Tuesday, June 16, 2009

Filled Under:

ဒေါ်အောင်ဆန်းစုကြည် အမှုကို ကြားနာရာတွင် မျှတမှုရှိဖို့ လူ့အခွင့်အရေး ကိုယ်စားလှယ်များ တောင်းဆို

VOA ----- 16/ 6/ 2009
ဥပဒေ ချိုးဖေါက်တယ်လို့ စွပ်စွဲပြီး တရားစွဲဆိုခံနေရတဲ့ ဒေါ်အောင်ဆန်းစုကြည် အမှု ကြားနာ မှုမှာ မျှတပြီး ပွင့်လင်းမြင်သာမှုရှိဖို့ လိုတယ်လို့ ကုလသမဂ္ဂ လူ့အခွင့် အရေး ကိုယ်စားလှယ်တွေက တောင်းဆိုလိုက်ပါတယ်။ ကြားနာတဲ့ တရားခွင်မှာ မမျှတမှုတွေ ရှိနေတယ်လို့ ဆိုပါတယ်။ အမှုမှာ လိုက်ပါ ဆောင်ရွက်ပေးနေတဲ့ ဥပဒေ အကျိုးဆောင်တွေ၊ လူ့အခွင့်အရေး ရှေ့နေတွေက ပြောကြပါတယ်။ အကြောင်းစုံကို ကိုအောင်လွင်ဦးက ပြောပြသွားမှာပါ။

ဖမ်းဆီးကန့်သတ်ထားတဲ့ အမိန့်ကို ချိုးဖေါက်တယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ ဒေါ်အောင်ဆန်းစုကြည်ကို တရားစွဲဆို ကြားနာစစ်ဆေးနေတဲ့ တရားခွင်ဟာ လွတ်လပ်မျှတတဲ့ အခြေအနေတွေ ရှိဖို့လိုတယ်ဆိုပြီး ကုလသမဂ္ဂ လူ့အခွင့်အရေး ကျွမ်းကျင်သူတွေက ပြောကြတာပါ။ ကုလသမဂ္ဂရဲ့ မြန်မာနိုင်ငံ လူ့အခွင့်အရေး အထူးကိုယ်စားလှယ် သောမတ်အိုဟေးကင်တားနား အပါအ၀င် ကုလသမဂ္ဂ လူ့အခွင့်အရေး ကျွမ်းကျင်သူ ပုဂ္ဂိုလ် (၅) ဦးက တိုက်တွန်းလိုက်တာပါ။ ဒါဟာဆိုရင် လက်ရှိ တရားခွင်ကို ရောင်ပြန်ဟတ်နေတာမို့ ကြိုဆိုရမဲ့ ကိစ္စလို့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဥပဒေ အကျိုးဆောင်တဦးဖြစ်တဲ့ ဦးဥာဏ်ဝင်းက ဆိုပါတယ်။

“ ကျနော်တို့ သူတို့ ပြောတာကို သဘောတူတယ်။ ကျနော်တို့ကလည်း ဒီအမှုမှာ တရားမျှတမှု ရဖို့ကိုဘဲ အစဉ်တစိုက် လုပ်နေတယ်။ ဥပမာအားဖြင့် ပြောရင်တော့ အများပြည်သူရှေ့ ကြားနားခွင့် Public hearing၊ Public hearing မဟုတ်လို့ရှိရင် ကျန်တဲ့ဟာတွေက တရားမျှတဖို့ အခွင့်အရေး နည်းတယ်လို့ ပြောရမှာဘဲ၊ သဘောတူပါတယ်၊ ကြိုဆိုပါတယ်။ ကျနော်တို့ Public hearing က လူ့အခွင့်အရေး ကြေငြာစာတမ်းမှာ ပါတယ်။ အများပြည်သူရှေ့မှာ တရား စီရင်ရမယ်။ တရားစီရင်ခွင့်ရှိမှ တရားမျှတတဲ့ တရားစီရင်ရေး ရှိမယ်လို့ အဲဒီလို လူ့အခွင့်အရေး ကြေငြာစာတမ်းမှာ ပါတယ်။ ဒါကြောင့် အများပြည်သူ ကြားနားနိုင်ခွင့်ကို ကျနော်တို့ တောက်လျှောက်တင်ပြတယ်။”

လတ်တလော အခြေအနေမှာတော့ အာဏာပိုင်တွေရဲ့ တောက်လျှောက် ကိုယ်တိုင် ပြဌာန်းထားတဲ့ ဥပဒေတွေ ချိုးဖေါက်မှု ရှိနေတယ်လို့ ကုလသမဂ္ဂ လူ့အခွင့်အရေး ကြေငြာချက်မှာ ဖေါ်ပြထားပါတယ်။ အစောပိုင်း ဒေါ်အောင်ဆန်းစုကြည်ကို နေအိမ်အကျယ်ချုပ် ဖမ်းဆီးထိန်းသိမ်းထားတာကို သက်တမ်းတိုးတာ ဆိုတာက ဥပဒေနဲ့မညီတဲ့ လုပ်ရပ်ဖြစ်တယ်လို့ ပြောခဲ့ကြပါတယ်။ ဒီလိုဘဲ လတ်တလော ကြားနာနေတဲ့ တရားခွင်တလျှောက် တရားရုံးရဲ့ လုပ်ထုံးလုပ်နည်းတွေကို ကျော်လွန်ဖေါက်ဖျက်နေတာလည်း ထင်ထင်ရှားရှားရှိနေတယ် ဆိုပြီးတော့ အာရှလူ့အခွင့်အရေးကော်မရှင်မှ လူ့အခွင့်အရေး ရှေ့နေ တဦးဖြစ်တဲ့ ဦးမင်းလွင်ကလည်း အခုလို ထောက်ပြ ပြောဆိုပါတယ်။

“ဒီတရားခွင်နဲ့ ပတ်သက်ပြီးတော့ ချိုးဖေါက်တဲ့ ကိစ္စရပ်တွေ ဘာတွေရှိတယ် ဆိုတာကို တရားစီရင်ရေး ဆိုင်ရာ အဖွဲ့ရော နောက်ပြီးတော့ တရားရုံးချုပ် ကိုယ်တိုင်ကရော ချိုးဖေါက်နေတဲ့အချက်အလက် ထင်ထင်ရှားရှား ၃ ခုရှိပါတယ်။ ဒါတွေက ဘာလဲ ဆိုလို့ရှိရင် တရားရုံးတွေအားလုံးမှာ လိုက်နာဆောင်ရွက်ရမဲ့ တရားစီရင်ရေး ဆိုင်ရာမူဖြစ်တဲ့ လွတ်လပ်စွာ စစ်ဆေးစီရင်ခွင့် ဒါကို မပေးဘူးဖြစ်နေတယ်။

နောက်တချက်အနေနဲ့ မိမိကိုယ်ကို ခုခံပိုင်ခွင့်ကို အပြည့်အ၀ မပေးဘဲနဲ့ တင်ပြတဲ့ သက်သေတယောက် ရဖို့အတွက် တခါ ပြင်ဆင်မှု တက်ရတယ်၊ နောက် တယောက် ရဖို့အတွက် နောက်တခါ အယူခံ တက်နေရတယ် ဆိုတာတွေကလည်း ကျနော်တို့ မြန်မာနိုင်ငံ အတွင်းမှာ ရှိနေတဲ့ တရားစီရင်ရေး မူတွေကို အစိုးရကိုယ်တိုင်က ဖေါက်ဖျက်နေတာကို အသိအလင်း ပြောနိုင်ပါတယ်။”

စတင်ကြားနာ စစ်ဆေးချိန်ကစလို့ တရားလိုအဖြစ် စွပ်စွဲ ခံရသူတို့ဘက်က သက်သေ ၁၄ ယောက်ပြခွင့်ရပြီး ဒေါ်အောင်ဆန်းစုကြည်ဘက်က ခုခံခြေပခွင့် တရားခွင်မှာ ထွက်ဆိုတင်ပြခွင့် တင်သွင်းထားတဲ့ သက်သေ ၄ ဦးထဲမှ ၂ ဦးကိုသာ ခွင့်ပြုထားတာကို တရားစီရင်မှုမှာ မမျှတတဲ့ လုပ်ရပ်အဖြစ် ကုလသမဂ္ဂ လူ့အခွင့်အရေး ကျွမ်းကျင်သူတွေက ပြောထားတာပါ။ ဒါဟာ တရားစီရင်ရေးရဲ့ အားနည်းချက်တရပ်အဖြစ် ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဥပဒေ အကျိုးဆောင်တွေက ရှုမြင်ကြပါတယ်။

“ပြောချင်တာက သက်သေဆိုတာ ဘယ်ဘက်ကဘဲဖြစ်ဖြစ် အရေအတွက်ထက် အရည်အချင်းက အရေးကြီးတယ်လို့ သာမန်အားဖြင့် ပြောကြတယ်။ ဒါပေမဲ့လို့ ဒီအမှုလိုဟာမျိုးမှာကျတော့ တရားလိုက ၁၅ ယောက်ရတယ်။ ကျနော်တို့ အစွပ်စွဲ ခံရတဲ့ သူဘက်က ၄ ယောက်တင်တာတောင် ပထမ တယောက်ဘဲ ခွင့်ပြုတယ်။ နောက်တဆင့်ကျတော့ နောက်တယောက် ပြန်ပေးတယ်။ ဒီဟာကိုက နှစ်ဘက် ချိန်ခွင်လျှာ မညီမျှဘူးလို့ဘဲ ပြောချင်တယ်။”

ဒေါ်အောင်ဆန်းစုကြည် အကျိုးဆောင်တဦးဖြစ်တဲ့ ရှေ့နေ ဦးဥာဏ်ဝင်းပါ။ ကုလသမဂ္ဂ လူ့အခွင့်အရေး ကျွမ်းကျင်သူ ပုဂ္ဂိုလ်တွေကတော့ လက်ရှိ တရားခွင်ဟာ လွတ်လပ်မျှတတဲ့ အခြေအနေဖြစ်စေဖို့ ပြည်တွင်း ပြည်ပ သတင်းမီဒီယာတွေ ခွင့်ပြုဖို့ လိုအပ်တယ်ဆိုပြီး ပြောထားပါတယ်။ မြန်မာစစ်အစိုးရ အာဏာပိုင်တွေဘက်ကတော့ အမှုစတင် စစ်ဆေးစဉ်ကစလို့ ရန်ကုန်အခြေစိုက် သံသမန်တွေနဲ့ စာနယ်ဇင်းသမားတွေကို ၂ ကြိမ်သာ ခွင့်ပြုထားတာကို တွေ့ရပါတယ် ခင်ဗျား။

0 comments:

Post a Comment