Friday, May 08, 2009

Filled Under:

လူ့အခွင့်အရေး ကာကွယ်သူများအား အကာအကွယ်ပေးခြင်း

ညီညီချမ်း
မေလ၊ ၈ ရက်၊ ၂၀၀၉ ခုနှစ်

အာရှနိုင်ငံသည် ဥရောပနှင့် မြောက်အမေရိက နိုင်ငံများကဲ့သို့ ဒီမိုကရေစီစနစ် မဖွံ့ဖြိုးသေးပေ။ နိုင်ငံအများအပြားတွင် အာဏာရှင်စနစ်မှ ဒီမိုကရေစီစနစ်ဆီသို့ အသွင်ပြောင်းစဖြစ်၍ အုပ်ချုပ်သူနှင့် အုပ်ချုပ်ခံ လူတန်းစား နှစ်ရပ်စလုံးမှာ ဒီမိုကရေစီလမ်းစဉ်အား နားလည်သူ ရှိသင့်သလောက် မရှိသေးပေ။ ထို့ကြောင့် နိုင်ငံရေး၊ စီးပွားရေးနှင့် လူမှုရေးကိစ္စများ စီမံဆောင်ရွက်ရာတွင် လေးစား အသိအမှတ်ပြုမှုဖြင့် ကိုင်တွယ် ဖြေရှင်းသည့်အစား အသာစီးဖြင့် ဖိနှိပ် အနိုင်ကျင့်မှုတို့ကိုသာ နေရာအနှံ့အပြားတွင် ဖြစ်ပေါ်နေလေ့ရှိသည်။

ဖိနှိပ် အနိုင်ကျင့်မှုသည် ချိုးဖေါက်မှု၏ အခြေခံဖြစ်၍ လူသားတို့အပေါ် ဖိနှိပ် အနိုင်ကျင့်မှုသည် လူ့အခွင့်အရေး ချိုးဖေါက်မှုဖြစ်သည်ဟု ဆိုရပေမည်။ လူ့အခွင့်အရေး ချိုးဖေါက်မှုနှင့် ချိုးဖေါက်သူ ရှိနေသည်နှင့်သမျှ တချိန်တည်းမှာပင် ၎င်းချိုးဖေါက်မှုကို တားဆီးနိုင်ရန် လူ့အခွင့်အရေးအား အကာအကွယ်ပေးမှုနှင့် လူ့အခွင့်အရေး ကာကွယ်သူတို့၏ အခန်းကဏ္ဍသည် မလွှဲမရှေင်သာ အရေးပါလာသည်။ သို့ဖြစ်၍ မည်သူကား လူ့အခွင့်အရေး အကာအကွယ်ပေးသူ ဖြစ်သည်ကို လေ့လာရန်လည်း မရှိမဖြစ် လိုအပ်လာပါတော့သည်။

၁၉၉၈ ခုနှစ်
ကုလသမဂ္ဂ အထွေထွေညီလာခံမှ အတည်ပြုခဲ့သော လူ့အခွင့်အရေး ကာကွယ်သူ ကြေငြာစာတမ်း ( Declaration on Human Rights Defenders) အရ လူ့အခွင့်အရေး ကာကွယ်သူ၏ ဆိုလိုချက် အဓိပ္ပါယ်အား ရှင်းရှင်းလင်းလင်း ဖေါ်ပြထားခြင်း မရှိသေးပါ။ သို့သော် မည်သူမဆို လူ့အခွင့်အရေး ချိုးဖေါက်မှုမှ အကာအကွယ်ပေးခြင်း၊ လူ့အခွင့်အရေး တိုးတက်စေရန် ဆောင်ရွက်ခြင်းတို့သည် လူသားတိုင်း၏ အခွင့်အရေးနှင့် တာဝန်များဖြစ်သည်။ ၎င်းအခွင့်အရေးအပေါ် ခံစားခွင့်ရှိသူနှင့် တာဝန်အပေါ် အကာအကွယ်ပေး သူတို့သည် လူ့အခွင့်အရေး ကာကွယ် စောင့်ရှောက်သူများ ဖြစ်သည်။

လူ့အခွင့်အရေး ကာကွယ်သူ သဘောတူစာချုပ်၏ လိုရင်းအချက်နှင့် လိုလျောညီထွေမှုရှိသည့် အသွင်လက္ခဏာ ကို ဖေါ်ဆောင်ရာတွင် “လူ့အခွင့်အရေး ကာကွယ်စောင့်ရှေက်သူသည် ၎င်းလုပ်ငန်းအပေါ်တွင် ကျွမ်းကျင်မှု၊ သမိုင်းနောက်ခံ၊ လက်ရှိ လုပ်ငန်းအခြေအနေ၊ အရည်အချင်းနှင့် မသက်ဆိုင်ဘဲ ၎င်းတာဝန်ယူ လုပ်ဆောင်သော လုပ်ငန်းများတွင် တက်ကြွစွာ လှုပ်ရှား ဆောင်ရွက်မှု အပေါ်တွင်သာ အခြေခံပါသည်” ဟုသာ လူ့အခွင့်အရေး အထူးကိုယ်စားလှယ်အဖြစ် တာဝန် ထမ်းဆောင်ခဲ့ဘူးသူ ပါကစ္စတန်နိုင်ငံသား Hina Jilani က မိန့်ဆိုခဲ့ ပါသည်။ ၎င်းထောက်ပြသည့် အနေအထားနှင့် စပ်လျဉ်းပြီး လူ့အခွင့်အရေးတိုးတက်ရန် ဆောင်ရွက်သူများမှာ ရှေ့နေများ၊ သတင်းသမားများ၊ လူ့အခွင့်အရေး ချိုးဖေါက်ခံရသည့် သားကောင်များ၊ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်း စောင့်ရှောက်သူများ၊ လူနည်းစု အခွင့်အရေး တိုက်ပွဲဝင်သူများ၊ လူသားချင်းစာနာ အကူအညီပေးသူများနှင့် ကုလသမဂ္ဂ၀န်ထမ်းများ အစရှိသူတို့ အားလုံးသည် လူ့အခွင့်အရေး ကာကွယ်သူများ ဖြစ်ကြသည်။

လူ့အခွင့်အရေး ကော်မရှင်နာမင်းကြီးရုံး (Office of the High Commissioner of Human Rights) အဆိုအရ “လူသားအားလုံးသည် လူ့အခွင့်အရေး ကာကွယ်စောင့်ရှောက်သူများ ဖြစ်ရန် လိုအပ်ပေသည်။ အနိမ့်ဆုံး သင့်အနေဖြင့် လူအများနှင့် သက်ဆိုင်သည့် အခွင့်အရေးအား အယုံအကြည်ရှိပြီး လူ့အခွင့်အရးအား ကာကွယ် မြှင့်တင်ရာတွင် မှန်ကန်သော ရည်ရွယ်ချက်ဖြင့် ဖေါ်ဆောင်လိုပါက ငြိမ်းချမ်းသောနည်းဖြင့် လုပ်ငန်းများ အကောင်အထည် ဖေါ်ဆောင်ကြရန်” တိုက်တွန်းထားပါသည်။

0 comments:

Post a Comment