Friday, July 03, 2009

Filled Under:

နိုင်ငံရေး အကျဉ်းသားတွေရဲ့ ကျန်းမာရေး အခြေအနေနဲ့ ပတ်သက်ပြီး AHRC မှ မြန်မာအစိုးရသို့ ပန်ကြားလွှာပေးပို့

RFA ----- 2/ 7/ 2009

နိုင်ငံရေး အကျဉ်းသားတွေထဲမှာ သိပ်ပြီး မထင်မရှားတဲ့ အကျဉ်းသားအချို့ရဲ့ အခြေအနေ ဆိုးဝါးနေတာနဲ့ ပတ်သက်ပြီး အာရှ လူ့အခွင့်အရေး ကော်မရှင် AHRC က ဒီကနေ့ တောင်းဆို ဆောင်ရွက် ခဲ့ပါတယ် ခင်ဗျား။ ဒါနဲ့ပတ်သက်ပြီး AHRC အာရှ လူ့အခွင့်အရေး ကော်မရှင်မှ လူ့အခွင့်အရေး ရှေ့နေ ဦးမင်းလွင်ဦးကို ကျနော်တို့ အဖွဲ့သား ဦးဥာဏ်ဝင်းအောင်က ဆက်သွယ် မေးမြန်းထားတာပါ။

မေး ----- ဦးမင်းလွင်ဦး ခင်ဗျား၊ ရပ်ဝေးထောင်တွေမှာ အကျဉ်းကျခံနေရတဲ့ နိုင်ငံရေး အကျဉ်းသား အချို့ရဲ့ ကျန်းမာရေး ဆိုးရွားမှုနဲ့ ပတ်သက်ပြီးတော့ AHRC အာရှ လူ့အခွင့်အရေး ကော်မရှင်မှ ဒီကနေ့မှာ မြန်မာအစိုးရကိုရော ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ကိုပါ တောင်းဆိုမှုတွေ လုပ်တယ်လို့ ကျနော်တို့ သိရပါတယ်။ အဲတော့ ဘယ်သူတွေအတွက် ဘာတွေ တောင်းဆိုမှု လုပ်တာလဲ ခင်ဗျား။

ဦးမင်းလွင်ဦး ----- ဟုတ်ကဲ့ ကျနော်တို့ မြန်မာနိုင်ငံအတွင်းမှာ ဖမ်းဆီးထိန်းသိမ်းခံနေရတဲ့ နိုင်ငံရေး အမှုတွေနဲ့ ပတ်သက်ပြီးတော့ နိုင်ငံရေး အကျဉ်းသားတွေ ရှိပါတယ်။ အဲဒီအထဲမှာ ၈၈ ကျောင်းသား ခေါင်းဆောင်တွေ ရှိတယ်။ နောက် တိုင်းရင်းသား ခေါင်းဆောင်တွေ ရှိတယ်။ သူတို့ အတွက်ကိုကျတော့ နိုင်ငံတကာ အဖွဲ့အစည်း အသီးသီးက နေပြီးတော့ ကျန်းမာရေး အခြေအနေ ပြုစုစောင့်ရှောက်ပေးဖို့ တောင်းဆိုထားတာ ရှိပါတယ်။ သို့သော်လည်း နိုင်ငံရေး အကျဉ်းသား တွေထဲမှာ သာမန်ပြည်သူတွေ၊ လူ့အခွင့်အရေး လှုပ်ရှားတဲ့သူတွေ၊ ဒီမိုကရေစီအရေး လှုပ်ရှားတဲ့ သူတွေအတွက်ကို ကျနော်တို့ အာရှ လူ့အခွင့်အရေး ကော်မရှင်က နေပြီးတော့ ကျန်းမာရေးတွေ ဂရုစိုက်ပေးဖို့အတွက် လိုအပ်ချက်တွေကို ဆောင်ရွက် ပေးနိုင်ဖို့ ဆိုပြီးတော့ ဒီနေ့ မြန်မာနိုင်ငံ အစိုးရနဲ့ ကုလသမဂ္ဂ အတွင်းအရေးမှူးချုပ် ဘန်ကီမွန်းဆီကို တင်ပြပြီးတော့ တောင်းဆို ထားတာ ဖြစ်ပါတယ် ခင်ဗျား။

မေး ----- ဥပမာအားဖြင့် ဆိုလို့ရှိရင် လူ့အခွင့်အရေး ကာကွယ်စောင့်ရှောက် သူအထဲမှာ ထင်ရှားတဲ့သူတွေ ဘယ်သူတွေလဲ။ သူတို့တွေက ကျန်းမာရေး ဘယ်လောက် ဆိုးဝါးနေလို့လဲ ခင်ဗျား။

ဦးမင်းလွင်ဦး ------ လူ့အခွင့်အရေး ကာကွယ်စောင့်ရှောက်သူ ကွန်ယက်က အဖွဲ့ခေါင်းဆောင် ဦးမြင့်အေး အပါအ၀င် နောက်ပြီး အလုပ်သမား အခွင့်အရေးတွေ တောင်းဆိုထားတဲ့ ကိုသူရိန်အောင်၊ ညီညီဇော်၊ မျိုးမင်း၊ နောက်ပြီးတော့ အထက်မြန်မာနိုင်ငံ အောက်မြန်မာနိုင်ငံ ကျောင်းသား ဖွဲ့စည်းရေးအတွက် လှုပ်ရှားတဲ့ ပြည့်ဖြိုးလှိုင်၊ နောက်ပြီးတော့ သံဃာ့ အရေးအခင်းမှာ ဦးဆောင်ပါဝင်ခဲ့တဲ့ အရှင်ဂမ္ဘီရ၊ နောက်ပြီးတော့ ဒေါ်အောင်ဆန်းစုကြည် Campaign အတွက် စတင် လှုပ်ရှားတဲ့အတွက် ဦးဆုံး အဖမ်းခံလိုက်ရတဲ့ ၀င်းကို၊ အဲဒီလူတွေဟာ အကျဉ်းထောင်တွေ အသီးသီးမှာ ကျန်းမာရေး အခြေအနေ ဆိုးဝါးနေတာကို သိရှိရတယ်။ အဲဒီလို ကျန်းမာရေး အခြေအနေ ဆိုးဝါးတာကလည်း စတင်ဖမ်းဆီးစဉ် ကာလတုန်းက စစ်ကြောရေး စခန်းမှာ နှိပ်စက်ညှဉ်းပမ်း ခံခဲ့ရလို့ အဲဒီဒဏ်တွေကို နောက်ဆက်တွဲ ခံစားနေရတာကို ကျနော်တို့ သိရှိရတယ်။

အဲတော့ အဲဒီလို ခံစားနေရတဲ့ အချိန်ကို ထိုက်သင့်တဲ့ ဆေးဝါးကုသမှုကို အပြည့်အ၀ မခံစားရတဲ့အတွက် ကျနော်တို့ အာရှ လူ့အခွင့်အရေး ကော်မရှင် ကနေပြီးတော့ တင်ပြ တောင်းဆိုရတာ ဖြစ်ပါတယ်ခင်ဗျား။

မေး ------ အဲတော့ အကျဉ်းထောင် လက်စွဲအရ ကမ္ဘာ့ကုလသမဂ္ဂက ထုတ်ပြန်ထားတဲ့ အကျဉ်းသားတွေရဲ့ ရပိုင်ခွင့်အရ ဆိုရင်တော့လေ မြန်မာ့နိုင်ငံရေး အကျဉ်းသားတွေ လက်ရှိ ရနေတဲ့ ကျန်းမာရေး စောင့်ရှောက်ခံရမှု ရပိုင်ခွင့်တွေက ဘယ်လို ခွာခြားနေသလဲ ခင်ဗျား။

ဦးမင်းလွင်ဦး ------ အကျဉ်းထောင်များ လက်စွဲထဲမှာလည်း ပါပါတယ်။ မြန်မာနိုင်ငံ အတွင်းမှာရှိတဲ့ အကျဉ်းထောင်တွေ အသီးသီးမှာ ဖမ်းဆီးခြင်းခံထားရတဲ့ သူတွေကို ပုံမှန်ဆေး ဆေးစစ်ခွင့် ပေးရမယ်။ ဆေးကုသခွင့် ပေးရမယ်။ နောက်ပြီးတော့ ထောင်တွင်းမှာ ရှိတဲ့ ဆေးရုံ ဆေးခန်းတွေနဲ့ မလုံလောက်တော့ဘူး ဆိုလို့ရှိရင် ပြင်ပကို ထွက်ပြီး ဆေးဝါးကုသဖို့ အတွက် ဆောင်ရွက်ပေးရမယ်။ ဒါတွေက ဥပဒေအရ ပြဌာန်းထားတာ ဖြစ်တယ်။ သို့သော်လည်း နိုင်ငံရေး အကျဉ်းသားတွေမှာ ဒီအခွင့်အရေး မရရှိဘဲ ဆုံးရှုံးနေတာကို ကျနော်တို့ အခုတင်ပြတဲ့ (၉) ဦးရဲ့ ဥပမာနဲ့ဘဲ ကျနော်တို့ တင်ပြ တောင်းဆိုထားတာ ဖြစ်တယ်။

နောက်တခါ အပြည်ပြည်ဆိုင်ရာ ကုလသမဂ္ဂ အဖွဲ့အစည်းက နေပြီးတော့ အနိမ့်ဆုံး အကျဉ်းထောင်အတွင်းက အကျဉ်းသား တွေကို ဆက်ဆံရမည့် အဆင့်အတန်းနဲ့ ပတ်သက်တဲ့ အကျဉ်းထောင် တွေမှာလည်း ဆေးဝါးကုသမှု ပေးဖို့ရယ်၊ နောက်ပြီးတော့ အထူးကု ဆရာဝန်တွေနဲ့ ကုသဖို့ လိုတယ် ဆိုလို့ရှိရင် အပြင်ထွက်ပြီး ကုသနိုင်ဖို့ကို အာဏာပိုင်တွေက ကူညီ ဆောင်ရွက်ပေးရမဲ့ ကိစ္စရပ်တွေရယ်၊ နောက်ပြီးတော့တခါ အကျဉ်းထောင်အတွင်းမှာ ပုံမှန် ဆေးဝါးကုသခွင့်ရယ် ပုံမှန်လုပ်ပေးနေရမဲ့ ဟာတွေကို ကျနော်တို့ မြန်မာနိုင်ငံ အတွင်းမှာရှိတဲ့ နိုင်ငံရေး အကျဉ်းသားတွေ ခံစားခွင့် မရတဲ့အတွက် ကျနော်တို့ အခုလိုမျိုး ပြောဆိုရခြင်း ဖြစ်ပါတယ် ခင်ဗျား။

မေး ----- တခုတော့ ဦးမင်းလွင်ဦးတို့ရဲ့ AHRC အနေနဲ့ နိုင်ငံရေးအကျဉ်းသား တွေအတွက်ကို ဘယ်မျိုး ဖြစ်စေချင်သလဲ ခင်ဗျား။

ဦးမင်းလွင်ဦး ----- နောက်ဆုံးတချက်ကတော့ ရပ်ဝေးအကျဉ်းထောင်တွေကို ပို့ထားခြင်း ခံရတဲ့ နိုင်ငံရေး အကျဉ်းသားတွေကို မိသားစုတွေနဲ့ နီးတဲ့ ဒေသမှာ ရှိတဲ့ထောင်တွေကို ပြန်လည် ပြောင်းရွှေ့နေရာ ချထားပေးဖို့ ကျနော်တို့ အနေနဲ့ တောင်းဆိုထား ပါတယ် ခင်ဗျား။

(အာရှလူ့အခွင့်အရေး ကော်မရှင်မှ ကုလသမဂ္ဂနှင့် မြန်မာအစိုးရသို့ ပေးပို့ထားသော အရေးပေါ် ပန်ကြားစာကို အောက်ပါ အင်တာနက် စာမျာက်နှာတွင် ဖတ်ရှုနိုင်ပါသည်။) http://www.ahrchk.net/ua/mainfile.php/2009/3192/

0 comments:

Post a Comment