Saturday, May 23, 2009

Filled Under:

ဒေါ်အောင်ဆန်းစုကြည်ကို ရုံးတင်စစ်ဆေးနေတဲ့ တရားသူကြီးတွေရဲ့ နောက်ခံအခြေအနေ

VOA ----- 19 May 2009

အင်းစိန်ထောင်အတွင်း တရားစီရင်နေတဲ့ နေရာကို အများပြည်သူ လာရောက်ကြည့်ရှုခွင့် မပြုတာဟာ ချမှတ်ထားတဲ့ ဥပဒေကို စစ်အစိုးရကိုယ်တိုင် ချိုးဖေါက်ရာရောက်တယ်လို့ ဥပဒေပညာရှင်တွေ ပြောကြပါတယ်။ အခု ဒေါ်အောင်ဆန်းစုကြည်တို့ အမှုကို ကြားနာနေတဲ့ တရားသူကြီး ၂ ယောက် ဟာလည်း အရင်းတုန်းက ကျောင်းသား ခေါင်းဆောင်တွေရဲ့ အမှုကို စစ်ဆေးခဲ့ကြတဲ့ တရားသူကြီးတွေ ဖြစ်နေတာကြောင့် သူတို့ချမှတ် စီရင်တဲ့ချက်တွေကို ကြည့်ခြင်းဖြင့် မှန်ကန်ဖို့ရန် ရာခိုင်နှုန်းအားဖြင့် နည်းတယ်လို့ ဆိုပါတယ်။

ပထမဆုံးတော့ အခု ဒေါ်အောင်ဆန်းစုကြည်တို့အမှုကို ကြားနာ စစ်ဆေးနေတဲ့ နှစ်ပါးတိုင် တရားသူကြီးတွေ ကြားနာခဲ့တဲ့ဖူးတဲ့ အမှုတွေကို အရင်ကြည့်ကြရအောင်ပါ။ ဒီတရားသူကြီး နှစ်ဦးကတော့ ရန်ကုန်မြောက်ပိုင်းခရိုင်ရုံးမှ ဦးသောင်းညွန့်နဲ့ ရန်ကုန် အနောက်ပိုင်းခရိုင်ရုံးက ဦးညီညီစိုးတို့ ဖြစ်ကြပါတယ်။

ဒီတရားသူကြီးတွေဟာ ကိုမင်းကိုနိုင်၊ ကိုကိုကြီး၊ ကိုမင်းဇေယျာ စတဲ့ ၈၈ မျိုးဆက်ကျောင်းသား ခေါင်းဆောင်တွေရဲ့ အမှုတွေကို ကြားနာခဲ့ကြတဲ့ တရားသူကြီးတွေ ဖြစ်တဲ့အကြောင်း AHRC အာရှလူ့အခွင့်အရေး ကော်မရှင်မှ ဦးမင်းလွင်ဦးက ပြောပြပါတယ်။

ဦးမင်းလွင်ဦး ------ “ဦးသောင်းညွန့်က မင်းဇေယျာတို့ အမှုတုန်းကပါတဲ့ တရားသူကြီး၊ နောက် ဦးညီညီစိုးက စုစုနွေးတို့အမှုကို အဲဒီတုန်းက အနောက်ပိုင်း ခရိုင်တရားရုံးမှာ အဲဒီတုန်းက တရားသူကြီး၊ အခု အဲဒီနှစ်ယေက်ကို ရွေးလိုက်တယ်။ ရွေးပြီးတော့ သီးသန့်ခုံရုံး ထုတ်ယူလိုက်တာကိုး။ ဦးသောင်းညွန့်က ဥက္ကဌ၊ ဦးညီညီစိုးက အဖွဲ့ဝင်။ အဲတော့ အုပ်စု (၃) ခုစလုံးမှာ တရားလိုဖြစ်တဲ့သူ သူက အရင်တုန်းက ဒုရဲမှူး ဇော်မင်းအောင် ဖြစ်တယ်။ အရင်က ရဲမှူးရဲညွန့်က တရားလိုဖြစ်တယ်။ ရဲမှူးရဲညွန့်က ကျန်းမာရေးကြောင့် အမှုတွေကို တရားလို လုပ်ပြီး မစွဲနိုင်တဲ့ အခါမှာ သူ့သားဇော်မင်းအောင်ကို အစားထိုးပြီး ခေါ်ယူတာဖြစ်တယ်။”

“အဲဒီအချိန်မှာ ကိုင်တွယ်ခဲ့တာ ဘယ်လိုရှိသလဲဆိုတော့ မင်းကိုနိုင်တို့ အမှုတုန်းကတော့ ရှေ့နေတွေအားလုံး Power ရုပ်သိမ်း သွားတယ်လေ။ နောက်တခါ မင်းဇေယျာတို့အမှုမှာလည်း ဒေါ်စမ်းစမ်းတင် တယောက်အတွက်ဘဲ ရှေ့နေပါတယ်။ ကျန်တဲ့လူတွေက ကိုယ်တိုင်ထုချေတယ်။ အဲဒီလို ဖြစ်ကုန်တယ်။”

ကျောင်းသား ခေါင်းဆောင်တွေ တင်ပြလာတဲ့ စာရွက်စာတမ်းတွေအားလုံး တူညီနေတဲ့အတွက် ဒါဟာ တရားဥပဒေနဲ့ ညီညွတ်ခြင်းမရှိပေမဲ့ တရားသူကြီးတွေက အဲတာတွေကို သိရက်နဲ့ မျက်ကွယ်ပြု လက်ခံခဲ့တယ်လို့ ဆိုပါတယ်။

ဦးမင်းလွင်ဦး ----- “ ဒီ ၃၆ ဦးကို အဖွဲ့တွေ ခွဲပြီးတော့ စွဲဆိုလိုက်တယ်။ အမှုတွေမှာ တင်ပြထားတဲ့ စာရွက်စာတမ်းတွေ အားလုံးဟာ အတူတူဖြစ်တာကို ကျနော်တို့ တွေ့ရတယ်။ ကျနော်တို့ သက်သေခံ ဥပဒေမှာ ပြဌာန်းထားတဲ့ ပြဌာန်းချက်တွေမှာ ဒီလိုမျိုး မိတ္တူကူးပြီး ဥပဒေကို ပွားပြီးတော့ သက်သေခံတင်ခွင့်ကို ပိတ်ပင်ထားတာဖြစ်တယ်။ ဒါပေမဲ့လည်း တရားသူကြီးတွေက ဒါတွေကို သိလျှက်နဲ့ မျက်ကွယ်ပြုပြီး အမှုတွေမှာ ထည့်သွင်းဆုံးဖြတ် နေတယ်ဆိုတာကို ကျနော်တို့ သိရတယ်။”

ဒီလို တရားဥပဒေနဲ့ ညီညွတ်ခြင်းမရှိတဲ့ စီရင်ချက်တွေကို တဖက်စောင်းနင်း ချမှတ်ခဲ့တဲ့ သက်သေ အထောက်အထားတွေ ရှိနေတာကြောင့် အခု ဒေါ်အောင်ဆန်းစုကြည် အမှုမှာလည်း ဒီတရားသူကြီး ၂ ယောက်က ချမှတ်မဲ့ စီရင်ချက်တွေဟာ တရားမျှတ မှန်ကန်မှု ရှိနိုင်လိမ့်မယ်ဆိုတာ သံသယ ဖြစ်စရာ ရှိတယ်လို့ ဦးမင်းလွင်ဦးက သုံးသပ်ပါတယ်။

ဦးမင်းလွင်ဦး ----- “ဒါက ကျနော်တို့ အများကြီး သံသယ ဖြစ်စရာ ရှိပါတယ်။ ကျနော်တို့ တရားခွင် မစခင်မှာလည်း ၀န်ကြီးချုပ် သိန်းစိန်ကနေပြီးတော့ တရားသူကြီးတွေကို ခေါ်ပြီး မိန့်ခွန်းပြောတာရှိတယ်။ “အမှန်တရားကို စီရင်ဆုံးဖြတ်တဲ့အခါမှာ မှန်တာကို စီရင်ဆုံးဖြတ်ရုံနဲ့ မပြီးဘူး။ အများပြည်သူတွေလည်း မြင်ဖို့ လိုတယ်။ ကြားသိဖို့လိုတယ်။ ဒါမှသာ မျှတတဲ့ တရားစီရင်ရေးကို တရားရုံးက စီမံဆောင်ရွက် တယ်ဆိုတာကို အများပြည်သူက နားလည်လက်ခံ လာမယ်ဖြစ်တယ်။”

ဒါအပြင် တရားစီရင်တဲ့နေရာမှာ တရားမျှတ မှန်ကန်မှုရှိနိုင်အောင် တရားခွင်မှာ အများပြည်သူရဲ့ ရှေ့မှောက်မှာ စစ်ဆေးရမယ်လို့ နိုင်ငံတော်က ချမှတ် ပြဌာန်းထားပေမဲ့ ဒေါ်အောင်ဆန်းစုကြည်တို့ အမှု ကြားနာတဲ့ နေရာကို လုံခြုံရေး အကြောင်းပြချက်နဲ့ အများပြည်သူ လာရောက် လေ့လာခွင့် ပိတ်ပင်ထားပါတယ်။

ဦးမင်းလွင်ဦး ----- “တရားခွင်မှာ အများပြည်သူရဲ့ ရှေ့မှောက်မှာ စစ်ဆေးစီရင် ရမယ်ဆိုတာက တရားစီရင်ရေးဆိုင်ရာ မူဖြစ်ပါတယ်။ ဒါတွေကို တရားရုံးအားလုံကနေပြီး လိုက်နာဆောင်ရွက် ရမှာဖြစ်တယ်။ ဒီလို ဆောင်ရွက်ပေးနိုင်ဖို့ကိုလည်း နိုင်ငံတော်ကနေပြီးတော့ စီမံဆောင်ရွက်ပေးဖို့ လိုတယ်။ အခုလုံခြုံရေး အကြောင်းပြချက်နဲ့ ဒီလိုမျိုး ထောင်တွင်းမှာ သီးသန့် ခုံရုံးဖွဲ့ပြီး စစ်ဆေးစီရင်တာက တရားစီရင်ရေးဆိုင်ရာ မူတွေကို အသိအလင်း ကျူးလွန်ဖေါက်ဖျက်နေတာ ဖြစ်တယ်။ အဲတော့ လူအများ နားထောင်လို့မရတဲ့ တရားခွင်က မျှတ မှန်ကန်မှု ရှိတယ် မရှိဘူး ဆိုတာကို ဘယ်သူမှ မသိနိုင်တဲ့ အခြေအနေဖြစ်တာကြောင့် ကျနော်တို့က တရားခွင်မှာ အမှုစစ်ဆေး တဲ့အခါမှာ အများပြည်သူရဲ့ ရှေ့မှောက်မှာ စစ်ဆေး စီရင်ရမယ်ဆိုတဲ့ မူကို ချမှတ်ထားတာဖြစ်တယ်။”

“ပြောရမယ်ဆိုလို့ရှိရင် ဒီအမှုက မစွဲခင်ကတည်းက ပျက်နေတဲ့အမှုဖြစ်တယ်။ ဒါအမှန်အတိုင်း မျှမျှတတ စစ်ဆေး စရင်မယ်ဆိုလို့ရှိရင် ဒီအမှုကို စွဲဆိုနိုင်စရာ အကြောင်းမရှိဘူး။ ဒီအမှုကို ပလတ်ပေးရမှာဖြစ်တယ်။ ဒါပေမဲ့ အခုလိုမျိုး တရားစွဲဆိုနိုင်အောင် အဖက်ဖက်ကနေ နည်းမျိုးစုံနဲ့ ပြင်ဆင်ပြီး လုပ်လာတဲ့ ကိစ္စရပ်မှာတော့ ကျနော့အနေနဲ့ ဒေါ်အောင်ဆန်းစုကြည်ကို အပြစ်ပေးချင်လို့ တမင် ဖန်တီးပြီးတော့ စီမံ ဆောင်ရွက်တယ်လို့ ကျနော်ပြောချင်တယ်။”

(အာရှလူ့အခွင့်အရေး ကော်မရှင်မှာ မြန်မာ့အရေး ဆောင်ရွက်ပေးနေတဲ့ ရှေ့နေ ဦးမင်းလွင်ဦးပါ)

0 comments:

Post a Comment