Sunday, June 28, 2009

Filled Under:

မျှတသောတရားခွင် ပေါ်ထွန်းစေရန် လိုအပ်ချက်များ

မင်းလွင်ဦး
ဂျွန်လ ၂၉ ရက်၊ ၂၀၀၉ ခုနှစ်


နိုင်ငံတနိုင်ငံတွင် မျှတသည့်တရားခွင်နှင့် လွတ်လပ် သည့် တရားစီရင်ရေး ရှိမှသာ တရားဥပဒေ စိုးမိုးမှု ရှိနိုင်မည် ဖြစ်သည်။ မျှတသည့် တရားခွင် ရှိပြီး လွတ်လပ်သည့် တရားစီရင်ရေး မရှိပြန်လျှင်လည်း တရားဥပဒေ စိုးမိုးမှု မရှိနိုင်။ ပြည်သူအများက အမှားနှင့် အမှန်ကို စစ်ဆေးစီရင် ဆုံးဖြတ်သည့် တရားရုံးက ဘက်လိုက်မှု ကင်းပြီး အမှန်တရားကို ဖေါ်ဆောင်နိုင်သည်ဟု ရှင်းရှင်းလင်းလင်း ယုံကြည်အားကိုးမှ တရား ဥပဒေစိုးမိုး၍ ရပ်ရွာ၊ အေးချမ်း သာယာမည် ဖြစ်သည်။

လူပုဂ္ဂိုလ်တဦးချင်းစီ၏ အခြေခံ အခွင့်အရေးဖြစ်သည့် အသက်ရှင်ရပ်တည်မှုနှင့် လွတ်လပ်ခွင့်တို့ကို ဥပဒေ ပြဌာန်းချက်များ နှင့်အညီ အကာအကွယ် ပေးနိုင်မှ သာလျှင် ပြည်သူများကလည်း အုပ်စိုးသူ အစိုးရအပေါ် ယုံကြည်အားကိုးမည် ဖြစ်သည်။

မြန်မာနိုင်ငံတွင် ပြစ်မှုဆိုင်ရာ အမှုများကို စစ်ဆေးစီရင် ဆေးရင်သည့်အခါ မျှတသည့် တရားခွင်ကို ဖေါ်ဆောင်နိုင်ရန် တရားရုံးများက လိုက်နာကျင့်သုံး ရမည့် ပြစ်မှုဆိုင်ရာ ကျင့်ထုံးဥပဒေ၊ တရားရုံးများလက်စွဲ၊ တရားစီရင်ရေး ဥပဒေနှင့် အခါအားလျော်စွာ ထုတ်ပြန်သည့် တရားရုံးချုပ်၏ အမိန့်နှင့် ညွှန်ကြားလွှာများကို ထုတ်ပြန် ပြဌာန်းထားသည်။

မျှတသည့် တရားခွင်ဖြင့် စစ်ဆေးစီရင်ခြင်း ရှိ၊ မရှိကို အောက်ပါအချက်များဖြင့် အဓိက တိုင်းတာနိုင်သည်။

(က) တရားခွင်သို့ အမှုစွဲတင်ခြင်းမပြုမီ စွပ်စွဲခံရသူ၏ အခွင့်အရေး၊ တရားစွဲအဖွဲ့အစည်းက လိုက်နာရမည့် အချက်များနှင့် တရားရုံးက ခွင့်ပြုဆောင်ရွက် ပေးရမည့်အချက်များ။

လူတိုင်းသည် လွတ်လပ်ခွင့်နှင့် လုံခြုံမှုရှိစေရမည်၊ လွတ်လပ်စွာ လှုပ်ရှားသွား လာခြင်းကို ဥပဒေမဲ့ဖမ်းဆီးခြင်း၊ ချုပ်နှောင်ခြင်း မရှိစေရပေ၊ အကယ်၍ ဖမ်းဆီးခြင်းနှင့် ချုပ်နှောင်ခြင်းတို့ကို ဆောင်ရွက်ရန် လိုအပ်ပါက ဥပဒေ ပြဌာန်းချက် များနှင့်အညီသာ ဆောင်ရွက်ရမည်။ ဖမ်းဆီးချုပ်နှောင်ခွင့် ရှိသည့်တရားစွဲ အဖွဲ့အစည်း များကလည်း ပြဌာန်းဥပဒေနှင့် ကျင့်ထုံးများအတိုင်း လိုက်နာဆောင်ရွက် ရမည်။ဆိုလိုသည်မှာ တရားရုံး၏အမိန့်ဖြင့်သာ ဖမ်းဆီးနိုင်သည့် အမှုများတွင် ဖမ်းဝရမ်းပါရမည်။ ဆက်လက် ချုပ်နှောင်ထားရန် လိုအပ်ပါက လတရားရုံး၏ ခွင့်ပြုချက်ချုပ်မိန့်(ရီမန်)ဖြင့်သာ ဆက်လက်ဖမ်း ဆီးချုပ်နှောင်ရမည်။

လိုအပ်၍ ဆက်လက်ဖမ်းဆီး ထိန်းသိမ်းထားသူအား မည်သည့်ကိစ္စကြောင့် ဖမ်းဆီးရခြင်းဖြစ်ကြောင်း အသိပေးရမည်။ ရှေ့နေအကျိုးဆောင်ဖြင့် တိုင်ပင်ဆွေးနွေးခွင့် ရှိကြောင်း အသိပေးရမည်။ တိုင်းရင်းသား သို့မဟုတ် နိုင်ငံခြားသား ဖြစ်ပါက ၎င်း၏ အခွင့်အရေးကို နားလည်အောင် စကားပြန်ဖြင့် အသိပေး ပြောကြားရမည်။

အကျိုးဆောင်နှင့် တိုင်ပင်ဆွေးနွေးခွင့်နှင့် ပတ်သက်၍ အကျိုးဆောင်များ အနေဖြင့် စွပ်စွဲခံရသူဖက်မှ ခုခံချေပနိုင်ရန် ပြင်ဆင်ရာတွင် လုံလောက်သော အချိန်ကာလနှင့် တွေ့ဆုံမှုကို တရားစွဲအဖွဲ့အစည်းက တတ်နိုင်သမျှ ဖြည့်စွမ်း ဆောင်ရွက်ပေးရမည်။ စွပ်စွဲခံရသူအနေဖြင့် တရားရုံးသို့ စွဲမတင်မီ ခံစားခွင့်ရှိသည့် အခွင့်အရေးများကို ရှင်းလင်း ပြောပြရမည်။ ဥပမာ အာမခံဖြင့် အချုပ်လွတ် ခုခံချေပခွင့် ရှိပါက အာမခံ လျောက်ထားနိုင်ကြောင်းကို စွပ်စွဲခံရသူအား အသိပေးရမည်။ တရားစွဲ အဖွဲ့အစည်းကလည်း အာမခံပေးနိုင်သည့် အမှုဖြစ်က အာမခံ ပေးရမည်ဖြစ်သည်။ မလိုလားအပ်သော နှောင့်နှေးကြန့် ကြာမှုများဖြင့် လူတဦးအား ဆက်လက်ချုပ်နှောင် မထားရန် သတိပြုရမည်။

အကျိုးဆောင်နှင့် တိုင်ပင်ဆွေးနွေးသည့် အခါတွင်လည်း လွတ်လပ်စွာ တိုင်ပင်ဆွေးနွေး နိုင်စေရန် အာဏာပိုင်များက ဆောင်ရွက်ပေးရမည်။ ဥပဒေနှင့်မညီပဲ ဖမ်းဆီး ချုပ်နှောင်ထားသည်ကို တွေ့ရှိ ရပါက တရားရုံး တရားသူကြီးထံ အလျင်အမြန် တိုင်ကြားတင်ပြနိုင်ခွင့် ရှိစေရမည်။ တရားရုံးကလည်း တင်ပြသည့် အချက်အလက်များ မှန်ကန်မှု ရှိ၊ မရှိ၊ ဥပဒေနှင့် ဆန့်ကျင်ခြင်း ရှိမရှိတို့ကို စိစစ်ပြီး ဥပဒေနှင့်မညီသည့် ကိစ္စဖြစ်ပါက စွပ်စွဲခံရသူအား အမြန်ဆုံး ပြန်လည် လွတ်ပေးစေရန် အမိန့်ချမှတ် ရမည်။ ထိုသို့ စီမံ ဆောင်ရွက်နိုင်ရန် ဖွဲ့စည်းပုံ အခြေခံဥပဒေတွင် လိုအပ်သည့် စာချွန်တော်များ ထုတ်ဆင့်ခွင့်ကို ထည့်သွင်း ပြဌာန်းထားရမည်။

ဖမ်းဆီး ထိန်းသိမ်းထားသည့် ကာလအတွင်း လူမဆန်စွာ ကိုယ်ခန္ဓာနှင့် စိတ်ပိုင်းဆိုင်ရာ နှိပ်စက်ညှင်းပန်းမှုများ ဖြစ်ပွားမှုမရှိ စေရန် အထူးတားမြစ်သည်။ ပြစ်မှုဆိုင်ရာ အမှုများနှင့် အထူးဥပဒေအရ အရေးယူသည့် အမှုများတွင် စွပ်စွဲခံရသူက စွဲဆိုထားသည့် ပြစ်မှု ကျူးလွန်ကြောင်း ၀န်ခံချက်၊ ဖြောင့်ချက် ရရှိစေရန်အတွက် နှိပ်စက်ညှင်းပန်း၍ ရရှိလာသည့် သက်သေခံချက်များကို အမှုတွင် ထည့်သွင်းစဉ်းစား ခြင်းမပြုကြောင်း သက်သေခံ ဥပဒေတွင် ပြဌာန်းထားပြီး ဖြစ်သည်။

အကြောင်းပြချက် ခိုင်လုံခြင်းမရှိပဲ စွပ်စွဲခံရသူတဦးအား တရားရုံးသို့ တရားစွဲဆို တင်ပို့ခြင်းမရှိရ၊ ဖမ်းဆီးခြင်း၊ ချုပ်နှောင်ထားခြင်းကို မိသားစုနှင့် ဆက်သွယ် အသိပေးနိုင်ရန်၊ အကျိုးဆောင်နှင့် တွေ့ဆုံခွင့်၊ ဆွေးနွေးခွင့်နှင့် ကျန်းမာရေး အတွက် ဆရာဝန်ဖြင့် ဆေးဝါးကုသခွင့် ပြုရေးတို့ကို အာဏာပိုင်တို့က ဆောင်ရွက်ပေးရမည်။ ထိုသို့ ဆောင်ရွက်ပေးရန်ကို တရားစီရင်ရေးဆိုင်ရာ လုပ်ထုံး လုပ်နည်းများနှင့်အညီ တရားရုံးက ကူညီဆောင်ရွက်ပေးရမည်။ (ဥပမာ ရှေ့နေဖြင့် ဆွေးနွေးတိုင်ပင်ခွင့်၊ ဆရာဝန်ဖြင့် ဆေးဝါးကုသခွင့်)နိုင်ငံခြားသား ဖြစ်ပါက သက်ဆိုင်ရာ နိုင်ငံ၏ သံရုံးကို ဆက်သွယ်အကြောင်း ကြားရမည်။

(ခ) အမှုစစ်ဆေးနေစဉ်နှင့် အမှုအား ခုခံချေပရာတွင် စွပ်စွဲခံရသူ၏ အခွင့်အရေးနှင့် တရားစီရင်ရေး အဖွဲ့က လိုက်နာခွင့် ပြုရမည့် အချက်များ။

တရားရုံး၏ ရှေ့မှောက်တွင် တရားလိုနှင့် တရားခံ တို့သည် တရားဥပဒေအရ ခွင့်ပြုထားသည့် ခွင့်ပြုချက်များကို ခွဲခြားခြင်းမရှိပဲ တန်းတူခံစားခွင့် ရှိစေရမည်။ လူမျိုး၊ ဘာသာ၊ အသားအရောင်နှင့် နိုင်ငံရေး ယုံကြည်မှုတို့ကို ခွဲခြားခြင်း မရှိစေရပဲ အများပြည်သူများ၏ ရှေ့မှောက်တွင် စစ်ဆေးစီရင်သည့် တရားရုံးတွင် စစ်ဆေးစီရင်ရမည်။ တပ်မတော် ဥပဒေနှင့် အခြားဥပဒေ အရ ကန့်သတ်ချက် များမှအပ အထူးတရားများ ဖွင့်လှစ်စစ်ဆေးကြားနာခြင်း မပြုရ၊ အထူးဖွင့်လှစ် ကြားနာသည့် စစ်ခုံရုံးများတွင် မည်သည့်အရပ်သား၊ သာမန်ပြည်သူများ၏ အမှုကို စစ်ဆေးကြားနာခြင်း မပြုရ။ လွတ်လပ်သည့် တရားစီရင် ရေးဖြင့် စီမံဆောင်ရွက်သည့် တရားရုံးများဖြစ်ရမည်။

ဘက်လိုက်မှု ကင်းရှင်းသည့် တရားရုံးများကို ဥပဒေနှင့်အညီ တည်ထောင် ထားရှိပြီး အမျိုးသမီးများ၏ ကိုယ်ကျင့်သိက္ခာနှင့် သက်ဆိုင်သည့် အမှုများ၊ အရွယ်မရောက် သေးသည့် ကလေးသူငယ်များကို စစ်ဆေးစီရင်သည့် အမှုများမှအပ ကျန်အမှုများကို အများပြည်သူများ၏ ရှေ့မှောက်တွင် စစ်ဆေးစီရင် ရမည်။

ပြစ်မှုဆိုင်ရာ အမှုများတွင် လိုက်နာကျင့်သုံးရန် ပြဌာန်းထားသည့် ပြစ်မှုဆိုင်ရာ ဥပဒေ၊ ပြစ်မှု ဆိုင်ရာကျင့်ထုံးဥပဒေ၊ သက်သေခံဥပဒေ၊ တရားရုံးများ လက်စွဲ၊ ညွန်ကြားလွှာများနှင့် အမိန့်များ ပါပြဌာန်းချက်များအတိုင်း စစ်ဆေးစီရင်ရမည်။

အများပြည်သူများ၏ ရှေ့မှောက်တွင် စစ်ဆေးစီရင်ရာတွင် ပြည်သူအများ တက်ရောက်နား ထောင်နိုင်သည့် တရားခွင်ဖြစ်ရမည်။ ထို့အတူ တရားခွင်အတွင်း စစ်ဆေးစီရင် ဆောင်ရွက်မှု အဆင့်ဆင့်ကို သံသယကင်းစွာ သိရှိနိုင်စေရန်အတွက် သတင်းဌာနများ၊မှ သတင်းထောက်များကိုလည်း တက်ရောက် သတင်းယူခွင့် ပြုရမည်ဖြစ်သည်။

တရားခွင်အတွင်းသို့ တက်ရောက် နားထောင်သည့် ပြည်သူလူထု စံနစ်တကျ အေးဆေးစွာ နားထောင်နိုင်ရန် လိုအပ်သည့် အစီအမံများကို အစိုးရက စီမံဆောင်ရွက် ပေးရမည်ဖြစ်သည်။

မှုခင်းများ စစ်ဆေးစီရင်ရာတွင် အပြစ်ရှိသည်ဟု တရားရုံးက ဆုံးဖြတ်ခြင်း မပြုမှီအချိန်အထိ စွပ်စွဲခံရသူသည် အပြစ်ကင်းစင်သူဟု မှတ်ယူရမည်။ ပြစ်မှုများကို စစ်ဆေးစီရင်ရာတွင် တရားလိုဖက်မှ အမှုကို တရားရုံးသို့ တင်ပို့စွဲဆိုယုံမျှနှင့် တရားရုံးက အပြစ်ပေးရမည် မဟုတ်ပါ။ စွဲဆိုထားသည့် ပုဒ်မပါ ပြဌာန်းချက်များကို တရားလိုဖက်က ထင်ရှားအောင် သက်သေတင်ပြရမည့် တာဝန်ရှိသည်။ ထိုသို့ သက်သေထင်ရှား တင်ပြနိုင်ခြင်းမရှိပါက ပြစ်မှုကျူးလွန်သည်ဟု သံသယရှိလင့်ကစား သံသယ၏ အကျိုးကို စွပ်စွဲခံရသူအား ခံစားခွင့်ပေးပြီး အမှုမှ အပြီးအပြတ် လွှတ်ပေးရမည် ဆိုသည်မှာ တရားရုံးများ လိုက်နာဆောင်ရွက်ရသည့် ဥပဒေဓလေ့ထုံးတမ်း တခုဖြစ်သည်။

စွပ်စွဲခံရသူအား စွဲချက်တင်သည်ဆိုပါက စွဲချက်ပါအချက်များကို စွပ်စွဲခံရသူအနေဖြင့် ရှင်းရှင်းလင်းလင်း သိရှိနိုင်စေရန် တရားခွင်က ပြောပြ အသိပေးရမည်။ စွဲချက်မိတ္တူ တစောင်ကို စွပ်စွဲခံရသူအား အခမဲ့ ပေးရမည်။ စွပ်စွဲခံရသူသည် နိုင်ငံခြားသားဖြစ်ပါက ၎င်းနားလည်နိုင်မည့် ဘာသာစကားသို့ ပြန်ဆိုထားသည့် မိတ္တူကို ပေးရမည်။

စွပ်စွဲခံရသူအား ခုခံချေပနိုင်ရန် ပြင်ဆင်မှုများအတွက် လုံလောက်သည့် အချိန်ပေးရမည်။ စွပ်စွဲခံရသူအနေဖြင့် ၎င်း၏ အကျိုးဆောင်နှင့် စွဲဆိုထားသည့် အမှုတွင် လိုအပ်သည့် သက်သေခံချက်များ ပေးနိုင်ရန်အတွက် ဆွေးနွေး တိုင်ပင်ခွင့် နှင့်သက်သေများ တင်သွင်းနိုင်ရန် တရားရုံးက ခွင့်ပြုဆောင်ရွက်ပေး ရမည်ဖြစ်သည်။

မှုခင်းများကို စစ်ဆေးစီရင်ရာတွင် နှောင့်နှေးကြန့်ကြာခြင်း မရှိစေပဲ စစ်ဆေးစီရင်ရမည်။ လုံလောက်သည့် အကြောင်းပြချက် မရှိပဲ အမှုစစ်ဆေး စီရင်ခြင်းအား ကြန့်ကြာအောင် လုပ်ဆောင်ခြင်း မရှိစေရ။

စွပ်စွဲခံရသူအနေဖြင့် အမှုတွင် ကိုယ်တိုင် ခုခံချေပလိုလျင်သော်လည်း၊ အကျိုးဆောင်ဖြင့် ခုခံချေပလိုလျင် သော်လည်းကောင်း တရားရုံးက ခွင့်ပြုရမည်။ ထိုကဲ့သို့သော အခွင့်အရေးရှိကြောင်းကို တရားရုံးအနေဖြင့် စွပ်စွဲခံရသူအား အသိပေး ပြောကြားရမည်။ ကြီးလေးသည့် ထောင်ဒဏ် (တသက်တကျွန်းနှင့် သေဒဏ်)ကျခံရမည့် အမှုများကို ရင်ဆိုင်ရမည့် တရားခံများအတွက် နိုင်ငံတော်မှ အကျိုးဆောင် ငှားရမ်းပေးရမည်။

သက်သေများကို စစ်မေးနိုင်သည့် အခွင့်အရေး ရှိရမည်ဖြစ်သလို တရားခံဖက်မှ လိုအပ်သည့် သက်သေများကိုလည်း တင်သွင်းခွင့် ရှိစေရမည်။ တရားလိုဖက်မှ တင်သွင်းသည့် မည်သည့်သက်သေ ကိုမဆို တရားခံအနေဖြင့် စစ်မေးခုခံချေပခွင့် ရှိစေရန် တရားရုံးက ဆောင်ရွက်ပေးရမည်။

တရားခံသည် တိုင်းရင်းသားလူမျိုးသို့မဟုတ် နိုင်ငံခြားသား တဦးဦးဖြစ်ပါက တရားခံအဖြစ် စွပ်စွဲခံရသူ နားလည်စေမည့် စကားပြန်ငှားရမ်း၍ အမှုကို စစ်ဆေးစီရင်ရမည်။ စကားပြန်ဖြစ်သူ အနေဖြင့် လွတ်လပ်စွာ သွားလာနိုင်ခွင့်၊ ဆောင်ရွက်နိုင်ခွင့် ရှိစေရမည်။ စကားပြန်အဖြစ် ဆောင်ရွက်သူ အပေါ် မည်သည့်ကန့်သတ်၊ ချုပ်ချယ်၊ ခြိမ်းခြောက်မှုများ မရှိစေရပေ။

တရာခံအဖြစ် စွပ်စွဲခံရသူအနေဖြင့် အမှုတွင် ပါဝင်ပတ်သက်ကြောင်း ဖြောင့်ချက်ကဲ့သို့သဘော သက်ရောက်သည့် ၀န်ခံချက်မျိုးကို အတင်းအကြပ် စွပ်စွဲခံရသူ၏ ဆန္ဒနှင့် ဆန့်ကျင်၍ အတင်းအကြပ် ထွက်ဆိုခြင်း မပြုစေရ။ တိုက်ရိုက်ဖြစ်စေ သို့မဟုတ် သွယ်ဝိုက်၍ဖြစ်စေ ကိုယ်ခန္ဓာနှင့် စိတ်ပိုင်းဆိုင်ရာ နှိပ်စက်ညှင်းပန်းခြင်း၊ ဖိအားပေးခြင်း၊ ခြိမ်းခြောက်ခြင်း စသည်တို့ဖြင့် အတင်းအကြပ် ဖြောင့်ချက်ပေးစေခြင်း၊ အပြစ်ရှိသည်ဟု ၀န်ခံခိုင်းစေခြင်း စသည်တို့ကို မပြုလုပ်ရန်နှင့် ထိုသို့ပြုလုပ်ရာမှ ရရှိသည့် သက်သေခံချက်များ ဟုတ်မဟုတ်ကို တရားရုံး တရားသူကြီးမှ သေချာစွာ လေ့လာ၍ လက်ခံအတည်ပြုရမည်။ နှိပ်စက် ညှင်းပန်းခြင်းကြောင့် ပေးသည့် ဖြောင့်ချက်ဖြစ်လျင် သက်သေခံအဖြစ် လက်ခံခြင်းမပြုရ။

အမှုများကို စစ်ဆေးရာတွင် လက်ရှိ ပြဌာန်းထားသည့် တရားဥပဒေများ အတိုင်းသာ စစ်ဆေးစီရင် ခြင်းဆုံးဖြတ်ခြင်း ပြုရမည်။ မည်သည့်ဥပဒေကိုမျှ နောက်ကြောင်းပြန် အာဏာ သက်ရောက်ခြင်း မရှိစေရ။

တရားခံတဦး တယောက်အား ပြစ်ဒဏ်ပေးရာတွင် မှုခင်းဖြစ်ရပ် တခုတည်းအပေါ် အကြိမ်ကြိမ် ထပ်ဆင့် အပြစ်ပေးခြင်းကို တားမြစ်သည့် ဥပဒေ ပြဌာန်းချက်များအတိုင်း တရားရုံးများက လိုက်နာဆောင် ရွက်ရမည်

(ဂ) အမှု စစ်ဆေးပြီးသည့် နောက်ပိုင်း တရားဥပဒေပါ အခွင့်အရေးများအား ခွင့်ပြုရမည့် ကိစ္စရပ်များ။

အမှုကို စစ်ဆေးစီရင်ဆုံးဖြတ်၍ စီရင်ချက်နှင့် အမိန့်ချမှတ်ပြီး ပါက ဥပဒေပြဌာန်းချက်များ အတိုင်း အထက်တရားရုံး အဆင့်ဆင့်သို့ ပြင်ဆင်မှု တင်သွင်းခြင်း၊ အယူခံ တင်သွင်းခြင်းနှင့် ဥပဒေနှင့် အညီ ပြန်လည် သုံးသပ်ရန် လျောက်ထားခြင်း တို့ကို ခွင့်ပြုရမည်။ အထက်တရားရုံး အဆင့်ဆင့်ကလည်း ဥပဒေနှင့်အညီ တင်သွင်းလာသည့် ပြင်ဆင်မှု၊ အယူခံမှု၊ အမှုကို ပြန်လည်သုံးသပ်ရန် စောဒကမှု တင်သွင်း လာခြင်းတို့အပေါ် ပြဌာန်း ဥပဒေများနှင့် ညီ မညီ စိစစ်၍ လက်ခံ ဆုံးဖြတ် ပေးရမည်။ ဥပဒေနှင့်မညီသည့် အချက်များရှိပါက အောက်ရုံး၏ ဆုံးဖြတ်ကို ပြင်ဆင်သည့် အမိန့် ချမှတ်ပေးရမည်။ တရားခံကပြစ်မှု ကျူးလွန်သည်ဟု ၀န်ခံသည့် အမှုများတွင်လည်း ပြစ်ဒဏ် နှင့်ပတ်သက်၍ အယူခံ တင်သွင်းလာပါက အခြားပြစ်မှုများ နည်းတူ ဥပဒေပြဌာန်းချက်များနှင့် ကိုက်ညီမှု ရှိမရှိစဉ်းစားဆုံး ဖြတ်ရမည်။ အယူခံခွင့်ပြု ရမည်။

တရားစီရင်ရေးဆိုင်ရာ မှားယွင်းမှုများအတွက် နစ်နာသည့် တရားခံအတွက် ထိုက်သင့်သည့် ကုစား သက်သာခွင့်များ စီမံထား ရှိရမည်။ တရားရုံးအဆင့်ဆင့်၏ စစ်ဆေးစီရင် ဆုံးဖြတ်ချက်များသည် မှားယွင်းစွာ စစ်ဆေးစီရင် ခဲ့ကြောင်း ပြန်လည်သုံးသပ်၍ တွေ့ရှိရပါက ပြစ်ဒဏ်မှ လွတ်ငြိမ်းချမ်းသာခွင့်ပြုသည့် ကုစားခွင့်များ၊ ဥပဒေပြဌာန်းချက်များ ပြဌာန်းထားရှိရမည်။

မျှတသည့် တရားခွင်ဖြင့် စစ်ဆေးစီရင်ကြောင်း လွတ်လပ်သည့် တရားခွင် စောင့်ကြည့်လေ့လာ ရေးအဖွဲများ ဖွဲ့စည်းထူထောင်ခွင့် ပြုရမည်။ အစိုးရနှင့် မသက်ဆိုင်သည့် လူ့အခွင့်အရေး အဖွဲ့များ၊ သတင်း နှင့်မီဒီယာများနှင့် နိုင်ငံရေးနှင့် ပတ်သက်၍ စစ်ဆေးစီရင်သည့် အမှုများအတွက် တရားခွင် စောင့်ကြည့်လေ့လာရေး အဖွဲ့ကို ဘက်လိုက်မှု ကင်းသည့်ပြည်တွင်း ဥပဒေ ကျွမ်းကျင်သူများ၊ နိုင်ငံတကာ လူ့အခွင့်အရေး ဥပဒေကျွမ်းကျင်သူများဖြင့် ရွေးချယ်ဖွဲ့စည်းပေးရမည်။ နိုင်ငံတကာမှ လာရောက်သည့် စောင့်ကြည့် လေ့လာရေးသူများအတွက် လိုအပ်သည့် ဗီဇာနှင့် အခြားလိုအပ်ချက်များကို အစိုးရကဖြည့် ဆည်းပေးရမည်။

မျှတသည့်တရားခွင်ကို ဖေါ်ဆောင်နိုင်မှသာ တိုင်းပြည်အတွင်း တရားဥပဒေစိုးမိုး၍ နိုင်ငံအေး ချမ်းသာယာမည် ဖြစ်သည်။ ယနေ့ ပြည်သူများ စိတ်ဝင်စားနေသည့် ဒေါ်အောင်ဆန်းစုကြည်၏ တရားခွင်နှင့် ပတ်သက်၍ မျှတသည့် တရားခွင်ဖြင့် စစ်ဆေးစီရင်ခြင်း ရှိ မရှိကို လေ့လာသုံးသပ်နိုင်ရန် ပြုစု တင်ပြထားခြင်း ဖြစ်သည်။ ဒေါ်အောင်ဆန်းစုကြည် အနေဖြင့် စစ်ဆေးနေသည့် တရားခွင် သည် မျှတသည့် တရားခွင်ဟု ထုတ်ဖေါ်ပြောကြားခြင်း မပြု၊ လက်ရှိမြန်မာနိုင်ငံ၏ အခြေအနေသည် တရားဥပဒေ စိုးမိုးမှု ကင်းမဲ့နေသည်ဟု ထုတ်ဖေါ် ပြောကြားလိုက်ခြင်းသည် အမှုများ စစ်ဆေးစီရင်ရာတွင် ဥပဒေနှင့်အညီ လိုက်နာ ဆောင်ရွက်ခြင်း မရှိသည့်အချက်များကို သွယ်ဝိုက်၍ ပြောဆိုလိုက်ခြင်းဖြစ် ကြောင်း ပြည်သူများ သိစေရန် တင်ပြလိုက်ရပေသည်။


(မှတ်ချက် ----- အထက် ဖေါ်ပြပါ အချက်များသည် အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေး ပြဌာန်းချက်များနှင့်အညီ မျှတသည့် တရားခွင်ဖြင့် စစ်ဆေး စီရင်ခြင်း ရှိ၊ မရှိကို စိစစ်နိုင်ရန် အမေရိကန် ရှေ့နေများကော်မတီမှ ပြုစုထားသည့် စာတမ်းပါ အချို့အချက်များကို ထုတ်နှုပ်၍ ဘာသာပြန်ဆိုထားခြင်း ဖြစ်သည်။)

0 comments:

Post a Comment