Sunday, June 21, 2009

Filled Under:

လူသားဆန်မှုအား ဆန့်ကျင်သည့် ညှဉ်းပန်းနှိပ်စက်မှု

ညီညီချမ်း
ဂျွန်လ ၂၁ရက်၊ ၂၀၀၉ ခုနှစ်

လူသားတို့အား ရုပ်ပိုင်းဆိုင်ရာအရ ဖြစ်စေ၊ စိတ်ပိုင်း ဆိုင်ရာအရ ဖြစ်စေ နည်းအမျိုးမျိုးဖြင့် ထိခိုက် နာကျင် စေမှုသည် ညှဉ်းပန်း နှိပ်စက်မှုဟု ဆိုရပေမည်။ ယုတ်မာ ကြမ်းကြုတ် သော ရာဇ၀တ်မှု တခုအဖြစ်လည်း သတ်မှတ် ထားကြသည်။ ညှဉ်းပန်း နှိပ်စက်မှုသည် မကောင်းသော ပြစ်မှုဟုလည်း လူတိုင်းက သိထား ကြသည့်အပြင် လူတို့၏ အခြေခံ ရပိုင်ခွင့် ဖြစ်သော အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေး ကြေငြာစာတန်းပါ အခွင့်အရေးများကို ကျူးလွန် ဖေါက်ဖျက်နေသည်။ သို့သော် ကမ္ဘာ့အနှံ့အပြားတွင် ညှဉ်းပန်းနှိပ်စက်မှု ဖြစ်ပွားနေပြီး အာရှနိုင်ငံများတွင် ကဒ်ဆိုးသဖွယ် ရင်ဆိုင် နေရသည်။

ညှဉ်းပန်းနှိပ်စက်မှု ဖြစ်ပွားရသည့် အကြောင်းအရင်းသည် ထိုလူ့အဖွဲ့အစည်း အတွင်း ဥပဒေနှင့် အုပ်ချုပ်သည့် အုပ်ချုပ်မှုစနစ် ကျဆင်း နေခြင်းနှင့် ဆက်စပ်နေလေ့ ရှိသည်။ ဤရှုထောင့်အရ ညှဉ်းပန်း နှိပ်စက်မှုကို အဓိက လူ့အခွင့်အရေး ချိုးဖေါက်မှုအဖြစ် ဆိုရပေမည်။ ရေဘုယျအားဖြင့် ဥပဒေအရ စီမံခခွဲ အုပ်ချုပ်နိုင်မှု မရှိသည့် လူ့အဖွဲ့အစည်းတွင် လူသားတို့၏ အခွင့်အရေးကို အကာအကွယ် မပေးနိုင်ဘဲ ညှဉ်းပန်းနှိပ်စက်မှု ဖြစ်ပွားလေ့ရှိသည်။

အစိုးရတရပ်သည် ပြည်သူလူထုအပေါ် ပိတ်ပင်လိုသည့်အခါ၊ ပွင့်လင်းမြင်သာမှု မရှိတဲ့အခါ၊ လွတ်လပ် တရားမျှတတဲ့ ရွေးကောက်ပွဲ Free and Fair Election မကျင်းပပေး လိုသည့်အခါများတွင် ပြည်သူလူထုအား နည်းမျိုးစုံနှင့် ညှဉ်းပန်းလေ့ ရှိသည်။ စစ်တပ်မှ ညှဉ်းပန်းနှပ်စက်မှု ကျူးလွန်သည့် အခါတွင်လည်း အစိုးရမှ တာဝန်ယူ ပေးရပါမည်။ ကောင်းမွန်သည့် ဒီမိုကရေစီ ပြုပြင်ပြောင်းလဲမှု မပြုနိုင်သေးသမျှ ပြည်သူလူထုမှာ ညှဉ်းပန်းနှိပ်စက်မှုနှင့် ဆက်လက်ခံစားရ မည်သာ ဖြစ်သည်။

နိုင်ငံအများအပြားတွင် နိုင်ငံသားနှင့် နိုင်ငံရေး အခွင့်အရေး သဘောတူစာချုပ် (International Convention on Civil and Political Rights) နှင့် ညှဉ်းပန်းနှိပ်စက်မှု ဆန့်ကျင်ရေး သသောတူစာချုပ်(Convention Against Torture) သဘောတူစာချုပ် ချုပ်ဆို ထားကြသော်လည်း ပုံသဏ္ဍာန် အမျိုးမျိုးနှင့် ညှဉ်းပန်းနှိပ်စက်မှု ဆက်လက် ရှိနေပါသည်။ ညှဉ်းပန်းနှိပ်စက် ခံရပြီးနောက် ရုပ်ပိုင်းနဲ့ စိတ်ပိုင်းဆိုင်ရာများကို ထိခိုက်သွားစေသည်။ အထူးသဖြင့် စိတ်ပိုင်းဆိုင်ရာ နှိပ်စက်မှုကြောင့် စိတ်ဒဏ်ရာ ရသူတို့သည် ရုပ်ပိုင်းဆိုင်ရာ ဒဏ်ရာ ရသူတို့ထက်ပင် လူ့ဘ၀ ဆုံးရှုံးသည်ကို တွေ့ရသည်။

အချို့ဘာသာရေး အယူအဆအရ ညှဉ်းပမ်းမှုသည် လူတို့ကို ရာဇ၀တ်မှု မကျူးလွန်စေရန် သင်ခန်းစာ ပေးခြင်း ဖြစ်သည်ဟုလည်း ယူဆကြသည်။ အာရှနိုင်ငံတွင် ညှဉ်းပန်းနှိပ်စက်မှုကို လက်နက်ကိုင် ပဋိပက္ခတွင် အမျုားအပြား တွေ့ရသည်။ အထူးသဖြင့် မြန်မာနိုင်ငံတွင် စစ်အစိုးရသည် အထင်အရှားပင် ဖြစ်သည်။ ၁၉၈၇ ခုနှစ် ကုလသမဂ္ဂ၏ ညှဉ်းပန်းနှိပ်စက်မှု ဆန့်ကျင်ရေး သဘောတူစာချုပ် အရ ညှဉ်းပန်း နှိပ်စက်မှုသည် ကမ္ဘာ့ပြဿနာ အခင်းအကျင်း အဖြစ် သတ်မှတ်ထားသည်။ သို့သော် ကုလသမဂ္ဂ အဖွဲ့ဝင် နိုင်ငံ ၄၀ ကျော်သည် တိုးတိုးတိတ်တိတ် စနစ်တကျနှင့် ညှဉ်းပန်းနှိပ်စက်မှု ပြုလုပ်နေလေ့ ရှိသည်။

ကမ္ဘာပေါ်တွင် ညှဉ်းပမ်းနှိပ်စက်မှု ပြန့်ပွားနေသည်။ သို့သော် ညှဉ်းပန်းနှိပ်စက်မှု တိုက်ဖျက်ရေး လှုပ်ရှားမှု လုပ်ငန်းများမှာ အားနည်း နေသေးသည်။ မည်သို့ဆိုစေ ညှဉ်းပန်းနှိပ်စက်မှုအား မကောင်းသော ပြစ်မှုအဖြစ် သိထားသည့်အလျှောက် ညှဉ်းပန်းနှိပ်စက်မှု ပပျောက်ရေးအတွက် ဆောင်ရွက်ကြပါရန် တိုက်တွန်း လိုက်ပါသည်။

0 comments:

Post a Comment