Wednesday, March 18, 2009

Filled Under:

နိုင်ငံရေး အမှုလိုက်ရှေ့နေတွေ တရားစွဲခံနေရ

VOA ---- 05/11/ 2008,
ဤအကြောင်းကို မသင်းသီရိက ရှေ့နေ ဦးမင်းလွင်ဦးတို့ မေးမြန်းထားသည်။

မြန်မာနိုင်ငံမှာ နိုင်ငံရေးအမှုနဲ့ ဖမ်းဆီးခံထားရသူတွေရဲ့ အမှုတွေကို အကျိုးဆောင် ပေးနေတဲ့ ရှေ့နေ ဦးအောင်သိန်းနဲ့ ဦးခင်မောင်ရှိန်တို့ကို တရားရုံးအား မထီမဲ့မြင် ပြုမှု ဥပဒေပုဒ်မ (၃) နဲ့ တရားရုံးချုပ် တရားသူကြီးတွေက တရားစွဲဆို လိုက်ပါတယ်။

မကြာသေးခင်ကလည်း နိုင်ငံရေးအမှုကို လိုက်ပေးနေတဲ့ ရှေ့နေတချို့ကို ထောင်ချ ခဲ့ပါသေးတယ်။ ဒီအခြေအနေ တွေဟာ မြန်မာနိုင်ငံရဲ့ တရားစီရင်ရေးစနစ် ယိုယွင်း ပျက်စီးနေတာကို ထင်ထင်ရှားရှား ပြသလိုက်တာလို့ နိုင်ငံတကာ ဥပဒေအဖွဲ့တွေက ပြောပါသည်။

မသင်းသီးရိ ----- အခု ပြန်လည်တရားစွဲဆိုခံရတဲ့ တရားရုံးချုပ် ရှေ့နေ ဦးအောင်သိန်းနဲ့ ဦးခင်မောင်ရှိန် တို့ဟာ နိုင်ငံရေးကိစ္စတွေနဲ့ အဖမ်းခံခဲ့ရ သူတွေရဲ့အမှုကို လိုက်ပါ အကျိုးဆောင်ပေးနေတဲ့ ရှေ့နေကြီးတွေ ဖြစ်ကြပါတယ်။ သူတို့က (၂၀၀၀) ခုနှစ်ပြည့် နှစ်ရဲ့ တရား စီရင်ရေး ဥပဒေအရ လွတ်လပ်တဲ့ တရား စီရင်ရေးနဲ့ တရား မျှတတဲ့ တရားခွင်တွေ ဖြစ်ရေး အတွက် တောင်းဆို ခဲ့ကြပါတယ်။

တရားခွင်တွေနဲ့ တရားရုံးတွေမှာ တရားခံတွေ အတွက်ဘဲဖြစ်ဖြစ်၊ အကျိုးဆောင်ပေးနေတဲ့ ရှေ့နေတွေ အတွက်ဘဲဖြစ်ဖြစ် ရသင့်တဲ့ အခွင့်အရေးတွေ ဆုံးရှုံးနေတာကြောင့် သူတို့လိုက်ပါ အကျိုးဆောင် ပေးနေတဲ့ အမှုတချို့ရဲ့ ရှေ့နေပါဝါတွေကို ရုပ်သိမ်းခဲ့တာတွေလည်း ရှိပါတယ်။ အဲဒါတွေနဲ့ ဆက်စပ်ပြီး အခုလို တရားရုံးချုပ် တရားသူကြီးတွေက ပြန်လည် တရားစွဲဆိုခြင်းကို တရားခံဖြစ်နိုင်တယ်လို့ အာရှ လူ့အခွင့်အရေး ကော်မရှင်က ရှေ့နေ ဦးမင်းလွင်ဦးက ပြောပါတယ်။

ဦးမင်းလွင်ဦး ----- “ဒီလိုမျိုး စွပ်စွဲထားတဲ့ စွပ်စွဲချက်တွေ ပေါ်ပေါက်လာပြီး ဆိုရင်တော့ တရားရုံးချုပ်မှာ နှစ်ဖက်ကနေပြီး စွဲဆိုထားချက်တွေ မှန် မမှန်ဆိုတာကို သူတို့ တင်ပြ လျှောက်လွှဲကြမှာ ဖြစ်တယ်။ တင်ပြ ပြောဆိုကြမှာ ဖြစ်တယ်။ အဲဒီလို တင်ပြပြောဆိုတဲ့ အခါမှာ အမှုသည်တွေရဲ့ တင်ပြချက်နဲ့ ရေးတာမှန်တယ် ဆိုရင်တော့ ဒီဥစ္စာတွေက ဒီအတိုင်း ပြီးသွားမယ့် သဘောဖြစ်တယ်။

“အမှုသည်တွေ ညွှန်ကြားချက်မဟုတ်ဘဲနဲ့ ရှေ့နေတွေကိုယ်တိုင်က တရားရုံးရဲ့ တရားစီရင်ရေးကို မယုံကြည်ဘူး ဆိုတဲ့သဘောမျိုး ယူဆရင်တော့ ဒီတရားရုံးချုပ် ရှေ့နေတွေမှာ လိုင်စင်ကို အကန့်အသတ်နဲ့ ရပ်ဆိုင်းခံရတာမျိုး၊ ပြင်းထန်စွာ သတိပေးခံရတာမျိုး၊ နောက်ပြီးတော့ ဒဏ်ငွေ ပေးဆောင်ရတာမျိုး၊ ဒါမျိုးတွေ ဖြစ်နိုင်ပါတယ်။

မသင်းသီရိ ----- အခုလို မြန်မာနိုင်ငံ တရားစီရင်ရေးစနစ်ရဲ့ တရားဥပဒေမဲ့ လုပ်ရပ်တွေကို နိုင်ငံတကာက သိလာအောင် သူတို့ အဖွဲ့အနေနဲ့ ကြိုးစားနေသလို ဒီအခြေအနေတွေဟာ စိုးရိမ်စရာကောင်းတဲ့ အနေအထားတွေနဲ့ မြန်မာနိုင်ငံရဲ့ တရားရေးမဏ္ဍိုင် ယိုင်နဲ့နေမှုကို ပြလိုက်တာ ဖြစ်တယ်လို့ ဦးမင်းလွင်ဦးက ဆက်ပြောပါတယ်။

ဦးမင်းလွင်ဦး ---- အဲတော့ အဲဒီလို တရားစီရင်ရေးနဲ့ ပတ်သက်ပြီးတော့ ကျနော်တို့ နိုင်ငံတကာကနေ စောင့်ကြည့်လေ့လာတဲ့ အဖွဲ့အစည်းတွေ၊ International Bar Association၊ ပြီးတော့ Human Rights Council ရဲ့ အောက်မှာရှိတဲ့ Independent Judge and Lawyer အဖွဲ့အစည်းတွေကိုလည်း ကျနော်တို့ စဉ်ဆက်မပြတ် ပေးပို့နေဆဲ ဖြစ်တယ်။

“အဲတော့ အဲဒီလို တရားဥပဒေမှာ ပြဌာန်းထားတဲ့ ပြဌာန်းချက်တွေနဲ့အညီ ခွင့်မပြုတဲ့အပြင် အခုအမှုတွေမှာ လိုက်ပါဆောင်ရွက်တဲ့ အကျိုးဆောင်တွေကိုပါ ကန့်သတ် ချုပ်ချယ်လာတယ်။ ဖိနှိပ်လာတယ် ဆိုတာက ကျနော်တို့ မြန်မာနိုင်ငံရဲ့ တရားစီရင်ရေး အတွက် လွန်စွာမှပင် စိုးရိမ်စရာ ကောင်းတဲ့ အခြေအနေ ဖြစ်နေပြီဆိုတာ ကျနော်တို့ အဖွဲ့အစည်းအသီးသီး၊ နိုင်ငံတကာ အသီးသီးကို သိအောင် ဆက်လက် ဆောင်ရွက်နေပါတယ်။

“ပြည်တွင်းမှာ နိုင်ငံရေးအမှုတွေကို လိုက်ပါဆောင်ရွက်တဲ့ အကျိုးဆောင်တွေကို အခုလုပ်ဆောင်ချက်က အဓိက ခြိမ်းခြောက်လိုက်တာ ဖြစ်တယ်။ တရားစီရင်ရေးစနစ် တခုလုံးကို မိမိတို့ လုပ်ချင်တလို လုပ်နိုင်တဲ့ဟာကို သူတို့ ပြလိုက်တာဖြစ်တယ်။ ဒါတွေဟာ ကျနော်တို့ မြန်မာနိုင်ငံ ရှေ့အနာဂတ်အတွက် ဘယ်လိုမှ ကောင်းတဲ့ အလားအလာ မဟုတ်ဘူး ဆိုတာလည်း ပြောလိုပါတယ်။

(အာရှလူ့အခွင့်အရေးကော်မရှင်က ရှေ့နေဦးမင်းလွင်ဦး ပြောပြခဲ့တာဖြစ်ပါတယ်။ )