Tuesday, May 19, 2009

Filled Under:

ဒေါ်အောင်ဆန်းစုကြည်နှင့် နိုင်ငံတော်အား နှောက်ယှက်ဖျက်ဆီးလိုသူများ၏ အန္တရာယ်

မင်းလွင်ဦး
မေလ၊ ၁၈ရက်၊ ၂၀၀၉ ခုနှစ်

ဒီပဲယင်း လုပ်ကြံ သတ်ဖြတ်မှု ဖြစ်ပွားပြီး ၂၀၀၃ ခုနှစ်မေလ ၂၇ ရက်နေ့မှစတင်၍ ဒေါ်အောင်ဆန်း စုကြည်အား နိုင်ငံတော်အား နှောက်ယှက် ဖျက်ဆီး လိုသူများ၏ ဘေးအန္တရာယ်မှ ကာကွယ် သည့် ဥပဒေ ပုဒ်မ ၁၀ (ခ) ဖြင့် နေအိမ် အကျယ်ချုပ် ထိန်းသိမ်း ထားခဲ့သည်။ ဒီပဲယင်း အရေးအခင်း ဖြစ်ပွားပြီးကာစတွင် ဒေါ်အောင်ဆန်း စုကြည်၏ အသက်အန္တရာယ် စိုးရိမ်ရသည့် အတွက် အင်းစိန်ထောင်အတွင်းရှိ အထူးသီးသန့်ဆောင်တွင် ထိန်းသိမ်းထားခြင်းမှ နေအိမ်အကျယ်ချုပ်ဖြင့် ပြောင်းရွှေ့ထားခဲ့ခြင်း ဖြစ်သည်။

၁၉၇၅ ခုနှစ် ပြည်သူ့လွှတ်တော် ဥပဒေအမှတ် ၃ ဖြင့် ပြဌာန်းခဲ့သည့် နိုင်ငံတော်အား နှောက်ယှက် ဖျက်ဆီးလိုသူများ၏ ဘေးအန္တရာယ်မှ ကာကွယ်သည့်ဥပဒေ ပုဒ်မပါ အချက်များကို လေ့လာ ဆန်းစစ်ကြည့်ပါက အောက်ပါအတိုင်း တွေ့ရမည်ဖြစ်သည်။

နိုင်ငံသားတဦး၏ မူလအခွင့်အရေးများကို ကန့်သတ်ရာတွင် လိုက်နာရမည့် မူများကို ပုဒ်မ ၉ တွင် ပြဌာန်းထားရာတွင် -

(က) အဖွဲ့ဖြင့်သာ ဆုံးဖြတ်၍ ကန့်သတ်မိန့်ကိုချမှတ်ရမည်။
(ခ) မူလ အခွင့်အရေးများအနက် လိုအပ်သရွေ့သာ ကန့်သတ်ရမည်။
(ဂ) ကာလအပိုင်းအခြားအားဖြင့် အတိုတောင်းဆုံးဖြစ်ရမည်။
(ဃ) ကန့်သတ်မိန့်ကို ပုံမှန်ပြန်လည် သုံးသပ်ရမည့်အပြင် ပုံမှန်အချိန်ထက်စော၍ လည်း လိုအပ်သလိုသုံးသပ်နေရမည်။
(င) အရေးယူခြင်း ခံရသူအား တရားစွဲဆိုနိုင်လောက်သည့် အချက်အလက်ပြည့်စုံလျှင် တရားစီရင်ရေးအဖွဲ့သို့ ချက်ခြင်းတင်ပို့ရမည်။
(စ) အရေးယူခြင်းခံရသူသည် ကန့်သတ်ခြင်းခံရသည့် မူလအခွင့်အရေးမှအပ အခြေခံ ဥပဒေပါ အခြား မူလ အခွင့်အရေးများကိုမူ ခံစားခွင့်ရှိစေရမည်။
(ဆ) ပုဒ်မ ၇ ပါ အကြောင်းတရပ်ရပ်ကို ထိပါးအန္တရာယ် ဖြစ်စေမည့် အကြောင်းမရှိ တော့သည့်အချိန်တွင် ကန့်သတ်မိန့်ကို ချက်ချင်းပယ်ဖျက်ရမည်။
(ဇ) ဖမ်းဆီးချုပ်နှောင်ခြင်းခံရသူအား ပြန်လည်လွှတ်ပြီးနောက် မူလအရေးယူခဲ့သည့် ကိစ္စရပ်အပေါ် အခြေပြု၍ဤ ဥပဒေအရ ထပ်မံဖမ်းဆီးချုပ်နှောင်ခြင်း မပြုရ။

အထက်ဖေါ်ပြပါ ပုဒ်မ ၉ ၏ ပြဌာန်းချက်များကို အာဏာပိုင်များက လိုက်နာဆောင်ရွက်ခြင်း မရှိသည်ကိုလည်း တွေ့ရသည်။

ထို့အပြင် ကြိုတင်ကာကွယ်ခြင်းအတွက် လုပ်ပိုင်ခွင့်နှင့် ပတ်သက်၍ ပုဒ်မ ၁၁ တွင် ဗဟိုအဖွဲ့သည် ပုဒ်မ ၁၀(ခ) အရ အရေးယူခြင်း ခံရသူအား အောက်ပါအတိုင်း တားဆီးမိန့် ပြုလုပ်နိုင်သည်ဟု ပြဌာန်းထားသည်။
(က) မည်သည့် နေရာဒေသတွင် မနေထိုင်ရဟုသတ်မှတ်ခြင်း။
(ခ) မည်သည့် နေရာဒေသတွင်သာ နေထိုင်ရမည်ဟု သတ်မှတ်ခြင်း။
(ဂ) သွားလာမှုကို လိုအပ်သလို တားဆီးခြင်း။
(ဃ) သတ်မှတ်သည့် အရာဝတ္ထုများကို လက်ဝယ်ထားရှိခြင်း သို့မဟုတ် အသုံးပြုခြင်း ကိုပိတ်ပင်တားဆီးခြင်း။

အာဏာပိုင်များက အထက်ဖေါ်ပြပါ လုပ်ပိုင်ခွင့်နှင့် စပ်လျဉ်း၍ အောက်ပါအတိုင်း လိုက်နာရန် ဒေါ်အောင်ဆန်းစုကြည်အပေါ် ကန့်သတ်ခဲ့သည်။

သတ်မှတ်တားဆီးချက်များ

(၁) နိုင်ငံခြားသံရုံးများနှင့် ဆက်သွယ်ခြင်းမပြုရ။
(၂) (က) နိုင်ငံရေးပါတီအဖွဲ့အစည်းများ၊
(၃) (က) နိုင်ငံရေးပါတီများနှင့် ဆက်နွယ်သူများနှင့် ဆက်သွယ်ခြင်းမပြုရ
(ခ) ပြင်ပသို့ စာဖြင့်သော်လည်းကောင်း၊ ကြိုးမဲ့ကြေးနန်းဖြင့် သော်လည်းကောင်း၊ တယ်လီဖုန်း၊ မိုဘိုင်းလ်တို့ဖြင့် သော်လည်းကောင်း ဆက်သွယ်ခြင်း ဘယ်နည်းနှင့်မျှ မပြုရ၊ အကျယ်ချုပ် ချထားသည့် အိမ်ထဲတွင်သာ နေထိုင်ရ မည်ဟူ၍ တားမြစ်ထားသည်။

နိုင်ငံတော်အား နှောက်ယှက်ဖျက်ဆီးလိုသူများ၏ ဘေးအန္တရာယ်မှ ကာကွယ်သည့် ဥပဒေအရ ဆက်လက်၍ ဖမ်းဆီး ချုပ်နှောင်ရန် ကိစ္စနှင့် ပတ်သက်၍ အောက်ပါအတိုင်း ပြဌာန်းထားသည်ကို တွေ့ရသည်။

ပုဒ်မ ၁၄။ ၀န်ကြီးအဖွဲ့သည် ဆက်လက်ဖမ်းဆီး ချုပ်နှောင်ရန်ဖြစ်စေ၊ ဆက်လက်တား ဆီးမှုပြုလုပ်ရန်ဖြစ်စေ၊ ကြိုတင်ခွင့်ပြုချက် ပေးရာတွင် တစ်ကြိမ်လျှင် တနှစ်ထက် မပိုစေဘဲ၊ စုစုပေါင်း ၅ နှစ်အထိ ခွင့်ပြုနိုင်သည်။

နိုင်ငံတော်အား နှောက်ယှက် ဖျက်ဆီးလိုသူများ၏ ဘေးအန္တရာယ်မှ ကာကွယ်သည့် ဥပဒေ ပုဒ်မ ၁၀(ခ) ဖြင့် ဒေါ်အောင်ဆန်းစုကြည်အား ၂၇ မေလ ၂၀၀၃ ခုနှစ် ဒီပဲယင်း အရေးအခင်းတွင် စတင်ဖမ်းဆီး ထိန်းသိမ်း ခဲ့ခြင်းဖြစ်ရာ ၂၀၀၉ ခုနှစ် မေလ ၂၇ ရက်နေ့တွင် ၆ နှစ် ပြည့်မြောက်ခဲ့ပြီ ဖြစ်သည်။ ဥပဒေ ပြဌာန်းချက်ထက် ၁ နှစ်ပို၍ ဖမ်းဆီးချုပ်နှောင်ထားခြင်း ဖြစ်သည်ကို အထင်အရှား တွေ့ရမည် ဖြစ်သည်။

ထိုသို့ အတည်ပြု ပြဌာန်းထားသည့် ဥပဒေကို အာဏာပိုင်များက ချိုးဖေါက်ပြီး ဒေါ်အောင်ဆန်းစုကြည်အား ဥပဒေမဲ့ ဖမ်းဆီးချုပ်နှောင် ထားခြင်းဖြစ်ကြောင်းကို ကုလသမဂ္ဂ လက်အောက်ရှိ ကုလသမဂ္ဂ လူ့အခွင့်အရေး ကောင်စီ လက်အောက်ရှိ ဥပဒေမဲ့ ဖမ်းဆီး ချုပ်နှောင်းခြင်းကို စောင့်ကြည့်သည့် အလုပ်အဖွဲ့ (United Nations Working Group on Arbitrary Detention)က အတိအလင်း ကြေညာချက် ထုတ်ပြန်ထားပြီး ဖြစ်သည်ကို တွေ့ရသည်။

ယခု ဒေါ်အောင်ဆန်းစုကြည်အား နိုင်ငံတော်အား နှောက်ယှက် ဖျက်ဆီးလိုသူများ၏ ဘေးအန္တရယ်မှ ကာကွယ်သည့် ဥပဒေပုဒ်မ ၂၂ ဖြင့် ထပ်မံ အရေးယူ၍ ပြစ်ဒဏ်ပေးနိုင်ရန် အာဏာပိုင်များက ထပ်မံ စီစဉ်ခဲ့ပြန်သည်။

ပုဒ်မ ၂၂။ အရေးယူခြင်း ခံရသူ တဦးဦးသည် ကန့်သတ်မိန့် သို့မဟုတ် တားဆီးမိန့်ကို ဆန့်ကျင်လျင် သော်လည်းကောင်း၊ ဖေါက်ဖျက်လျင် သော်လည်းကောင်း၊ မလိုက်နာလျင် သော်လည်းကောင်း၊ အနည်းဆုံး ၃ နှစ် မှ အများဆုံး ၅ နှစ် ထိထောင်ဒဏ်ဖြစ်စေ၊ ကျပ်ငါးထောင်ထိ ငွေဒဏ်ဖြစ်စေ ဒဏ် ၂ ရပ်လုံးဖြစ်စေ စီရင်ခြင်း ခံစေရမည်။

ဒေါ်အောင်ဆန်းစုကြည်သည် အထက်ဖေါ်ပြပါ ဥပဒေကို ချိုးဖေါက်ခြင်း မရှိကြောင်းကို ဥပဒေ ပြဌာန်းချက်များကို ကြည့်ပါက ထင်ရှားစွာ တွေ့ရမည်ဖြစ်သည်။ ရေးကူးဝင်ရောက် လာသူအား ဒေါ်အောင်ဆန်းစုကြည်က ဖိတ်ခေါ်ခဲ့ခြင်းမရှိပေ၊ မိမိနေအိမ်အား လုံခြုံရေးတာဝန် ယူထားသူများ၏ ချို့ယွင်းမှုများကြောင့် သို့မဟုတ် (ပူးပေါင်းဆောင်ရွက်မှုကြောင့်) ၀င်ရောက်လာနိုင်ခြင်း ဖြစ်သည်ကို တွေ့ရမည် ဖြစ်သည်။

အမှန်တကယ် အရေးယူရမည့် သူများသည် လုံခြုံရေး တာဝန်ယူထားသူများကိုသာ တာဝန်ဝတ္တရား ပျက်ကွက်မှုဖြင့် သက်ဆိုင်ရာ ဥပဒေများဖြင့် အရေးယူရမည်သာ ဖြစ်သည်။ ဒေါ်အောင်ဆန်း စုကြည်အား ကန့်သတ်ထားသည့် တားမြစ်ချက်တွင် နေအိမ်အတွင်း ၀င်ရောက်လာသူအား လက်မခံရဟူ၍ သတ်မှတ်ထားခြင်းမရှိ၊ နေအိမ်ပြင်ပသို့ ထွက်ခွာခြင်း၊ ဆက်သွယ်ခြင်း မပြုလုပ်ရန်သာ ကန့်သတ် တားမြစ်ထားသည်ကို တွေ့ရမည် ဖြစ်သည်။

သို့သော် `အာဏာပိုင်များ အနေဖြင့် လွတ်လပ်သည့် တရားစီရင်ရေးကို ကျင့်သုံး၍ မြန်မာ နိုင်ငံ၏ တရားစီရင်ရေးကို နိုင်ငံတကာက အသိအမှတ်ပြုအောင် ပြသမည်လား၊ သို့မဟုတ် ဥပဒေ ပြဌာန်းချက် များကို အာဏာပိုင်များက လိုက်နာရန်မလို ဥပဒေ၏ အထက်တွင် အာဏာပိုင်များ ရှိသည်ကို အထင်အရှား ပြသမည်လား` ဆိုသည်ကို စောင့်ကြည့် ရဦးမည် ဖြစ်ကြောင်း တင်ပြ လိုက်ရပေသည်။

1 comments:

  1. လုပ်လှချည်လား? သြော် သြော် အာဏာရှင်ပီသလှပါပေတယ်။ တစ်ခု သတိထား မိလား မသိဘူး? သန်းရွှေကြီး တိတ်နေတယ်လေ။ စစ်အုပ်စုလို့ မပြောတော့ပါဘူး အဖွဲ့ဝင်တွေက သောက်သုံးမှမကျတာ။ ဒီသေခါနီး လဒကြီးကိုတောင် မလှန်နိုင် ကြဘူး။ အ, တိတ်ကောင်းလို့တော့ ကျုပ်က မယူ ဆဘူး။ သင်းက ဘာမတော်တ လျော်တွေ ကြံနေသလဲတော့ မသိဘူး။ နိုင်ငံတ ကာနဲ့ ပြည်သူ့အသံတွေကို နား ထောင်နေတာဖြစ်မယ် ထင်တယ်နော်။ ကျုပ်က တော့ နည်းနည်းစိုးရိမ်တယ်။ လူ သတ်ပွဲတွေ ထပ်ဖြစ်မှာကိုလေ။ ကျုပ်တို့လူတွေ စတေးခဲ့ရတဲ့အသက်တွေ မနည်း တော့ပါဘူး။ ဒီလို အာဏာရှင်တွေ လက်အောက်မှာဆိုရင်တော့ တန်ဖိုးရှိတဲ့ လူ့အသက်တွေ ဒီ့ထက်မက ဆုံးရှုံးဖို့ရှိပါတယ်။ နိုင်ငံကြီးကလည်း အဖက်ဖက် က ယိုယွင်းနေတာ ကြာလှပါပြီ။ "မရှိလို့မလှူ၊ မလှူလို့မရှိ"ဆိုတဲ့ စကားကို ကြားဖူးတယ် မဟတ်လား? အဲဒါပဲဗျ သံသရာလည်တယ် ဆိုတာ။ အာဏာရှင် အစိုးရက လက်နက်အားကိုးခြိမ်းခြောက်တော့ ကိုယ့်လူတို့က ကြောက်တယ်။ ကြောက်တော့ ဘယ်နားလာ လမ်းပေါ်ထွက်တာမျိုးတွေ၊ လက်နက်ကိုင်တော် လှန်တာမျိုးတွေ၊ လူသိရှင်ကြားဝေဖန်တာမျိုးတွေ လုပ်ရဲကြလိမ့်မလဲ? "ကြောက်လွဲ၊ ရဲမင်းဖြစ်"ဆိုတာကြားဖူးမှာပေါ့။ ရဲသော်မသေ၊ သေသော်ငရဲမ လားဘူးဗျ။ ဘုရားဟောထားတာ။ ကျုပ်သူငယ်ချင်းတစ်ယောက်ပြောဖူးတယ်: နောက်ဘဝဆိုတာရှိရင် သူမြန်မာပြည်မှာ လူထပ်မဖြစ်ချင်တော့ဘူးတဲ့။ ခင် ဗျားတို့ကော သူ့လို အတ္တသမားပဲလား? အိမ်မက်, မက်မနေနဲ့ အထုံဆိုတာ သံ သရာတစ်လျှောက်လုံးပါသွားမှာ။ ခင်ဗျားရဲ့ ကြောက်တတ်တဲ့စိတ်က ခင်ဗျား ကို မြန်မာပြည်ပြန်ပို့မှာ။ အဲ မြန်မာနိုင်ငံကြီး အာဏာရှင်ငပုပ်ဖမ်းထားရာက လွပ်သွားပြီးဆိုရင်တော့ မြန်မာနိုင်ငံထက်ဆိုးတဲ့ ကမ္ဘာ့အာဏာရှင်နိုင်ငံတွေကို ခင်ဗျားရဲ့ ကြောက်စိတ်က ခင်ဗျားကိုပို့မှာပဲ။ စိတ်ချ။

    ReplyDelete