့်အရေးကော်မရှင် အနေနဲ့ ဒီပုဂ္ဂိုလ် (၁၃) အပေါ်မှာ စွဲဆိုထားတဲ့ စွပ်စွဲချက်တွေဟာ မှားတယ်လို့ ထောက်ပြပြီးတဲ့နောက်ပိုင်းမှာ ဒီပုဂ္ဂိုလ် (၁၃)ဦး လွတ်မြောက်ရေး (သို့) အပြစ်ဒဏ် လျှော့ပေါ့ရေးအပေါ်မှာ ဘာတွေများဆက်လုပ်ဖို့ ရှိသလဲခင်ဗျား။

ဖြေ ----- ဟုတ်ကဲခင်ဗျား၊ ၈၈ မျိုးဆက်ကျောင်းသားတွေရယ်၊ နောက်မြန်မာနိုင်ငံအတွင်းမှာ ဗကသ ဖွဲ့စည်းရေး ဆိုပြီးတော့ အပြစ်ဒဏ်ပေးခြင်း ခံရသူတွေရယ်၊ နောက်ပြီးတော့ စက်တင်ဘာ သံဃာ့အရေးအခင်းမှာ ဘာမှမဆိုင်ဘဲနဲ့ အပြစ်ပေး ခံရတဲ့ သူတွေရဲ့ကိစ္စရပ်တွေကိုပါ ကျနော်တို့ အထူးအလေးပေးပြီး ဆောင်ရွက်သွားမှာဖြစ်တယ်။

နိုင်ငံတကာမှာရှိတဲ့ လူ့အခွင့်အရေးအဖွဲ့အစည်း အသီးသီးကိုလည်း ကျနော်တို့ မိတ္တူတွေ ပေးပို့ပြီးတော့ ဒီကိစ္စမှာ ဥပဒေနှင့်အညီ ဆောင်ရွက်ပေးဖို့အတွက် မြန်မာနိုင်ငံအစိုးရကို ဖိအားပေးဖို့ ကျနော်တို့ တောင်းဆိုထား တာရှိတယ်။ နောက်ပြီးတော့ ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီနဲ့၊ နောက် မြန်မာနိုင်ငံ အတွင်းမှာရှိတဲ့ တရားစီရင်ရေးစနစ်ကို စောင့်ကြည့် လေ့လာနေတဲ့ ကုလသမဂ္ဂ လက်အောက်ခံ အဖွဲ့အစည်းတွေကိုလည်း ဒါတွေကို ပေးပို့သွားပြီးတော့၊ လာမဲ့ လူ့အခွင့်အရေးကောင်စီ အစည်းအဝေးတွေမှာ ဒီကိစ္စတွေကို ဖိအားပေး ပြောဆိုဖို့အတွက် ကျနော်တို့ ဆက်လက် လုပ်ဆောင်သွားမှာဖြစ်တယ်။