Tuesday, May 26, 2009

Filled Under:

Open Court နဲ့ ပတ်သက်ပြီး ဥပဒေပညာရှင်တွေရဲ့ ဆွေးနွေးချက်များ

RFA ------ 21 5 09

လွတ်လပ်စွာ တရားစီရင်ရေး ဆိုတာဘာလဲ။ အများပြည်သူ တက်ရောက် နားထောင်ခွင့် ဆိုတာဘာလဲ။ ပြည်တွင်း ပြည်ပ ဥပဒေ ပညာရှင်တွေကို AFA ၀ိုင်းတော်သား ကိုနေရိန်ကျော်က စုစည်း တင်ပြထားပါတယ်။

လွတ်လပ်စွာ တရားစီရင်ရေး ဆိုတဲ့စကားနဲ့ Open Court လို့ခေါ်တဲ့ အများပြည်သူ တက်ရောက်နားထောင်နိုင်ခွင့် ဆိုတဲ့စကားနှစ်ခွန်းဟာ မြန်မာနိုင်ငံမှာ ရေပန်းစား၊ ဂရက်ရိုက်နေတဲ့ စကားတွေဖြစ်ပါတယ်။ ဒါကြောင့် ရုံးကန်ကနားတွေ ဥပဒေ ဘာသာရပ်တွေနဲ့ အကျွမ်းတ၀င် မရှိသေးတဲ့ ကျနော်တို့ရဲ့ ပြည်သူတွေ အနေနဲ့ ဒီစကားရဲ့ မူလဇစ်မြစ်၊ အစိုးရ အဆက်ဆက်ရဲ့ အပြဌာန်းချက်၊ သက်ဆိုင်သူတို့ရဲ့ ရပိုင်ခွင့်တွေနဲ့ ဒီနေ့ခေတ် စစ်အစိုးရ လက်အောက်က တရားစီရင်ရေး အခြေအနေကို သိရအောင် ဥပဒေကျွမ်းကျင်သူ ရှေ့နေတွေကို ဒီကနေ့ ကျနော် မေးမြန်းကြည့်ပါတယ်။

လွတ်လပ်စွာ တရားစီရင်ရေးဆိုတာဘာလဲ။ အများပြည်သူ တက်ရောက်နားထောင်နိုင်ခွင့် ဆိုတာဘာလဲ။ ပထမဆုံး ပြောကြားသူက ပဲခူးမြို့မှ ရှေ့နေဦးအေးမြင့် ပါ။ သူက ------

ဦးအေးမြင့် ------ “Open Court ဆိုတာ အများပြည်သူ မည်သူမဆို တက်ရောက်နားထောင် နိုင်တာကို ပြောတာပါ။ ဒါက Open Court မှ မဟုတ်ဘဲ။ မနေ့က သံတမန်တွေကို ၀င်ခွင့်ပြုတယ် ဆိုတာက အချိန်မရွေး ၀င်ထွက်သွားလာပြီးတော့ ပြောဆိုနိုင်တယ်။ သတင်းထောက်က တရားသူကြီးတွေကို ခွင့်တောင်းပြီးတော့မှ သွားရမှာ။ အခုတော့ သက်ဆိုင်ရာ အာဏာပိုင်အဖွဲ့ အစည်းမှ ခွင့်ပြုပြီးတော့မှ သွားရမယ်ဆိုတဲ့ အချက်ဟာ ဒါက Open Court မဟုတ်ဘူး။ နောက် တရားသူကြီး Power က ဘယ်လောက် အထိလဲဆိုရင် တရားရုံးတိုင်းမှာ နောက်ကနိုင်ငံတော်အလံ ဆိုတာရှိတယ်။

နိုင်ငံတော်ကိုယ်စား အလုပ်လုပ်ရတဲ့ သူဆိုလို့ ရှေ့နေရှေ့ရပ်၊ တာဝန်ရှိတဲ့ ပုဂ္ဂိုလ်တွေ အလေးပြု ၀င်ရတယ်။ အဲတော့ နိုင်ငံတော် ကိုယ်စားအလုပ်လုပ်ပေးတဲ့ တရားသူကြီးဟာ တရားခွင်မှာ အာဏာအရှိဆုံး ပုဂ္ဂိုလ်တွေဖြစ်တယ်။ ၀င်ရောက် စွက်ဖက်တယ် ဆိုတာက ဥပဒေမှာ မရှိဘူး။ မြန်မာပြည်ဥပဒေက လုပ်ချင်သလို လုပ်နေကြတယ်။ မြန်မာပြည်ဥပဒေက သူတို့လိုရင်သုံးတယ်။ မလိုရင် ဥပဒေနဲ့တိုင်တယ်။ ဒါဘဲရှိတယ်။ မြန်မာပြည်မှာ ဥပဒေဆိုတာ မရှိပါဘူး။

ဗမာပြည်မှာ ဥပဒေဆိုတဲ့ အမှန်တရားရှိရင်တော့ အခုအတိုင်း ဒေါ်အောင်ဆန်းစုကြည်ကို တရားစွဲတာတွေ ဥပဒေနဲ့ လုံးဝမညီဘူး။ သို့သော် အခုခေတ် ဒီအစိုးရ လက်ထက်မှာကတော့ သူတို့လုပ်ချင်တာ လုပ်မယ်။ သူတို့ တရားစွဲချင်ရင် စွဲမယ်။ သူတို့ လွှတ်ချင်ရင် လွှတ်မယ်။ ဒါကြောင့် လူထုကို အကြောက်တရားနဲ့ နှိပ်စက်နေတဲ့ အစိုးရဆိုတာ လူတိုင်းသိတယ်။ ဒေါ်အောင်ဆန်းစုကြည်ကို ဒီလိုလုပ်လာ မစမ်းဘူးဆိုတာ လူထုက နားလည်ပြီးသားပါ။”

ဒုတိယ ပြောတဲ့လူက မန္တလေးမြို့က ရှေ့နေ ဦးမြင့်သွင်ပါ။ သူကလည်း Open Court ဆိုတာ အခုလိုရှင်းပြပါတယ်။

ဦးမြင့်သွင် ------ “ဥပဒေမှာ တရားစီရင်ရေးဆိုင်ရာ မူတွေရှိပါတယ်။ အဲဒီမူတွေကို အများအားဖြင့် ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေမှာ ရေးလေ့ရှိကြတယ်။ Open Court နဲ့ ပတ်သက်ပြီး မူတွေမှာတော့ တရားစီရင်ရေးမှာ ဥပဒေနေဲ့အညီ လွတ်လပ်စွာ တရားစီရင်ပိုင်ခွင့်ရှိတယ်လို့ ပြဌာန်းထားတယ်။ အဲဒီလို ပြဌာန်းထားတာက တရားစီရင်ရေးမှာ အာဏာရှိတဲ့ ပုဂ္ဂိုလ်များကဖြစ်စေ၊ အဖွဲ့အစည်းများကဖြစ်စေ၊ ၀င်ရောက်ခြယ်လှယ်ခြင်း၊ သြဇာလွှမ်းမိုးလာခြင်း မရှိစေရန်နှင့် တည့်မတ် မှန်ကန်စွာ တရားစီရင် နိုင်စေရန် ဖြစ်တယ်လို့ ပြဌာန်းထားတယ်။ ဒါကြောင့်မို့လို့ တရားစီရင်ရေးမှာ ဥပဒေနဲ့အညီ လွတ်လပ်စွာ တရားစီရင်ခွင့် ရှိရမယ်လို့ ပြဌာန်းထားတာ ရှိပါတယ်။”

အခြေခံဥပဒေနဲ့ ပြဌာန်းတာနဲ့ ပတ်သက်ပြီး အခုလို ထောက်ပြ ပြောဆိုပါတယ်။

ဦးမြင့်သွင် ----- “ဒီဟာက ၁၉၇၄ ဖွဲ့စည်းပုံ အခြေခံဥပဒေ ဥပဒေ ပုဒ်မ ၁၀၁ မှာ တရားစီရင်ရေးနဲ့ ပတ်သက်တဲ့မူတွေကို ရေးထားတယ်။ အဲဒီတုန်းက ၈ ချက် လောက်ရှိတယ်ဗျ။ အဲဒီ ၈ ချက်ထဲမှာ အဓိပါယ်ဖွင့်ပြီးတော့ ပြဌာန်းပေးတာ ဖြစ်ပါတယ်။ အခုဖွဲ့စည်းပုံက အတည်မပြုရသေးတော့ ပြဌာန်းချက်နဲ့ ရေးပြထားတာ မရှိသေးဘူးလေ။”

အဲဒီအပြင် လွတ်လပ်စွာ တရားစီရင်ခွင့်ဆိုတာ အင်္ဂလိပ် ကိုလိုနီခေတ်ကတည်းက ရှိခဲ့တာပါတဲ့။

ဦးမြင့်သွင် ------ “ဥပဒေ တော်တော်များများ၊ ဥပမာ တရားမမှုတို့ လိုဟာမျိုးမှာတောင် ၁၉၀၇ တို့ ၁၉၀၈ တို့ အဲဒီအချိန်ကတည်းက ပြဌာန်းထားခဲ့တာဗျ။ ပြန်ပြင်ထားခဲ့တယ်ဗျ။ ကိုလိုနီ ခေတ်ကတည်းက လွတ်လပ်စွာ တရားစီရင်ခွင့်ဆိုတာ ရှိခဲ့ပါတယ်ခင်ဗျား။”

ဒီကနေ့ ကြားသိနေရတဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ အမှုကိစ္စမှာ လွတ်လပ်တဲ့ တရားစီရင်ရေး ဟုတ်ဘာသလား ဆိုတော့ ဦးမြင့်သွင်က -----

ဦးမြင့်သွင် ------ “လွတ်လပ်စွာ တရားစီရင်ခွင့် မရှိဘူးလို့ ပြောလို့ရပါတယ်ခင်ဗျား။ ဆိုလိုတာက ဒါအများပြည်သူရှေ့မှာ တရားစီရင်ရမှာ ဖြစ်ပါတယ်။ ဥပမာ ဒီပုဒ်မနဲ့ ဒေါ်အောင်ဆန်းစုကြည်ကို စွဲဆိုထားတဲ့ ပုဒ်မ အနေအထားအရ ဆိုလို့ရှိရင် နိုင်ငံတော် ပုန်ကန်နိုင်လောက်တဲ့ ပြစ်မှုတွေ ကျူးလွန်တာ မဟုတ်တဲ့ ပုဒ်မတွေပါ။ အဲဒီပုဒ်မတွေမှာ အများပြည်သူရှေ့မှာ လွတ်လပ်စွာ တရားစီရင်ရမှာ ဖြစ်ပါတယ်။

အဲဒီနောက်ပိုင်းမှာတော့ ပြည်ပမှာ နေထိုင်သူ အာရှလူ့အခွင့်အရေးကော်မရှင် AHRC မှ ရှေ့နေ ဦးမင်းလွင်ဦးကိုလည်း ဒီအကြောင်းတွေနဲ့ ပတ်သက်ပြီး စုံစမ်းမေးမြန်းကြည့်ပါတယ်။ သူက လွတ်လပ်စွာ တရားစီရင်ခွင့်ကို မြန်မာနိုင်ငံ ဥပဒေ ပြဌာန်းချက်တွေမှာ အတိအလင်း ဖေါ်ပြထားပုံ၊ တရားသူကြီိးတိုင်း လိုက်နာရမဲ့ ဥပဒေ စတာတွေကို အခုလို ပြောပြပါတယ်။

ဦးမင်းလွင်ဦး ----- တရားစီရင်ရေး ကိစ္စရပ်တွေမှာ တရားမျှတ မှန်ကန်မှုရှိအောင်၊ တရားသူကြီးတွေ လိုက်နာ ဆောင်ရွက်ဖို့အတွက် တရားစီရင်ရေးဆိုင်ရာ မူတွေကို နိုင်ငံတော်အစိုးရရဲ့ ဥပဒေပြုအဖွဲ့ကနေပြီး အတည်ပြု ပြဌာန်းထားတာရှိပါတယ်။ ဒါက နိုင်ငံတကာမှာ လိုက်နာကျင့်သုံးတဲ့ တရားဥပဒေဖြစ်တယ်။ ကျနော်တို့ မြန်မာနိုင်ငံမှာလည်း ၂၀၀၀ ပြည့်နှစ် တရားစီရင်ရေးဆိုင်ရာ ဥပဒေရဲ့ အခန်း (၂) ပုဒ်မ (၂) (င) မှာ ဥပဒေမှာ တားမြင့်ချက်တွေမှအပ အများပြည်သူရဲ့ရှေ့မှာ စစ်ဆေးစီရင်မယ်ဆိုတာပါတယ်။ ပထမဦးဆုံး (က) အချက်က လွတ်လပ်စွာ တရာစီရင်တဲ့ တရားစီရင်ရေးစနစ် ဖြစ်ရမယ်။ ဒါတွေက တရားသူကြီးတွေ လိုက်နာဆောင်ရွက်ရမဲ့၊ တရားစီရင်ရေးဆိုင်ရာ မူတွေအဖြစ် သတ်မှတ်ထားတယ်။

အများပြည်သူရှေ့မှာ လွတ်လပ်စွာ စစ်ဆေးစီရင်ခြင်းဆိုတာက တရားခွင်မှာ တရားသူကြီးတွေရဲ့ စစ်ဆေးပေါ်ပေါက်ချက်၊ သက်သေတွေရဲ့ထွက်ချက်၊ နောက်ပြီးတော့ တရားသူကြီးတွေရဲ့ ဥပဒေနဲ့အညီ ကောက်ယူ သုံးသပ်မှု ရှိ/မရှိ ဆိုတာတွေကို အများပြည်သူတွေကိုယ်တိုင် တက်ရောက် နားထောင်နိုင်အောင် စီမံဆောင်ရွက် ထားတာဖြစ်တယ်။ အဲတော့ အဲလိုမျိုး စီမံဆောင်ရွက်ပေးမှုကိုလည်း အစိုးရမှာ တာဝန်ရှိတယ်။”

“တရားစီရင်ရေး တည့်မတ်ဖို့တွက် စောင့်ကြည့် ထိန်းသိမ်းတဲ့နေရာမှာ သတင်းစာ မီဒီယာတွေကလည်း အရေးပါတဲ့ ကဏ္ဍဖြစ်တယ်။ ဒါပေမဲ့ သတင်းစာမှာက အကန့်အသတ်နဲ့သာ ဖေါ်ပြရတာ ဖြစ်တဲ့အတွက် သတင်းအကျဉ်းချုပ် လောက်ကိုဘဲ ထည့်သွင်းဖေါ်ပြနိုင်တာဖြစ်တယ်။ အပြည့်အစုံကို ထည့်သွင်းဖေါ်ပြနိုင်ခြင်း မရှိတဲ့အတွက် အများပြည်သူရဲ့ ရှေ့မှောက်မှာ စစ်ဆေးစီရင်ဖို့ ဆိုတာက အစိုးရအနေနဲ့ အထူးလိုက်နာ ဆောင်ရွက်ပေးဖို့ လိုတယ်။ စီမံဆောင်ရွက်ပေးဖို့လိုတယ်။ ဒါမှသာ တရားစီရင်ရေးစနစ်ကို ပြည်သူလူထုက ယုံကြည် ကိုးစားလာမယ် ဖြစ်တယ်။”

ဒီကနေ့ ဒေါ်အောင်ဆန်းစုကြည် ရင်ဆိုင်နေရတဲ့အမှုမှာ သံတမန်တွေနဲ့ သတင်းထောက်အချို့ကို မနေ့က တစ်ရက်ထဲ ၀င်ခွင့်ပြုလိုက်တာဟာ လွတ်လပ်တဲ့ တရားစီရင်မှု မဟုတ်သလို စစ်အစိုးရအနေနဲ့ နိုင်ငံတကာကို ထင်ယောင်ထင်မှားဖြစ်အောင် လုပ်လိုက်တယ်လို့လည်း ဦးမင်းလွင်ဦးက ဝေဖန် ပြောဆိုလိုက်ပါတယ်။

ဦးမင်းလွင်ဦး ----- “ မနေ့က သံတမန်အချို့နဲ့ သတင်းသမားအချို့ကို ၀င်ခွင့်ပေးလိုက်တယ် ဆိုတာက နိုင်ငံတကာကို ထင်ယောင်ထင်မှားဖြစ်အောင် လုပ်တဲ့ကိစ္စလို့ဘဲ ကျနော်တို့အနေနဲ့ ထင်မြင်ယူဆပါတယ်။ ဒီနေ့ကျတော့ ၀င်ခွင့် မပြုတော့ဘူးဆိုရင် Open Court အနေနဲ့လည်း မခေါ်နိုင်ပါဘူး။ မနေ့က ၀င်ခွင့်ပြုလိုက်တဲ့ ကိစ္စကလည်း Open Court လို့ ကျနော်တို့ ပြောလို့မရပါဘူး။ ဘာဖြစ်လို့ ပြောလို့မရဘူးဆိုလို့ရှိရင် သံတမန်တွေ ဘာသာပြန်မရှိတဲ့အတွက် တရားရုံးမှာ ဘာတွေစစ်ဆေးစီရင်နေတယ်။ ဘာတွေ မေးမြန်းတယ်ဆိုတာကို သူတို့အနေနဲ့ ဘာမှ မသိရဘူးဖြစ်တယ်။ နောက်ပြီးတော့ တရားခွင်အတွင်းမှာ ဖြစ်ပျက်နေတဲ့ ကိစ္စရပ်တွေကို (၁)ရက်၊ (၂) ရက် ၀င်ကြည့်ရုံနဲ့ သိနိုင်မြင်နိုင်တဲ့ ကိစ္စရပ်မဟုတ်ပါဘူး။ ဒါက နေ့စဉ် စစ်ဆေးတဲ့အမှု ဆိုလို့ရှိရင် နေ့စဉ် တက်ရောက် နားထောင်ခွင့်ရှိမှသာ တရားစီရင်မှုဟာ မျှတမှုရှိတယ်။ မှန်ကန်မှုရှိတယ် ဆိုတာကို အတိအကျ ပြောနိုင်မှာ ဖြစ်တယ်။

0 comments:

Post a Comment