Monday, July 06, 2009

Filled Under:

ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်သို့ စာရေး တိုင်ကြားခြင်းကြောင့် နှစ်ရှည်ထောင်ဒဏ် ချမှတ်ခံရ

VOA ----- 4/7/2009

မြန်မာနိုင်ငံရေးမှာ ကုလသမဂ္ဂ အနေနဲ့ ပိုပြီးတော့ တွန်းအားပေး ဆောင်ရွက်ဖို့ အတွက် မစ္စတာ ဘန်ကီမွန်းဆီကို ပြီးခဲ့တဲ့နှစ်က တောင်းဆိုစာတွေ ရေးပို့ခဲ့ကြတဲ့ အဖမ်းဆီး ခံခဲ့ရတဲ့ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် နှစ်ဦးကို မြန်မာ စစ်အစိုးရ က နှစ်ရှည် ထောင်ဒဏ်တွေ ချမှတ်ခဲ့တာနဲ့ ပတ်သက်ပြီး ဒါဟာ ဥပဒေနဲ့ ညီညွတ်မှု မရှိတဲ့ အကြောင်းနဲ့ သူတို့နှစ်ဦးကို အမြန်ဆုံး လွှတ်ပေးဖို့ ကုလသမဂ္ဂထံ အရေးပေါ် မေတ္တာရပ်ခံစာ တစောင်ကို AHRC ခေါ် အာရှ လူ့အခွင့်အရေး ကော်မရှင်ကနေ ဒီကနေ့က ပေးပို့ခဲ့ပါတယ်။

အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် NLD ပါတီ ရခိုင်ပြည်နယ်ရဲ့ ဂွမြို့နယ် လွှတ်တော် ကိုယ်စားလှယ် ဦညီပုနဲ့ ဧရာဝတီတိုင်း ပန်းတနော်မြို့နယ် လွှတ်တော်ကိုယ်စား လှယ် ဒေါက်တာ တင်မင်းထွဋ်တို့ဟာ ကုလသမဂ္ဂ အတွင်ရေးမှူးချုပ် ဘန်ကီမွန်းထံကို မြန်မာ့အရေးနဲ့ ပတ်သက်ပြီးတော့ တိုက်တွန်းတောင်းခံစာ ရေးသား ပေးပို့ခဲ့တဲ့ အတွက် ပြီးခဲ့တဲ့နှစ် August တုန်းက ဖမ်းဆီးတာကို ခံခဲ့ရတာပါ။ တရားရင်ဆိုင်တဲ့ အခါမှာလည်း ဒီတရားခွင်မှာ သူတို့အတွက် လိုက်ပါ ဆောင်ရွက်ပေးမဲ့ ဥပဒေ အကျိုးဆောင်တွေနဲ့ မိသားစုဝင်တွေပါ တက်ရောက် ကြားနာခွင့် မရခဲ့ကြပေမဲ့ ပြီးခဲ့တဲ့ ဖေဖေါ်ဝါရီလက မြန်မာ စစ်အစိုးရက သူတို့ကို ထောင်ဒဏ် ၂၇ နှစ်စီ ချမှတ်ခဲ့ပါတယ်။ သူတို့ နှစ်ဦးကို ပြန်လွှတ်ပေးဖို့ ကုလသမဂ္ဂထံ အရေးပေါ် မေတ္တာရပ်ခံစာ ပေးပို့ခဲ့တဲ့ အကြောင်းကိုတော့ AHRC အာရှ လူ့အခွင့်အရေး ကော်မရှင်မှ ဦးမင်းလွင်ဦးက VOA ကို အခုလို ပြောပြပါတယ်။

“ ဒေါက်တာ တင်မင်းထွဋ်နှင့် ဦးညီပုက ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် ဘန်ကီမွန်းဆီကို စာရေးတဲ့ ကိစ္စနဲ့ ပတ်သက်ပြီးတော့ အရေးယူ ခံရတာဖြစ်တယ်။ နောက်တခါ အဲဒီလို ရေးတဲ့စာကို အင်တာနက်မှာ တင်ထားတယ် ဆိုပြီးတော့ အင်တာနက် နည်းဥပဒေ ပုဒ်မအရ အရေးယူခြင်း ခံရတာ ထပ်ဆင့် အရေးယူခြင်း ခံရတယ်။”

“ အဲတော့ ဒီလိုမျိုး ဖြစ်ရပ်တခုတည်း အပေါ်မှာ အမှုတွေကို ထပ်ခါထပ်ခါ စွဲပြီးတော့ သီးခြားစီကျခံစေ ဒါဟာ ဥပဒေနဲ့ မညီညွတ်ဘူး၊ နောက်ပြီးတော့ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် ဆီကို စာရေးသား အကြောင်းကြားရတဲ့ ကိစ္စကလည်း ဥပဒေပြင်ပက လုပ်ဆောင်တဲ့ ကိစ္စမဟုတ်ဘူး။ လူတိုင်းမှာ မိမိရဲ့ အခွင့်အရေး ရဖို့အတွက် လွတ်လပ်စွာ ထုတ်ဖေါ် ပြောပိုင်ခွင့်အရ ကျနော်တို့အနေနဲ့ အားလုံး ထင်ထင်ရှားရှား သိရအောင် ဒီနေ့ ထုတ်ပြန် ရေးသားရခြင်း ဖြစ်တယ်။”

“ သူတို့ကို ဖမ်းပြီးတော့ နောက် ၆ လ နီးပါး ကြာတဲ့အခါမှ တရားရုံးထုတ်တာ ဖြစ်တယ်။ အဲဒီလို တရားရုံးထုတ်တဲ့ အခါမှာလည်း ဒီအမှုမှာ လိုက်ပါဆောင်ရွက်မဲ့ ရှေ့နေ ဦးကျော်ဟိုးကို အထဲဝင်ခွင့် မပေးဘူး။ အကျဉ်းချုံးပြီးတော့ အထဲမှာ အထူး စစ်ဆေးပြီးတော့ အမြင့်ဆုံး ပြစ်ဒဏ်တွေ ပေးလိုက်တယ်။ အဲဒီလို ပေးလိုက်တာ တွေလည်း ဥပဒေနဲ့ မညီဘူး ဆိုတာကို ကျနော်တို့ အနေနဲ့ ပြောပြချင်တဲ့အတွက် ဒီနေ့ အရေးပေါ် မေတ္တာရပ်ခံစာကို ထုတ်ဖေါ် ရတာဖြစ်တယ်။”

ဒေါက်တာ တင်မင်းထွဋ်နှင့် ဦးညီပုတို့ကို နှစ်ရှည် ထောင်ဒဏ် ချမှတ်ခဲ့တာဟာ အခုဆိုလို့ရှိရင် ၃ လ ကျော်လပြီး ဖြစ်ပေမဲ့ လို့လည်း ဒီကိစ္စဟာ ဥပဒေနဲ့ ကိုက်ညီမှု မရှိတာကြောင့် ကုလသမဂ္ဂ အနေနဲ့ တစုံတရာ ဆောင်ရွက်ပေးဖို့ အခုလိုမျိုး ဆောင်ရွက်ရတာ ဖြစ်တယ်လို့လည်း ဦးမင်းလွင်ဦးက ပြောပါတယ်။

“ သူတို့ကို ထောင်ချ လိုက်တာတော့ ကြာပါပြီ။ အခု ဆိုလို့ရှိရင် ၂ လ၊ ၃ လ နီးပါးလောက် ရှိသွားပြီး။ ဒါပေမဲ့ အဲဒီလိုမျိုး ဥပဒေနဲ့ မညီတဲ့ ကိစ္စရပ်တွေကို ကုလသမဂ္ဂ လူ့အခွင့်အရေး ကောင်စီရဲ့ လက်အောက်မှာ ရှိတဲ့ အဖွဲ့အစည်းတွေက နေပြီးတော့ ဆက်လက်ပြီး လုပ်ဆောင် နိုင်ဖို့အတွက် ကျနော်တို့က နေပြီးတော့ အရေးပေါ် မေတ္တာရပ်ခံစာကို ပေးပို့တာ ဖြစ်တယ်။”

“ကျနော်တို့ အဓိက တောင်းဆိုတာကတော့ ဒီလိုမျိုး ဒေါက်တာ တင်မင်းထွဋ်နဲ့ ဦးညီပုတို့ဟာ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် ဆီကို စာရေးတဲ့ဟာက ပြစ်မှုမဟုတ်ဘူး။ နောက်ပြီးတော့ အင်တာနက်မှာ တင်ထားတဲ့ အရာကလည်း သူတို့နှစ်ဦး လုံးဝ သိပြီးတော့ သူတို့ကိုယ်တိုင် တင်ထားတဲ့ အရာမဟုတ်ဘူး။”

AHRC အာရှ လူ့အခွင့်အရေး ကော်မရှင်မှ ဦးမင်းလွင်ဦး ပြောပြခဲ့တာပါ။ အာရှလူ့အခွင့်အရေး ကော်မရှင်မှ အခုလို အရေးပေါ် မေတ္တာရပ်ခံစာ ပေးပို့တဲ့အချိန်ဟာ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် ဘန်ကီမွန်း မြန်မာပြည်ကို သွားရောက်နေတဲ့ အချိန်လည်း ဖြစ်ပါတယ်။

(၎င်းတို့နှစ်ဦး နှစ်ရှည် ထောင်ဒဏ် ချမှတ်ခံရတာနဲ့ ပတ်သက်ပြီး အာရှလူ့အခွင့်အရေး ကော်မရှင်မှ ကုလသမဂ္ဂ အတွင်းရေးမှူး ချုပ်သို့ ပေးပို့သော အရေးပေါ် ပန်ကြားလွှာကို ဤအင်တာနက် စာမျက်နှာတွင် ဖတ်ရှုနိုင်ပါသည်။http://www.ahrchk.net/ua/mainfile.php/2009/3198/

0 comments:

Post a Comment