Sunday, June 21, 2009

Filled Under:

AHRC မှ ကုလသမဂ္ဂသို့ တိုင်ကြားထားသော ဒေါ်စုအမှုနှင့် စပ်လျဉ်းသည့် ဆက်သွယ်မေးမြန်းချက်

VOA ----- 20/ 6/ 2009
၁၉၇၅ ခုနှစ်က ပြဌာန်းထားတဲ့ နိုင်ငံတော်အား ဖျက်ဆီးနှောင့်ရှက် သူများအား ကာကွယ်သည့် ဥပဒေတွေကို ချိုးဖေါက်တယ်ဆိုတဲ့ ဒေါ်အောင်ဆန်းစုကြည်နဲ့ သူမနဲ့အတူ နေထိုင်တဲ့ ဒေါ်ခင်ခင်ဝင်းနဲ့ ဒေါ်ဝင်းမမတို့ကို စစ်အစိုးရက အင်းစိန်ထောင်အတွင်းမှာ အထူးခုံရုံးတင် စစ်ဆေးနေတဲ့အမှုဟာ လက်ရှိတည်ဆဲ ဥပဒေနဲ့ မညီညွတ်တဲ့ တရားစွဲဆိုမှု ဖြစ်တယ်လို့ ဟောင်ကောင်အခြေစိုက် AHRC အာရှလူ့အခွင့်အရေး ကော်မရှင်မှ ထုတ်ပြန်တဲ့ ကြေငြာချက်မှာ ဖေါ်ပြထားပါတယ်။

ဒါ့အပြင် ဒေါ်အောင်ဆန်းစုကြည်ကို အခုလို ဖမ်းဆီး တရားစွဲဆိုခဲ့တာဟာ လာမဲ့ ၂၀၁၀ မှာ ကျင်းပဖို့ စစ်အစိုးရ အနေနဲ့ ရွေးကောက်ပွဲ ကာလအတွင်း သူမကို ထိန်းသိမ်းထားလိုတဲ့အတွက် ဖြစ်တယ်လို့လည်း ကြေငြာချက်မှာ ထောက်ပြထားပါတယ်။ မြန်မာနိုင်ငံမှာ ပြဌာန်းထားတဲ့ အခွင့်အရေးတွေကိုတောင် ဒေါ်အောင်ဆန်းစုကြည် အနေနဲ့ မရတဲ့အတွက် ဒီကိစ္စကို ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် မစ္စတာဘန်ကီမွန်း အပါအ၀င် နိုင်ငံတကာ ဥပဒေရေးရာ အဖွဲ့အစည်းတွေထံ တင်ပြတာ ဖြစ်တယ်လို့ အာရှလူ့အခွင့်အရေး ကော်မရှင်မှ ရှေ့နေ ဦးမင်းလွင်ဦးက ရှင်းပြပါတယ်။

ဦးမင်းလွင်ဦး ----- ဒေါ်အောင်ဆန်းစုကြည် အမှုမှာ ကျနော်တို့ မြန်မာနိုင်ငံအတွင်းမှာ ပြဌာန်းထားတဲ့ ဥပဒေရဲ့ အခွင့်အရေးတွေကိုတောင် မရဘူး၊ ဆုံးရှုံးနေတယ်ဆိုတာကို ကျနော်တို့အနေနဲ့ အသေးစိတ် ထောက်ပြပြီး ပြောဆိုထားတာ ဖြစ်ပါတယ်။ ကျနော်တို့ အရင်တုန်းက Urgent Appeals က ပုံစံတမျိုးဗျ။ ဒေါ်အောင်ဆန်းစုကြည် အမှုကျတော့ ကျနော်တို့ Urgent Appeals အနေနဲ့ မထုတ်တော့ပဲနဲ့ International Presser ကနေပြီး ပိုပြီး ဖိအားပေးနိုင်ဖို့အတွက် ဒီအမှုမှာ အဓိက ကျတဲ့ ဥပဒေရေးရာ အချက်အလက်တွေကို သုံးသပ်ပြီးတော့ ကျနော်တို့က သက်ဆိုင်တဲ့ သူတွေကို ပို့ပေးတာ ဖြစ်ပါတယ်။ အခု ကျနော်တို့ ပို့ထားတဲ့ အထဲမှာက Working Groups on Arbitrary Detention ပါတယ်။ Special Rapporteur on Independence of Judges and Lawyers ပါတယ်။ နောက်ပြီးတော့ Human Rights ကိစ္စတွေကို စောင့်ကြည့်နေတဲ့ အထူးကိုယ်စားလှယ် တွေဆီ ပို့တာ ပါတယ်။ မစ္စတာ ဘန်ကီမွန်းသို့ဆီ ပို့တာပါတယ်။ အဲဒီလို ပို့တာဖြစ်တယ်။

မေး ------ အာရှလူ့အခွင့်အရေး ကော်မရှင်က အခုလိုတောင်းဆိုချက် ထုတ်ပြန်တာဟာ ဘယ်လောက်အထိ ထိရောက်မှု ရှိနိုင်ပါသလဲ။ ဒီိကိစ္စနဲ့ ပတ်သက်ပြီးတော့ ဦးမင်းလွင်ဦးကဘဲ ဆက်ပြီးတော့ -------

ဦးမင်းလွင်ဦး ------ ဒါက ကျနော်တို့ ကုလသမဂ္ဂ လူ့အခွင့်အရေး ကောင်စီအောက်မှာရှိတဲ့ အလုပ်အဖွဲ့တွေ အသီးသီး ကနေပြီးတော့ ဒီအမှုတွေကို ဆက်လက်ကိုင်တွယ်တဲ့အခါမှာ သူတို့အနေနဲ့ ဆက်လက်သုံးသပ်ချက်တွေ မိုမို လွယ်ကူ သွားမှာဖြစ်တယ်။ နောက်ပြီးတော့ လုံခြုံရေးကောင်စီကို အဖွဲ့အစည်း အသီးသီးက နေပြီးတော့ တင်သွင်းတဲ့ အစီရင်ခံစာ တွေမှာလည်း သူတို့အနေနဲ့ တိတိကျကျ ထောက်ပြ ပြောဆိုနိုင်မှာ ဖြစ်တယ်။

ထိုနည်းတူစွာ မိတ္တူတွေကို ဘန်ကီမွန်းတို့၊ ဂန်ဘာရီတို့ဆီကို ပို့ထားတဲ့အတွက် သူတို့အနေနဲ့ မြန်မာအစိုးရနဲ့ တွေ့တဲ့အခါမှာ ဒီအချက်အလက်တွေကို ထောက်ပြပြီးတော့ ပြောဆိုနိုင်မယ်၊ အခွင့်အရေးတွေကို ဆက်လက်ပြီး တောင်းဆိုနိုင်မယ်။ ဒါကြောင့် ကျနော်တို့ အနေနဲ့ ထိရောက်မှု ရှိလာလိမ့်မယ်လို့ မျှော်လင့်ပါတယ်။

ဒေါ်အောင်ဆန်းစုကြည် အမှုအတွက် ကြားနာမှုတွေက အခုအထိ မပြီးပြတ်သေးပါဘူး။ ဒေါ်အောင်ဆန်းစုကြည်ဘက်က သက်သေထွက်ဖို့ တင်သွင်းထားတဲ့ လူ ၄ ဦး ထဲမှ ၂ ဦးကိုသာ တရားရုံးက ခွင့်ပြုထားပြီး ကျန် ၂ ဦးကိုပါ လက်ခံဖို့အတွက် ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဥပဒေ အကျိုးဆောင်တွေက ဗဟိုတရားရုံးမှာ လျှောက်လဲချက် တင်ထားတုန်း ဖြစ်ပါတယ် ခင်ဗျား။

(ဒေါ်ဆောင်ဆန်းစုကြည်အား တရားစွဲဆိုထားခြင်းသည် လက်ရှိတည်ဆဲ ဥပဒေနဲ့ မကိုက်ညီကြောင်း ကုလသမဂ္ဂသို့ တိုင်ကြားပေးပို့သော စာကို အောက်ပါ အင်တာနက် စာမျက်နှာတွင် ဖတ်ရှုနိုင်ပသည်။)http://www.ahrchk.net/ua/mainfile.php/2009/3178/

0 comments:

Post a Comment