Monday, June 29, 2009

Filled Under:

ဖမ်းဆီးရိုက်နှက်ခြင်းနှင့် စပ်လျှဉ်းသည့် ဆက်သွယ်မေးမြန်းချက်

RFA ---- 28/ 6/2009

ပုသိမ်မြို့ ရေကျော် ကိုအောင်ခိုင်ထွန်းကို ရယက တွေက ရိုက်နှက်တဲ့ အမှုနဲ့ ပတ်သက်ပြီး ဆက်သွယ်မေးမြန်း စုံစမ်းမှုတွေ ပြုလုပ်ခဲ့ပါတယ်။ အခုလို ရယက တွေက နိုင်ငံသားတဦးကို ဖမ်းဆီးတာဟာ Arbitrary Detention မဖြစ်ဘူးလား Summary Execution ဥပဒေပြင်ပက အကျဉ်းချုံး သတ်ဖြတ်ခြင်းတွေ ဖြစ်ပါ တယ်လို့ အာရှလူ့အခွင့်အရေး ကော်မရှင်က ပြောပါတယ်။ ကိုအောင်ခိုင်ထွန်း သေဆုံးသွားတာနဲ့ ပတ်သက်ပြီး ဆက်သွယ် မေးမြန်းချက် အပြည့်အစုံကို ကိုဇော်မိုးကျော်က ဆက်သွယ် မေးမြန်းထားပါတယ် ခင်ဗျား။

မေး ------ အခုလို မြန်မာနိုင်ငံရဲ့ အုပ်ချုပ်ရေး အဆင့်ဆင့်မှာ ရယက တွေအနေနဲ့ နိုင်ငံသားတဦးကို တိုက်ရိုက်ဖမ်းဆီးတာမျိုး ထိပ်တုံးထည့် ချုပ်နှောင်တာမျိုး လုပ်ခွင့်ရှိပါသလား။ ဒီကိစ္စနဲ့ ပတ်သက်ပြီး အာရှလူ့အခွင့်အရေး ကော်မရှင်က ဥပဒေ ပညာရှင် ဦးမင်းလွင်ဦးကို မေးကြည့်ပါတယ်။

ဦးမင်းလွင်ဦး ----- ကျနော်တို့ လူတယောက်ကို ဖမ်းဆီးချုပ်နှောင်မယ်၊ ဒါမှ မဟုတ် မသင်္ကာလို့ ဖမ်းမယ်ဆိုလို့ရှိရင် ဖမ်းနိုင်မဲ့လူက ဥပဒေအရ ခွင့်ပြထားတဲ့ အဖွဲ့အစည်းက ရဲဘဲဖြစ်ပါတယ်။ အဲတော့ ပြည်သူ့ရဲ တပ်ဖွဲ့ဝင်က လွဲပြီး ကျန်တဲ့သူတွေက လူတဦး တယောက်ကို အကြောင်းမဲ့ ဖမ်းဆီးချုပ်နှောင်ခွင့် မရှိဘူးလို့ ဥပဒေမှာ ပြဌာန်းထားပါတယ်။

မေး ----- အခုလို ရယက အပါအ၀င် အာဏာပိုင် အဆင့်ဆင့်ရဲ့ ဖမ်းဆီးနှိပ်စက် ညှဉ်းပန်းခြင်းကြောင့် သေဆုံးရသူတွေနဲ့ ပတ်သက်လို့ လေ့လာ ပြုစုထားတာများ ရှိပါသလား။

ဦးမင်းလွင်ဦး ----- ကျနော်တို့ မြန်မာနိုင်ငံအတွင်းမှာ အဲဒီလိုမျိုး ရယက ကနေပြီး တော့ ဖမ်းဆီးချုပ်နှောင်သွားတဲ့ စစ်ကြောရေး စခန်းတွေမှာ သေဆုံးသွားတာနဲ့ ပတ်သက်လို့ ကျနော်တို့ လက်လှမ်းမီ သလောက် အမှုတွေကို ကိုအောင်လှိုင်ဝင်း တို့ အမှုပါတယ်။ နောက်တခါ ကြည့်မြင်တိုင်က ကိုသက်နိုင်ဦးတို့ အမှု ပါတယ်။ နောက်တခါ မြောက်ဥက္ကလာမှာဘဲ ရယက ရိုက်လို့ သေဆုံးသွားတဲ့ ရဲနိုင်ဦး (ခေါ် )နိုင်ဦးရဲ့အမှု ရှိတယ်။ နောက်ပြီးတော့ကာ ကျောင်းဆရာ ဖြစ်တဲ့ စောစတင်းဖို့ဒ် ကိုလည်း အဲဒီလိုဘဲ ရယကတို့နဲ့ စစ်ကြောရေး စခန်းမှာ စစ်ရင်းနဲ့ သေသွားတာ ရှိတယ်။ ချန်ကွန်း (ခေါ်) မြင့်သိန်း သူကတော့ ပန်းတနော် ရဲစခန်းမှာ အဲဒီလိုဘဲ ရဲသေက ရိုက်နှက်ပြီးတော့ သေသွားတယ်။

နောက်တခါ မိတ္တလာ အမှတ် (၁) ရဲစခန်းမှာ ချုပ်ထားစဉ်မှာ ရဲတွေက ရိုက်နှက်လို့ သေသွားတဲ့ ကိုကျော်ဌေး၊ နောက်တခါ ရယက ကနေပြီးတော့ ၀ိုင်းရိုက်ကြ တဲ့အတွက် အမှုဖြစ်ပြီးတော့ အခုချိုန်အထိ အကျဉ်းချ ခံနေရတဲ့ ဟင်္သာတ အုပ်ပုံကျေးရွာက မြင့်လှိုင်တို့ အုပ်စု အဲတာတွေ အားလုံးဟာ မြန်မာနိုင်ငံအတွင်းမှာ ပြဌာန်းထားတဲ့ ကျေးရွာအက်ဥပဒေ မြို့များ အက်ဥပဒေမှာ ပါတဲ့ အချက်အလက် တွေကို ဖေါက်ဖျက်ပြီးတော့ ကျူးလွန်တာကို တွေ့ရတယ်။ အာဏာပိုင်တွေကဘဲ ကျူးလွန်တာ များတယ်။ မြန်မာနိုင်ငံအတွင်းမှာ အဲဒီလို အကျဉ်းစခန်းတွေ အတွင်းမှာ သေတဲ့ကိစ္စ၊ ပေါ်တာထမ်းရင်းနဲ့ သေတဲ့ကိစ္စ၊ နောက်ပြီးတော့ ရယကကနေ ညှဉ်းပန်းနှိပ်စက်တဲ့ ကိစ္စ၊ အဲဒီ Torture အမျိုးမျိုးနဲ့ဆိုင်တဲ့ ကိစ္စရပ်တွေကို ကျနော်တို့ ပြီးခဲ့တဲ့ ၂၆ ရက်နေ့ တုန်းကဘဲ ကုလသမဂ္ဂ လူ့အခွင့်အရေး ကောင်စီ အောက်ကို တင်သွင်းထားတာရှိ ပါတယ်ခင်ဗျား။

ပုသိမ်မြို့ရေကျော် စိန်ကုန်းရပ်က ကိုအောင်ခိုင်ထွန်းကို ရယက တွေက ဖမ်းဆီး ရိုက်နှက်တဲ့အတွက် သေဆုံးရတာနဲ့ ပတ်သက်ပြီး ကိုဇော်မိုးကျော် ဆက်သွယ် တင်ပြသွားပါတယ် ခင်ဗျား။

0 comments:

Post a Comment