Wednesday, May 20, 2009

Filled Under:

မြန်မာနိုင်ငံတွင် ဖမ်းဆီးထောင်ချခံနေရတဲ့ စာနယ်ဇင်းသမားများရဲ့ အလားအလာ

VOA ------ 13 May 2009

မြန်မာသတင်း သမဂ္ဂ ဥက္ကဌ ဦးမောင်မောင်မြင့်၊ လူ့အခွင့်အရေး ရှေ့နေဦးမင်းလွင်ဦးတို့နဲ့ ဦးကျော်စံသာ ဆွေးနွေးသုံးသပ် တင်ပြထားပါတယ်။

သောတရှင်များခင်ဗျား။ သတင်းကောင်းတွေ ရှားပါးတဲ့ ကမ္ဘာ့သတင်းလောကမှာ သတင်းကောင်းတပုဒ် အခုတပါတ်အတွင်း ပေါ်ထွက်လာတယ်လို့ ဆိုရမှာ ဖြစ်ပါတယ်။ အဲတာကတော့ အီရန်နိုင်ငံမှာ အဖမ်းခံ နေရတဲ့ အမေရိကန် သတင်းထောက် Rosanda Squeri လွတ်မြောက်လာခြင်းပဲ ဖြစ်ပါတယ်။ သတင်းထောက်၊ သတင်းဆရာ အများအပြား ဖမ်းဆီး ထောင်ချခြင်း ခံနေရတဲ့ မြန်မာနိုင်ငံက သောတရှင်တွေ မြန်မာနိုင်ငံနဲ့ ပတ်သက်ပြီး ဒီသတင်းက ပိုပြီး စိတ်ဝင်စားစရာ ကောင်းနေပါလိမ့်မယ်။

ဘာကြောင့်လည်းဆိုတော့ မြန်မာနိုင်ငံနဲ့ အီရန်နိုင်ငံတို့ဟာ ကမ္ဘာပေါ်မှာ သတင်းလွတ်လပ်ခွင့် အကင်းမဲ့ဆုံး သတင်းထောက်လုပ်ရတာ အန္တရာယ် အများဆုံး ဒေသအဖြစ် သတ်မှတ်ခံနေရတဲ့ နိုင်ငံအထဲမှာ ပါဝင်နေလို့ဘဲ ဖြစ်ပါတယ်။ Rosana Squeri ဟာ နိုင်ငံတော်ရဲ့ လျှို့ဝှက်ချက်တွေကို ပြည်ပကို ပို့ပေးတယ်ဆိုပြီးတော့ အဖမ်းခံရတာ ဖြစ်ပါတယ်။ ဒီလိုစွဲချက်မျိုးနဲ့ စွဲချက်တင်ခံနေရတာ မြန်မာနိုင်ငံမှာ အမြောက်အများရှိပါတယ်။ Rosana နိုင်ငံရေးကြောင့် ဖမ်းဆီးခံရတယ်။ လွတ်မြောက်လာတာလည်း နိုင်ငံရေးနဲ့ ပတ်သက်နေတယ်။

အီရန်- အမေရိကန် နှစ်နိုင်ငံ ဆက်ဆံရေး ပြေလည်ဖို့အတွက် သမတ အိုဘားမားက ကြိုးပမ်းနေတဲ့အချိန်မှာ အီရန်မှာ နောက်သမတ အဖြစ် ထပ်မံအရွေးခံမဲ့ လက်ရှိသမတ မာမွတ်အမာဒင်နာဂျတ် ဒါတွေကို လိုက်ပြောလို့ လွှတ်ပေးတဲ့ အနေနဲ့ စသည်ဖြင့် သုံးသပ်သူ အများအပြားရှိပါတယ်။ ဘယ်လိုဘဲဆိုဆို တရားရုံးရဲ့ အစဉ်အလာ သူတို့နိုင်ငံရဲ့ လုပ်ကိုင်ပုံတွေကို ကြည့်ရင် မြန်မာနိုင်ငံမှာ လုပ်ပုံကိုင်ပုံနဲ့ သိပ်ပြီးတော့ မတူဘူးဆိုတာ တွေ့ရပါတယ်။

ပထမဆုံး ဒီကိစ္စနဲ့ ပတ်သက်ပြီးတော့ မြန်မာနိုင်ငံက စီရင် စစ်ဆေးပုံနဲ့ လုပ်ပုံကိုင်ပုံတွေကို ပေါ်ပေါက်သလဲဆိုတာကို ရှေ့နေတဦးဖြစ်တဲ့ ဦးမင်းလွင်ဦးက စပြီးတော့ ဆွေးနွေးပါဦး။

ဦးမင်းလွင်ဦး ----- “ဟုတ်ကဲ့ခင်ဗျား။ ကျနော်တို့ မြန်မာနိုင်ငံအတွင်းမှာ အဲဒီလို အောက်ရုံးရဲ့ ဆုံးဖြတ်ချက်တွေကို အထက်တရားရုံးက ပြင်နိုင်တယ်။ ပြင်တဲ့အခါမှာ အစောကပြောသလို လုံးဝ လွှတ်ပေးလိုက်တာလည်း ဖြစ်နိုင်တယ်။ ဒါမှမဟုတ်ရင် နှစ်တွေ လျှော့ပေးလိုက်တာလည်း ဖြစ်နိုင်တယ်။ အဲဒီလို လျှော့ပေါ့လိုက်တဲ့အခါမှာ ဆိုင်းငံ့ အပြစ်ဒဏ်နဲ့ လွှတ်ပေးလိုက်တဲ့ ကိစ္စရပ်မျိုးတွေလည်း ပြစ်မှုဆိုင်ရာ ကျင့်ထုံးဥပဒေမှာ ပြဌာန်းထားတဲ့ ပြဌာန်းချက်တွေအရ လုပ်ကိုင် ဆောင်ရွက်လို့ရပါတယ်။”

“ဒါပေမဲ့ ကျနော်တို့ မြန်မာနိုင်ငံအတွင်းမှာ ဖြစ်တဲ့ ကိစ္စရပ်တွေဟာ စာနယ်ဇင်းသမားတွေရဲ့ တရားရုံးကို ရောက်ရှိလာပြီဆိုလို့ရှိရင် အများအားဖြင့် နိုင်ငံတော်ကို အကြည်အညိုပျက်အောင်၊ နိုင်ငံတော်ရဲ့ လျှို့ဝှက်ချက်တွေ ပေါက်ကြားအောင် ပြည်ပကိုပို့ဆောင်တယ်ဆိုတဲ့ သတင်းတပ်ဖွဲ့က စွဲလာတဲ့ စွဲဆိုချက်တွေကို တရားရုံးကနေပြီး အမှုစစ်ဆေးတဲ့အခါမှာ အရေးတယူစစ်ဆေးပေးခြင်း မရှိဘဲနဲ့ တရားလိုဘက်က တင်ပြတဲ့ သက်သေခံချက်တွေကိုဘဲ သုံးသပ်ပြီးတော့ အပြစ်ပေးလိုက်တာကို ဆိုတာကို ကျနော်တို့ သိရတယ်။”

“ထိုနည်းတူစွာပဲ ဥပဒေကို နိုင်ငံတော်ဘက်က လိုက်ပါဆောင်ရွက်ရတဲ့ ဥပဒေ၀န်ထမ်းဟာလည်း ဒီလိုမျိုး ကိစ္စရပ်တွေမှာ အချို့ဥစ္စာတွေက မဖြစ်နိုင်ဘူး ဆိုတာကို သိရဲ့သားနဲ့ ဒီဥစ္စာကို မဖေါ်ထုတ်ဘဲနဲ့ တရားခံ ဖြစ်တဲ့သူ ပြစ်ဒဏ်ကျအောင် ပိုပြီးတော့ ဇာတ်လမ်းထွင်ပြီးတော့ လုပ်ပေးနေတယ်ဆိုတာဟာ မြန်မာနိုင်ငံအတွင်းမှာ ဒီကနေ့ ဖြစ်နေတဲ့ အခြေအနေ ဖြစ်ပါတယ်။”

ဦးကျော်စံသာ ------ အဲဒီတော့ အခုတကယ်ဖြစ်တဲ့ စာနယ်ဇင်းသမား ဘက်ကရော ဒါဟာ မမျှတပါဘူး ဆိုပြီးတော့ အယူခံတက်ခွင့်၊ အယူခံကို တရားမျှတစွာ ကြားနာစစ်ဆေးတဲ့ ကိစ္စရော ရှိပါသသလား ခင်ဗျား။

ဦးမင်းလွင်ဦး ------ “ဟုတ်ကဲ့ခင်ဗျား။ အောက်ရုံးရဲ့ ဆုံးဖြတ်ချက်တွေကို မကျေနပ်ဘူးဆိုလို့ရှိရင် ပြင်ဆင်ပေးဖို့အတွက် အထက်တရားရုံးကို တက်နိုင်တဲ့ အခွင့်အရေး ရှိပါတယ်။ ဥပမာအားဖြင့် ပြောရမယ်ဆိုလို့ရှိရင် မကြာသေးခင် အရင်နှစ်ကဘဲ ဖဖ်းဆီးထိန်းသိမ်းခြင်းခံလိုက်ရတဲ့ မအိမ့်ခိုင်ဦးတို့၊ ကိုကျော်ကျော်သန့်တို့ရဲ့ အမှုဆိုလိုရှိရင် ကျနော်တို့ သိရသလောက်ဆိုလို့ရှိရင် ခရိုင်တရားရုံးကို အယူခံဝင်ထားတယ်ဆိုတာကို ကျနော်တို့ သိရတယ်။ ဒါပေမဲ့ အဲဒီဥစ္စာက ခရိုင်တရားရုံးကနေ လက်ခံမယ်။ လက်ခံပြီး ကြားနာမှာလား၊ ဒါမှမဟုတ်လုပ်ရှိရင် အောက်ရုံးရဲ့အမိန့်ကို ပြင်ပေးမှာလား၊ မပြင်ပေးဘူးလား ဆိုတာကိုတော့ ကျနော်တို့ မသိရသေးပါဘူး။”

ဦးကျော်စံသာ ----- ဟုတ်ကဲ့။ ဦးမောင်မောင်မြင့်ခင်ဗျား။ ဦးမောင်မောင်မြင့်တို့ရဲ့ စာရင်းဇယားတွေအရ မြန်မာနိုင်ငံနဲ့ အီရန်နိုင်ငံတို့ဟာ စာနယ်ဇင်းသမားတွေအတွက် အန္တရာယ်အများဆုံး နိုင်ငံတွေဖြစ်တယ်။ သတင်းလွတ်လပ်ခွင့်လည်း အင်မတန် ခေါင်းပါးတဲ့ နိုင်ငံဆိုပြီးတော့ စာရင်းပေါက်နေတဲ့ နိုင်ငံတွေဖြစ်တယ်။ အခုလို Rosana ကို ပြန်လွှတ်ပေးလိုက်တော့ အီရန်နိုင်ငံကို မြန်မာနိုင်ငံနဲ့ ဘယ်လို နှိုင်းယှဉ်မှာလည်းခင်ဗျား။

ဦးမောင်မောင်မြင့် ----- “ဟုတ်ကဲ့။ ယေဘုယျအားဖြင့် ပြောရမယ်ဆိုလို့ရှိရင် စောစောက ပြောသလိုဘဲ မြန်မာနိုင်ငံရော၊ အီရန်ရောဟာ သတင်းထောက်တွေအတွက် နေခင်းထိုင်သာ မရှိတဲ့ နေရာတခုအဖြစ် ကျနော်တို့ သတ်မှတ်လို့ ရပါတယ်။ သို့သော်လည်းဘဲ သတင်းသမားတွေရော၊ ဘလောက်ဂါတွေရော ထောင်အများဆုံး ကျတဲ့နိုင်ငံကို ပြမယ်ဆိုလို့ရှိရင် ကျနော်တို့ မြန်မာနိုင်ငံကိုဘဲ ပြရမှာ ဖြစ်တယ်။ ဘာကြောင့်လည်းဆိုတော့ မြန်မာနိုင်ငံမှာ သတင်းထောက်တွေ၊ ဘလောက်ကာတွေ၊ စာရေးဆရာတွေ စုစုပေါင်း ၂၆ ယောက် အခုအချိန်မှာတော့ ထောင်ထဲမှာ ရှိနေတယ်။ အဲဒီတော့ ၁၂ ယောက်ကတော့ သတင်းသမားတွေ ဖြစ်တယ်ပေါ့။ အဲလိုအနေအထားမှာတော့ ကျနော်တို့ မြန်မာနိုင်ငံရဲ့ အခြေအနေဟာ တော်တော်လေး ဆိုးတယ်လို့ ပြောရမှာ ဖြစ်တယ်။”

“နောက်ပြီးတော့ တရားဥပဒေပိုင်းနဲ့ ပြောရမယ်ဆိုလို့ရှိရင် အခု Rosana ကိစ္စလိုမျိုးပေါ့နော်၊ အဲဒီကိစ္စတွေမှာ အီရန်ကိစ္စအနေနဲ့ နိုင်ငံရေး သဘောပါတယ်ဆိုဆို၊ မပါဘူးပါဘဲပြောပြော သူတို့ရဲ့ တရားဥပဒေ အတိုင်းပါသွားပြီးတော့ နောက်ဆုံး သူတို့ရဲ့ တရားဥပဒေအရဘဲ လွတ်ငြိမ်းချမ်းသာခွင့်ပေးတယ်လို့ ဘယ်လိုဘဲပြောပြော ဒါမျိုးပြောမယ်ဆိုရင်တော့ စောစောက ထောက်ပြသလိုဘဲ ဖြစ်ပါတယ်။ မြန်မာနိုင်ငံထက် တလှမ်းသာသွားတယ်လို့ ပြောလို့ရပါတယ်။ လောလောဆယ်မှာတော့ မြန်မာနိုင်ငံက အမေရိကန် သတင်းသမား သင်တန်းဆရာနှစ်ယောက်ကို ဘာမှ အကြောင်းပြချက်မရှိဘဲနဲ့ မြန်မာနိုင်ငံက နှင်ထုတ်ခဲ့တယ်ဆိုရင်တော့ ဆိုတော့ ဒါမျိုးကို ကြည့်မယ်ဆိုရင်တော့ မြန်မာနိုင်ငံရဲ့ အခြေအနေဟာ အီရန်ထက် အများကြီးဆိုးတယ်လို့ ပြောရမှာဖြစ်တယ်။”

ဦးကျော်စံသာ ----- နောက်နိုင်ငံရေး သဘောပါတဲ့ ကိစ္စကိုလည်း ကျနော်တခု ပြောချင်ပါတယ်ခင်ဗျား။ မြန်မာနိုင်ငံမှာ ဖမ်းထားတဲ့ သတင်းသမားတွေကိုရော တကယ်တော့ သူတို့  ပြစ်မှုကျူးလွန်တာရော ဟုတ်ပါသလား။ အစိုးရက နိုင်ငံရေးအရ ဖမ်းသလားလို့ မေးရင် ဦးမောင်မောင်မြင့် ဘယ်လိုပြောမှာလဲ။

ဦးမောင်မောင်မြင့် ------ “အများစု အဖမ်းခံရတဲ့ ကိစ္စမှာ သတင်းသမားတွေကတော့ သတင်းယူရင်းနဲ့ အဖမ်းခံရတာ ရှိတယ်။ နောက်ပြီးတော့ သတင်းသမားတွေဟာ ဥပမာ နာဂစ်မုန်တိုင်းဘေးမှာ၊ နာဂစ်မုန်းတိုင်း ခံစားနေရတဲ့ သူတွေအပေါ် သွားပြီးကူညီရင်းနဲ့ အဖမ်းခံရတာမျိုးရှိတယ်။ နောက်တခုကတော့ ပြည်ပဂျာနယ်မှာ ဆိုလို့ရှိရင် ပြည်ပမှာရှိတဲ့ သတင်းသမားတွေကို Interviews ပေးရင်းနဲ့ အဖမ်းခံရတာရှိတယ်။ သို့သော်လည်း သေချာတာ တခုကတော့ နိုင်ငံရေးကြောင့် နိုင်ငံရေးကို ထဲထဲဝင်ဝင် လုပ်ရင်းနဲ့ အဖမ်းခံရတဲ့ သတင်းသမားဆိုလို့ရှိရင် တော်တော်လေး ရှားပါတယ်။”

“ဒါကိုကြည့်မယ်ဆိုရင် သတင်းသမားတွေ အဖမ်းခံရတဲ့ကိစ္စဟာ မြန်မာနိုင်ငံမှာတော့ နိုင်ငံရေးကို လွယ်တာထက် စစ်အစိုးရအနေနဲ့ သူတို့လုပ်နေတဲ့ ကိစ္စတွေ၊ မတရားမှုတွေကို နိုင်ငံတကာက သိသွားမှာဆိုတာကို သတင်းသမားတွေကို အရေးယူလိုက်တယ်လိုပဲ ပြောရမယ် ဖြစ်ပါတယ်။”

ဦးကျော်စံသာ ----- ဟုတ်ကဲ့၊ အခုအီရန်မှာကျတော့ သူလျှိလုပ်တဲ့ အမှုတွေကို သူ့ရဲ့ အယူခံရှေ့နေမှာ ကျနော်ဘာတွေ့သလဲဆိုတော့ အမေရိကန်နှင့် အီရန်ဟာ ရန်သူမဟုတ်ဘူးဆိုပြီးတော့ နိုင်ငံရေးသမားတွေ ပြောတာ ကြားရပါတယ်။ ရန်သူမဟုတ်တဲ့ နိုင်ငံတခုကနေ သတင်းပေးပို့ခြင်းဟာ သူလျှိလို့ မခေါ်နိုင်ပါဘူး ဆိုပြီးတော့ အကြောင်းပြလေ့ရှိပါတယ်။ ဆိုတော့ မြန်မာနိုင်ငံမှာ နိုင်ငံတကာကို မသိစေချင်လို့ အဲဒီလို သတင်းတွေပြောတာကို ဖမ်းတယ်ဆိုတော့ ဘယ်လို ဥပဒေနဲ့ ဖမ်းတယ်ဆိုတယ်။ နိုင်ငံတကာ အားလုံးဟာ မြန်မာနိုင်ငံရဲ့ ရန်သူများ ဖြစ်နေပြီးလား ဦးမင်းလွင်ဦး ခင်ဗျား။

ဦးမင်းလွင်ဦး ------ “တရားရုံးမှာ တင်ပြီးတော့ အမှုကို စွဲဆိုတဲ့အခါမှာ တရားလိုဘက်ကနေပြီး ထောင်ချထားခြင်းခံရတဲ့ သတင်းသမားတွေကို သက်သေအထောက်အထားဘာမှ ခိုင်ခိုင်လုံလုံ တင်ပြနိုင်တာကို ကျနော်တို့ မတွေ့ရဘူး။ နောက်ပြီးတော့ အင်တာနက်ကနေပြီး ဒေါင်းလုပ် လုပ်လာတဲ့ ဥစ္စာတွေ၊ ဒါတွေကိုဘဲ တင်ပြပြီးတော့ သတင်းသမားတွေက ဒါတွေလုပ်ပါတယ်ဆိုတဲ့ သဘောကိုဘဲ သူတို့ အနေနဲ့ တင်ပြနေတာ ဖြစ်တယ်။ ဘယ်လို အဆက်အသွယ်တွေနဲ့ ဘယ်လိုပေးပို့တယ် ဆိုတာကို ဥပဒေမှာ အချိတ်အဆက်မိမိ သက်သေ အထောက်အထား တင်ပြနိုင်ခြင်းမရှိဘဲနဲ့ တရားရုံးကလည်း ထင်ကြေးနဲ့ပဲ အပြစ်ပေးနေတယ် ဆိုတာကို ကျနော်တို့ တွေ့ရှိရတယ်။”

“တကယ်တမ်း တရားလိုဘက်ကနေပြီးတော့ အမှုတွေကို တင်ပြမယ်ဆိုလို့ရှိရင်တော့ အချိတ်အဆက်မိမိနဲ့ ဘယ်လိုသတင်းတွေက နိုင်ငံအတွက် ဂုဏ်သိက္ခာကျဆင်းစေတယ်၊ နိုင်ငံကို မတည်မငြိမ်ဖြစ်စေတယ်၊ နိုင်ငံရဲ့ လျှို့ဝှက် သတင်းအချက်အလက် ဖြစ်တယ်ဆိုတာကို တရားလိုဘက်ကနေပြီးတော့ စဉ်ဆက်မပြတ် တင်ပြရမှာဖြစ်တယ်။”

ဦးကျော်စံသာ ------ အဲဒီတော့ အမှုသယ်တွေဘက်က လိုက်ပါဆောင်ရွက်တဲ့ ရှေ့နေတွေအနေနဲ့လည်း ဘယ်အချက်ကို မူတည်ပြီးတော့ မဟုတ်မှန်ပါဘူး အကြောင်းအရာအားဖြင့် လျှောက်လဲစရာ မရှိဘူးဖြစ်နေတယ်။

ဦးမင်းလွင်ဦး ----- “ဟုတ်ကဲ့ ဥပမာအားဖြင့် ကျနော်တို့ ပြောရမယ်ဆိုလို့ရှိရင် နာဂစ်မုန်တိုင်းနဲ့ ပတ်သက်ပြီးတော့ အဖမ်းခံလိုက်ရတဲ့ ကိုကျော်ကျော်သန့်ဟာ သူ့ကို နိုင်ငံတော်အား အကြည်အညိုပျက်မှုနဲ့ ၅၀၅ (ခ) နဲ့က တမှု၊ နောက်တခါ လူဝင်မှု ကြီးကြပ်ရေးဥပဒေ ၁၃ (၁)နဲ့ (၅) နှစ်က တမှု၊ အဲလို (၂) မှု စွဲလိုက်တယ်။ အဲတော့ အဲဒီမှာ ထိုင်းနိုင်ငံကို Nation မီဒီမီဒီယာက နေပြီးတော့ ခေါ်တဲ့အတွက် သူ့အနေနဲ့ ပညာတော်သင်အနေနဲ့ လာရောက်တာဖြစ်တယ်။ တရားဝင် လာရောက်ကြောင်းကိုလည်း သက်သေအထောက်အထား သတင်းဓါတ်ပုံတွေ Weekly ဂျာနယ်အရ ဆောင်းပါးတွေကို တင်ပြတယ်။”

“အဲဒီအခါမှာ တရားရုံးမှ ဘာပြောလဲဆိုတော့ ‘လူကိုယ်တိုင် သက်သေအဖြစ် တခြားလူတွေလို သက်သေထူနိုင်ခြင်း မရှိတဲ့အတွက် ထည့်သွင်းမစဉ်းစားဘူး’ ဆိုတာ ဖြစ်တယ်။ ဒါတွေက တကယ့်အဖြစ်မှန်တွေကို မျက်ကွယ်ပြုပြီးတော့ တရားရုံးတွေက ဆောင်ရွက်နေတယ်ဆိုတာ ထင်ထင်ရှားရှားပြနေတာကို ကျနော်တို့ တွေ့ရတယ်။”

ဦးကျော်စံသာ ----- အဲတော့ ဦးမောင်မောင်မြင့် ကြားတဲ့အတိုင်းပါဘဲ၊ ဥပဒေကြောင်းအတိုင်း တခုမှ အံမ၀င်ဘူးဆိုတော့ မြန်မာနိုင်ငံမှာ ထိန်းသိမ်းခံနေရတဲ့ စာနယ်ဇင်းသမားတွေ၊ သတင်းသမားတွေ လွတ်မြောက်ရေးဟာ ဘာလဲခင်ဗျား။ နိုင်ငံရေးအားဖြင့် အမေရိကန်နှင့် အီရန်လိုပေါ့လေ။ နိုင်ငံရေးအရ မီးစိမ်းပြပြီးတော့ ငါတို့ ဆက်ဆံရေး ကောင်းအောင် လုပ်မယ်ဆိုပြီးတော့ အဲလိုပုံစံမျိုး လုပ်ဖို့လိုသလား၊ ဘယ်လိုပုံစံမျိုး လုပ်လာနိုင်မဲ့ အလားအလာ ရှိပါသလဲ ဆိုတာကို ဦးမောင်မောင်မြင့် ပြောပြပေးပါခင်ဗျား။

ဦးမောင်မောင်မြင့် ----- “Rosana ရဲ့ အဖြစ်အပျက်ကို ပြောမယ်ဆိုရင်တော့ ကျနော်တို့ မြန်မာနိုင်ငံရဲ့ နိုင်ငံရေး သမားတွေဟာ ဒေသဆိုင်ရာ ဒီမိုကရေစီနိုင်ငံကနေပြီးတော့ အော်ပေးလို့ ရပါတယ်။ သတင်းတွေကတော့ ယေဘူယျပြောမယ်ဆိုရင် အဲလိုမဟုတ်ပါဘူး။ ကျနော်တို့ အနေနဲ့ကတော့ မြန်မာနိုင်ငံရဲ့ သတင်းသမားတွေရဲ့ ကိစ္စကို လူ့အခွင့်အရေး ကော်မရှင်အထိ သွားရောက်နိုင်အောင် ပိုပြီးကြိုးစားရမယ်။ နောက်ပြီး ကုလသမဂ္ဂ လူ့အခွင့်အရေး ကိုယ်စားလှယ် မြန်မာနိုင်ငံကို သွားတဲ့အခါမှာ နိုင်ငံရေးသမားတွေမဟုတ်ဘူး၊ Journalist တွေကိုလည်း သူတို့ ပြောရဆိုရ အဲတော့မှသာ မြန်မာနိုင်ငံမှာ သတင်းထောက်တွေအပေါ်မှာ ဖြစ်နေတဲ့ မတရားမှုတွေ အခုလိုမျိုး နှစ်ရှည်လများ အကျဉ်းချခံထားရတဲ့၊ ခံနေရတဲ့ နည်းနည်းလေး ပြေလည်ရာ ပြေလည်ကြောင်း လွတ်မြောက်ရာ လွတ်မြောက်ကြောင်း လုပ်ကြောင်း ဖြစ်လာနိုင်ပါတယ်။”

(ဦးမင်းလွင်ဦးနဲ့ ဦးမောင်မောင်မြင့်တို့ ပါဝင်ဆွေးနွေးခဲ့ကြတာ ဖြစ်ပါတယ်။)

0 comments:

Post a Comment