Thursday, May 21, 2009

Filled Under:

မြန်မာနိုင်ငံ တရားစီရင်ရေး မဏ္ဍိုင်နဲ့ပတ်သက်ပြီ အာရှလူ့အခွင့်အရေး ကော်မရှင်၏ အမြင်

RFA ----- 13/ 5/ 2009

(ဤဆက်သွယ် မေးမြန်းချက်ကို RFA ၀ိုင်းတော်သား ကိုဇော်မိုးကျော်က အာရှ လူ့အခွင့်အရေး ကော်မရှင်မှ ရှေ့နေ ဦးမင်းလွင်ဦးကို ဆက်သွယ် မေးမြန်းထားခြင်း ဖြစ်သည်။)

မေး ----- ဦးမင်းလွင်ဦးခင်ဗျား။ ဒီကနေ့ သတင်းစာမှာလည်း ဖေါ်ပြထားတာ ရှိပါတယ်။ နိုင်ငံတော် ၀န်ကြီးချုပ် ဗိုလ်ချုပ်ကြီး သိန်းစိန် ကနေပြီးတော့ တရားသူကြီးတွေနဲ့ တရားစီရင်ရေးဆိုင်ရာ ပုဂ္ဂိုလ်တွေကို ပြောဆိုတာ ရှိပါတယ်။ သတင်းစာမှာ ဘာတွေ ဖေါ်ပြထား သလဲဆိုရင် “တရားသူကြီးများသည် နိုင်ငံတော် တရားရုံးများကို ကိုယ်စားပြု သူများအဖြစ် ဥပဒေအရာရှိများ ရဲတပ်ဖွဲ့မျာနှင့် ပူးပေါင်းပြီး ပြည်သူများကို ဥပဒေနဲ့အညီ ကူညီဖို့ တိုက်တွန်းတယ်” လို့ ရေးထားပါတယ်။

ဆက်ပြီးတော့ “နိုင်ငံတော်၏ မူဝါဒနဲ့ လုပ်ငန်းများကို နားလည်ခံယူပြီး နိုင်ငံတော်ကို ၀ိုင်းဝန်း တည်တောင်နိုင်ရေး အသိစိတ်ဖြင့် ပြည်သူ့ အကျိုးပြု တရားစီရင်ရေးစနစ် ထွန်းကားအောင် ဆောင်ရွက်၊ အမြန်ဆုံး တရားစီရင်ခြင်းဖြင့် အမှန်ဆုံး တရားစီရင်ရေး ဖြစ်အောင် ကြိုးစားစေလိုကြောင်း” ဗိုလ်ချုပ်ကြီးသိန်းစိန် ပြောကြားတာကို သတင်းစာမှာ ဖေါ်ပြပါတယ်။ ဒီကနေ့ဆိုရင် တရားသူကြီးတွေကို ပြောကြားတာ ဖြစ်ပါတယ်။

ဦးမင်းလွင်ဦး ------ “ဟုတ်ကဲ့ခင်ဗျား၊ မနေ့က သတင်းစာမှာလည်း ပြည်နယ်နဲ့တိုင်းတွေမှာ တာဝန် ထမ်းဆောင်နေကြတဲ့ ဥပဒေ အရာရှိတွေကို ခေါ်ပြီးတော့ ဥပဒေပိုင်းဆိုင်ရာ ကိစ္စရပ်တွေမှာ မှန်မှန်ကန်ကန် လုပ်ဆောင် နိုင်ဖို့အတွက် ပြောတာတွေ ရှိတယ်။”

မေး ----- အဲဒီမှာ တခု ထူးခြားတာက နိုင်ငံတော်ရဲ့ မူဝါဒလမ်းစဉ် (၇) ချက်ကို ဖျက်လို ဖျက်ဆီးတဲ့ အန္တရာယ်ကနေပြီးတော့ အကာအကွယ် ပေးရမယ် ဆိုတာလည်း မနေ့က ဥပဒေအရာရှိတွေကို ပြောခဲ့တာတွေ ရှိပါတယ်။ အဲတော့ ဒီလိုမျိုး ပြောခဲ့တဲ့ ဥစ္စာတွေက ကျနော်တို့ မြန်မာနိုင်ငံအထဲမှာ လာမယ့် ၂၀၁၀ ရွေးကောက်ပွဲအတွက် ဥပဒေအရာရှိ တွေနဲ့ တရားသူကြီးတွေကို ခေါ်ယူပြီးတော့ သတိပေးတယ်လို့ ကျနော်တို့အနေနဲ့ ထင်မြင်ယူဆပါတယ်။

ဟုတ်ကဲ့၊ နောက်တခုဟာ ဗိုလ်ချုပ်ကြီးသိန်းစိန် ညွှန်ကြားသလိုဘဲ တရားစီရင်ရေးမှာ အမြန်ဆုံး တရားစီရင်ခြင်းဖြင့် အမှန်ဆုံး တရားစီရင်ရေး၊ ဥပဒေအတိုင်း လုပ်ရေး ဆိုတာတွေကို တကယ်တမ်း မြန်မာပြည် တရားစီရင်ရေးမှာ ရှိပါသလား၊ ဒါမှမဟုတ် မရှိဘူးလား ဆိုတာကို ဘယ်လိုသုံးသပ်မိသလဲ ခင်ဗျား။

ဦးမင်းလွင်ဦး ------ “ဟုတ်ကဲ့ခင်ဗျား။ ဥပဒေနဲ့အညီ တရားစီရင်ရေးဆိုတာက လက်ရှိကာလမှာ ပြောရတာ အလွန်ခဲယဉ်းတဲ့ ကိစ္စဖြစ်ပါတယ်။ ဥပဒေ ပြဌာန်းချက်ကတော့ တိတိကျကျရှိပါတယ်။ သို့သော် ဥပဒေအရာရှိတွေနဲ့ တရားသူကြီးတွေက ဥပဒေ ပြဌန်းချက်အတိုင်း လိုက်နာဆောင်ရွက်မှု မရှိတဲ့အတွက် လက်ရှိ မြန်မာနိုင်ငံရဲ့ တရားစီရင်ရေး စနစ်မှာ မြန်မြန်နဲ့မှန်မှန် တရားစီရင်ရေး ဆိုတာက မဖြစ်နိုင်သေးဘူး ဆိုတာကို ကျနော်တို့ အနေနဲ့ ပြောချင်ပါတယ် ခင်ဗျား။”

မေး ----- နောက်တခုက နိုင်ငံရေး အင်အားစုတွေနဲ့ အတိုက်အခံတွေအပေါ်မှာ တရားစီရင်တာနဲ့ ပတ်သက်လို့ကရော။

ဦးမင်းလွင်ဦး ------
“နိုင်ငံရေး အင်အားစုတွေနဲ့ ကျောင်း သား လူငယ်၊ ဒီမိုကရေစီရေး လှုပ်ရှားတဲ့ သူတွေအပေါ်မှာ တရား စီရင်တဲ့ အခါမှာလည်း အလွန်တရာ မှပင် အကျဉ်းနည်း ဆန်တာကို ကျနော်တို့ တွေ့ရှိရတယ်။ အထူးသဖြင့် ပြောချင် တာကတော့ အင်းစိန်ထောင် အတွင်းမှာ ဖွင့်လှစ်လိုက်တဲ့ အထူးတရားရုံး ကနေပြီး စစ်ဆေး ကြားနာတာ ဖြစ်တယ်။ အဲတော့ အဲဒါတွေကို သက်သေတွေ လာရောက် ထွက်ဆိုဖို့ ဆိုတာက အလိုမတူတဲ့ ကိစ္စဖြစ်တယ်။ အဲတော့ သက်တွေကို ခေါ်ယူပေးဖို့ တရားရုံးမှာ တာဝန်ရှိသော်ငြားလည်း အဲဒီကိစ္စကို လျစ်လျှူရှု ထားတာကို ကျနော်တို့ တွေ့ရှိရတယ်။ အဲတော့ ရုံးမှာ လာရောက် သက်သေ ထွက်ဆိုတာကလည်း စွမ်းအာရှင်တွေ၊ ရပ်ကွက်သူကြီး အဖွဲ့ဝင်တွေ၊ ရဲတွေရဲ့ သက်သေထွက်ချက် အပေါ်မှာသာ မူတည်ပြီးတော့ အပြစ်ပေးနေတာကို အမှုတော်တော် များများမှာ သိရှိနေရတဲ့အတွက် ဒါက မျှတ မှန်ကန်တဲ့ တရားစီရင်ရေး မဟုတ်ဘူးဆိုတာကို ကျနော်တို့ ပြောချင်တယ်။ ကျနော်တို့ မြန်မာနိုင်ငံ အမြင့်ဆုံး တရားရုံးချုပ် ကနေပြီးတော့ ဆုံးဖြတ်ထားတဲ့ စီရင်ထုံးကိုတောင်မှ လျှစ်လျူရှုပြီး ဆုံးဖြတ်ထားတဲ့ အမှုတွေ တော်တော်များများ ရှိတယ်ဆိုတာကို ကျနော်တို့ သိရှိရပါတယ်။”

မေး ------ နောက်တခု ကျနော်မေးချင်တာ တခုရှိပါတယ်။ မြန်မာနိုင်ငံ စာနယ်ဇင်းအချို့မှာ ရေးတာတွေ့ရပါတယ်။ ရာဇ၀တ်မှု ကျူးလွန်သူတွေကို လဲလှယ်တဲ့ ဥပဒေ သဘောတူစာချုပ်နဲ့ ပတ်သက်လို့ ဖေါ်ပြလာတာတွေ တွေ့ရပါတယ်။ အဲဒီကိစ္စနဲ့ ပတ်သက်လို့ရော ဦးမင်းလွင်ဦး ဘာတွေလေ့လာထားတာ ရှိပါသလဲ။

ဦးမင်းလွင်ဦး ----- “ဒီဥပဒေက ၂၀၀၄ ခုနှစ်က စတင် ပြဌာန်းတဲ့ ဥပဒေဖြစ်တယ်။ ပြဌာန်းစဉ်က ထိုင်းနဲ့ တရုတ်နိုင်ငံ နှစ်နိုင်ငံ နယ်စပ်မှာ ဖြစ်ပွားတဲ့ မူးယစ်ဆေးဝါးကိစ္စမှာ တရားခံ လဲလှယ်ခြင်း၊ တရားခံတွေ ဖမ်းဆီးခြင်း၊ နောက်လူကုန်ကူးခြင်း စတဲ့ ကိစ္စရပ်တွေမှာ အရေးယူနိုင်ဖို့ အတွက် နှစ်နိုင်ငံ သဘောတူတဲ့ ဒီဥပဒေကို ပြဌာန်းပြီး လိုက်နာ ဆောင်ရွက်တယ်ဆိုတာကို ကျနော်တို့ သိရှိရတယ်။ ဒါပေမဲ့ အခုနောက်ပိုင်းမှာ ကျနော်တို့ နယ်စပ် အဖွဲ့အစည်းတွေနဲ့ ဆက်ဆံတယ်။ မတရားအသင်းတွေနဲ့ ဆက်ဆံတယ်။ နောက်ပြီးတော့ သင်တန်းတွေ သွားတက်တဲ့ ကိစ္စရပ်တွေ ပေါ်ပေါက်လာတယ်။ အဲတော့ ဒါတွေဟာ နောက်ပိုင်းမှာ အတိုက်အခံတွေကို ဖိနှိပ်ဖို့ ရည်ရွယ်ပြီးတော့ ဒီဥပဒေကို ပြန်လည် ဖေါ်ပြတယ်လို့ ကျနော့အနေနဲ့ ထင်မြင်ယူဆပါတယ်။”

“အိမ်နီးနားချင်း နိုင်ငံတွေမှာ ခိုအောင်းနေတဲ့ အတိုက်အခံတွေကို ရည်ရွယ်ပြီး ဖိနှိပ်နိုင်ဖို့အတွက် ဒီဥပဒေကို ပြန်လည် ဖေါ်ပြလာတယ်လို့ ကျနော်တို့ ထင်မြင်ယူဆပါတယ်။”

ဟုတ်ကဲ့ ဦးမင်းလွင်ဦးကို အများကြီးကျေးဇူးတင်ပါတယ်။

0 comments:

Post a Comment