Wednesday, May 06, 2009

Filled Under:

ဒေါ်အောင်ဆန်းစုကြည်ရဲ့ အယူခံချက် ပယ်ချခံလိုက်ရတဲ့အပေါ် ဥပဒေကြောင်းအရ သုံးသပ်

BBC ----- 6 May 2009
မြန်မာနိုင်ငံမှာ ဒေါ်အောင်ဆန်းစုကြည်ကို နေအိမ်အကျယ်ချုပ်နဲ့ ဖမ်းဆီးထားတာဟာ ၂၀၀၃ ခုနှစ်၊ မေလ ၂၇ ရက်နေ့မှာ စပြီးဖမ်းဆီးတာ ဖြစ်တဲ့အတွက် လာမဲ့မေလ ၂၇ ရက်ဆိုလို့ရှိရင် ၆ နှစ်တင်းတင်း ပြည့်တော့မှာ ဖြစ်ပါတယ်။ သူ့ရဲ့အယူခံလွှာကို ပြီးခဲ့တဲ့ သောကြာနေ့က ဖယ်ဖျက် လိုက်တယ်ဆိုတော့ ဒီကိစ္စဟာ ဥပဒေရေးရာအရ ဘာဆက်လုပ် နိုင်မှာလဲ။ ဒီအကြောင်းကိုတော့ AHRC လို့ခေါ်တဲ့ အာရှလူ့အခွင့်အရေးကော်မရှင်မှ ရှေ့နေ ဦးမင်းလွင်ဦးကို ဆက်သွယ်မေးမြန်းထားပါတယ်။

ဦးမင်းလွင်ဦး ----- “ ဒေါ်အောင်ဆန်းစုကြည်ကို နိုင်ငံတော်အား နှောင့်ယှက်ဖျက်ဆီးလိုသူများ ဥပဒေအရ အရေးယူထားတဲ့ ကိစ္စရပ်နဲ့ ပတ်သက်လို့ ၀န်ကြီးအဖွဲ့ကို ဒေါ်အောင်ဆန်းစုကြည်ရဲ့ ရှေ့နေ ဦးကြည်ဝင်းကနေပြီးတော့ အယူခံ တင်သွင်းတယ်လို့ ကျနော်တို့ သိရပါတယ်။”

“ အဲဒီလို တင်သွင်းတဲ့အခါမှာ အယူခံလွှာကို လက်ခံခြင်းမရှိဘဲနဲ့ ဥပဒေနဲ့ မညီညွတ်တဲ့အတွက် ဆိုပြီး ပယ်ချလိုက်တယ် ဆိုတာကို ကျနော်တို့ သိရပါတယ်။ အဲတော့ အဲဒီလို အယူခံ တင်ရတဲ့ ကိစ္စကလည်း ဒေါ်အောင်ဆန်းစုကြည်ကို ချုပ်နှောင်ထားတဲ့ ဥပဒေအရ အယူခံနိုင်ခွင့်ရှိတယ်ဆိုတဲ့ သတ်မှတ်ချက်အပေါ်မှာ ဒေါ်အောင်ဆန်းစုကြည်ရဲ့ အကျိုးဆောင်တွေကပြီး အယူခံလွှာ တင်သွင်းခဲ့ခြင်း ဖြစ်တယ်။ အဲတော့ အခုလို အယူခံလွှာ ပတ်လတ်လိုက်တဲ့အတွက် ဆက်လက်ပြီး လုပ်ဆောင်ဖို့အတွက်တော့ အခက်အခဲတွေ အများကြီး ဖြစ်သွားတယ် ဆိုတာကို ကျနော်တို့ သိရပါတယ်။”

သူတို့ပယ်ချတဲ့အထဲမှာ ဥပဒေနဲ့ မညီညွတ်ဘူးလို့ ပြောတယ်လေ။ အဲဒါနဲ့ပတ်သက်လို့ရော ဘယ်အချက်တွေအပေါ်မှာ အခြေခံပြီးပယ်ချတယ်လို့ ကြားမိလဲ။

ဦးမင်းလွင်ဦး ----- “ ဒီဥပဒေက ကျနော်တို့ ပြောရမယ်ဆိုလို့ရှိရင် စီမံခန့်ခွဲရေးဆိုင်ရာ ဥပဒေအရ ဖမ်းဆီးထိန်းသိမ်း ထားတာဖြစ်တဲ့အတွက် ဒီဥပဒေမှာ ဥပဒေနဲ့မညီဘူး ပြောဖို့ဆိုတာ တော်တော်ခဲယဉ်းတဲ့ ကိစ္စပါတယ်။ ဘယ်အကြောင်း အချက်အလက်က ဥပဒေနဲ့ မညီဘူးဆိုတာကိုလည်း အစိုးရအဖွဲ့၊ ၀န်ကြီးအဖွဲ့ ကနေပြီးတော့ တိတိကျကျ ပြန်ကြားခြင်းမရှိဘူး ဆိုတာကိုလည်း ကျနော်တို့ ကြားသိရတယ်။”

“ အဲတော့ ဥပဒေနဲ့ မညီဘူးဆိုတာက ပါးစပ်က သာမန်ပြောရုံလောက်နဲ့ ပြောပြီးတော့ ပယ်ချလိုက်တဲ့သဘော ဖြစ်နေတဲ့အတွက် ဖမ်းဆီးချုပ်နှောင်ခြင်း ခံထားရသူအတွက်က အလွန်တရာပင် နစ်နာတယ်။ အခွင့်အရေးတွေအရ ဆုံးရှုံးတယ်လို့ ကျနော်တို့ ပြောချင်ပါတယ်။”

နောက်တခုကလည်း ဒေါ်အောင်ဆန်းစုကြည်ကို (၅) နှစ်ဘဲ ဥပဒေအရ ထိန်းသိမ်းနိုင်တယ်။ နိုင်ငံတကာကလည်း ဒီနေရာမှာ အစိုးရက သူကိုယ်တိုင်ကနေပြီးတော့ ဥပဒေကို မလိုက်နာဘူးဆိုပြီးတော့ ဝေဖန်တာတွေ၊ ရှုံ့ချတာတွေ အများကြီးရှိတယ်လေ။ အဲဒီလို ပြောနေတာနဲ့ ပတ်သက်လို့ရော ဦးမင်းလွင်ဦးတို့ Asian Human Rights Commission က ဥပဒေကြောင်းအရ ဘယ်လို ဝေဖန်သုံးသပ် နိုင်ပါသလဲ။

ဦးမင်းလွင်ဦး ------ “ကျနော်တို့ ဒီဥပဒေကို ပြန်လည်လေ့လာကြည့်တဲ့အခါမှာ ဒီဥပဒေရဲ့ ပုဒ်မ ၁၄ (က) ဆိုထားတာက ၀န်ကြီးအဖွဲ့သညှ် ဆက်လက်ဖမ်းဆီး ချုပ်နှောင်ရန်ဖြစ်စေ၊ ဆက်လက် တားဆီးမှု ပြုလုပ်ရန်ဖြစ်စေ ကြိုတင်ခွင့်ပြုချက်ပေးရမည်။ တကြိမ်လျှင် တနှစ်ထက်မပိုစေဘဲ၊ စုစုပေါင်း (၅) နှစ်အထိ ခွင့်ပြုနိုင်တယ်။ စုစုပေါင်း (၅) အထိပဲ ခွင့်ပြုနိုင်တယ်လို့ ပြောပါတယ်။ ဒါပေမဲ့ အခု သူတို့ ဖမ်းဆီးချုပ်နှောင်ထားတာက (၆) နှစ် ဖြစ်နေတဲ့အတွက် ဒါက ဥပနေနဲ့ မညီညွတ်ဘူးဆိုပြီး ကျနော်တို့က ထောက်ပြ ပြောဆိုနေရတာဖြစ်ပါတယ်။ အဲတော့ အဲလိုထောက်ပြ ပြောဆိုနေတဲ့ ဥစ္စာက ဥပဒေနဲ့ မညီဘဲနဲ့ အစိုးရက လုပ်ဆောင်နေတဲ့ ကိစ္စကို စစ်အစိုးရအနေနဲ့ ဒါကိုဝန်ခံဖို့ရန်အတွက် သူတို့အနေနဲ့ အခက်အခဲ ဖြစ်နေပြီး မသိကျိုးကျွံပြုနေတယ်လို့ ကျနော်တို့ ထင်မြင်ယူဆပါတယ်။”

ပြည်တွင်းမှာ ဖြစ်နေတဲ့ကိစ္စကို ပြည်ပကနေပြီးတော့ အကြံပြုတာတို့၊ ဆောင်ရွက်တာတို့ လုပ်လို့ရတဲ့ အနေအထားမျိုး တွေ့ရပါသလား။

ဦးမင်းလွင်ဦး ---- “ မတရားဖမ်းဆီး ထိန်းသိမ်းခြင်းခံရသူများ စောင့်ကြည့်လေ့လာတဲ့ အဖွဲ့ကနေပြီးတော့၊ ကုလသမဂ္ဂ လူ့အခွင့်အရေး ကောင်စီ လက်အောက်ခံ အဖွဲ့ကနေပြီးတော့ အစောက ကျနော်တို့ ပြောသလို ပုဒ်မ ၁၄ ကိုဘဲ ထောက်ပြပြီးတော့ ဒီအချက်ကတော့ အစိုးရအနေနဲ့ ဥပဒေကို ကျူးလွန်ဖေါက်ဖျက်သည့် ကိစ္စရပ်ဖြစ်တယ်။ ဒေါ်အောင်ဆန်းစုကြည်ကို ချွင်းချက်မရှိ အမြန်ဆုံး လွှတ်ပေးဖို့ လိုတယ်ဆိုတာကို ပုဒ်မ ၁၄ ကနေပြီးတော့ နိုင်ငံတကမှ ပြောဆို ဖိအားပေးနေတာဖြစ်တယ်။”

အဲဒါကတော့ AHRC လို့ခေါ်တဲ့ အာရှလူ့အခွင့်အရေးကော်မရှင် ရှေ့နေ ဦးမင်းလွင်ဦးက နေပြီးတော့ ဒေါ်ဆောင်ဆန်းစုကြည်ရဲ့ အကျယ်ချုပ် အယူခံပယ်ချမှုအပေါ်မှာ ဥပဒေရေးရာကနေပြီးတော့ သုံးသပ်သွားတာ ဖြစ်ပါတယ်။

(ဤသတင်းနှင့် ပတ်သက်ပြီး ဒီအင်တာနက် စာမျက်နှာတွင် ဖတ်ရှုနိုင်ပါသည်။)
http://www.bbc.co.uk/myanmar/burma/story/2009/05/090505_burma_appeal.shtml

0 comments:

Post a Comment