Sunday, May 03, 2009

Filled Under:

မေလ ၁ ရက် ကမ္ဘာ့အလုပ်သမားနေ့တွင် မြန်မာနိုင်ငံ အလုပ်သမားအခွင့်အရေးနှင့် စပ်လျှဉ်း၍ သုံးသပ်ချက်

BBC ----- 1 May 2009
မေလ ၁ ရက် ကမ္ဘာ့အလုပ်သမားနေ့တွင် အခြေအနေကို ဦးမောင်မောင်သန်းက တင်ဆက်ထားပါတယ်။

သောတရှင်များခင်ဗျား။ မေလ ၁ ရက်နေ့ဟာ May Day သို့မဟုတ် ကမ္ဘာ့အလုပ်သမားနေ့ ဖြစ်ပြီးတော့ အလုပ်သမားတွေရဲ့ အခြေခံအခွင့်အရေး တိုက်ပွဲဝင်တာကို ဂုဏ်ပြုကျင်းပတာဟာ နှစ်ပေါင်း ၁၁၉ နှစ်တောင် ရှိပါပြီ၊ တဖက်ကလည်းဘဲ အလုပ်သမားတွေရဲ့ အခွင့်အရေးကို ဆွေးနွေး ဖြေရှင်းပေးနေတဲ့ ILO ကမ္ဘာ့အလုပ်သမား အဖွဲ့ချုပ်ကြီး ပေါ်ပေါက်တာ နှစ်ပေါင်း ၉၀ ရှိပါပြီ။

မြန်မာနိုင်ငံဟာ ILO အအဖွဲ့ဝင် ဖြစ်တာနဲ့အညီ အဖွဲ့ချုပ်ရဲ့ ပြဌာန်းချက်တွေကိုလည်း လက်မှတ်ရေးထိုး ထားပါတယ်။ ဒီတော့ မြန်မာနိုင်ငံမှာ အခြေခံ လူတန်းစားတွေဖြစ်ကြတဲ့ အလုပ်သမား၊ လယ်သမားတွေရဲ့ အခွင့်အရေး ဘယ်လောက် ရှိသပါလဲ။ တခြားနိုင်ငံမှာလို အလုပ်သမားသမဂ္ဂ တွေကော မြန်မာနိုင်ငံမှာ ဖွဲ့ခွင့်ရှိပါသလား စတဲ့ ကမ္ဘာ့အလုပ်သမားနဲ့ ဆိုင်တဲ့ မြန်မာ့ရေးရာတွေကို ကျနော် ဆွေးနွေးမှာ ဖြစ်ပါတယ်။

ဒီလိုဆွေးနွေးဖို့အတွက် (FTUB) မြန်မာနိုင်ငံအလုပ်သမား သမဂ္ဂများအဖွဲ့ချုပ်ရဲ့ အတွင်းရေးမှူး ဦးမောင်မောင်၊ အမျိုးသား ပြန်လည်စည်းလုံးညီညွတ်ရေး သုတေသနနဲ့ တိုးချဲ့ထုတ်လုပ်မှု ကျောင်းတော်သား အစုမှ တာဝန်ခံ ပြည်တွင်းက ဦးလှမြင့်နှင့် AHRC လို့ခေါ်တဲ့ အာရှလူ့အခွင့်အရေး ကော်မရှင်မှ ရှေ့နေ ဦးမင်းလွင်ဦးတို့ကို ကျနော် ဖိတ်ခေါ်ထားပါတယ်။

အဲတော့ မြန်မာနိုင်ငံမှာ အလုပ်သမားတွေရဲ့ အခြေခံလုပ်ပိုင်ခွင့် အပြည့်အ၀ ရပါသလားခင်ဗျား။ ဦးလှမြင့် စပြီးဆွေးနွေးပေးပါခင်ဗျား။

ဦးလှမြင့် ----- “ ကျနော်တို့ ပြည်တွင်းမှာ အလုပ်သမား ပြဿနာနဲ့ ပတ်သက်ပြီးတော့ လုပ်ခလစာနဲ့ ကုန်ဈေးနှုန်း မညီမျှတဲ့ ကိစ္စလေးတွေ ရှိပါတယ်။ နောက်တခုကတော့ Under Employments လို့ခေါ်တဲ့ ဖုံးကွယ်အလုပ်လက်မဲ့ အမျိုးအစားတွေ ရှိတယ်။ အဓိကကတော့ ဘွဲ့ရအလုပ်လက်မဲ့ လူငယ်တွေရဲ့ အလုပ်လက်မဲ့ ပြဿနာ ကျနော်တို့တိုင်းပြည်မှာ အကြီးဆုံး ဖြစ်ပါတယ်။”

အခြေခံ ရပိုင်ခွင့်ဖြစ်တဲ့ အလုပ်သမားတွေမှာ အစည်းအရုံး ဖွဲ့စည်းခွင့်တို့၊ လွတ်လပ်စွာ သူတို့ရဲ့ အခက်အခဲတွေကို တောင်းဆိုခွင့်တို့ အဲဒီဟာတွေရော ရှိပါသလားခင်ဗျား။

ဦးလှမြင့် ----- “အဲဒါကတော့၊ ဆရာတို့ သိတဲ့အတိုင်းဘဲ ဒီနေ့ကာလမှာ မာရှယ်လော ကာလဖြစ်ပါတယ်။ မာရှယ်လော ဆိုတော့ အသင်းအပင်း ဖွဲ့စည်းခွင့်တို့ ဘာမှ မရှိသေးဘူးပေါ့ဗျား။ ကျနော်တို့ ILO ချထားတဲ့ မူတခု ရှိပါတယ်။ အလုပ်သမားရယ်၊ အလုပ်ရှင်ရယ်၊ အစိုးရရယ်၊ အဲဒီ Tripartite အဲဒီလို ညှိတဲ့ကိစ္စမျိုးကို အကောင်အထည်ဖေါ်ဖို့ ဖြစ်ပါတယ်။ ကျနော့အထင်တော့ ၂၀၁၀ နောက်ပိုင်းတော့ ဒါတွေ အကောင်အထည် ဖေါ်နိုင်မယ်လို့ ဖြစ်ပါတယ်။”

ယနေ့လက်ရှိ ပြည်တွင်းမှာ ဖြစ်နေတဲ့ အဓိက အလုပ်သမားတွေရဲ့ ရပိုင်ခွင့်က ဘာလဲခင်ဗျား၊ ဦးမောင်မောင်တို့လည်း မကြာခင်မှာ ထုတ်ပြန်ထားတာ ရှိပါတယ်လေ။ အဓိက သူတို့ ဘာတွေလိုလားနေသလဲ။

ဦးမောင်မောင် ----- “ အဓိက ကတော့ လွတ်လပ်စွာ အသင်းအပင်းများ ဖွဲ့စည်းပိုင်ခွင့် ကိစ္စပေါ့နော်။ အလုပ်သမား တွေရဲ့ကိစ္စ အခက်အခဲတွေရဲ့ ကိုယ်စားပြုမှုကို အလုပ်သမားတွေက လွတ်လပ်စွာ ဖွဲ့စည်းပြီးတော့ သူတို့ရဲ့ အနေအထားကို စုပေါင်းပြီး တောင်းဆိုနိုင်တဲ့ အခြေခံ အခွင့်အရေး တခုက ကျနော်တို့ နိုင်ငံအနေနဲ့ လက်မှတ်ထိုးထားတာရှိပေမဲ့ တကယ့်လက်တွေ့ ကျင့်သုံးတဲ့အခါမှာ မရှိတဲ့အတွက်ကြောင့် ဒီအခက်အခဲ ရှိနေရပါသေးတယ်။”

“ဒါပေမဲ့ တပြိုင်တည်းမှာလည်း ကျနော်တို့ စက်ရုံအလုပ်ရုံတွေမှာ လုပ်အားခ အခက်အခဲကြောင့် အချိန်ပို လုပ်ရတာတွေကြောင့် စုဝေးပြီးတော့ တောင်းဆိုမှု လုပ်တာတွေက တပြည်းပြည်းနဲ့ သက်ဝင် ထင်ရှားမှုရှိတယ်။ အောင်မြင်မှုတွေ ရှိလာတယ်လို့ ပြောနိုင်တယ်ဆိုတော့ လုံးဝပိတ်ပင်ထားပေမဲ့ အလုပ်သမားတွေရဲ့ ကြိုးစားမှုကြောင့် အနည်းငယ် အကျိုးတက်ရောက်မှု ရှိတယ်လို့ ကျနော် ပြောနိုင်ပါတယ် ခင်ဗျား။”

ဒါပေမဲ့ ခဏက ဦးလှမြင့် ပြောတာတော့ ပြည်တွင်းမှာ စစ်တပ်က အုပ်ချုပ်တာတော့ မရှိသေးပေမဲ့လို့တော့ နောင် ပေါ်လာမယ်လို့လည်း သူတို့က ပြောပါတယ်လေ။ ၂၀၁၀ ကျလို့ရှိရင်။ အဲတော့ အခြေခံ ဥပဒေအရရော အာမခံချက် ပေးနိုင်ပါ့မလားလို့ ဦးမောင်မောင်တို့ တွေ့ရှိချက်တွေ ပြောပါဦး။

ဦးမောင်မောင် ----- “ ကျနော်တို့ လေ့လာချက်အရ ပေါ့နော် အခု ၂၀၀၈ ခုနှစ် အခြေခံ ဥပဒေကတော့ အခြေခံ အလုပ်သမား အခွင့်အရေးကို အာမခံပေးတဲ့ အကြောင်းအရာတွေ မပါဘူးလို့ ကျနော်တို့ ပြောနိုင်တယ်။ ကျနော်တို့ အနေနဲ့ အခြေခံ အလုပ်သမား အခွင့်အရေးကို အာမခံတဲ့ အခြေခံဥပဒေ ဖြစ်ဖို့ကတော့ ဆက်လက်ပြီး တိုက်ပွဲဝင်သွားရမယ့် အနေအထား ရှိတယ်လို့ ကျနော်တို့ ပြောချင်ပါတယ်။”

တပြိုင်နက်ထဲမှာ ကျနော်ပြောချင်တာက တပါတီစနစ် အုပ်ချုပ်တဲ့ နိုင်ငံတွေမှာထောင်မှ အလုပ်သမားသမဂ္ဂ လွတ်လပ်ခွင့်၊ အလုပ်သမားသမဂ္ဂ ဖွဲ့စည်းခွင့်ရှိတယ် ဆိုတာကို ဥပမာ မလေးရှားနိုင်ငံ၊ အင်ဒိုနီးရှား နိုင်ငံတို့၊ လက်ရှိ တရုတ်ပြည်သူ့သမတ နိုင်ငံတောင်မှ လွတ်လပ်တဲ့ အလုပ်သမား သမဂ္ဂတွေ ပေးဖွဲ့စည်းထားတာကြောင့် တပါတီစနစ်မှာတောင်မှ လွတ်လပ်တဲ့ အလုပ်သမားသမဂ္ဂ ဆိုတာကို ပေးဖွဲ့တဲ့နိုင်ငံတွေ အများကြီးရှိပါတယ် ဆိုတာကို ကျနော် တင်ပြချင်ပါတယ် ခင်ဗျား။”

ဦးမောင်မောင် ဆွေးနွေးတာနဲ့ ပတ်သက်လို့လေ ဦးလှမြင့်အမြင်ကို ပြောပါဦးခင်ဗျား။

ဦးလှမြင့် ----- “ ခဏက ဆရာ ဦးမောင်မောင်ပြောသလို အင်ဒိုနီးရှားတို့၊ မလေးရှားတို့ကျတော့ နဂိုကတည်းက လက်ယာ အာဏာရှင်နဲ့ သွားတယ်ဆိုတော့ ပါလီမန်တို့ ဘာတို့ ဖျက်တာ မတွေ့ရဘူးလေ။ ဆူဟာတိုတို့မှာလည်း ကော်ရခါးတို့ ပါတို့ကို အတိုက်အခံထားတာ ရှိပါတယ်။ ပါလီမန်မှာကတော့ နည်းနည်းလောက် ကျန်သေးတယ်။ ကျနော်တို့ ဆီမှာတော့ လုံးလုံး ပျောက်သွားတယ်။ ၈၈ မတိုင်ခင်မှာ ဆရာတို့ သိတဲ့အတိုင်းပဲ။ ၈၈ နောက်ပိုင်းမှာလည်း Martial Law နဲ့သွားတာပဲ။ ဒါတွေက ကျနော်ထင်တာက ၂၀၁၀ ပြီးလို့ရှိရင်လည်း ဒီ rights တွေကို အထဲမှာ ရောက်နေတဲ့ လွှတ်တော်တွေက ပြောရမှာပေါ့။ မပြောရင်လည်း ကျနော်တို့ ကမ္ဘာကနေပြီးတော့ ၀ိုင်းပြောရမှာပေါ့။”

ခဏက ဦးမောင်မောင် ကနေပြီးတော့ အခြေခံဥပဒေမှာ အလုပ်သမား အခွင့်အရေးတွေကို ပီပီပြင်ပြင် မပါဘူးဆိုတာကို ပြောထားတာ ရှိတယ်လေ။

ဦးလှမြင့် ----- “အလုပ်သမား အခွင့်အရေး ဆိုတာကတော့ သူက နည်းဥပဒေဆိုတော့ အခြေခံဥပဒေမှာတော့ ဒါတွေ အသေးစိတ် ပါမယ် မထင်ဘူး။ ကျနော်တို့ ရပိုင်ခွင့်ထဲမှာ အဖွဲ့စည်း အသင်းအပင်း ဖွဲ့စည်းခွင့်တို့ ပါပါတယ်။ ဒီဟာတွေက အလုပ်သမား အနေနဲ့ မပါဝင်ဘဲနဲ့ ဒါတွေက အကျုံးဝင်မယ်လို့ ကျနော်ယူပါတယ်။”

ဒီကိစ္စနဲ့ ပတ်သက်ပြီး ဦးမင်းလွင်ဦး တို့အနေနဲ့ လူ့အခွင့်အရေး လေ့လာ စောင့်ကြည့်တဲ့ အနေနဲ့ မြန်မာနိုင်ငံမှာ အလုပ်သမား အခွင့်အရေးနဲ့ဆိုင်တဲ့ လက်ရှိဥပဒေတွေ၊ လက်ရှိလုပ်နေတဲ့ ပုံစံတွေ နောင်ဖြစ်လာမဲ့ ဥပဒေတွေကို ဘယ်လိုပုံစံ၊ ဘယ်လိုအနေအထားမျိုးမှာ ရှိနေတာလဲ။ ကာကွယ်မှု ပေးနိုင်မှာလား ခင်ဗျား။

ဦးမင်းလွင်ဦး ----- “ ကျနော်တို့ မြန်မာနိုင်ငံအတွင်းမှာ အလုပ်သမား အခွင့်အရေးနဲ့ ပတ်သက်လို့ ဆုံးရှုံးခဲ့ရတာ ပြောရမယ်ဆိုရင် ၁၉၆၂ ခုနှစ် ကနေပြီးတော့ ဆုံးရှုံးလိုက်တာ အခုဆိုရင် ၄၇ နှစ်နီးပါး ရှိသွားပါပြီး။ ၁၉၈၈ နောက်ပိုင်း မှာကျတော့ ယခင်က ပြဌာန်းထားတဲ့ အလုပ်သမား ဥပဒေတွေနဲ့ ဆိုင်တဲ့အချက်အလက် တွေကိုတောင်မှ အချို့တချို့ဥစ္စာတွေ ပယ်ဖျက်ခဲ့ရတာကို ကျနော်တို့ တွေ့ရှိရတယ်။ နောက်ပြီးတော့ ၁၉၈၈ နောက်ပိုင်းမှာ ပိုင်ဆိုင်မှုနဲ့၊ အလုပ်သမား အလုပ်ချိန် ပြဿနာက နည်းနည်း ကွာခြားလာတာ တွေ့ရတယ်။”

“အရင်တုန်းကတော့ ပြည်သူပိုင်၊ သမ၀ါယမပိုင်၊ ပုဂ္ဂလိကပိုင် ဒါတွေဘဲ ရှိတယ်။ အခု နောက်ပိုင်းမှာကျတော့၊ ဖက်စပ်တို့၊ ဦးပိုင်တို့၊ ပုဂ္ဂလိက လီမီတက်တို့ အဲဒါတွေ ဖြစ်လာတဲ့အခါမှာ ယခင်က ပြဌာန်းထားတဲ့ ဥပဒေတွေအရ ပြဌာန်းချက်တွေ ဘာမှ ခံစားခွင့် မရှိဘူးဆိုတာကို ကျနော်တို့တွေ့ရတယ်။ အဲတော့ ကျနော်တို့ မြန်မာနိုင်ငံ အတွင်းမှာ ဖက်စပ်လုပ်ငန်းတွေ လုပ်ကိုင်တယ် ဆိုတာကလည်း အစိုးရက ၅၁ ရာခိုင်နှုန်း၊ နိုင်ငံခြားက ၄၉ ရာခိုင်နှုန်းဖြစ်တယ်။”

“သို့သော်လည်း နိုင်ငံခြား ကုမ္မဏီတွေရဲ့အလိုကျ ဥပဒေတွေကို လိုက်လံ ပြင်ဆင်ပေးတဲ့အခါမှာ ကျနော်တို့ ပြည်တွင်း ဥပဒေက အကျိုးသက်ရောက်မှု မရှိတာကို ကျနော်တို့ တွေ့ရတယ်။ ဒါကြောင့် ကျနော်တို့က ၈၈ နောက်ပိုင်းမှာ အလုပ်သမားတွေရဲ့ အခွင့်အရေးနဲ့ ပတ်သက်ပြီးတော့ ဘာမှခံစားခွင့် မရှိဘူးဆိုတာကို ကျနော်တို့ မြင်ရတယ်။”

အလုပ်သမားတွေရဲ့ အခွင့်အရေးလို့ ပြောရင် သာမန်အားဖြင့် ကျနော်တို့က လုပ်ခနဲ့ လစာလို့ဘဲ မြင်ကြတယ်။ အဲဒီလို မဟုတ်ပါဘူး။ အရင်တုန်းက အလုပ်သမားတွေရဲ့ အခွင့်အရေးနဲ့ ပတ်သက်လို့ ပြဌာန်းထားတဲ့ ဥပဒေ ၂၁ နီးပါး ရှိပါတယ်။ အဲဒီမှာ - အလုပ်အကိုင် လေ့ကျင့်သင်ကြားရေး၊ အလုပ်ခန့်ထားမှု၊ အလုပ်သင်၊ နောက်တခါ ကလေးသူငယ်တွေကို ခိုင်းစေတဲ့ကိစ္စ၊ ဆိပ်ကမ်းဥပဒေ၊ နောက်ပြီးတော့ ပြည်ပသွားလာရေး သက်သာချောင်ချိရေး စတဲ့ အားလုံး ၂၁ ခုရှိတယ်။ ဒါတွေက ၈၈ နောက်ပိုင်းမှာ လိုက်နာကျင့်သုံးမှု မရှိတော့ဘူး။ အမိန့်အာဏာရဲ့ အောက်မှာဘဲ၊ စီမံခန့်ခွဲမှုရဲ့ အောက်မှာ သွားနေရတဲ့အတွက် အခုလောလောဆယ်မှာ ကျနော်တို့ ဘာမှ ခံစားခွင့် မရှိဘူးဆိုတာကို ကျနော်တို့ တွေ့ရတယ်။

“နောက်ပြီးတော့ ဖွဲ့စည်းပုံ အခြေခံဥပဒေမှာ အလုပ်သမားတွေ၊ တောင်သူလယ်သမားတွေရဲ့ အခွင့်အရေးနဲ့ ပတ်သက်လို့ ဘယ်လောက်အထိ တိတိကျကျ အာမခံချက် ပေးထားသလားဆိုတာကို ကျနော်တို့ပြန်ပြီး လေ့လာ ကြည့်မယ်ဆိုရင်လည်း ဒါတွေကို သီးခြားဥပဒေ ထုတ်ပြန် ပြဌာန်းပေးမည်ဟုသာ ထည့်သွင်း ရေးဆွဲထားတာ ဖြစ်တယ်။ ဘာမှ အတိအကျ အာမခံ ပေးထားတာ မရှိပါဘူး။”

ဦးလှမြင့်တို့ ပြည်တွင်းမှာ နေတဲ့အနေနဲ့ အလုပ်သမား ၀န်ကြီးဌာနက အလုပ်သမား အလုပ်ရှင်ပဋိပက္ခတွေ၊ နောက်တခါ အခြေခံ ရပိုင်ခွင့်တွေ လုပ်ပေးနေတာတွေ တွေ့ရပါသလား။

ဦးလှမြင့် ----- “ အဲဒါတွေကတော့ အလုပ်သမား အရာရှိတွေနဲ့ အထူးသဖြင့် အထည်ချုပ် စက်ရုံတွေမှာတော့ ညှိပေးတာတွေ ကျနော်တို့ တွေ့ဘူးပါတယ်။ ကျနော်တို့ဆီမှာ အင်မတန် ခေတ်မီတဲ့၊ ယူနိုကယ်၊ တိုတယ်တို့လို ကုမ္မဏီကြီးတွေနဲ့ ဖက်စပ် လုပ်ရတဲ့ အခါမှာတော့ ခဏက ဦးမင်းလွင်ဦးတို့ ပြောတဲ့ Job Training တို့၊ နောက်ပြီးတော့ ဥပမာဗျား၊ ပိုက်လိုင်းတွေ ချတဲ့နေရာမှာ နစ်နာတဲ့လူတွေ လျော်ကြေးအပြည့်အ၀ ရတာတို့၊ အဲဒီမှာတင် သူတို့အများကြီး ပေးပါတယ်။

ဘာဖြစ်လဲဆိုတော့ သူတို့ဟာက နိုင်ငံတကား စည်းမျဉ်းတွေကို လိုက်နာတဲ့ နိုင်ငံတကာ ကုမ္မဏီကြီတွေကိုး။ အဲတော့ ကျနော်တို့ကတော့ အဲဒီလို ကုမ္မဏီကြီးတွေကို ပိတ်ဆို့ထားတော့၊ ဟောင်ကောင်တို့၊ စင်ကာပူတို့၊ မလေးရှားတို့ အဲဒါတွေကတော့ ကျနော်တို့ အရေခွာပြီးတော့ လုပ်တဲ့သူတွေ ဖြစ်နေတာကိုး။ အဲတော့ ကျနော်တို့က နိုင်ငံတကာ ကုမ္ပဏီကြီးတွေနဲ့ ဆက်စပ်နေတာကလည်း အလုပ်သမားဥပဒေတွေ တောင်းဆိုတာ အခွင့်အရေး တော်တော်လေး နည်းပါတယ်။”

ဒါကတော့ နိုင်ငံတကာမှာ ယနေ့အထိ ယူနိုကယ်တို့ အတင်းအဓမ္မ လုပ်အားပေးတဲ့ကိစ္စ၊ ရွာသားတွေရဲ့ ကိစ္စတွေ ယခုအထိ စကားများ နေတယ်လေ။ ဦးမောင်မောင်တို့ ဘက်ကရော ခဏက ဦးလှမြင့် ဆွေးနွေးချက် အပေါ်မှာ ဘယ်လိုယူဆပါသလဲ ခင်ဗျား။

ဦးမောင်မောင် ----- “ အခြေခံမှာဖြစ်နေတဲ့ အထည်ချုပ်စက်ရုံသို့၊ ပန်းကန်စက်ရုံတို့၊ ဆက်စပ်လုပ်ငန်းတွေမှာ ဖြစ်တဲ့ ပြဿနာတွေမှာ အထူးသဖြင့် လုပ်အားခနဲ့ အလုပ်ရှင်ကြောင့် ဖြစ်တဲ့ပြဿနာတွေကို အလုပ်သမား ၀န်ကြီးဌာနက နေပြီး ၀င်ရောက်ဖြေရှင်းတဲ့ ကိစ္စတွေရှိပါတယ်။ အချို့ကလည်း တော်တော်ကောင်းပါတယ်။ ဒါတွေကို ကျနော်တို့က အသိအမှတ်လည်း ပြုပါတယ်။ ဒါတွေကို ဆက်ပြီး ဖြစ်သွားအောင် ကျနော်တို့လည်း အားပေးနေတဲ့ကိစ္စ ရှိပါတယ်။”

“ နောက်တခုက ယူနိုကယ်တို့၊ တိုတယ်တို့ကို ကျနော်နောက်တခု ပြန်ပြောချင်တာက အလကား သူတို့ အလျော် မပေးပါဘူးခင်ဗျား၊ ကုမ္မဏီကြီးတိုင်း အလုပ်သမား အခွင့်အရေး၊ လူ့အခွင့်အရေးတွေကို လိုက်နာတဲ့ သူတွေမဟုတ်ဘူး။ ကျနော်တို့နိုင်ငံမှာ အထူးသဖြင့် ချိုးဖေါက်တာကို အာဏာပိုင်တွေက တာဝန်မယူဘူး ဆိုလို့ရှိရင် လစ်ရင်လစ်သလို လုပ်တဲ့ ကုမ္မဏီကြီးတွေ ဖြစ်ပါတယ်။ ကုမ္မဏီကြီးလေ ပိုဆိုးတယ် ဆိုတာကို ကျနော် တင်ပြချင်တယ်။”

“အပြည်ပြည်ဆိုင်ရာ မှာလည်း သူ့မှာရှိတဲ့ ဥပဒေ အကြောင်းအရာ လုပ်ထုံးလုပ်နည်းအရ လုပ်နိုင်မယ်ဆိုရင် ကျနော်တို့က သူတို့ကို ပြန်အရေးယူ နိုင်တယ်ဆိုတော့ သူတို့က လျော်ကြေးပေးတာ ဖြစ်တယ်။”

ပြည်ပ ရင်းနှီးမြှုပ်နှံမှုတွေ၊ လမ်းတံတား တည်ဆောက်တာတွေ အဲဒီမှာ အလုပ်ခိုင်းတဲ့ ကိစ္စတွေ၊ နိုင်ငံခြားက နေပြီးတော့ လူတွေကို လုပ်ခလစာပြဿနာတွေ၊ ရွာပြောင်းတဲ့ ကိစ္စတွေလေ၊ အဲဒါတွေကို အစိုးရက တာဝန်ယူမှု ဘယ်လောက် ရှိပါသလဲ၊ ဦးလှမြင့် ပြောပါဦး။

ဦးလှမြင့် ----- “ပထမကတော့ ပြဿနာတွေ ပေါ်ပေါက်တဲ့ဟာကနေ စပြီးစဉ်းစားရင် ပိုကောင်းမယ် ထင်ပါတယ်။ ဘာဖြစ်လဲဆိုတော့ ကျနော်တို့ မဆလ ခေတ်မှာတောင်မှလေ ရန်ကုန်- မန္တလေး ကားလမ်း ဖေါက်စဉ်ကာလ တုန်းက အာရှ ဘဏ်ကနေပြီးတော့ အကူအညီရတော့ ဘာလုပ်အားပေးမှ မခေါ်ဘဲနဲ့ သူတို့ ယန္တရားနဲ့ ဖေါက်သွား တာရှိတယ်။ ကျနော်တို့က အဲလို အကူအညီ ကြေးငွေတွေ မရတော့ လုပ်အားပေးကိစ္စတွေ ပေါ်လာပါတယ်။ ဒီကိစ္စကိုလည်း ကျနော်တို့ စဉ်းစားသင့်ပါတယ်။”

ဒါပေမဲ့ အခုဟာက နိုင်ငံတကာ ဥပဒေနဲ့ ညိစွမ်းနေတယ် လို့လည်း ကျနော်တို့က နားလည်တာကိုး အဲတော့ ဦးမောင်မောင်တို့က ဒီလိုကိစ္စတွေကို နိုင်ငံတကာ Forum ကိစ္စတွေမှာ ဘယ်လောက်အထိ သူတို့ အရေးယူနိုင်အောင် ဆောင်ရွက် နေတယ်ဆိုတာကို ဦးမောင်မောင် ပြောပါဦး။

ဦးမောင်မောင် ----- “ကျနော် သိရသလောက် အမှုခင်းဖြစ်တဲ့ အချိန်မှာ ဆွေးနွေးတဲ့အခါမှာ ဟိုဘက်ဒီဘက် ပြန်ပြီး မေးတဲ့အခါမှာ လုပ်အားခ ပေးတာ ရှိပါတယ်။ ဒီကုမ္မဏီတွေက မပေးတာ မဟုတ်ဘာဘူး။ သို့သော် ဒီဟာကို တဆင့်ပြန်ပြီးတော့ အလုပ်သမားတွေကို ပြန်ခိုင်းတဲ့ အာဏာပိုင်တွေက လုပ်အားခကို မပေးဘဲနဲ့ လူတွေကို ကျနော်တို့ ရွာသူရွာသားတွေကို လုပ်အားခ မပေးတဲ့အတွက်ကြောင့် ဖြစ်တဲ့ ပြဿနာဖြစ်ပါတယ်။”

“ဘာဖြစ်လဲဆိုတော့ ကျနော်တို့က ကုမ္မဏီတွေကို တရားစွဲတဲ့အခါမှာ ကုမ္မဏီတွေက - “ ငါတို့ ဘယ်လောက်ကုန်တယ်၊ လုပ်အားခအတွက် ဘယ်လောက်ပေးတယ်၊ လုံခြုံရေးအတွက် ဘယ်လောက်ပေးတယ် ဆိုတာကို သူတို့ တင်ပြတယ်ခင်ဗျား။ တင်ပြတဲ့အခါမှာ နောက်ဆုံး စစ်လိုက်တဲ့ အခါကျတော့ ပေးတဲ့ ပိုက်ဆံတွေကို ရွာသားတွေ၊ တကယ်လုပ်ရတဲ့ လူတွေဆီ မရောက်ဘူး ဆိုတော့ ပေါ်လာမှ ကုမ္မဏီတွေကို သူတို့မှာ တာဝန်ရှိတယ်ဆိုပြီး ဆိုတဲ့ကိစ္စပါ။”

“အပြည်ပြည်ဆိုင်ရာ စီးပွားရေးကြောင့် မဟုတ်ဘာဘူး၊ ဒါက အလုပ်ရှင်ကနေ ပေးတဲ့ပိုက်ဆံတွေကို ကြားကနေ အာဏာပိုင်တွေက နေပြီးတော့ တာဝန်ခံမှု မရှိတဲ့အတွက်ကြောင့် ကျနော်တို့ အဓမ္မ လုပ်အားပေး ဖြစ်လာတယ်လို့ ကျနော် ပြန်တင်ပြချင်ပါတယ်။”

“ဒီလို ပေါ်တာကြေးဆိုတဲ့ ကိစ္စက သုံးဖို့အတွက် အလွဲသုံးစား လုပ်တဲ့ကိစ္စတွေ များတဲ့အတွက် ကျနော်တို့က Corruption ကို မထိန်းနိုင်တဲ့အတွက်ကြောင့် ဖြစ်တဲ့ပြဿနာများ ပါတယ်လို့ ကျနော် ပြောချင်ပါတယ်။”

ဦးလှမြင့်တို့ ပြည်တွင်းမှာရော ဒီကိစ္စတွေ ပြဿနာ ရှိပါသလားခင်ဗျား။

ဦးလှမြင့် ----- “ကျနော် ဒီပြဿနာကို မငြင်းပါဘူး။ ဒါပေမဲ့ ပြဿနာ ဖြေရှင်းတဲ့နည်း ပေါ့နော်။ ဒီကနေ့မှာ ခဏက ကျနော်ပြောတဲ့ အတိုင်းဘဲ၊ အာဏာကြီး (၃) ရပ်မှာ အုပ်ချုပ်ရေးအာဏာ တခုတည်းရှိတယ်။ ဥပဒေပြုရေးတို့၊ တရားစီရင်ရေး အာဏာကတော့ ထားပါတော့၊ ဥပဒေပြုရေးဆိုတဲ့ အာဏာ မရှိတဲ့ကာလမှာ ဖြစ်နေတယ်လေ။ အဲတော့ Balance မလုပ်နိုင်ဘူး။ ၂၀၁၀ ပြီးလို့ဆိုရင်တော့ ဒါတွေကို Balance လုပ်ဖို့ အခွင့်အရေးတွေ ပေါ်လာပါလိမ့်မယ်။”

နိုင်ငံတကာ ဥပဒေနဲ့ ချိန်ထိုးလိုက်တဲ့အခါမှာ အခြေခံပြဿနာက ဘာလို့တွေ့ရသလဲ၊ ဥပဒေ မရှိတာလား။ တရားဥပဒေ စိုးမိုးမှု မရှိတာလား။ ခဏက အားလုံး အဂတိ လိုက်စားမှုအခြေခံတွေ ပါနေလား၊ ဦးမင်းလွင်ဦး အမြင်ကိုလည်း ပြောပြပါဦး။

ဦးမင်းလွင်ဦး ----- “ဟုတ်ကဲ့ခင်ဗျား။ ကျနော်တို့ မြန်မာနိုင်ငံ အတွင်းမှာက ဥပဒေ မရှိဘူးဆိုတာက မဟုတ်ပါဘူး။ ဥပဒေ ရှိပါတယ်။ ဒါပေမဲ့ ဥပဒေကို တကယ်တန်း လိုက်နာ ကျင့်သုံး အကောင်အထည်ဖေါ်ဖို့ အတွက်ကို အစိုးရ အာဏာပိုင် တွေဘက်က ချို့ယွင်းနေတာ ဖြစ်တယ်။”

“ဦးလှမြင့် ပြောဆိုသွားတဲ့ကိစ္စကို ကျနော်တခု ထပ်ပြီး ဖြေရှင်းချင်ပါတယ်။ ကျနော်တို့မှာ ဥပဒေပြု အဖွဲ့အစည်း မရှိတဲ့အတွက် ယခုကာလမှာ ဥပဒေကို အတိအကျ မပြုနိုင်ဘူး၊ မလိုက်နာနိုင်ဘူးလို့သာ ပြောနေပေမဲ့လည်း ကျနော်တို့ တကယ့်လက်တွေ့ ကြုံတွေ့ နေရတဲ့အရာတွေက တောင်သူ လယ်သမား တွေအတွက် ပြန်ဌာန်းထားတဲ့ ဥပဒေတွေကို ဖျက်သိမ်းပြီးတော့ မြေလွတ်မြေရိုင်း ပြန်လည် နေရာချထားရေး ဗဟို ကော်မီတီဆိုပြီး စီမံခန့်ခွဲမှု အောက်ကနေပြီးတော့ လယ်ယာမြေတွေကို အတင်း ထိန်းသိမ်းယူနေတဲ့ ဥစ္စာတွေကလည်း ကျနော်တို့ မြန်မာနိုငံအတွင်းမှာ လက်ရှိဥပဒေ ပြုနေသလိုဘဲ ဖြစ်နေတယ်။ ပြန်ပြီးသတိထားဖို့ လိုပါတယ်ခင်ဗျား။”

နိုင်ငံတကာ အလုပ်သမားတွေနဲ့ ယှဉ်ကြည့်လိုက်တဲ့အခါမှာ အလုပ်သမား အခြေအခံ အခွင့်အရေးတွေ အပြည့်အ၀ ရအောင် ဘာလုပ်သင့်သလဲ။ အဲဒါကို အကျဉ်းချုပ်ပြီးတော့ ဦးမောင်မောင် စပြီးပြောပြပေးပါ ခင်ဗျား။

ဦးမောင်မောင် ----- “ဒီကိစ္စမှာ အလုပ်သမား၊ လယ်သမားတွေအပေါ်မှာ အဓိက ကျပါတယ်။ ကိုယ်လိုချင်တဲ့ အခွင့်အရေးကို ကျနော်တို့ တောင်းဆိုနေလို့ မရဘူး။ ကျနော်တို့ ကိုယ်ထူကိုယ်ထဘဲ၊ ရတဲ့နေရာမှာ စုပေါင်းပြီးတော့ တောင်းဆိုမှု တိုက်ပွဲတွေ လုပ်ဖို့ လိုတယ်။ တောင်းဆိုမှုတိုက်ပွဲ ဆိုတာလည်း ဆန္ဒပြဖို့၊ အကြမ်းဖက်ဖို့ ပြောတာမဟုတ်ပါဘူး။ စုပေါင်းပြီးတော့ လိုအပ်ချက်ကို ကျနော်တို့ ညင်ညင်သာသာ စုပေါင်းပြီးတော့ တညီတညာနဲ့ တင်ပြမယ်ဆိုရင်တော့ လိုအပ်တဲ့ အနေအထားတွေ ရောက်နိုင်မယ်လို့ ကျနော်ပြောချင်ပါတယ်။”

အဲတော့ ဦးလှမြင့်က ပြည်တွင်းမှာ အလုပ်သမားအသင်း ဖွဲ့စည်းခွင့်တို့ အခြေခံ ရပိုင်ခွင့်တွေ တောင်းဆိုတဲ့ နေရာမှာရော အခုလက်ရှိ အနေအထားအရ အကောင်းဆုံး ပါလုပ်နိုင်မှာလဲ။

ဦးလှမြင့် ----- ကျနော်တို့ လုပ်နိုင်တာရှိပါတယ်။ ဘာလဲဆိုတော့ ILO ချထားတဲ့ အခြေခံတွေရှိတယ်။ ကျနော်တို့ အလုပ်သမား ပြဿနာတွေကို အလုပ်သမား၊ အလုပ်ရှင်၊ တည်ဆဲအစိုးရ ၃ ဦး၊ ၃ ဖလှယ် ဖြေရှင်းတဲ့နည်း ဖြစ်ပါတယ်။

ဘာတွေလုပ်ရင် အကောင်းဆုံး ဖြစ်မယ်လို့ ဦးမင်းလွင်ဦးက ယူဆပါသလဲ။

ဦးမင်းလွင်ဦး ----- “ အခုလောလောဆယ် အခြေအနေမှာ ပြောရမယ်ဆိုလို့ရှိရင်တော့ ပြည်တွင်းမှာ အလုပ်သမား၊ တောင်သူလယ်သမားတွေရဲ့ ရပိုင်ခွင့် အခွင့်အရေးတွေပတ်သက်လို့ မိမိရဲ့အခွင့်အရေးတွေကို ကာကွယ်ဖို့ လိုတယ်ဆိုလို့ရှိရင်တော့ အနီးစပ်ဆုံး အားကိုးစရာ ဆိုလို့ရှိရင်တော့ အနီးစပ်ဆုံး အားကိုစရာက ILO တခုဘဲရှိပါတယ်။ ILO ကို တင်ပြပြီးတော့ အရေးဆိုနိုင်တယ်။ ဒါပေမဲ့ ILO တင်ပြ အရေးဆိုတိုင်းလည်း ရနိုင်မယ်လို့လည်း အာမမခံနိုင်ပါဘူး။”

“ဘာကြောင့်လည်းဆိုတော့ အလုပ်သမား ဥပဒေကို ရှင်းပြမိတဲ့အတွက် ထောင်ဒဏ် တသက်တကျွန်း ကျခံရတဲ့ သူတွေကို ILO က အခုအချိန်အထိ မထုတ်ပေး နိုင်တာကိုလည်း ကျနော်တို့ တွေ့နေရပါတယ်။ သို့သော်လည်း လောလောဆယ် အခြေအနေမှာတော့ ILO ကသာ ပြည်တွင်းမှာရှိတဲ့ အလုပ်သမား၊ တောင်သူလယ်သမားတွေရဲ့ အခြေအနေတွေကို အနီးကပ်ဆုံး ကူညီ ဆောင်ရွက်ပေးနိုင်တယ်လို့ မြင်တယ်။”

သောတရှင်များခင်ဗျား၊ မြန်မာနိုင်ငံမှာ အလုပ်သမား အခွင့်အရေး ရရှိရေးအတွက် ခေတ်အဆက်ဆက် တိုက်ပွဲဝင်ခဲ့ကြပေမဲ့ အခုအချိန်အထိ အပြည့်အ၀ မရရှိသေးတဲ့အတွက် အလုပ်ရှင်၊ အလုပ်သမားနဲ့ အစိုးရအကြား ဆက်လက်ညှိနှိုင်း အဖြေရှာကြဖို့ လိုဦးမယ်လို့ ယူဆကြောင်း ကမ္ဘာ့အလုပ်သမားနေ့ အစီအစဉ်အဖြစ် စီစဉ်တင်ဆက်လိုက်ရပါတယ်ခင်ဗျား။

0 comments:

Post a Comment