Wednesday, May 20, 2009

Filled Under:

အများပြည်သူရှေ့မှောက်မှာ စစ်ဆေးတဲ့ လွတ်လပ်တဲ့ တရားစီရင်ရေး

မင်းလွင်ဦး
မေလ၊ ၂၁ရက်၊ ၂၀၀၉ ခုနှစ်

ရားစီရင်ရေး၏ အဓိကတာဝန်သည် အမှန်ကို ရှာဖွေဖေါ်ထုတ်ခြင်းပင် ဖြစ်သည်။ အမှန်ကို တွေ့ပြီးမှသာ ဥပဒေနှင့်အညီ မှန်ကန်မျှတစွာ ဆုံးဖြတ်နိုင်သည်။ အမှားပေါ်တွင် အခြေခံဆုံးဖြတ်လျှင် တရားမျှတမှု ကိုမဖေါ်ဆောင်နိုင်၊ မတရား စီရင်ရေးသာဖြစ်မည်။

တရားစီရင်ရေး မမှန်၊ မမြန်၊ မမျှတသော ဒေသတွင် နေထိုင်သည့် ပြည်သူလူထု အနေဖြင့် မသမာသူတို့ စွပ်စွဲကာမျှနှင့် ရုံးရောက်ရမည်။ ရုံးရောက်လျှင် အမှန်အတိုင်း မဖြစ်ပဲ နစ်နာ ဆုံးရှုံးရမည်လား ဆိုသည်ကို ထာဝစဉ် စိုးရိမ်ပူပန် နေကြရမည်ဖြစ်သည်။

'မှန်ကန်မျှတသော တရားစီရင်ရေး ထွန်းကားသည့် နေရာဒေသတွင် နေထိုင်ရသော ပြည်သူတို့ စိတ်အေးချမ်းသာရှိမည်။ မှန်တာလုပ်လျှင် အန္တရာယ်မရှိပဲ မကြောင့်မကြ လုံခြုံစိတ်ချစွာ၊ သောကကင်းစွာ နေထိုင်ကြရမည် ဖြစ်သည်။' ထို့ကြောင့်လည်း နိုင်ငံတိုင်းတွင် လွတ်လပ်သော တရားစီရင်ရေး ဖေါ်ဆောင်နိုင်ရန်အတွက် တရားရုံး အဆင့်ဆင့်အနေဖြင့် တရားစီရင်ရေးဆိုင်ရာ မလိုက်နာ၍မဖြစ် လိုက်နာရမည့်မူများကို ဥပဒေအဖြစ် ပြဌာန်း၍ ထိန်းကျောင်း တည့်မတ်ပေးခဲ့သည်။

မြန်မာနိုင်ငံတွင် ယနေ့လက်ခံ ကျင့်သုံးလျက်ရှိသော ၂၀၀၀ ပြည့်နှစ် တရားစီရင်ရေး ဥပဒေတွင် တရားစီရင်ရေးဆိုင်ရာမူများ နှင့်ပတ်သက်၍ အခန်း ၂၊ ပုဒ်မ၂ (က) တွင် ဥပဒေနှင့်အညီ လွတ်လပ်စွာ တရားစီရင်ခြင်း၊(င) ဥပဒအရ တားမြစ်ချက် များမှအပ ပြည်သူ့ရှေ့မှောက်တွင် တရားစီရင်ခြင်း စသည်တို့ကို တရားစီရင်ရေး ဆိုင်ရာကိစ္စရပ်များနှင့် ဆက်နွယ်သည့် တရားရုံး အဆင့်ဆင့်နှင့် တရားသူကြီးများ လိုက်နာ ဆောင်ရွက်ရန် အဓိက ရည်ရွယ်၍ ပြဌာန်းခဲ့ခြင်း ဖြစ်သည်။

အထက်ဖေါ်ပြပါ တရားစီရင်ရေးဆိုင်ရာမူ(၂) ရပ်ကို ယခု ဒေါ်အောင်ဆန်းစုကြည် ပါ(၄) ဦး အမှုကို သီးသန့် ခုံရုံးဖွဲ့၍ စစ်ဆေး စီရင်နေသည့် တရားသူကြီးများက လိုက်နာ ဆောင်ရွက်ခြင်းရှိ၊ မရှိကို လေ့လာ ဆန်းစစ်ရန် လိုလာသည်။

'လွပ်လပ်သည့် တရားစီရင်ရေးကို ဖေါ်ဆောင်နိုင်ရန် အဓိကအားဖြင့် အဂတိ တရားလေးပါးကင်း၍ ဥပဒေနှင့်အညီ စစ်ဆေးစီရင်ခြင်း ဖြစ်သည်။ အဂတိ တရားလေးပါး ဆိုသည်မှာလောဘ၊ ဒေါသ၊ ကြောက်ရွံ့စိုးရိမ်ခြင်း၊ မသိနားမလည်ခြင်းတို့ ဖြစ်သည်။'

ယနေ့ မြန်မာနိုင်ငံအတွင်း စစ်ဆေးစီရင်နေသည့် နိုင်ငံရေးနှင့် ဆက်နွယ်သည့် အမှုများတွင် တရားသူကြီးများသည် အမှုများကို စစ်ဆေး စီရင်နေရာတွင် အမြင့်ဆုံးသော ပြစ်ဒဏ်များကို ဥပဒေနှင့်အညီ မဟုတ်မှန်း သိသော်လည်း ကြောက်ရွံ့ စိုးရိမ်ခြင်းကြောင့် အုပ်ချုပ်သူ အစိုးရ အာဏာပိုင်များ၏ အလိုကျ အမိန့်များ ချမှတ်နေရသည်ကို တွေ့ရသည်။

တရားရုံးပညာရှိ တရားသူကြီးများဖြစ်သည့် ဦးသောင်းညွန့်(ဥက္ကဌ)နှင့် ဦးလှမြင့်(အဖွဲ့ဝင်)တို့သည် မင်းဇေယျာပါ(၁၄)ဦးအမှု တွင် ထောင်ဒဏ် ၆၅ နှစ် ကျခံစေရန် ပြစ်ဒဏ် ချမှတ်ခဲ့သူများ ဖြစ်သည်။ ဦးသောင်းညွန့်သည် ကျောင်းသားခေါင်းဆောင် ၃၆ ဦး၏ အမှုများ စစ်ဆေးရာတွင် အဓိကပါဝင်ခဲ့သူဖြစ်ပြီး ယခု ဒေါ်အောင်ဆန်းစုကြည်၏ အမှုတွင် သီးသန့်ခုံရုံး(ဥက္ကဌ)အဖြစ် ဆောင်ရွက်နေသူ ဖြစ်သည်။

ယခုအမှုတွင် တရားသူကြီး အဖွဲ့ဝင်အဖြစ် ပါဝင်သည့် ဦးညီညီစိုးသည် မစုစုနွေး၏ အမှုတွင် ပြစ်ဒဏ်များ သီးခြားစီ ကျခံစေရန် အမိန့် ချမှတ်ခဲ့သည့်အနောက်ပိုင်း ခရိုင်တရားသူကြီး ဖြစ်သည်။ ကျောင်းသား ခေါင်းဆောင်များ၏ အမှုတွင် တရားလိုအဖြစ် ဆောင်ရွက် ခဲ့သူမှာလည်း ယခု ဒေါ်အောင်ဆန်းစုကြည် အမှုတွင် တရားလိုအဖြစ် ဆောင်ရွက်သည့် ဒုရဲမှူးကြီး ဇော်မင်းအောင်ပင် ဖြစ်သည်ကို တွေ့ရမည်ဖြစ်သည်။ ဥပဒေအရာရှိအဖြစ် လိုက်ပါ ဆောင်ရွက်မည့် ဦးမြင့်ကြိုင်သည် မင်းဇေယျာပါ(၁၄) ဦးအမှုတွင် ဥပဒေ အရာရှိအဖြစ် လိုက်ပါ ဆောင်ရွက်ခဲ့သူ ဖြစ်သည်။

ထိုကဲ့သို့ နောက်ကြောင်းရာဇ၀င် ရှိခဲ့သည့် တရားလိုသက်သေ၊ တရားသူကြီးများဖြင့် စစ်ဆေးစီရင်မည့် ဒေါ်အောင်ဆန်းစုကြည်၏ အမှုအမှတ် ၄၇/၂၀၀၉ သည် လွတ်လပ်မျှတသည့် တရားစီရင်ရေး စံနစ်ကို ဖေါ်ဆောင် နိုင်မည်လား ဆိုသည်မှာ များစွာသံသယ ဖြစ်ဖွယ်ရာပင်ဖြစ်သည်။

ထိုသို့သော သံသယကို အများပြည်သူ၏ ရှေ့မှောက်တွင် စစ်ဆေး စီရင်ခြင်းဖြင့်သာလျှင် ထိန်းကျောင်း တည့်မတ်နိုင်မည် ဖြစ်သည်။ ထို့ကြောင့်လည်း အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်နှင့် နိုင်ငံတကာက အများပြည်သူ ရှေ့တွင် စစ်ဆေး စီရင်ရန် တောင်းဆိုနေရခြင်း ဖြစ်သည်။

တရားစီရင်ရာတွင် တံခါးပိတ်၍ တိုးတိုးတိတ်တိတ် စစ်ဆေး၍မရ။ အများပြည်သူ အမြင်အကြားတွင် အထင်အရှား စစ်ဆေး စီရင်ရမည်။ အမှန်ကို စီရင်ရန်မှာ တရားရုံး၏ တာဝန်ဖြစ်သည်။ သို့ရာတွင် ထိုမျှနှင့် ပြီးပြည်စုံပြီဟု မဆိုနိုင်။ အမှန်ကို စီရင်ကြောင်း အများမြင်သာစေရမည်။ တံခါးပိတ် နောက်ကွယ်တွင် စစ်ဆေးစီရင်သော တရားသည် မည်မျှပင် မှန်စေဦး ပြည်သူက သံသယ ဖြစ်တတ်သည်။ ထို့ကြောင့် တရားရုံးများ တွင်ပြည်သူတို့အတွက် နေရာထိုင်ခင်း ပေးထားခြင်း ဖြစ်သည်။

တရားရုံးအား အနှောက်အယှက် ဖြစ်စေမည့် ဆူပူ အော်ဟစ်ခြင်းစသော အပြုအမူကို ရှောင်ကြဉ်ရမည်မှာ ပြည်သူတို့၏ တာဝန်ဖြစ်သည်။ နှောင့်ယှက်လျှင် ရုံးမှဖယ်ရှားခြင်း ခံရမည်။ လာရောက် နားထောင်ကြသူ လူနည်းစုသာ မြင်ကြားစေသည် မဟုတ်၊ ပြည်သူအများ စိတ်ဝင်စားသည့် အမှုမျိုး စစ်ဆေးစီရင်ခြင်းကို သတင်းစာနှင့် ရုပ်မြင်သံကြားတွင် ဖေါ်ပြရုံမျှနှင့် မပြီးပါ။

ရုံးတွင် ထွက်ဆိုစီရင် ဆုံးဖြတ်သမျှ အကုန်အစုံ ထည့်သွင်းရန် သတင်းစာတွင် နေရာမရှိ၊ သတင်းရေးရာတွင် အကျဉ်းချုပ်သာ ဖေါ်ပြနိုင်သည်။ ထိုသို့ရေးသား ဖေါ်ပြရာတွင်လည်း ရေးသမျှသည် မျှတမှန်ကန်ရမည်။ ဒေါသကင်းရမည်ဖြစ်သည်။ ယခုခွင့်ပြုထားသည့် ပြည်တွင်းဂျာနယ် ၅ ခု သည် အာဏာပိုင်များနှင့် နီးစပ်သည့် သတင်းဌာနများ ဖြစ်သည့်အတွက် လွတ်လပ်စွာ ဖေါ်ပြခွင့် ရပါမည်လား။ နိုင်ငံတကာမှ သံတမန်များ၏ ရှေ့မှောက်တွင် မြန်မာနိုင်ငံ၏ တရားစီရင်ရေး စံနစ်ကို မှတ်ကျောက်တင် နိုင်မည်လား ဆိုသည်ကို စောင့်ကြည့်ရအုံးမည်သာ ဖြစ်သည်။

0 comments:

Post a Comment