Monday, May 11, 2009

Filled Under:

ဒေါ်အောင်ဆန်းစုကြည်ရဲ့ အယူခံလွှာ အပယ်ခံရတာနဲ့ ပတ်သက်ပြီး ရှေ့နေ ဦးကြည်ဝင်းနှင့် ဦးမင်းလွင်ဦးတို့၏ အမြင်

RFA ----- 11 May 2009
ဒေါ်အောင်ဆန်းစုကြည်ရဲ့ နေအိမ်အကျယ်ချုပ် အယူခံလွှာကို ပြီးခဲ့တဲ့နှစ် အောက်တိုဘာလက တင်ခဲ့တာ ဖြစ်ပေမဲ့ (၆) လကျော် ကြာလာတဲ့အထိ ဘာမှ ထူးခြားမှု မရှိသေးပါဘူး။ ဒါကြောင့် ရှေ့နေဦးကြည်ဝင်းက ဧပြီလ ၂၈ ရက်နေ့က ဗိုလ်ကြီးမှူးကြီး သန်းရွှေထံကို စာပို့ခဲ့ပါတယ်။

စာထဲမှာ စစ်အစိုးရအနေနဲ့ မိမိထုတ်ပြန်ခဲ့တဲ့ ဥပဒေကို ကိုယ်တိုင်ချိုးဖေါက်နေတာ ရောက်ပါတယ်ဆိုတဲ့ စာပိုဒ်ကိုလည်း ထည့်သွင်း ဖြေါ်ပြခဲ့တယ်လို့ ဦးကြည်ဝင်းက ပြောပါတယ်။

ဦးကြည်ဝင်း ------ “ ၂၈ ရက်နေ့က ဗိုလ်ချုပ်မှူးကြီးဆီ တင်လိုက်တဲ့ စာထဲမှာ အစိုးရအဖွဲ့ဟာ မိမိတို့နိုင်ငံတွင်းက တည်ဆဲရှိရင်းစွဲ ဥပဒေကို တာဝန်ရှိပါလျှက်နဲ့ လုပ်ဆောင်ခြင်းမရှိ။ ဒါကြောင့်မို့လို့ ရေတို၊ ရေရှည် တော်တော်စဉ်းစားသင့်တယ်လို့ စာတင်လိုက်ပါတယ်။”

အဲဒီလိုတင်ပြအပြီး ၂ ရက်အကြာ ဧပြီလ ၃၀ မှာတော့ စစ်အစိုးရအဖွဲ့က ဦးကြည်ဝင်းထံကို အယူခံ ပယ်လိုက်တဲ့အကြောင်း အကြောင်းကြားစာ ရောက်လာခဲ့တယ်လို့ ဆိုပါတယ်။ ဒါတိုက်ဆိုင်မှုလည်း ဖြစ်နိုင်တယ်လို့ ဦးကြည်ဝင်းက ပြောပါတယ်။

အယူခံလွှာကို ပယ်ချလိုက်တဲ့ အကြောင်းပြချက်ကတော့ သက်သေခံ အထောက်အထား အခိုင်အမာ မရှိဘူးလို့ဆိုပြီး အကြောင်းပြ ထားပါတယ်။ ဒီကိစ္စနဲ့ ပတ်သက်ပြီးတော့ အာရှလူ့အခွင့်အရေး ကော်မရှင်မှ ဥပဒေပညာရှင် ဦးမင်းလွင်ဦးကတော့ အစိုးရရဲ့ ဆုံးဖြတ်ချက်ဟာ အကျဉ်းနည်းဆန်လွန်းလှပါတယ်လို့ ဆိုပါတယ်။

ဦးမင်းလွင်ဦး ------
“ချမှတ်ထားတဲ့ ဥပဒေက စီမံခန့်ခွဲရေး ဥပဒေ ဖြစ်တဲ့အတွက် သာမာန် တရားရုံး တွေမှာ ဆုံးဖြတ်သလို အကျဉ်းနည်းနဲ့ ပလပ်လိုက်လို့ ရတဲ့ကိစ္စ မဟုတ်ပါဘူး။ နောက်ပြီး တော့ အမှု သဘော သဘာဝ အရလည်း ပြစ်မှုနဲ့ ကွာခြားတဲ့ အတွက် ဒီလိုမျိုး (၅) နှစ်ကျော် ထိန်းသိမ်းထားတဲ့ အပေါ်မှာ အစိုးရအဖွဲ့အနေနဲ့ ဒါကို အလေးအနက် ထားပြီးတော့ စဉ်းစား သင့်တယ်လို့ ကျနော်တို့ ပထမအနေနဲ့ ပြောချင်ပါတယ်။”

“နောက်တခါ အစိုးရ ၀န်ကြီးအဖွဲ့ရဲ့ ဆုံးဖြတ်ချက်ကို မကျေနပ်ဘူးဆိုလို့ရှိရင် တခါ ပုဒ်မ ၂၁ မှာ တရားသူကြီးအဖွဲ့ကို အယူခံနိုင်တယ်လို့ ဆိုတယ်။ ဆိုတယ် ဆိုပေမဲ့လဲ၊ ဒါဟာလည်း ၀န်ကြီးအဖွဲ့ရဲ့ ခွင့်ပြုချက်ရမှဆိုတော့ ကျနော်တို့ အနေနဲ့ ဒီအယူခံလွှာက လမ်းဆုံးနေတဲ့သဘောမျိုး သက်ရောက်နေသလို ဖြစ်တယ်။”

ဦးမင်းလွင်ဦးက ပုဒ်မ ၂၁ ကို အခြေခံပြီး ပြောပေမဲ့ ဦးကြည်ဝင်းကတော့ ပုဒ်မ ၂၁ ဆိုတာဟာ ဗိုလ်ချုပ်မှူးကြီး စောမောင်လက်ထက် ကတည်းက ဖျက်သိမ်းလိုက်ပြီး ဖြစ်တယ်လို့ ပြောခဲ့ပါတယ်။

ဦးကြည်ဝင်း ----- “ပုဒ်မ ၂၁ ကတော့ အဲလိုကိစ္စဆိုရင် High Court ရောက်တယ်၊တရားရုံးချုပ် ပုဒ်မ ၂၁ က အဲလို ပြန်ဌာန်းထားတယ်။ သို့သော် အဲဒီ ၂၁ ကို ၁၉၉၁ ခုနှစ်ကျတော့ န ၀ တ အစိုးရလက်ထက် ဗိုလ်ချုပ်မှူးကြီး စောမောင်က အဲဒီလက်ထက်မှာ ဖျက်လိုက်တယ်ဗျား။”

“နောက်သူတို့က ဆက်ပြီးတော့ တားဆီးမိန့်ကို ခွင့်ပြုတယ်။ High Court ရောက်သွားမှ High Court တရားသူကြီးက ဖယ်ဖျက်ရင် ရှုပ်ကုန်မယ်ဆိုတော့ အဲဒီမှာ ၂၁ ကို ဖျက်လိုက်တယ်။”

ပြောကြစတမ်း ဆိုလို့ရှိရင် ဗိုလ်ချုပ်မှူးကြီး စောမောင်အနေနဲ့ဟာ ဒီဥပဒေမျိုးကို ပယ်ဖျက်ခွင့်ရှိပါသလား ခင်ဗျား။

ဦးကြည်ဝင်း ----- “သူကလည်း အာဏား ၃ ရပ်စလုံးကို ကိုင်တာဖြစ်ပါတယ်။ ဥပဒေပြုပိုင်ခွင့်၊ တရားစီရင်ပိုင်ခွင့်၊ အုပ်ချုပ်ပိုင်ခွင့် အာဏာကြီး ၃ ရပ်စလုံးကို သူက ကိုင်တော့ကာ လုပ်ပိုင်ခွင့် ရှိတယ်လို့လည်း ဆိုရမှာဘဲ။”

တရားဝင် ရွှေးချယ်တယ်မြှောက်ထားတဲ့ အစိုးရ မဟုတ်တဲ့အတွက်ကြောင့် ဒီဟာမျိုးတွေ လုပ်ပိုင်ခွင့် မရှိဘူးလို့လည်း အချို့က ပြောတယ်လေ။

ဦးကြည်ဝင်း ------ “ အေးပေါ့လေ။ ဒါက လုပ်ပိုင်ခွင့် မရှိဘူးဆိုတော့ Defacto Government ဆိုတော့။”

တကယ်တော့ ဒေါ်အောင်ဆန်းစုကြည်ကို ကန့်သတ်ထားတဲ့အမိန့်ဟာ ၂၀၀၉ ခုနှစ် မေလအတွင်းဆိုရင် (၆) နှစ် တင်းတင်း ပြည့်ပြီးဖြစ်ပါတယ်။ စစ်စိုးရရဲ့ လက်ရှိ တည်ဆဲဥပဒေအရ ဆက်လက်ချုပ်နှောင်ပိုင်ခွင့် မရှိတော့ဘူးလို့ ဥပဒေပညာရှင်တွေက ပြောနေပါတယ်။ ဒါကြောင့် အယူခံ တင်စရာမလိုတော့ဘူးလို့ အာရှလူ့အခွင့်အရေး ကော်မရှင်က ပြောပါတယ်။

ဦးမင်းလွင်ဦး ------ မေလ ၂၇ ရက်ဆိုရင် ဒေါ်အောင်ဆန်းစုကြည်ကို ကန့်သတ်တားဆီးမိန့် ထုတ်ထားတာက ၆ နှစ်တင်းတင်း ပြည့်ပြီးဖြစ်တယ်။ အဲတော့ (၆) နှစ်တင်းတင်း ပြည့်လာတဲ့အချိန်မှာ ကန့်သတ်တားဆီးမိန့် ထုတ်ထားတဲ့သူကို ပြစ်မှုကြောင်းအရ ဖြစ်စေ၊ တခြား သက်ဆိုင်တဲ့ အချို့ အထူးဥပဒေအရဖြစ်စေ တရားစွဲနိုင်တယ်ဆိုလို့ရှိရင် ရုံးတင် တရားစွဲဖို့ လိုတယ်။”

“အဲဒီလိုမှ တရားစွဲဆိုနိုင်တဲ့ အထောက်အထား တစုံတရာမရှိတော့ဘူးဆိုရင်တော့ ဒီကန့်သတ် တားဆီးမိန့်ကို ရုပ်သိမ်းပြီးတော့ ဒေါ်အောင်ဆန်းစုကြည်ကို ပြန်လည် လွှတ်ပေးရမယ်ဖြစ်တယ်။ ဘာဖြစ်လို့ ဒီလို ပြောရသလဲဆိုလို့ရှိရင် ဦးနေ၀င်းရဲ့သမီး ခင်စန္ဒာဝင်းကိုလည်း ဒီလို ၆ နှစ်အထိ ကန့်သတ်ထားတာဖြစ်တယ်။ ၆ နှစ် ပြည့်သွားတဲ့အခါမှာ မည်သည့်ဥပဒေ ပုဒ်မနဲ့မှ အရေးယူနိုင်ခြင်း မရှိတဲ့အတွက် ပြန်လွှတ်ပေးရတဲ့ အခြေအနေဖြစ်တယ်။”

ဒါပေမဲ့ သုံးသပ်သူအချို့ အဆိုအရကတော့ ပြီးခဲ့တဲ့ ရက်ပိုင်းတွင်းက နိုင်ငံခြားသားတဦး ဒေါ်အောင်ဆန်းစုကြည် ခြံဝင်းအတွင်းကို ၀င်ရောက်ခဲ့တယ် ဆိုတဲ့ကိစ္စဟာ ဒေါ်အောင်ဆန်းစုကြည်ကို ဆက်လက် ချုပ်နှောင်ဖို့အတွက် မရိုးမသား အစီအစဉ်တွေ ရှိနေနိုင်တယ်ဆိုပြီး စိုးရိမ်စိတ်တွေ ပေါ်ပေါက်နေကြပါတယ်။

ဦးမင်းလွင်ဦး ----- “ကန့်သတ်တားဆီးမိန့် ထုတ်ထားတဲ့ သူအပေါ်မှာ အစိုးရကနေပြီးတော့ လုံခြုံရေးအရ တာဝန်ရှိတယ်။ ထိုနည်းတူစွာ ကျန်းမာရေးအရလည်း တာဝန်ရှိတယ်။ ကိစ္စအရပ်ရပ် အားလုံးအတွက် တာဝန်ရှိတဲ့ အစိုးရအပေါ်မှာ အားလုံးမူတည် နေတာဖြစ်တယ်။ အခုလိုမျိုး ဒေါ်အောင်ဆန်းစုကြည်အိမ်ကို နိုင်ငံခြားသား တဦးတယောက်ကနေပြီး ဒီလိုမျိုး ၀င်ထွက်သွားလာနိုင်တဲ့ အခြေအနေမျိုးအထိ ရောက်တယ်ဆိုတဲ့ ဥစ္စာက သတ်မှတ်ပြန့်ဌာန်းထားတဲ့ ဥပဒေတွေနဲ့အညီ ဒေါ်အောင်ဆန်းစုကြည်ရဲ့ လုံခြုံရေးကို တိတိကျကျ တာဝန်ယူ ဆောင်ရွက်ထားခြင်း မရှိဘူး ဆိုတာကို ကျနော်တို့ ပြောချင်တယ်။”

“အဲဒီအတွက်လည်း ဒေါ်အောင်ဆန်းစုကြည်ရဲ့ လုံခြုံရေးအခြေအနေဟာ စိုးရိမ်စရာ အခြေအနေ ရှိတယ်ဆိုတာကို ကျနော်တို့ အာရှလူ့အခွင့်အရေး ကော်မရှင်အနေနဲ့ ထပ်ပြီးပြောလိုပါတယ် ခင်ဗျား။”

ဒါကတော့ အာရှလူ့အခွင့်အရေး အဖွဲ့မှ ဦးမင်းလွင်ဦး ပြောပြာသွားတာပါ။

ဦးကြည်ဝင်းကတော့ အယူခံကို ပယ်လိုက်ပေမဲ့ ထပ်ပြီးတင်ဦးမယ်လို့ ပြောလိုက်ပါတယ်။ ဒေါ်အောင်ဆန်းစုကြည်နဲ့ ပတ်သက်ပြီး ဘာမှလုပ်စရာ မရှိတော့ဘူးလို့ ဘယ်သူတွေက ဘာတွေပြောပြော လုပ်စရာ ရှိတာတော့ တာဝန်အတိုင်း ဆက်ပြီးလုပ်ရမှာပါလို့ ပြောခဲ့ပါတယ်။ ဦးကြည်ဝင်းရဲ့ မှတ်ချက်စကားနဲ့ဘဲ ဒီအစီအစဉ်ကို အဆုံးသတ်လိုက်ပါရစေ။

ဦးကြည်ဝင်း ----- “ အဲဒီ ဘာမှ မလုပ်နိုင်ဘူး ဆိုတဲ့အချက်တချက်က ဘယ်လိုပြောရမယ်ဆိုတော့ မိုးပေါက်လေးတွေ တပေါက်ပြီးတပေါက် ဆက်ကျနေရင်တော့လည်း ကန်ကတော့ ပြည့်လောက်တယ်လို့ ဒီလိုဘဲ ပြောရတာပေါ့ဗျား။”

0 comments:

Post a Comment