Monday, June 22, 2009

Filled Under:

ရှေ့နေလိုင်စင် ရုပ်သိမ်းခြင်းသည် ဥပဒေနဲ့ မညီကြောင်း AHRC မှ မြန်မာစစ်အစိုးရသို့ ပန်ကြားလွှာပို့

RFA ----- 22/ 6/ 2009
မြန်မာနိုင်ငံတွင် စစ်အစိုးရက ရှေ့နေလိုက်ခွင့် လိုင်စင် ပိတ်ပင် သိမ်းဆည်းထားတဲ့ အပေါ် အာရှ လူ့အခွင့်အရေး ကော်မရှင်က စုံစမ်းမှု ပြုလုပ်ပြီး ကမ္ဘာ့ကုလသမဂ္ဂ လက်အောက်ခံ တရားစီရင်ရေး ဌာနများ၊ စောင့်ကြည့် လေ့လာရေး အဖွဲ့မျုားကို တိုက်တွန်း လိုက်တယ်လို့ သိရပါတယ်။ ဒီကိစ္စနဲ့ ပတ်သက်ပြီး အာရှ လူ့အခွင့်အရေး ကော်မရှင်မှ ရှေ့နေ ဦးမင်းလွင်ဦးက RFA ကို အခုလို ရှင်းပြပါတယ်။

ဦးမင်းလွင်ဦး ----- ဟုတ်ကဲ့ခင်ဗျား၊ ကျနော်တို့
မြန်မာနိုင်ငံ အတွင်းမှာ အကြောင်း အမျိုးမျိုးကြောင့် လိုင်စင် ရုပ်သိမ်းခံရတဲ့ လူ ၂၀၀ ကျော် ရှိပါတယ်။ အဲဒီလူတွေထဲမှာ ကိုယ်ကျင့်တရား ပျက်ကွက်လို့ ကိုယ်ကျင့်တရား ဖေါက်ဖျက်လို့ သော်လည်းကောင်း၊ တရားရုံးအား မထီမဲ့မြင် ပြုမှုကြောင့် သော်လည်းကောင်း ပြစ်ဒဏ်ပေးခြင်း ခံရပြီးတော့ကာ တချို့က နှစ် အကန့်အသတ်နဲ့ တချို့က လ အကန့်အသတ်နဲ့ ပြန်လည် လိုက်ပါ ဆောင်ရွက်ခွင့် ရှိတယ်ဆိုတာကို ကျနော်တို့ တွေ့ရတယ်။ သို့သော်လည်း နိုင်ငံရေး အမှုနဲ့ ပတ်သက်တဲ့ သူတွေ၊ နိုင်ငံရေး ပါတီဝင်တွေနဲ့ ပတ်သက်တဲ့ ရှေ့တွေရဲ့ လိုင်စင် တွေကိုတော့ ယခု အချိန်အထိ ပြန်လည် လိုက်ပါခွင့်ကို ရုပ်သိမ်းထားတယ် ဆိုတာကို ကျနော်တို့ တွေ့ရတယ်။ ဒါကြောင့် ကျနော်တို့ အနေနဲ့ နိုင်ငံရေး ယုံကြည်မှု အကြောင်းပြချက် တခုတည်းနဲ့ တရားရုံးချုပ် ရှေ့နေတွေရဲ့ လိုင်စင်တွေ ရုပ်သိမ်းထားတာက ဥပဒေနဲ့ မညီဘူး၊ မလုပ်သင့်တဲ့ ကိစ္စ ဖြစ်တယ်ဆိုတာကို ကျနော်တို့ အဓိကထားပြီးတော့ ဒီကိစ္စကို တင်ပြ တောင်းဆိုသွားမှာ ဖြစ်ပါတယ်။


မေး ------ ထင်ရှားတဲ့ ပြစ်ရပ်အနေနဲ့ ၈၈ ကျောင်းသားတွေနဲ့ တခြားနိုင်ငံရေး လှုပ်ရှားသူ ဖမ်းဆီးခံရတဲ့ အမှုတွေကို လိုက်ပါ ဆောင်ရွက်ပေးနေတဲ့ ရှေ့နေဦးအောင်သိန်းနဲ့ ဦးခင်မောင်ရှိန်တို့ကို ၂၀၀၈ ခုနှစ် စက်တင်ဘာလက ဖမ်းဆီးထောင်ချခဲ့ပြီး အခုအခါမှာ ရှေ့နေလိုင်စင်ကို ထပ်မံ သိမ်းဆည်းခဲ့ပါတယ်။ ဒီအမှု ကိစ္စကိုလည်း အာရှ လူ့အခွင့်အရေး ကော်မရှင်က စုံစမ်း စစ်ဆေးမှုတွေ ပြုခဲ့ပြီး သာဓကအနေနဲ့ တင်သွင်းခဲ့တယ်လို့ ဆိုပါတယ်။ ဦးမင်းလွင်ဦးက အခုလို ဆက်ပြီးရှင်းပြပါတယ်။

ဦးမင်းလွင်ဦး ------ ဦးခင်မောင်ရှိန်ရယ်၊ ဦးအောင်သိန်းရယ် တရားရုံးချုပ်ရှေ့နေ ဖြစ်တဲ့ အမှုတွေလိုက်ပါ ဆောင်ရွက်တဲ့ ဥပဒေ လိုက်ခွင့် လိုင်စင် ရုပ်သိမ်း လိုက်သည့် ကိစ္စက ကျနော်တို့ ဒီဒေါ်အောင်ဆန်းစုကြည်ရဲ့ အမှုမှာ ရှေ့နေ ကိုယ်စားလှယ် လွှဲစာ တင်သွင်းဖို့ ရည်ရွယ်တဲ့ ကိစ္စကြောင့် ဒီလိုမျိုး ရုပ်သိမ်း လိုက်တယ် ဆိုတာကို ကျနော်တို့ ပြောလို့ရပါတယ်။ ဘာဖြစ် လို့လည်း ဆိုတော့ အချို့ တရားရုံးချုပ် ရှေ့နေတွေ ကတော့ ထောင်မှာ ပြစ်ဒဏ် ကျခံပြီးတော့ ပြန်လည် လွတ်မြောက် လာရင်လည်း ရှေ့နေအဖြစ် ဆက်လက်လိုက်ပါ ဆောင်ရွက်ခွင့်တွေ ရှိနေသေးတယ် ဆိုတာကို ကျနော်တို့ တွေ့ရတယ်။ သို့သော် ဦးအောင်သိန်းနဲ့ ဦးခင်မောင်ရှိန်တို့ ၂ ဦးကိုတော့ အဲဒီလို လိုက်ပါ ဆောင်ရွက်ခွင့် မပေးဘဲနဲ့ တခါတည်း လိုင်စင်ကို အပြီးသတ် ပိတ်ပင် လိုက်တယ် ဆိုတကာကို ကျနော်တို့ တွေ့ရတယ်။

အာရှလူ့အခွင့်အရေး ကော်မရှင်မှ ရှေ့နေဦးမင်းလွင်ဦး ပြောပြသွားတာပါ။

အခုလို မြန်မာနိုင်ငံမှာ နိုင်ငံရေးနဲ့ လူ့အခွင့်အရေးကို ဆောင်ရွက်နေတဲ့ ရှေ့နေတွေကို မတရား ဖိနှိပ်နေတဲ့ ကိစ္စတွေကို ကမ္ဘာ့ကုလသမဂ္ဂ လူ့အခွင့်အရေး ဌာနတွေအပါအ၀င် နိုင်ငံတကာ တရားစီရင်ရေးနဲ့ ရှေ့နေများဆိုင်ရာ အဖွဲ့အစည်း အသီးသီးကို ဆက်ပြီး တင်ပြသွားမယ် ဖြစ်တယ်လို့လည်း အာရှ လူ့အခွင့်အရေး ကော်မရှင်က ပြောဆိုသွားတယ် ဖြစ်ပါတယ် ခင်ဗျား။

(ရှေ့နေ လိုင်စင်ရုပ်သိမ်းခြင်းနဲ့ ပတ်သက်ပြီး အာရှလူ့အခွင့်အရေး ကော်မရှင်မှ ပေးပို့သော ပန်ကြားလွှာကို အောက်ပါ အင်တာနက် စာမျက်နှာတွင် လေ့လာနိုင်ပါသည်။)http://www.ahrchk.net/ua/mainfile.php/2009/3181/

0 comments:

Post a Comment