RFA ---- 30/ 6/ 2009
ဒေါ်အောင်ဆန်းစုကြည် အမှုအတွက် သက်သေ နှစ်ယောက်ကို ဗဟိုတရား ရုံးချုပ်က သက်သေနှစ်ဦးကို ပယ်ချ လိုက်တာနဲ့ ပတ်သက်လို့ အာရှ လူ့အခွင့်အရေး ကော်မရှင်မှ ရှေ့နေ ဦးမင်းလွင်ဦးကို ဦးတင်အောင်ခိုင်က ဆက်သွယ် မေးမြန်း ထားပါတယ်ရှင်။
မေး ------ ဒေါ်အောင်ဆန်းစုကြည် အမှုနဲ့ ပတ်သက်ပြီးတော့ သက်သေနှစ်ဦး ဖြစ်တဲ့ ဦးဝင်းတင်နဲ့ ဦးတင်ဦးတို့ကို တရားရုံးချုပ်က ပယ်ချလိုက်တာဖြစ်တယ်။ အဲတာနဲ့ ပတ်သက်ပြီး ဦးမင်းလွင်ဦးတို့ အမြင်ကို နည်းနည်းလောက် ပြောပြပါဦး။
ဦးမင်းလွင်ဦး ----- ကျနော်တို့အနေနဲ့ ဒုဥက္ကဌ ဦးတင်ဦးနဲ့ ဦးဝင်းတင်တို့ကို သက်သေအဖြစ် လက်ခံစစ်ဆေး စီရင်ဖို့ကို ဗဟိုတရားရုံးချုပ်ကနေ ခွင့်ပြုလိမ့်မယ် မဟုတ်ဘူးဆိုတာကို ကျနော်တို့ အစောကြီးကတည်းက တွက်မိပါတယ်။ ဘာကြောင့် အဲဒီလို တွက်မိသလဲဆိုတော့ မေးမယ်ဆိုလို့ရှိရင် ပြောစရာရှိပါတယ်။ အဲတာကတော့ ဦးတင်ဦးကိုယ်တိုင် ဒီပဲယင်း အရေးအခင်းမှာ ဒေါ်အောင်ဆန်းစုကြည် နဲ့အတူ ရိုက်နှက် ခံရတာဖြစ်တယ်။ အသက်ဘေး အန္တရာယ်က နေပြီးတော့ ကံသီပြီး လွတ်မြောက်လာတာ ဖြစ်တယ်။ အဲတော့ ဒေါ်အောင်ဆန်းစုကြည် နဲ့အတူ ဦးတင်ဦးတို့ကို နိုင်ငံတော်အား နှောင့်ယှက် ဖျက်ဆီးလိုသူများရဲ့ ဥပဒေပုဒ်မ ၁၀ (က) (ခ) အရ လည်း ဒီပဲရင်း အရေး အခင်းပေါ်မှာ မူတည်ပြီးတော့မှ ဖြစ်ပေါ်လာတာဖြစ်တယ်။
အဲတော့ တရားရုံးမှာ ဦးတင်ဦးကို သက်သေအဖြစ် အစစ်ခံလိုက်မယ် ဆိုလို့ရှိရင် ဦးတင်ဦးကလည်း သူတို့ ဒီပဲယင်းမှာ ကြုံတွေ့ခဲ့ရတဲ့ ဖြစ်ရပ်မှန်တွေကို ကိုယ်တွေ့ ဖြစ်တာမို့လို့ သူကလည်း တိတိကျကျနဲ့ ဖွင့်ပြီး ပြောမှာဖြစ်တယ်။
မေး ------ ဦးတင်ဦးအနေနဲ့ ဒီပဲယင်းမှာ ဖြစ်ခဲ့တဲ့ ကိစ္စရပ်တွေကို ထွက်ဆိုမယ် ဆိုပေမဲ့ ဒီအမှုဟာ သီးခြားအမှု ဖြစ်မနေဘူးလား ခင်ဗျား။ အဲဒါနဲ့ ပတ်သက် ပြီးတော့ တကယ်တန်းကျတော့ တရားရုံးမှာ ထွက်ဆိုလို့ ရပါသလားခင်ဗျား။
ဦးမင်းလွင်ဦး ------ သက်သေခံ ဥပဒေမှာ ပြဌာန်းထားတဲ့ ပြဌာန်းချက်တွေအရ အမှုနဲ့ သက်ဆိုင်ခြင်းမရှိဘူး ဆိုလို့ရှိရင်တော့ ဒီအမှုမှာ ထည့်သွင်း မစဉ်းစားဘဲ တရားရုံးက နေပြီးတော့ နေနိုင်ပါတယ်။ ဒါမေမဲ့ အဲဒီ သက်သေ ထွက်ရမဲ့ ဥစ္စာတွေကို မထွက်ရဘူးဆိုလို့ တရားရုံးအနေနဲ့ ကန့်သတ် ပိတ်ပင်နိုင်ဖို့က တော်တော်လေး ခဲယဉ်းပါတယ်။ ဒါက ဆက်စပ်ခြင်း မရှိဘူး။ သက်ဆိုင်ခြင်း မရှိဘူး ဆိုတဲ့ သက်သ အထောက်အထား အခိုင်အမာ ပြနိုင်မှသာ ဒီလိုမျိုး ကန့်ကွက် နိုင်မယ်ဖြစ်တယ်။ အဲတော့ တရားရုံး အနေနဲ့လည်း သက်သေ ထွက်ချက်ကို ထည့်သွင်း မစဉ်းစားဘူး ဆိုပေမဲ့လည်း ဒီ သက်သေထွက်ချက်တွေ က Officially တရားဝင် သက်သေခံ အထောက်အထား ဖြစ်မှာကို အာဏာပိုင် တွေက မလိုလားဘူး ဖြစ်တယ်။ ဒါကြောင့် ဦးတင်ဦးကို သက်သေထွက်ခွင့် မပေးဘူးလို့ ကျနော်တို့အနေနဲ့ ကြိုတင်ပြီးတော့ ခန့်မှန်းထားတာ ဖြစ်ပါတယ်။
မေး ----- ဦးတင်ဦးရဲ့ ထွက်ချက်က သူ့ကို စွဲဆိုထားတဲ့ အမှုနဲ့ မသက်ဆိုင်ပဲနဲ့ အနည်းဆုံး မှတ်တမ်း တင်ပြီးတော့ မှတ်တမ်း ၀င်ဖြစ်သွားတဲ့ သဘောပေါ့။
ဦးမင်းလွင်ဦး ----- ဖြစ်ပျက်ခဲ့တဲ့ ဖြစ်ပျက်မှန်သမျှကို အနည်းဆုံး တရားဝင် စာရွက် စာတမ်း အမှတ်အသား အဖြစ် ကျနော်တို့က တရားရုံးကို မှတ်တမ်းတင်ထား ခဲ့နိုင်မှာ ဖြစ်တယ်။ အဲတော့ အာဏာပိုင်တွေက မလိုလားဘူးဖြစ်တယ်။ တချိန်ကျလို့ရှိရင် သူတို့ကို ကြိုးကွင်းစွပ်မဲ့ ကိစ္စဖြစ်တဲ့ အတွက် ဒါကို ကြိုတင်ပြီးတော့ သူတို့အနေနဲ့ ခွင့်မပြုတာ ဖြစ်တယ်လို့ဘဲ ကျနော်တို့ ထင်မြင် ယူဆပါတယ်။
မေး ----- ဒါဆိုလို့ရှိရင် ဦးဝင်းတင်ကိုကျတော့ရော ဒီကိစ္စနဲ့ ပတ်သက် ပြီးတော့ ဦးဝင်တင်ကို ပယ်ဖို့ ကြိုးစားတာကရော ဘာကြောင့် ထင်ပါသလဲခင်ဗျား။
ဦးမင်းလွင်ဦး ------ ဦးဝင်တင်ကတော့ ဒေါ်အောင်ဆန်းစုကြည်နဲ့ ၁၉၈၈ ခုနှစ် ပါတီ ဖွဲ့စည်းကတည်းက အနီးကပ် ပူးတွဲ လုပ်ဆောင် ခဲ့ရတဲ့သူ ဖြစ်တဲ့အတွက် ဒေါ်အောင်ဆန်းစုကြည်ရဲ့ စိတ်ဓါတ်၊ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ယုံကြည်မှု၊ ဒေါ်အောင်ဆန်းစုကြည်ရဲ့ နိုင်ငံရေး အကျင့်သိက္ခာနဲ့ ပတ်သက်လို့ သူ့အနေနဲ့ ဖွင့်ဟ ပြောဆိုမှာ ဖြစ်တယ်။ နောက်ပြီးတော့ လက်ရှိ မြန်မာနိုင်ငံရဲ့ တရားဥပဒေ စိုးမိုးရေး မဲ့နေတဲ့ ကိစ္စရပ်တွေကို သူ့အနေနဲ့ သက်သေ ထွက်ပေးတဲ့အခါမှာ ထည့်သွင်း ပြောဆိုလိမ့်မယ် ဆိုတာကို အာဏာပိုင်တွေက စိုးရိမ်တဲ့အတွက် ခွင့်မပြုဘူးလို့ဘဲ ကျနော်တို့က ထင်မြင် ယူဆပါတယ်။
မေး ----- ဟုတ်ကဲ့ အခု အခြေအနေအရ ကြည့်မယ်ဆိုလို့ရှိရင် တရားရုံးချုပ် ကနေပြီးတော့ ဒေါ်ဆောင်ဆန်းစုကြည် ဘက်က တင်ပြတဲ့ သက်သေနှစ်ဦး ပယ်ချလိုက်တဲ့အခါမှာ ဘာဆက်လုပ်လို့ ရမှာလဲ ခင်ဗျား။
ဦးမင်းလွင်ဦး ----- တရားရုံးချုပ် ကနေပြီးတော့ သက်သေနှစ်ဦးကို သက်သေအဖြစ် အစစ်ဆေးခံဖို့ ငြင်းပယ်လိုက်တဲ့ ကိစ္စကတော့ ဘာမှ ဆက်လုပ်လို့မရဘူး ဖြစ်တယ်။ ဘာကြောင့်လည်းဆိုတော့ တရားရုံးချုပ်ရဲ့ ဆုံးဖြတ်ချက်က အမြင့်ဆုံး ဖြစ်တဲ့အတွက် ဒီဆုံးဖြတ်အပေါ်မှာ ဘာမှစောဒက တက်နိုင်တော့မှာ မဟုတ်ဘူး ဖြစ်တယ်။ အဲတော့ အမှုတွေကို စစ်ဆေးပြီးတော့ ဒေါ်ခင်မို့မို့ကို စစ်ဆေးပြီးတဲ့အခါမှာ ဥပဒေနဲ့မညီတဲ့ အကြောင်းပြချက် တွေကို ပြပြီးတော့ လျှောက်လဲချက် ရေးသားတင်သွင်းတဲ့ အခါမှာတော့ တရားခံက နေပြီးတော့ ထိုက်သင့်တဲ့ ခုခံချေပခွင့် မရဘူးဆိုတဲ့ အချက်အလက်တွေကို ထည့်သွင်းပြီးတော့ ပြောဆိုနိုင်တဲ့ အဆင့်တဆင့်ပဲ ရှိနိုင်မယ်ခင်ဗျ။
မေး ----- ဟုတ်ကဲ့၊ အခု နောက်ဆုံးအနေနဲ့ မေးချင်တာကတော့ ဒီအမှုနဲ့ ပတ်သက်ပြီးတော့ ခြုံငုံပြီးတော့ မှတ်ချက်ပေးရမယ် ဆိုလို့ရှိရင် ဦးမင်းလွင်အနေနဲ့ ဘာကို မှတ်ချက်ပေးမှာလဲ။
ဦးမင်းလွင်ဦး ------ ပြောရမယ်ဆိုလို့ရှိရင်တော့ ဥပဒေနဲ့အညီ မဟုတ်တဲ့အတွက် အစကတည်းက ပျက်ပြယ်နေတဲ့ အမှုတမှု ဖြစ်တယ်။ သို့သော်လည်း နိုင်ငံရေးအရ ချိန်ခွင်လျှာညှိ ကစားလိုတဲ့အတွက် အာဏာပိုင်တွေက ဒေါ်အောင်ဆန်းစုကြည် ရဲ့အမှုကို တမင် လိမ်လည်ပြီးတော့ စွဲဆိုထားတာ ဖြစ်တယ်လို့ ကျနော်တို့ ထင်မြင်ယူဆပါတယ်။
နောက်ပြီးတော့ ဒေါ်အောင်ဆန်းစုကြည်နဲ့ နိုင်ငံရေး အကျဉ်းသားတွေကို လွှတ်ပေးဖို့အတွက် နိုင်ငံတကာက စည်းရုံး လှုပ်ဆော် နေတာကို ငါတို့ ဂရုမစိုက်ဘူး။ ငါတို့ လုပ်ချင်တာကို လုပ်မယ်ဆိုတာကို နအဖ ကနေပြီးတော့ အတိအလင်း ပြလိုက်တယ်လို့ ကျနော်တို့ ထင်မြင်ယူဆပါတယ်။ ဘန်ကီမွန်း လာရောက် ဆွေးနွေးတဲ့ အခါကျလို့ရှိရင်တော့ သူတို့ဘက်က တန်ဘိုးကြီးကြီးနဲ့ ပေးလိုက်တယ်ဆိုတဲ့ သဘောမျိုးနဲ့ လျှော့ပေးရင်လည်း လျှော့ပေးနိုင်ပါတယ်။ ဒါကတော့ မဖြစ်နိုင်တဲ့ ကိစ္စလို့ဘဲ ကျနော်တို့ ခန့်မှန်းထားတယ်။ ဒါကြောင့် ဒေါ်အောင်ဆန်းစုကြည်ကိုတော့ သူတို့အနေနဲ့ အနိမ့်ဆုံး ပြစ်ဒဏ် (၃) နှစ်ပေးမယ်။ ပေးတဲ့ အခါမှာလည်း ဆိုင်းငံ့အပြစ်ဒဏ်အဖြစ် ပေးမယ်လို့ ကျနော်တို့ ထင်မြင်ထားပါတယ်။
Wednesday, July 01, 2009
Filled Under: ဆက်သွယ်မေးမြန်းချက်
ဒေါ်အောင်ဆန်းစုကြည် သက်သေနှစ်ဦးအား ဗဟိုတရားရုံးက ပယ်ချလိုက်ခြင်းနဲ့ ပတ်သက်သည့် ဆက်သွယ်မေးမြန်းချက်
Subscribe to:
Post Comments (Atom)
0 comments:
Post a Comment