မြန်မာစစ်အစိုးရလက်ထက် လူ့အခွင့်အရေး ချိုးဖေါက်မှုတွေဟာ လူသားမျိုးနွယ်စုတွေအပေါ် ပြစ်မှုကျူးလွန်တာ ဟုတ်/ မဟုတ် ဆိုတာကို ဥပဒေ ရှုထောင့်မှ ဘယ်လိုမြင်နိုင်မယ်ဆိုတာ သိနိုင်အောင် AHRC လို့ခေါ်တဲ့ ဟောင်ကောင် အခြေစိုက် အာရှလူ့အခွင့်အရေး ကော်မရှင်မှ ရှေ့နေဦးမင်းလွင်ဦးကို ကိုကျော်အောင်လွင်က တိုက်ရိုက် ဆက်သွယ်မေးမြန်း ထားခဲ့ပါတယ်ခင်ဗျား။ ဦးမင်းလွင်ဦးရေ ခဏက ကြားတဲ့သတင်းတွေ အတိုင်းပါဘဲခင်ဗျား။ မြန်မာပြည်မှာ လူ့အခွင့်အရေး ချိုးဖေါက်မှုတွေဟာ လူသားမျိုးနွယ်စု အပေါ်မှာ ပြစ်မှုကျူးလွန်တဲ့ အခြေအနေအထိ ရောက်မရောက်ဆိုတာကို ဗြိသသျှ ပါလီမန် လွှတ်တော်အမတ် ၅၀ ကနေပြီးတော့ ပြောဆိုနေပါပြီခင်ဗျား။
ဆိုတော့ ဦးမင်းလွင်ဦးတို့က လူ့အခွင့်အရေးကိစ္စတွေကို လေ့လာနေတယ်။ နိုင်ငံတကာကို အသိပေးနေတဲ့ ရှေ့နေအဖွဲ့ဆိုတော့ ဒီလိုကိစ္စတွေဟာ Crime Against Humanity လို့ခေါ်တဲ့ လူသားမျိုးနွယ်စုအပေါ်မှာ ပြစ်မှု ကျူးလွန်တဲ့ အဆင့်အထိ ရောက်နေပြီလို့ ထင်ပါသလားခင်ဗျား။
ဦးမင်းလွင်ဦး ----- “ ဟုတ်ကဲ့ခင်ဗျား၊ ကျနော်တို့ ဒီကိစ္စနဲ့ ပတ်သက်ပြီး ပြောရမယ်ဆိုလို့ရှိရင် မြန်မာနိုင်ငံအတွင်းမှာ အုပ်ချုပ်တဲ့ အစိုးရကိုယ်တိုင်က စနစ်တကျ စီမံပြီး တိုင်းသူပြည်သားတွေအပေါ်မှာ နှိပ်စက်တာတွေ၊ ညှင်းပမ်းတာတွေ၊ မုဒိန်းပြုကျင့်တာတွေ၊ နိုင်ငံရေးနဲ့ ဘာသာရေးအရ ခွဲခြား စီမံအုပ်ချုပ်တဲ့ ကိစ္စရပ်တွေကို စနစ်တကျ ကျူးလွန်ဖေါက်ဖျက်နေတာကို အရင်ကလည်း အထောက်အထားတွေ တော်တော်များများရှိပါတယ်။”
“ဥပမာအားဖြင့် ပြောရမယ်ဆိုရင် ဒီပဲယင်း အရေးအခင်း ဖြစ်တဲ့ကိစ္စရှိတယ်။ နောက်တခါ လတ်တလော နာဂစ်မုန်တိုင်း ဖြစ်တဲ့အခါမှာ ပြည်သူတွေအပေါ်မှာ အစိုးရရဲ့ စီမံခန့်ခွဲမှု ညံ့ဖျင်းတဲ့အတွက် ပြည်သူတွေကို လူသားမျိုးနွယ်စုတွေအပေါ်မှာ ကျူးလွန်တဲ့ ပြစ်မှုတွေအနေနဲ့ အရေးယူပေးဖို့ Johns Hopkins တက္ကသိုလ်ကနေပြီး တောင်းဆိုထားတဲ့ ကိစ္စရပ်တွေရှိပါတယ်။”
“အဲတော့ နိုင်ငံတကာမှာ ပြောနေသလို အစုလိုက်အပြုံလိုက် သတ်ဖြတ်ပြီး သေတဲ့ကိစ္စရပ်တွေ မဟုတ်ပါဘူး။ ဒါမေမဲ့ အစိုးရကနေပြီး စနစ်တကျ မသိမသာ ဆောင်ရွက်တဲ့ ကိစ္စရပ်တွေဟာ ကျနော်တို့ လူသားမျိုးနွယ်စု တွေအပေါ်မှာ ကျူးလွန်တဲ့ ဖြစ်မှုတွေ ဖြစ်တယ်ဆိုတယ်လို့ ပြောချင်ပါတယ်။”
ဟုတ်ကဲ့ မြန်မာပြည်မှာ စစ်အစိုးရလက်ထက် လူ့အခွင့်အရေး ချိုးဖေါက်မှုနဲ့ ပတ်သက်ပြီး ကုလသမဂ္ဂ လူ့အခွင့်အရေး ကောင်စီမှာ နှစ်တိုင်းဆိုသလို လူ့အခွင့်အရေး ကိုယ်စားလှယ်တွေက သွားတယ်။ သူတို့ရဲ့ တွေ့ရတဲ့ အခြေအနေတွေကို တင်ပြတယ်။ ဒါနဲ့ပတ်သက်ပြီးတော့ ကုလသမဂ္ဂမှ ဆုံးဖြတ်ချက်တွေ၊ ပြောဆိုမှုတွေ နှစ်တိုင်းလုပ်နေပါတယ်။ တကယ့်အတကယ်ကျတော့ မြန်မာပြည်မှာ လူ့အခွင့်အရေး အခြေအနေဟာ တိုးတက်လာတာမရှိဘူးလို့ ကုလသမဂ္ဂမှာ ပြောနေတော့ ဒီလိုအခြေအနေမျိုးမှာ စုံစမ်းစစ်ဆေးမှုလုပ်မယ် ဆိုတာက ထိရောက်မည့်သဘော မြင်ရပါသလားခင်ဗျား။
ဦးမင်းလွင်ဦး ------ “ ဟုတ်ကဲ့ခင်ဗျား။ ဒါကတော့ မြန်မာနိုင်ငံမှာ လက်ရှိ အုပ်ချုပ်နေတဲ့ စစ်အစိုးရတွေမှာ အဓိက အများကြီး မူတည်ပါတယ်။ အခုလိုမျိုး နိုင်ငံတကာ စုံစမ်းစစ်ဆေးရေး ကော်မရှင်ဖွဲ့ဖို့၊ နောက်ပြီး အဲဒီအဖွဲ့က စုံစမ်း စစ်ဆေးဖို့ဆိုတာက နိုင်ငံတကာ ရာဇ၀တ်ခုံရုံးကို တင်နိုင်ဖို့အတွက် ပထမဦးဆုံး ခြေလှမ်းဖြစ်တယ်။ အဲဒီတော့ နိုင်ငံတကာ ရာဇ၀တ်ခုံရုံးကို တင်နိုင်တာ၊ မတင်နိုင်တာ အပထား။”
မြန်မာနိုင်ငံအတွင်းမှာ ဖြစ်နေတဲ့ လူ့အခွင့်အရေး ချိုးဖေါက်မှုတွေက အခုအချိန်အထိ စဉ်ဆက်မပြတ် ဖြစ်ပွားနေတယ်ဆိုတာကို နိုင်ငံတကာ စုံစမ်းလေ့လာရေး အဖွဲ့ကနေပြီး သိရှိဖို့အတွက် လွှတ်မယ်ဆိုရင်တော့ လွှတ်နိုင်တဲ့ အခြေအနေအထိရောက်အောင် ဖိအားပေးမယ်ဆိုရင် ကျနော်တို့ မြန်မာနိုင်ငံအတွက် အများကြီး တိုးတက်လာလိမ့်မယ်လို့ ကျတော်တို့ ယူဆတယ်။ ဒီလိုမျိုး ဖြစ်ဖို့အတွက်လည်း အခုလိုမျိုး ဗြိတိန်နိုင်ငံကနေပြီးတော့ စပြီးတောင်းဆိုတယ် ဆိုလို့ရှိရင် နောက်ပိုင်း ဥရောပနိုင်ငံ အတော်များများမှာလည်း လိုက်ပါပြီး ဆောင်ရွက်လာလိမ့်မယ်လို့လည်း ကျနော်တို့ မျှော်လင့်ပါတယ်။
အခု မြန်မာပြည်ကိစ္စမှာတော့ အနောက်အုပ်စုတွေကတဖက်၊ အာဆီယံနှင့် အရှေ့အာရှ အုပ်စုတွေကတဖက် မြန်မာပြည်ရဲ့ လူ့အခွင့်အရေး အခြေအနေတွေ၊ ဒီမိုကရေစီကစ္စတွေကို သဘောထားကွဲလွဲနေတာက ယခုအချိန်အထိပါဘဲ။ အကယ်၍ အနောက်အုပ်စု၊ ဥရောပနဲ့ အမေရိကန်အပါဝင် အဖွဲ့အစည်းတွေကနေပြီး နိုင်ငံတကာ ခုံရုံးကိုတင်ဖို့ ချဉ်းကပ်နေတဲ့အချိန်မှာ အာရှနဲ့ အာဆီယံအဖွဲ့တွေက ဒီဟာကို ကန့်ကွယ်လာမယ်ဆိုရင်ရော ဒီကိစ္စ အထမြောက်နိုင်မှာလားခင်ဗျား။
ဦးမင်းလွင်ဦး ----- “ကျနော်တို့ အာရှနိုင်ငံတွေ အနေနဲ့ ပြောရမယ်ဆိုရင် ကျနော်တို့ အိမ်နီးနားချင်းဖြစ်တဲ့ တရုတ်နဲ့ အိန္ဒိယ နှစ်နိုင်ငံကိုဘဲ ကျနော်တို့အနေနဲ့ စိုးရမ်ရမယ်လို့ ထင်ပါတယ်။ ကျန်တဲ့ နိုင်ငံတော်တော်များများက မြန်မာနိုင်ငံအတွင်းမှာ ရှိနေတဲ့ လူ့အခွင့်အရေး ချိုးဖေါက်မှုတွေအရ ဒေသဆိုင်ရာ လုံခြုံရေးကိုပါ ထိပါးနေပြီ ဆိုတာကို သူတို့အနေနဲ့ အခုအချိန်မှာ လက်ခံပြီး ဖြစ်ပါတယ်။”
“ဥပမာအားဖြင့် ပြောမယ်ဆိုလို့ရှိရင် ဟိုတလောက လှေစီးပြေး ရိုဟင်ဂျာကိစ္စက အထင်အရှားဖြစ်တယ်။ ဒါကြောင့် တရုတ်နှင့် အိန္ဒိယ နှစ်နိုင်ငံမှ အိန္ဒိယကလည်း တကယ်တန်း မြန်မာနိုင်ငံအတွင်းမှာ ဖြစ်နေတဲ့ လူ့အခွင့်အရေး ချိုးဖေါက်မှုတွေကို တိတိကျကျ စုံစမ်းလေ့လာမယ်ဆိုရင် ကန့်ကွက်လိမ့်မယ်လို့ ကျနော့အနေနဲ့ မထင်ပါဘူး။”
ဟုတ်ကဲ့ ဦးမင်းလွင်ဦးကို ကျေးဇူးအများကြီး တင်ပါတယ်။












0 comments:
Post a Comment