Wednesday, June 17, 2009

Filled Under:

ဒေါ်အောင်ဆန်းစုကြည် အမှုအား အယူခံလွှာ လက်ခံလိုက်တဲ့အပေါ် ဦးမင်းလွင်ဦး၊ ဦးအောင်လင်းထွဋ်တို့နဲ့ ဆက်သွယ် မေးမြန်းချက်

RFA ---- 18/ 6/2009
ဒေါ်အောင်ဆန်းစုကြည် ရင်ဆိုင်နေရတဲ့ အမှုနဲ့ပတ်သက်ပြီး အစွတ်စွဲ ခံရတဲ့ သူတွေဘက်က သက်သေ ၄ ဦး တင်ခဲ့ရာမှာ မူလတရားရုံးမှာ တဦးသာ ခွင့်ပြုခဲ့ပြီး ဒီကိစ္စအတွက် တိုင်းတရားရုံးကို တင်ရာမှာ နောက်ထပ်တဦး ပေးခဲ့ပါတယ်။ အခုတခါ အပယ်ခံထားရတဲ့ ကျန်သက်သေ ၂ ဦးဖြစ်တဲ့ ဦးတင်ဦးနဲ့ ဦးဝင်းတင်တို့ကို ဗဟိုတရားရုံးမှာ ဆက်ပြီး အယူခံ တင်ခဲ့ရာမှာ ဇွန်လ ၁၇ ရက်နေ့က ဗဟိုတရားရုံးက အယူခံလွှာကို သဘောတူ လက်ခံလိုက်ပါပြီ။ ဒီကိစ္စနဲ့ ပတ်သက်ပြီး အာရှလူ့အခွင့်အရေး ကော်မရှင်မှ ရှေ့နေဦးမင်းလွင်ဦးက အခုလိုပြောပါတယ်။

ဦးမင်းလွင်ဦး ----- မူလတရားရုံးမှာ ကတည်းက ခွင့်ပြုပေးရမှာဖြစ်တယ်။ အဲဒီလိုမဟုတ်ဘဲနဲ့ ဒီတရားရုံးက တရားစီရင်ရေး အပေါ်မှာ ဈေးရောင်းသလိုမျိုး ဟိုဆစ်ဒီဆစ်နဲ့ လုပ်တဲ့ ဥစ္စာကတော့ မိမိပြဌာန်းထားတဲ့ တရားစီရင်ရေး ဆိုင်ရာမူတွေကို မိမိကိုယ်တိုင် ချိုးဖေါက်ပြီးတော့ နောက်ပိုင်း မသက်သာတော့မှ နောက်ဆုံး အလျှော့ပေးလိုက်တယ်လို့ပဲ ကျနော်တို့အနေနဲ့ ထင်မြင်ချက်ပေးချင်ပါတယ်။

မေး ------ ဦးမင်းလွင်ဦး ပြောသွားတဲ့ မတတ်သာလို့ စကားလုံး ပါပါတယ်။ နဲနဲလောက် ရှင်းပြပေးပါခင်ဗျား။ ဘယ်လိုပုံစံမျိုးကို ပြောသလဲခင်ဗျား။

ဦးမင်းလွင်ဦး ----- နိုင်ငံတကာက ဖိအားတွေ များလာတဲ့အခါမှာ နိုင်ငံတကာက စောင့်ကြည့်နေတဲ့ အခြေအနေက ပိုမိုပြီး ဆိုးလာတဲ့ အချိန်မှာတော့ ဒီအာဏာပိုင်တွေက မလိုက်နာရင် မဖြစ်ဘူး၊ လူ့အခွင့်အရေး စံတွေနဲ့အညီ လုပ်ဦးမှ ဖြစ်မယ်ဆိုပြီးတော့ လိုက်လျောလိုက်တယ်လို့ဘဲ ကျနော်တို့ ပြောချင်တယ်။

အာရှလူ့အခွင့်အရေး ကော်မရှင်မှ ရှေ့နေဦးမင်းလွင်ဦး ပြောပြသွားတာပါ။ အလားတူပဲ စစ်အစိုးရထံမှာ ထောက်လှမ်းရေးမှူးနဲ့ ၂၅ နှစ်ကြာ တာဝန်ထမ်းဆောင်ခဲ့ဖူးပြီး အမေရိကန်နိုင်ငံ ၀ါရှင်တန်မြို့ မြန်မာသံရုံးမှာ သံမှူးကြီးအဖြစ် တာဝန်ထမ်းဆောင် ခဲ့ဘူးသူ ဦးအောင်လင်းထွဋ်ကလည်း အခုလိုပြောပါတယ်။

ဦးအောင်လင်းထွဋ် ----- အခုအခြေအနေက သူတို့နည်းနာတခုကို ပြောင်းပြီးတော့ ကြည့်သုံးလိုက်တယ်လို့ ကျနော်မြင်ပါတယ်။ မူလပထမက သူတို့ အစီအစဉ်တကျပေါ့လေ၊ အကွက်ချပြီးတော့မှ ဒီအမှုကို မြန်မြန်စစ်ပြီးတော့မှ မြန်မြန်ထောင်ချလိုတဲ့ သတင်းကို ကျနော်သိခဲ့ပါတယ်။ သူတို့ပြောကြားချက်အရ ဒေါ်အောင်ဆန်းစုကြည်ကို မော်စကိုမှာ ၃ နှစ်ထားလိုက် ဗိုလ်ချုပ်မှူးကြီး သန်းရွှေကနေပြီး သူ့တပ်တွေကို နှုတ်မိန့် ပေးလိုက်တယ်လို့ ကျနော်သိရပါတယ် ခင်ဗျား။

မေး ------ အခုဆိုလို့ရှိရင် ပုံစံက တမျိုးပြောင်းသွားတယ်ပေါ့လေ။ ဘာကြောင့် ပြောင်းသွားတယ်လို့ မြင်ပါလဲခင်ဗျား။

ဦးအောင်လင်းထွဋ် ------ အဓိကကတော့ နိုင်ငံတကာ ဖိအားပါပါတယ် ခင်ဗျား။ ယုံကြည်မှု လုံးဝမရှိတဲ့ အနေအထားမျိုး ရောက်သွားတာ ဖြစ်ပါတယ် ခင်ဗျား။ ကျနော်တို့ သိထားတာက သူတို့ ထင်ထားတာက ဒီလောက် ပြင်းပြင်းထန်ထန်နဲ့ ဖိအားပေးလာမယ်လို့ သူတို့ မတွက်ထားပါဘူး။ တရုတ်ကလည်း အမျိုးသားပြန်လည်သင့်မြတ်ရေး လမ်းကြောင်းကို ပြောလိုက်တဲ့ အပေါ်မှာ သူတို့ တော်တော်လေး အားမလို အားမရ ဖြစ်ပါတယ်။ တရုတ်နဲ့ ပတ်သက်ပြီး ကျနော်တခု သုံးသပ်ပြီး တင်ပြချင်တာက တရုတ်နိုင်ငံခြားရေးဝန်ကြီး ၂၀၀၈ ခုနှစ် ဗမာပြည်ကို လာစဉ်သုံးက အစည်းအဝေးမှာ တရုတ်နိုင်ငံခြားရေး ၀န်ကြီးနဲ့ ဗိုလ်ချုပ်မှူးကြီး သန်းရွှေတို့ အခြေအနေ နည်းနည်းလောက် တင်းမာသွားတဲ့ အနေအထားလေး ဖြစ်ခဲ့ပါတယ်။ အဲဒီအချိန်ကလည်း တရုတ်နိုင်ငံခြားရေး ၀န်ကြီးမက ကုလသမဂ္ဂ လုံခြုံရေးကောင်စီကနေပြီးတော့ ထုတ်ပြန်တဲ့ ကြေငြာချက်ကို မြန်မာအစိုးရအနေနဲ့ လိုက်နာဖို့ လာပြီး ဖျောင်းဖျတဲ့ အနေအထားမျိုး ဖြစ်ပါတယ်။ အဲဒီတုန်းက တင်းမာတဲ့ အနေအထားကို မြန်မာအစိုးရအနေနဲ့ ဆည်တွေဆောက်နေပါတယ်။ တံတားတွေ ဆောက်နေပါတယ်။ တိုင်းရင်းသား ၁၇ ဖွဲ့ ရှိပါတယ် ဆိုတဲ့ ပုံမှန်ပေါ့လေ၊ ဒီစကားတွေနဲ့ပဲ ပြန်တုံ့ပြန်ခဲ့ပါတယ်။ အဲဒီတော့ အဲဒီစကားတွေနဲ့ မလုံလောက်တော့ဘူး။ ခင်ဗျားတို့ တကယ်လုပ်ရမယ် ဆိုတဲ့အနေအထားမျိုး ပြောဆိုသွားတဲ့ အပေါ်မှာ နည်းနည်းလေးပေါ့ အခြေအနေ အဲဒီက စပြီး တရုတ်က စပြီးတော့ သဘောထား ပြောင်းသွားတယ်လို့ ကျနော်ပြောချင်ပါတယ်။

ဂျပန်နဲ့ ပတ်သက်ပြီးတော့ ကျနော် သုံးသပ်ရရင် ဂျပန်ဟာ ကျနော်တို့ ရှိစဉ် တလျှောက်လုံးပေါ့လေ အဆင်ပြေခဲ့ပါတယ်။ ဂျပန်က မြန်မာအစိုးရမှ လိမ်ပြီးတော့ ဟိုလှည့်ဒီလှည့် လုပ်နေတာ အားလုံးမသိဘူး။ နောက်ဆုံးဗျာ ကုန်ကုန်ပြောရရင် မြောက်ကိုးရီးယားနဲ့ ဗမာ ပလူးပလဲ လုပ်နေတဲ့ဥစ္စာကို ဂျပန်အစိုးရက သိတော့သိတယ်။ ဘယ်လောက်ကြီး ထဲထဲဝင်ဝင် အနုမြူဗုံးကိစ္စတွေ၊ ကျန်တဲ့ Missile ကိစ္စတွေ၊ နောက်ဆုံး ( --- ) ဗုံး လုပ်တဲ့ ကိစ္စတွေက သူတို့မသိပါဘူး။ အခုတော့ သိလာတဲ့အခါမှာလည်း ဂျပန်က ဗမာနိုင်ငံက ဒီအတိုင်း ထားလို့တော့ မရဘူး။ အမျိုးသား ပြန်လည်သင့်မြတ်ရေး လမ်းကြောင်းပေါ်မှာ ဖြစ်ဖို့လိုတယ်ဆိုတဲ့ သုံးသပ်ချက်တွေ ပေါ်တဲ့အခါမှာ ဗမာအစိုးရအနေနဲ့ တော်တော်လေး အကြပ်အတည်းကြုံခဲ့တာကို ကျနော်တို့ တွေ့ရတယ်။

မေး ----- ဒေါ်အောင်ဆန်းစုကြည်ရဲ့ အမှုဖြစ်စဉ်က သွေးရိုးသားရိုး ဖြစ်တယ်လို့လား၊ ဘယ်လိုကြားမိသလဲ။

ဦးအောင်းလင်းထွဋ် ----- နောက်ဆုံးကြားရတဲ့ သတင်းအရ နိုင်ငံခြားရေး ၀န်ကြီးဌာနသည် ဒုတိယအကြိမ် မစ္စတာ ရက်တော မြန်မာပြည် ပြန်ဝင်လာတဲ့ ကိစ္စကို သိပါတယ်။ သိလည်းသိတယ်၊ သက်ဆိုင်ရာကိုလည်း သတင်းပို့ခဲ့တယ်။

ဒုတိယအချက်က မစ္စတာ ရက်တော ဒုတိယအကြိမ် မြန်မာပြည်ရောက်နေတာကို ဒေါက်တာ တင်မျိုးဝင်း သိသွားတဲ့အတွက်ကြောင့်မို့ ဒေါက်တာ တင်မျိုးဝင်းကို အကြောင်းပြချက်မရှိဘဲနဲ့ ဖမ်းပြီးတော့ ထိန်းသိမ်းလိုက်တာ ဖြစ်ပါတယ်။ အဲတာကလည်း ဒေါ်အောင်ဆန်းစုကြည်အိမ်ကို မသွားခင်မှာ ဖမ်းဆီးထိန်း လိုက်တာပါ။

တတိယ အချက်က ကြံ့ခိုင်ဖွံ့ဖြိုးရေးတဲ့ ပတ်သက်နေတဲ့ ဥစ္စာကို နေပြည်တော်အသိုင်းအ၀ိုင်းမှာ ရှိတဲ့သူတွေအားလုံး သိကြပါတယ်။ သေချာစုံစမ်းစစ်ဆေး ဖေါ်ထုတ်မယ်ဆိုရင်တော့ ကြံ့ခိုင်ဖွံ့ဖြိုးရေး၏ လက်ချက်လို့ ကျနော်တို့ အထောက်အထားနဲ့ ဖေါ်ပြနိုင်ပါတယ်။

မေး ---- အခု ဦအောင်လင်းထွဋ် ပြောပြတဲ့အချက်တွေက ဦးအောင်လင်းထွဋ် မှန်းဆပြီး ပြောနေတာလား။ ဒါမှမဟုတ် ဘယ်လို သိလဲခင်ဗျား။

ဦးအောင်လင်းထွဋ် ----- အထင်ကရ ကျနော့ရဲ့ ရောင်းရင်းတွေပေါ့ဗျား၊ အချို့လည်း Current Services တွေရှိပါတယ်။ ဒီပုဂ္ဂိုလ်များက ကျနော့ဆီကို နည်းမျိုးစုံနဲ့ ဆက်သွယ်ပြီးတော့မှ message တွေ ကျနော့ဆီကို ပို့ပေးပါတယ်။

ဦးအောင်လင်းထွဋ်ရဲ့ ပြောပြချက်ဖြစ်ပါတယ်။

ဒါကတော့ ဒေါ်အောင်ဆန်းစုကြည်အား အမှုဆင်တာနဲ့ ပတ်သက်ပြီး စုစည်းတင်ပြ ချက်ပဲ ဖြစ်ပါတယ်။

0 comments:

Post a Comment