Sunday, June 21, 2009

Filled Under:

လွတ်လပ်သည့်တရားစီရင်ရေးကို တိုင်းတာသည့်စံနှုန်းများ

မင်းလွင်ဦး
ဂျွန်လ ၂၂ ရက်၊ ၂၀၀၉ ခုနှစ်

ဒေါ်အောင်ဆန်းစုကြည်အား ကန့်သတ် တားဆီးမိန့်ကို ဖေါက်ဖျက်သည့် အတွက် စွဲဆိုထားသည့် ၁၉၇၅ ခုနှစ် နိုင်ငံတော်အား နှောင့်ယှက်ဖျက်ဆီး လိုသူများ၏ ဘေးအန္တရာယ်မှ ကာကွယ် စောင့်ရှောက်သည့် ဥပဒေပုဒ်မ ၂၂/ ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ ၁၀၉ တို့အရ စွဲဆိုသည့် ရန်ကုန် မြောက်ပိုင်းခရိုင် တရားရုံး၏ ပြစ်မှုဆိုင် ရာအမှုကြီး ၄၇/၂၀၀၉ အမှုအား (၁၈-၀၅-၂၀၀၉) နေ့မှ စတင် စစ်ဆေးလာခဲ့ရာ ယနေ့ဆိုလျင် တလကျော် လာပြီဖြစ်သည်။ တရားလိုဖက်မှ တင်ပြသည့် သက်သေများကို စစ်ဆေးပြီး(၂၂-၀၅-၂၀၀၉) ရက်နေ့တွင် တရားလိုပြ သက်သေ ၂၃ ဦးအနက် ၁၅ ဦးကို စစ်ဆေးပြီးနောက် ဒေါ်အောင်ဆန်းစုကြည်၊ ဒေါ်ခင်ခင်ဝင်း၊ ဒေါ်ဝင်းမမ နှင့် John William Yettaw တို့အား စွဲချက်တင်ခဲ့သည်။ ဒေါ်အောင်ဆန်းစုကြည် ဖက်မှ အကျိုးဆောင် များက တရား လိုပြသက်သေ(၁၅) ဦးအနက် (၅) ဦးကို ပြန်ခေါ် သက်သေများ အဖြစ် ပြန်လည်ခေါ်ယူပြီး စစ်မေးခဲ့သည်။

တရားခံပြ သက်သေများအဖြစ် ဦးတင်ဦး၊ ဦးဝင်းတင်၊ ဦးကြည်ဝင်းနှင့် ဒေါ်ခင်မိုးမိုးတို့ကို တရားခံပြ သက်သေများ အဖြစ် စာရင်း တင်သွင်းခဲ့ရာ မူလရုံးမှ ဦးကြည်ဝင်း တဦးတည်းကိုသာ ခွင့်ပြုခဲ့သည့်အတွက် အထက် တရားရုံး အဆင့်ဆင့်သို့ ပြင်ဆင်မှု တင်သွင်းခဲ့ရာ တိုင်းတရားရုံးမှ ဒေါ်ခင်မိုးမိုးကို ထပ်မံခွင့်ပြုပြီး ဦးတင်ဦး နှင့် ဦးဝင်းတင်တို့ကို တရားခံပြ သက်သေအဖြစ် အစစ်ခံရန် ခွင့်မပြုသည့် အောက်ရုံးအမိန့်ကို အတည်ပြုခဲ့သည်။ ထို့ကြောင့်လည်း တိုင်းတရားရုံး၏ အမိန့်ကို ပြင်ဆင်ပေးရန် အမြင့်ဆုံး တရားရုံးဖြစ်သည့် တရားရုံးချုပ်သို့ ပြင်ဆင်မှု တင်သွင်းခဲ့ရာ လက်ခံခဲ့ပြီး၂ ဖက်လျှောက်လဲချက် ပေးရန် ၂၄ ရက်နေ့သို့ ချိန်းဆိုခဲ့သည်။ အမြင့်ဆုံးဖြစ်သည့် တရားရုံးချုပ်သည် နိုင်ငံတကာက လက်ခံထားသည့် လွတ်လပ်သည့် တရား စီရင်ရေး စံနစ်ကို အကောင်အထည် ဖေါ်နိုင်ပါမည်လား။ တရားရုံးချုပ်မှ ပြဌာန်းထားသည့် တရားစီရင်ရေး ဆိုင်ရာမူကို တရားရုံးချုပ်က လိုက်နာဆုံးဖြတ် မည်လား ဆိုတာကို စောင့်ကြည့် ရဦးမည် ဖြစ်သည်။

လွတ်လပ်သည့် တရားစီရင်ရေးနှင့် ပတ်သက်၍ နိုင်ငံတကာရှိ အစိုးရများ လက်ခံ ကျင့်သုံးနိုင်ရန် ကုလသမဂ္ဂမှ ပြဌာန်း ထားပါသည်။ မြန်မာနိုင်ငံသည် အဆိုပါ အချက်များကို လိုက်နာ ကျင့်သုံး အကောင် အထည်ဖေါ် နိုင်သည့်အဆင့်သို့ ရောက်ရှိ နေပြီလား ဆိုသည်ကို စာဖတ်သူများ လေ့လာသုံးသပ် ဆုံးဖြတ်နိုင်ရန် တင်ပြလိုက်ပါသည်။

လွတ်လပ်သည့် တရားစီရင်ရေးကို ကျင့်သုံး ဆောင်ရွက်မည် ဖြစ်ကြောင်းနှင့် အစိုးရအဖွဲ့အစည်းများ ကလည်း တရားရုံး၏ အဆုံးအဖြတ်ကို လေးစား လိုက်နာရမည်။ နိုင်ငံတော်၏ ဖွဲ့စည်းပုံ အခြေခံ ဥပဒေက ထိုအချက်ကို အာမခံချက် ပေးရမည်။ မြန်မာနိုင်ငံတွင် ဖွဲ့စည်းပုံ အခြေခံဥပဒေ မရှိသေးပါ။ ၂၀၀၈ ခုနှစ်တွင် အသစ်ရေးဆွဲ အတည်ပြုထားသည့် ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ကလည်း လွတ်လပ်သည့် တရားစီရင်ရေးနှင့် ပတ်သက်၍ တိတိကျကျ အာမခံမထားပါ။

တရားရုံး အနေဖြင့် အာဏာပိုင် အဖွဲ့အစည်းများက တိုက်ရိုက်ဖြစ်စေ၊ သွယ်ဝိုက်၍ ဖြစ်စေ လွှမ်းမိုးမှု၊ ခြိမ်းခြောက်မှု၊ ဖိအားပေးမှု၊ ၀င်ရောက် စွက်ဖက်မှုများမှ ကင်းဝေးစေရမည် ဖြစ်ပြီး ပြဌာန်းထားသည့် ဥပဒေများအတိုင်း လိုက်နာ ဆောင်ရွက်၍ ဆုံးဖြတ် နိုင်ရမည်။ တရားစီရင်ရေးဆိုင်ရာ ကိစ္စရပ်များနှင့် ပတ်သက်၍ လက်ခံ ဆောင်ရွက်သည့် ကိစ္စရပ်များတွင် တရားရုံးတရား သူကြီး၏ အဆုံးအဖြတ် ဖြင့်သာ စီမံဆောင်ရွက် ရမည်။ အာဏာပိုင်များ၏ အမိန့် ပေးခြင်းကြောင့် လက်ခံဆောင်ရွက် ခြင်း၊ ငြင်းပယ်ခြင်း မရှိစေရ။

တရားစီရင်ရေးဆိုင်ရာ ကိစ္စရပ်များနှင့် ပတ်သက်၍ ပြစ်ဒဏ်ချမှတ်ခြင်း၊ ပြင်ဆင်ခြင်း၊ အယူခံမှုကို လက်ခံခြင်း ပြန်လည် သုံးသပ်ခြင်း၊ စသည်တို့ကို ဥပဒေ ပြဌာန်းချက်များ အတိုင်းသာ တရားရုံး အဆင့်ဆင့်က ဆောင်ရွက်ရမည် ဖြစ်ပြီး အာဏာပိုင်များ၏ ၀င်ရောက် စွက်ဖက်မှု ကင်းစေရမည်။

ပြစ်မှုများကို သာမာန်တရားရုံး၊ ခုံရုံးများတွင်သာ စစ်ဆေးကြားနာမည့် လွတ်လပ် သည့် တရားရုံးများကို ဖွဲ့စည်း တည်ထောင် ပေးရမည်။ မျှတစွာ စစ်ဆေး စီရင်သည်ကို ၂ ဖက် အမှုသည်များက လေးစား အသိအမှတ်ပြုရန် လွတ်လပ် သည့် တရား စီရင်ရေးနှင့် ပြဌာန်းဥပဒေများ၊ ကျင့်ထုံးများ၊ နည်းဥပဒေ များနှင့်အညီ စစ်ဆေးစီရင် ရမည်။ နိုင်ငံတော် အနေဖြင့် တရားရုံး အဆင့်ဆင့်တွင် တရားစီရင်ရေး ဆိုင်ရာကိစ္စရပ်များ အတွက် လိုအပ်သည့် အရင်းအမြစ်များကို ထောက်ပံ့ကူညီ ပေးရမည်။

တရား စီရင်ရေးဆိုင်ရာ တရားရုံးချုပ် အနေဖြင့် ဥပဒေပြုရေး၊ အုပ်ချုပ်ရေး အာဏာပိုင် စသည်တို့နှင့် လုံးဝ လွတ်ကင်းပြီး လွတ်လပ်စွာ သီးခြား တည်ရှိ နေရမည် ဖြစ်သည်။ သို့မှသာ တရားစီရင်ရေးကို ဥပဒေ ပြဌာန်းချက်များ အတိုင်း ဆောင်ရွက် နိုင်မည် ဖြစ်သည်။ မြန်မာနိုင်ငံတွင် ထိုကဲ့သို့ မဆောင်ရွက် နိုင်သေးပါ နိုင်ငံရေး မှုခင်းများနှင့် ပတ်သက်၍ အာဏာပိုင်များ အလိုကျ တရားရုံးချုပ်က စီရင် ဆုံးဖြတ် ပေးနေရသည်ကို ရှမ်းတိုင်းရင်းသား ခေါင်းဆောင်များ၊ ၈၈ ကျောင်းသား ခေါင်းဆောင်များ၊ ဒီမိုကရေစီနှင့် လူ့အခွင့်အရေး လှုပ်ရှားသူများ၊ ရွှေဝါရောင် သံဃာ့ လှုပ်ရှားမှုဖြင့် ဖမ်းဆီး ခံခဲ့ရသူများ၏ အမှုများ၊ ဆိုက်ကလုန်း နာဂစ်တွင် ပါဝင်ကူညီမှုဖြင့် ဖမ်းဆီးခံရသူများ၏ အမှုများတွင် အကျဉ်းနည်းဖြင့် အင်းစိန် အကျဉ်းထောင် အတွင်း သီးသန့်အထူးခုံရုံး များတွင် စစ်ဆေးပြီး အမြင့်ဆုံးပြစ်ဒဏ် များကို ချမှတ်ခဲ့သည့် သာဓကများက သက်သေခံ လျက်ရှိသည်။

ပြစ်မှုဆိုင်ရာ အမှုများကို သာမာန်အားဖြင့် မှုခင်းဖြစ်ပွားသည့် နေရာများတွင် စစ်ဆေး စီရင်ရမည်ဟု ပြစ်မှုဆိုင်ရာ ကျင့်ထုံး ဥပဒေက အတိအလင်း ပြဌာန်းထားသည်။ ဥပမာအားဖြင့် ယနေ့ လူအများ စိတ်ဝင်စား နေသည့် ဒေါ်အောင်ဆန်းစုကြည်၏ နေအိမ်သည် ဗဟန်းမြို့နယ် အတွင်းတွင် တည်ရှိနေသဖြင့် အမှုကိုစစ်ဆေး စီရင်မည် ဆိုပါက ဗဟန်းမြို့နယ် တရားရုံးတွင် စစ်ဆေး စီရင်ရမည်ဖြစ်သည်။ အမှုကို စစ်ဆေး စီရင်သည့် အခါတွင်လည်း အများပြည်သူများ တက်ရောက် နားထောင်နိုင်စေရန် အများ ပြည်သူ၏ ရှေ့မှောက်တွင် စစ်ဆေး စီရင်ရမည် ဖြစ်သည်။ သို့သော် အာဏာပိုင်များက ထိုသို့ မဆောင်ရွက်ပေ။ တရားသူကြီးချုပ် ကလည်း ၂၀၀၀ ပြည့်နှစ် တရားစီရင်ရေး ဥပဒေအရ အပ်နှင်းထားသည့် အာဏာဖြင့် အင်းစိန် အကျဉ်းထောင် အတွင်း အထူးသီးသန့် ခုံရုံးဖြင့် စစ်ဆေး စီရင်နိုင်ရန် စီမံ ဆောင်ရွက်ပေးခဲ့သည်။

နိုင်ငံတော် ရှေ့နေချုပ်ကလည်း စွဲဆိုထားသည့် အမှုသည် ဥပဒေ ပြဌာန်းချက် များနှင့် မညီသည့် တရားစွဲဆိုမှု ဖြစ်သည်ကို သိလျက်နှင့် တရားစွဲဆို နိုင်ရန် စီမံ ဆောင်ရွက် ခဲ့သည်ကို တွေ့ရသည်။ ထို့ကြောင့်လည်း နိုင်ငံတကာက ဒေါ်အောင်ဆန်းစုကြည် အပေါ် စွဲဆိုထားသည့် အမှုသည် ဥပဒေ ပြဌာန်း ချက်များနှင့် ညီညွတ်ခြင်း မရှိပဲ အာဏာပိုင်များ၏ စိတ်တိုင်းကျ ရှေ့နေချုပ်နှင့် တရားသူကြီးချုပ်တို့ ကပူးပေါင်း ဆောင်ရွက်ပြီး အမှုကို စစ်ဆေး စီရင်နေကြောင်း ထောက်ပြ ပြောဆို နေကြခြင်း ဖြစ်သည်။

လွတ်လပ်စွာ ထုတ်ဖေါ် ပြောဆိုခွင့်နှင့် အသင်းအဖွဲ့ ထူထောင်ခွင့်သည် လွတ်လပ်သည့် တရားစီရင်ရေးကို ထိန်းကျောင်း တည့်မတ်ရာတွင် အရေးပါသည်။ ကုလသမဂ္ဂ လူ့အခွင့်အရေး ကျေညာစာတမ်းပါ နိုင်ငံသားများ၏ မွေးရာပါ အခြေခံ အခွင့်အရေးများ အနက် လွတ်လပ်စွာ ပြောဆိုခွင့်၊ လွတ်လပ်စွာ အသင်းအဖွဲ့များ ထူထောင်နိုင်ခွင့်နှင့် လွတ်လပ်စွာ စီတန်း လှည့်လည် နိုင်ခွင့်တို့နှင့် ပတ်သက်၍ ကျင့်သုံး ဆောင်ရွက်နိုင်ရန် အစိုးရက စီမံဆောင်ရွက် ပေးရမည်ဖြစ်သည်။ အလားတူပင် တရားစီရင်ရေး ဆိုင်ရာ ကိစ္စရပ်များတွင် ပါဝင် ဆောင်ရွက်နေသည့် အကျိုးဆောင် ရှေ့နေများအတွက် လွတ်လပ်သည့် အသင်းအဖွဲ့များ ဖွဲ့စည်းထူထောင်ခွင့်ကို ခွင့်ပြု ဆောင်ရွက်ပေးရမည် ဖြစ်သည်။

မြန်မာနိုင်ငံတွင် ရှစ်လေးလုံး မတိုင်မှီက အထိုက်အလျောက် လွတ်လပ်သည့် ရှေ့နေအသင်းအဖွဲ့များ တိုင်းနှင့်ပြည်နယ်တို့တွင် ဖွဲ့စည်း တည်ထောင်ခွင့် ရှိခဲ့သည်။ တရားရုံးချုပ် ရှေ့နေများနှင့် အထက်တန်း ရှေ့နေများအတွက် ဘားကောင်စီခေါ် ဗဟိုတရားရုံး ရှေ့နေများကောင်စီကို လွတ်လပ်စွာ ဖွဲ့စည်းထားနိုင်ခဲ့သည်။ ရှစ်လေးလုံး အရေးအခင်း ဖြစ်ပွားပြီးသည့် နောက်ပိုင်းတွင် အာဏာ ပိုင်များက ယခင် လွတ်လပ်စွာ တည်ရှိခဲ့သည့် ဘားကောင်စီ ဥပဒေကိုပြင်ဆင်ပြီး နိုင်ငံတော်ရှေ့ နေချုပ်ကို ဥက္ကဌအဖြစ် ခန့်အပ်၍ ထိန်းချုပ်ခဲ့သည်။ ထို့ကြောင့် လက်ရှိ တရားရုံးချုပ် ရှေ့နေများ ကောင်စီသည် တရားမျှတသည့် တရားစီရင်ရေးကို ဖေါ်ဆောင်နိုင်ရန် အကူအညီ ပေးသည့် တရားရုံးချုပ် ရှေ့နေများကို အကာအကွယ် မပေးနိုင်တော့ပဲ၊ အာဏာပိုင်များ အလိုကျသာ စီမံဆောင်ရွက် နေရသည့် အဆင့်သို့ရောက် ရှိခဲ့သည်။ တရားရုံးချုပ် ရှေ့နေကြီးများ ဖြစ်သော ဦးအောင်သိန်း၊ ဦးခင်မောင်ရှိန်နှင့် အထက်တန်း ရှေ့နေများဖြစ်သည့် ညီညီထွေး၊ ရန်နိုင်အောင်ခေါ် ဖိုးဖြူတို့အား ဖမ်းဆီး အကျဉ်းချ နိုင်အောင် ဆောင်ရွက်ခဲ့သည့် သာဓကများ အထင်အရှား တွေ့ရှိရသည်။ တရားရုံးချုပ် ရှေ့နေများ ကောင်စီ အနေဖြင့် လိုင်စင် ရုပ်သိမ်းခြင်း ခံရသည့် တရားရုံးချုပ် ရှေ့နေများနှင့် အထက်တန်း ရှေ့နေများကို အကာအကွယ် မပေးနိုင်ခဲ့ပေ။ လာဘ်ပေးလာဘ်ယူမှုများ၊ ကိုယ်ကျင့်တရား ပျက်ပြားသည့်အတွက် ထောင်ဒဏ်ကျ ခံရသည့် ဥပဒေ ၀န်ထမ်းများ၊ တရားသူကြီးများ အနေဖြင့် ထောင်မှ လွတ်လာသည့်အခါ ရှေ့နေများအဖြစ် လိုက်ပါ ဆောင်ရွက်နိုင်ခွင့် ရှိသော်လည်း နိုင်ငံရေးမှုများနှင့် လူ့အခွင့်အရေး ချိုးဖေါက် ခံရမှုများအတွက် လိုက်ပါဆောင်ရွက်သည့် ရှေ့နေများ အနေဖြင့် ပြစ်ဒဏ် ကျခံရပြီးနောက် အဆိုပါ အခွင့်အရေးကို ရရှိခဲ့ခြင်း မရှိသည်ကိုလည်း တွေ့ရသည်။

တရားသူကြီးများ အနေဖြင့် ၎င်းတို့၏ အသက်မွေး ပညာရပ်များနှင့် ပတ်သက်၍ သော်လည်းကောင်း၊ လွတ်လပ်သည့် တရား စီရင်ရေးကို ဖေါ်ဆောင်နိုင်ရန် အတွက် လွတ်လပ်သည့် အသင်းအဖွဲ့များနှင့် ဆက်သွယ် ဆောင်ရွက်ခွင့်ကို အာဏာပိုင်များက ခွင့်ပြုပေးရမည်။

မြန်မာနိုင်ငံမှ တရားသူကြီးချုပ် အပါအ၀င် တရားစီရင်ရေး ဌာနမှ တရားသူကြီးများ အနေဖြင့် အာရှ ဒေသဆိုင်ရာ တရားသူကြီးများ အသင်း၊ ရှေ့နေများ အသင်းနှင့် နိုင်ငံတကာ တရားရုံးချုပ် ရှေ့နေ အဖွဲ့အစည်းများသို့ လွတ်လပ်စွာ အဖွဲ့ဝင်များ အဖြစ် လျောက်ထားနိုင်ခြင်း၊ ပူးပေါင်း ဆောင်ရွက်နိုင်ခြင်း မရှိသည်ကိုလည်း တွေ့ရသည်။

တရားသူကြီးများ၏ အရည်အချင်း၊ ရွေးချယ်မှုနှင့် သင်တန်းများကလည်း လွတ်လပ်သည့် တရားစီရင်ရေးကို ဖေါ်ဆောင်ရာတွင် အရေးပါသည်။ တရားရုံးချုပ် တရားသူကြီးများနှင့် တရားသူကြီးများကို ရွေးချယ် ခန့်အပ်ရာတွင် ဥပဒေ ဘွဲ့ရယုံနှင့် မလုံလောက်ပါ။ တရားရုံးချုပ် တရားသူကြီးများ အဖြစ် တာဝန် ထမ်းဆောင်မည့် သူများကို ရွေးချယ်ရာတွင် လူမျိုး၊ အသားအရောင်၊ ကျား၊ မ၊ ဘာသာရေး ယုံကြည်မှုနှင့် နိုင်ငံရေး ယုံကြည်မှုတို့ကို အခြေခံ၍ ခွဲခြားခြင်းမရှိပဲ တရားသူကြီးများ၏ အရည်အချင်းနှင့် လုပ်ငန်း ဆောင်ရွက်မှုတို့ အပေါ် မူတည်၍ ရွေးချယ် ခန့်ထားရမည် ဖြစ်သည်။ တရားရုံးချုပ် တရားသူကြီးများ၏ အရည်အချင်းနှင့် ပတ်သက်၍ လိုအပ်သည့် အချက်များကို ဖွဲ့စည်းပုံ အခြေခံ ဥပဒေတွင် ထည့်သွင်းပြဌာန်း ထားရမည်။

တရားသူကြီးများ၏ လုပ်ငန်းခွင်လုံခြုံမှု အခြေအနေ မရှိက လွတ်လပ်သည့် တရားစီရင်ရေး မပေါ်ထွန်းနိုင်။ တရားသူကြီးများ လွတ်လပ်စွာ တရားစီရင်ရေး ဆိုင်ရာကိစ္စရပ်များ ဆောင်ရွက်နိုင်ရန် အတွက် အစိုးရအနေဖြင့် လုပ်ငန်းခွင် လုံခြုံမှု ရှိစေရန် ဆောက်ရွက် ပေးရမည်။ လုံလောက်သော လစာငွေ၊ ရာထူး တိုးမြှင့်သည့်ကိစ္စ၊ ပင်စင် လစာငွေနှင့် အငြိမ်းစား ယူရမည့် သက်တမ်း တို့ကို ဥပဒေနှင့် အညီ လုံခြုံမှု ရှိစေရန် ပြဌာန်း ဆောင်ရွက်ရမည်။

တရားသူကြီးများ၏ လစာငွေ လုံလောက်မှု မရှိပါက လာဘ်စားမှုများ ပေါ်ပေါက်မည် ဖြစ်သည်။ အငြိမ်းစား ယူပြီးသည့်အခါ ရရှိသည့် ပင်စင် လစာငွေသည် စား၊ ၀တ်၊ နေရေးအတွက် လုံလောက်မှု ရှိရန် အာမခံချက် ပေးရမည် ဖြစ်သည်။ လက်ရှိ မြန်မာနိုင်ငံတွင် အဆိုပါ အာမခံချက်မျိုးကို အစိုးရ အနေဖြင့် ပေးထားနိုင်ခြင်း မရှိသေးသည်ကို တွေ့ရသည်။

တရားသူကြီးများ ခန့်အပ်ခြင်း၊ ရွေးချယ်ခြင်းနှင့် လုပ်ငန်းခွင် လုံခြုံမှုကို အာမခံရမည့် အပြင် အငြိမ်းစား ယူသည့် အသက်နှင့် လုပ်ငန်းခွင်မှ ထွက်ခွာပြီး နောက်ပိုင်း လုံခြုံမှု ရှိစေရန် ဆောင်ရွက်ပေးရမည်။ ရာထူးတိုးမြှင့်ခြင်း ဆိုင်ရာ ကိစ္စရပ်များနှင့် ပတ်သက်၍ တရားသူကြီး၏ အရည်အချင်းနှင့် လုပ်ဆောင်မှု တို့အပေါ် အဓိက အခြေခံရမည် ဖြစ်သည်။ အာဏာပိုင်များ အလိုကျ စစ်ဆေးစီရင် ပေးသည့်အတွက် ရာထူးတိုးမြှင့် ပေးခြင်းမျိုး မဖြစ်စေရပါ။

တရားသူကြီးအဖြစ် တာဝန်ထမ်းဆောင်စဉ် ကာလအတွင်း စစ်ဆေးစီရင် ဆုံးဖြတ်ခဲ့သည့် အမှုများနှင့် ပတ်သက်၍ ချမှတ်ခဲ့သည့် စီရင်ချက်နှင့် အမိန့်များ လုပ်ဆောင်မှုများ အပေါ်တွင် နောင်တချိန်တွင် တရားစွဲဆိုခြင်းမှ ကင်းလွတ်ခွင့် ပေးရမည်။ တရား သူကြီးအဖြစ် စစ်ဆေး ဆောင်ရွက်စဉ် ကာလအတွင်း မှုခင်းများနှင့် ပတ်သက်၍ လျို့ဝှက်၊ ကန့်သတ် သတင်း အချက် အလက်များကို တရားရုံးတွင် သက်သေအဖြစ် ထွက်ဆိုခြင်းမှ ကင်းလွတ်ခွင့် ပေးရမည်။

တရားသူကြီးချုပ်အဖြစ်မှ အနားယူပြီးနောက် ပြင်ပတွင် ရှေ့နေအဖြစ် အသက်မွေးဝမ်းကျောင်း ပြုမည်ဆိုပါကလည်း လိုအပ်သည့် နှစ်ကို ကန့်သတ် ပေးထားရမည်။ တရားသူကြီးချုပ် အဖြစ်မှ အနားယူပြီးနောက် ပြင်ပတွင် ရှေ့နေလုပ်ငန်းဖြင့် အသက်မွေးဝမ်း ကျောင်း ပြုမည်ဆိုပါက လက်ရှိ တာဝန်ထမ်းဆောင် နေသည့် တရားသူကြီးများ အပေါ် ၎င်း၏ သြဇာလွမ်းမိုးမှု ဆက်လက်ရှိ နေနိုင်သေးသဖြင့် မျှတသည့် တရားစီရင်ရေး မပေါ်ပေါက်နိုင် ကြောင်း တဖက်မှ အကြောင်းပြ ကန့်ကွက်နိုင်သည့် အတွက် လိုအပ်သည့်နှစ်ကို ကန့်သတ် ထားရန်ဖြစ်သည်။ ဥပမာအားဖြင့် အငြိမ်းစား ယူပြီးနောက် ၅ နှစ်ကြာမှ ရှေ့နေအဖြစ် လိုက်ပါ ဆောင်ရွက်နိုင်သည် စသဖြင့် နှစ်ကန့်သတ်ထားရန် ဖြစ်သည်။

မြန်မာနိုင်ငံတွင် ဦးမွန်စံလှိုင်သည် တရားရုံးချုပ် တရားသူကြီးအဖြစ်မှ အငြိမ်းစား ယူပြီးနောက် ရှေ့နေအဖြစ် အသက် မွေးဝမ်းကျောင်း ပြုရာတွင် ထိုသို့နှစ် ကန့်သတ်ထားခြင်း မရှိသည့်အတွက် တရားခွင်သို့ ဦးမွန်စံလှိုင် ရောက်ရှိလာပါက မြို့နယ် တရားသူကြီးများ၊ တိုင်း တရားသူကြီးများ အနေဖြင့် တချိန်က ၎င်းတို့၏ အထက်မှ ဆောင်ရွက်ခဲ့သည့် တရားသူကြီးချုပ် ဖြစ်ခဲ့သည်ကို အလွယ်တကူ မေ့ပျောက်၍ မရသဖြင့် ၎င်းလိုက်ပါဆောင် ရွက်သည့် အမှုတိုင်းလိုလို အနိုင်ရခဲ့သည်ကို တွေ့ရသည်။ ရာထူးမှ ထုတ်ပယ်ခြင်း၊ ရာထူးချထားခြင်း၊ စသည့်ကိစ္စရပ်များနှင့် ပတ်သက်၍ တရားစွဲဆိုခြင်း ခံရသည့် တရားသူကြီးများ ကိုလည်း ဥပဒေနှင့်အညီ ခုခံချေပခွင့် ပြုရမည်ဖြစ်သည်။ ဌာနဆိုင်ရာ စုံစမ်းစစ်ဆေးမှု ပြုလုပ်ရာတွင်လည်း စွဲဆိုခြင်း ခံရသည့် ကိစ္စရပ်နှင့် ပတ်သက်၍ ခုခံချေပခွင့် ပြုရမည်ဖြစ်ပြီး လိုအပ်လျှင် ရှေ့နေဖြင့် ငှားရမ်း ထုချေခြင်း စသည်တို့ကို ခွင့်ပြုပေးရမည် ဖြစ်သည်။

အကြောင်းမဲ့ ရာထူးမှ ထုတ်ပယ်ခြင်း၊ ရပ်စဲခြင်း၊ ရာထူးချထားခြင်းတို့ကို ဆောင်ရွက်နိုင်ခြင်း မရှိအောင် အစိုးရက လိုအပ်သည့် ဌာနဆိုင်ရာ စည်းမျဉ်းစည်းကမ်း များနှင့် နည်းဥပဒေများ ပြဌာန်းပေးရမည် ဖြစ်သည်။ ရာထူးမှ ထုတ်ပယ်ခြင်း၊ ရပ်ဆိုင်းခြင်း၊ စသည့် ကိစ္စရပ်များနှင့် ပတ်သက်၍ ဆုံးဖြတ်ချက်များကို ပြန်လည် သုံးသပ်၍ ပြင်ဆင်ခြင်းတို့ကို ဆောင်ရွက်နိုင်ခွင့် ရှိအောင် ဥပဒေဖြင့် ပြဌာန်း အကာအကွယ် ပေးရမည်ဖြစ်သည် သို့မှသာ လွတ်လပ်သော တရားစီရင်ရေးနှင့် မျှတသော တရားခွင်တို့ကို ဖေါ်ဆောင်နိုင်မည် ဖြစ်သည်။

တရားရုံးချုပ် တရားသူကြီးများ၏ သက်တမ်းနှင့် ပတ်သက်၍ ပြောရမည် ဆိုပါက ၁၉၈၈ ခုနှစ်နောက်ပိုင်း တရားရုံးချုပ် တရားသူကြီးများ အဖြစ် တာဝန်ယူခဲ့သည့် တရားသူကြီးများ အနက် ကျန်းမာရေး ချို့ယွင်း၍ တာဝန်မှ အနားယူ သွားသူ များမှအပ ယနေ့တိုင် နှစ်ပေါင်း၂၀ နီးပါး မပြောင်းလဲသည့် တရားသူကြီးများ၏ သက်တမ်းကိုလည်း ထည့်သွင်း စဉ်းစားဖို့ လိုသည်။

မြန်မာနိုင်ငံတွင် လွတ်လပ်သည့် တရားစီရင်ရေးကို အကောင်အထည်ဖေါ် ကျင့်သုံးနိုင်ခြင်း မရှိသေးပေ။ ထို့ကြောင့် ယနေ့ စစ်ဆေး စီရင်နေသည့် ဒေါ်အောင်ဆန်းစုကြည်၏ အမှုသည်လည်း အမှန်တရား အတိုင်း မပေါ်ပေါက်နိုင်၊ တရားရုံးများ လိုက်နာ ဆောင်ရွက်ရမည့် တရားစီရင်ရေး ဆိုင်ရာမူများကို တရားရုံးချုပ်နှင့် တရားသူကြီးချုပ်တို့က ပြဌာန်းထားသည် ဖြစ်ရာ မိမိကိုယ်တိုင် ပြဌာန်းထားသည့် ဥပဒေကို လိုက်နာဆောင်ရွက် ကျင့်သုံးမှု ရှိပါမည်လား ဆိုသည်မှာ လွန်စွာ သံသယဖြစ်ဖွယ်ပင် ဖြစ်သည်။

ဒေါ်အောင်ဆန်းစုကြည်ဖက်မှ တောင်းဆိုထားသည် သက်သေ ဦးတင်ဦးနှင့် ဦးဝင်းတင်တို့ကို ခွင့်ပြုခဲ့သည် ဆိုပါကလည်း အပြည့်အ၀ ၀မ်းမသာနိုင်သေးပါ။ သက်သေ ထွက်ချက်များသည် အမှုနှင့် ဆက်စပ်ခြင်း မရှိသည့်အတွက် အမှုကို ဆုံးဖြတ်ရာတွင် ထည့်သွင်း စဉ်းစားခြင်းမပြုပဲ အာဏာပိုင်တို့ အလိုကျ စီရင်ချက်နှင့် အမိန့်ကို ချမှတ်ပေးနိုင်သေးသည်ကို သတိပြုကြရန် လိုသည်။

ဒေါ်အောင်ဆန်းစုကြည်အား နေအိမ် အကျယ်ချုပ် အမိန့် ရုပ်သိမ်းသည့် မေလ ၂၆ ရက်နေ့တွင် ထုတ်ပြန်ခဲ့သည့် အတွက် ဒေါ်အောင်ဆန်းစုကြည်အား အာမခံဖြင့် အမှုအား ခုခံချေပခွင့် ပေးသင့်သည်။ ယခုကဲ့သို့ အင်းစိန်ထောင် အတွင်း ဖမ်းဆီး ချုပ်နှောင် ထားခြင်းသည် ဒေါ်အောင်ဆန်းစုကြည်အား ကြိုတင် အပြစ်ပေး ထားသကဲ့သို့ ဖြစ် နေပါသည်။ ထို့ကြောင့် အာဏာ ပိုင်များ အနေဖြင့် အမှုကို ဆက်လက် စစ်ဆေးစီရင်မည် ဆိုပါက အချုပ်လွတ် အာမခံနှင့် ခုခံချေပခွင့် ပြုသင့်သည်။ အာမခံ ပေးသင့်ကြောင်း လျှောက်ထားမည် ဆိုပါကလည်း မူလမြောက်ပိုင်း ခရိုင်တရားရုံးက လျှောက်လွှာကို ပယ်ချဦးမည် ဖြစ်သည်ကိုမူ သံသယ ဖြစ်စရာမလိုကြောင်း တင်ပြလိုက်ရပေသည်။

0 comments:

Post a Comment