Saturday, May 23, 2009

Filled Under:

ဒေါ်အောင်ဆန်းစုကြည် တရားရင်ဆိုင်နေရတဲ့ အခြေအနေအပေါ် ဆက်သွယ်မေးမြန်းချက်

RFA ----- 20/ 5/ 2009

ဒေါ်အောင်ဆန်းစုကြည် အခုလို တရားရင်ဆိုင်နေရတဲ့ အပေါ်မှာ ဥပဒေပညာရှင်တွေရဲ့ သုံးသပ်ချက်ကို သိရအောင်လို့ အာရှလူ့အခွင့်အရေး ကော်မရှင်မှ မြန်မာ့အရေး ဆောင်ရွက်နေတဲ့ ရှေ့နေ ဦးမင်းလွင်ဦးကို မအင်ကြင်းနိုင်က ဆက်သွယ်မေးမြန်းထားပါတယ်။

မေး ------ ဒေါ်ဆောင်ဆန်းစုကြည် အမှုကိစ္စကို အင်းစိန်ထောင်အတွင်း တရားရုံးမှနေပြီးတော့ နေ့စဉ် ဆက်တိုက် တပါတ်လုံး ရုံးထုတ်စစ်ဆေးသွားမဲ့ အပိုင်းဟာ ဥပဒေကြောင်းအရ ဘယ်လို ထူးခြားမှု ရှိပါသလဲ။

ဦးမင်းလွင်ဦး ------
ပြစ်မှုဆိုင်ရာ ဥပဒေမှာ သာမန်အားဖြင့် တရားရုံးတွေမှာ စစ်ဆေးတယ် ဆိုလို့ရှိရင် ရုံးချိန်းတချိန်းမှာ သက်သေ ၂ ယောက်၊ ၃ ယောက်။ အဲဒါကို စစ်ပြီးတယ် ဆိုတာနဲ့ ရမန်ကြီး အနည်းဆုံး ရမန် လေး ၁ ပတ်၊ အနည်းဆုံး ၇ ရက်၊ ဒါမှမဟုတ် ၁၄ ရက် ရုံးချိန်းပေးပြီးတော့မှ အမှုစစ်ဆေးတဲ့ သဘောရှိပါတယ်။ ဒါပေမဲ့ ဒေါ်အောင်ဆန်းစုကြည်နဲ့ ပတ်သက်တဲ့ အမှုမှာတော့ ဒီအမှုမဖြစ်ခင်၊ ရုံးမတင်ခင်တတည်းက ၀န်ကြီးချုပ်သိန်းစိန် ကနေပြီး “ မှန်မှန်နဲ့ မြန်မြန် တရားစီရင်ရမယ်” ဆိုပြီး တရားသူကြီးတွေကို နေပြည်တော်မှာ ခေါ်ပြီးတော့ မိန့်ခွန်ချွေခဲ့တာ ရှိပါတယ်။ အဲဒီမိန့်ခွန်း ချွေတဲ့အတိုင်း အောက်တရားရုံးက လုပ်ဆောင်နေတယ် လို့လည်း ကျနော်တို့ ထင်မြင်ယူဆတယ်။

အဲတော့ အဲလိုမျိုး နေ့စဉ်ရက်ဆက် အမှုကို စစ်ဆေးစီရင်မယ် ဆိုလို့ရှိရင် ဒီတရားခွင်ကို လာရောက်ရတဲ့ ရှေ့နေတွေ၊ ပြီးတော့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ကျန်းမာရေးအခြေအနေ ဒါတွေကို ကျနော်တို့ စိုးရိမ်ပါတယ်။ ဒါက သာမန်မဟုတ်ဘဲနဲ့ အမှုကို အမြန်ဆုံးပြီးအောင် တွန်းပြီး စစ်ဆေးစီရင် နေတဲ့သဘော ဖြစ်တယ်လို့ ကျနော်တို့ မြင်ပါတယ် ခင်ဗျား။

မေး ------ နောက်တချက်က မနေ့က ဒုတိယမြောက် ရုံးထုတ်စစ်ဆေးတဲ့အခါမှာ တရားလိုဘက်မှ သက်သေ ၅ ဦးကို သူတို့ စတင်စစ်ဆေးတယ်ပေါ့နော်။ အဲဒီသက်သေတွေထဲမှာ အာဏာပိုင်တွေဘက်မှ တာဝန်ရှိတဲ့သူ အများစုက သက်သေပစ္စည်းတွေကို လက်ခံသိမ်းဆည်းတဲ့သူ ဖြစ်နေပြီးတော့ အမှုနဲ့ ပတ်သက်ပြီးတော့ တိုက်ရိုက်သက်ဆိုင်တဲ့သူတွေ မဟုတ်တဲ့အပေါ်မှာ ဘယ်လိုသုံးသပ်မိသလဲ။

ဦးမင်းလွင်ဦး ----- ဟုတ်ကဲ့ခင်ဗျား။ မနေ့က တရားလိုဖြစ်တဲ့ ဒုရဲမှူးကြီး ဇောင်မင်းအောင်ကို စတင်စစ်ဆေးတယ်။ ဒုရဲမှူး ဇော်မင်းအောင်ကိုယ်တိုင်ကလည်း တကယ်တန်း ပြောရမယ်ဆိုလို့ရှိရင် ဒီအမှုကို သူ့အနေနဲ့ တရားလိုအဖြစ် တာဝန်ယူပြီးတော့ တရားစွဲဆိုရတာ ရှိပါတယ်။ ဒီအမှုကို သူ့အနေနဲ့ ဂဂဏဏ ဘာမှမသိပါဘူး။ အောက်က အမှုစစ် ရဲအရာရှိရဲ့ တင်ပြလာတဲ့ တင်ပြချက်တွေအပေါ်မှာ မူတည်ပြီးတော့ သူ့အနေနဲ့ ဘယ်လို တိုင်ကြားတယ်။ ဘယ်လို သိရှိရတယ်ဆိုတာကိုဘဲ ဆက်သွားမယ်လို့ ကျနော်တို့ ထင်မြင်ယူဆပါတယ်။

နောက်ပြီးတော့ ဒီနေ့ဖြစ်တဲ့ ရဲအရာရှိ ၄ ဦးနဲ့ သက်သေ တယောက်ကလည်း ပစ္စည်းတွေ သိမ်းဆည်းတဲ့အခါမှာလည်း ပုံစံမှာ သက်သေအဖြစ် လက်မှတ်ရေးထိုးတဲ့သူ ဖြစ်တဲ့အတွက် ဒါကတော့ ကျနော်တို့ ထွေထွေထူးထူး ဘာမသိနိုင်တဲ့ အခြေအနေဖြစ်တယ်။ နောက်တခါ ရဲတော ကို စတင်ဖမ်းဆီးတဲ့အခါမှာ ဒီလိုပစ္စည်းတွေ ဘယ်မှာတွေ့ရှိတယ်။ ကင်မရာတွေ တွေ့မယ်။ ရေသန့်ဘူးတွေတွေ့မယ်။ နောက်တခါ ရေကူးတဲ့နေရာမှာ အသုံးပြုတဲ့ ဖိနပ်တွေ သိမ်းမယ်။ နောက် ဒေါ်အောင်ဆန်းစုကြည် အိမ်မှာ ၀င်ရောက်ပြီး စားသောက်တဲ့အခါမှာ နေတဲ့ကာလအတွင်းမှာ သုံးစွဲခဲ့တဲ့ ပန်းကန်တွေ သိမ်းရင်သိမ်းမယ်။

ဒီအရာတွေကတော့ အမှုအတွက် အရေးမပါတဲ့ ကိစ္စတွေဖြစ်တယ်။ ဒါကြောင့်လည်း ဒီလောက်မြန်မြန် ဒီနေ့ ပြီးသွားတယ်လို့လည်း ကျနော်တို့ ထင်မြင်ယူဆပါတယ်။ နောက်နေ့ အမှုစစ်တဲ့သူတွေ အောင်သပြေ စစ်ကြောရေးစခန်းမှာ စစ်ကြောရေး ၀င်ထားတဲ့သူတွေရဲ့ သက်သေထွက်ချက်တွေ ကျလို့ရှိရင်တော့ ဒီဥစ္စာတွေက အရေးပါလာလိမ့်မယ်လို့ ကျနော်တို့ ထင်မြင်ယူဆပါတယ်။

မေး ----- ဒါဆိုရင် တကယ်တန်း အမှုစစ်နေတဲ့အပိုင်းမှာ ဘယ်အပိုင်းတွေက အရေးကြီးဆုံး ဖြစ်လာမှာလဲရှင်။

ဦးမင်းလွင်ဦး ------ ဒါကတော့ အမှုစစ် ရဲအရာရှိကို စစ်တဲ့အခါ ကျလို့ရှိရင် ဒါတွေက ပေါ်ပေါက်လာမှာဖြစ်တယ်။ ဒါပေမဲ့ ပြီးခဲ့တဲ့ သံဃာ့အရေးအခင်းနောက်ပိုင်း ကျောင်းသားခေါင်းဆောင်တွေကို စစ်တဲ့အမှုတွေမှာ အဲဒီလိုမျိုး အရေးကြီးတဲ့ သက်သေတွေကို သူတို့အနေနဲ့ နောက်ပိုင်းတွေမှာ ထားပြီးတော့ စစ်တဲ့ဟာတွေလည်း ရှိပါတယ်။ ဘာကြောင့် အဲဒီလို ထားရသလဲ ဆိုလို့ရှိရင် ရှေ့ပိုင်းက လိုနေ၊ ဟာနေတဲ့ကွက်လပ်တွေကို နောက်ပိုင်းမှာ ဖြည့်နိုင်ဖို့အတွက် အဲဒီလို စီမံဆောင်ရွက်တယ်ဆိုတာကို ယခင်အမှုတွေရဲ့ အမှုတွဲတွေကို ဖတ်ကြည့်ခြင်းအားဖြင့် ကျနော်တို့ သိရှိရပါတယ်။

ဒါကတော့ သူတို့ဘက်ကနေပြီးတော့ အမှုမှာ ပြစ်ဒဏ် မပေး၊ ပေးနိုင်အောင် စီမံဆောင်ရွက်နေတဲ့ အပိုင်းတွေဖြစ်တယ်လို့ ကျနော်တို့ ထင်မြင်ယူဆပါတယ်။

0 comments:

Post a Comment