Sunday, July 12, 2009

Filled Under:

မစ္စတာ ဘန်ကီမွန်း ခရီးစဉ်နဲ့ ပတ်သက်ပြီး ဦးအောင်ဒင်နှင့် ဦးမင်းလွင်ဦးတို့၏ သုံးသပ်ချက်

RFA ---- 6 July 2009
ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် ခရီးစဉ်နဲ့ ပတ်သက်လို့ မြန်မာ့အရေး လှုပ်ရှားနေသူကြားမှာ ဘယ်လောက် ဝေဖနနေကြတယ် ဆိုတာကို ပြောပြချင်ပါတယ်။

မြန်မာ့ ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ခွင့် မရခဲ့တဲ့ ကုလသမဂ္ဂ အတွင်း ရေးမှူးချုပ် ဘန်ကီမွန်းရဲ့ မြန်မာနိုင်ငံ ခရီးစဉ်ကို အောင်မြင်မှု မရှိဘူးလို့ အတိုက်အခံ အချို့က သုံးသပ် နေကြသလိုပဲ အချို့ အတိုက်အခံ တွေကလည်း မြန်မာနိုင်ငံနဲ့ ပတ်သက်လို့ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ရဲ့ ညှိနှိုင်း ဆောင်ရွက်နိုင်တဲ့ အခန်းကဏ္ဍဟာ ကုန်ဆုံးသွားပြီးလို့ ဝေဖန် ပြောဆို နေတာလည်း ရှိပါတယ်။ ဒီအကြောင်းနဲ့ ပတ်သက်ပြီး စုံစမ်း မေးမြန်းထားနဲ့ ကိုရန်နိုင်က ဆက်ပြီးပြေပြပါဦး။

မြန်မာနိုင်ငံကို ၂ ရက်ကြာ သွားရောက်ခဲ့တဲ့ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် ဘန်ကီမွန်းက သူ့အနေနဲ့ မြန်မာ့ ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို တွေ့ခွင့် မရတဲ့အပေါ် အလွန် စိတ်ပျက်မိတယ်လို့ ပြောကြားလိုက်ပါတယ်။ ဒီလို ဒေါ်အောင်ဆန်းစုကြည်ကို ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ရဲ့ တောင်းဆိုချက်ကို မြန်မာစစ်အစိုးရက ငြင်းပယ်လိုက်တာနဲ့ ပတ်သက်ပြီး ပြည်တွင်းမှာရော ပြည်ပမှာပါ ဒီခရီးစဉ်မှာ အောင်မြင်မှုမရှိဘူးလို့ အတိုက်အခံ အင်အားစုတွေက သုံးသပ် ပြောဆို နေကြပါတယ်။

ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ရဲ့ ခရီးစဉ်နဲ့ ပတ်သက်ပြီး အမေရိကန် ပြည်ထောင်စုက မြန်မာ့အရေး ဆောင်ရွက်နေတဲ့ အမှုဆောင် ညွှန်ကြားရေးမှူး ဦးအောင်ဒင်ကတော့ အခုလို သုံးသပ်ပါတယ်။

ဦးအောင်ဒင် ------ ဒီခရီးစဉ်က ကျနော်တို့အမြင်က ဒါလုံးဝ အောင်မြင်မှု မရှိဘူး။ အထွေထွေ အတွင်းရေးမှူးချုပ် ကိုယ်တိုင် ပါဝင်ပတ်သက် ကြိုးစားပြီးတော့ နိုင်ငံတကာက တောင်းဆိုနေတာနဲ့ ပတ်သက်ပြီးတော့ မျှော်လင့်ချက်တွေ ပြည့်ဝ မလာတဲ့အတွက် အထွေထွေ အတွင်းရေးမှူးချုပ်ရဲ့ ခရီးစဉ်ဟာ အောင်မြင်မှုမရှိတဲ့ အပြင် အထွေထွေ အတွင်းရေးမှူးချုပ်ရဲ့ အခန်း ကဏ္ဍဟာ ဒီမှာပင် ပြီးသွားပြီးလို့ ဆိုလိုတာကတော့ မြန်မာနိုင်ငံရေး ပြဿနာကို အထွေထွေ အတွင်းရေးမှူးချုပ် အနေနဲ့ ၀င်ရောက် ဆောင်ရွက်မှုကို ဘယ်လိုမှ အောင်မြင်မှု ရနိုင်မယ် မဟုတ်ဘူး ဆိုတာကို အထင်အရှား သက်သေပြ လိုက်ပါတယ်။

မေး ------ ဟုတ်ကဲ့ တဖက်မှာလည်း စစ်အစိုးရက နေပြီးတော့ ဒေါ်အောင်ဆန်းစုကြည် ကို ဂျွန်ဝီလျံရက်တောနဲ့ အမှုရင်ဆိုင် နေရတဲ့အတွက် သူတို့က ပေးမတွေ့ဘူးလို့ အကြောင်းပြချက် ပေးထားတယ်။ ဒါပေမဲ့ မကြာသေးခင်က အမှုရင် ဆိုင်နေရတဲ့ အချိန်အတွင်းမှာဘဲ စင်ကာပူ၊ ထိုင်း၊ ရုရှား သံအမတ်တွေနဲ့ ဒေါ်အောင်ဆန်းစုကြည်ကို ပေးတွေ့ ခဲ့တယ်။ အခုလို စစ်အစိုးရဘက်က ဘန်ကီမွန်းကို ပေးမတွေ့တာက သူတို့ အကြောင်းပြချက်နဲ့ တောင်းဆိုမှုတွေရော ကျိုးကြောင်းဆီလျှော်မှု ရှိပါသလား ကိုအောင်ဒင် ဘယ်လို မြင်ပါသလဲ။

ဦးအောင်ဒင် ------ မရှိဘူးခင်ဗျား။ တကယ်တန်းကျတော့ န အ ဖ စစ်အစိုးရက ဒေါ်အောင်ဆန်းစုကြည်ကို ဘယ်လို ပုဒ်မနဲ့ တရား စွဲထားစွဲထား သိုမဟုတ် ဒေါ်အောင်ဆန်းစုကြည် မဟုတ်ဘဲနဲ့ ဘယ်နိုင်ငံရေး အကျဉ်းသားတွေကို မဆို ထောင်ချထားတဲ့ အခါမှာလည်း ဒီအစိုးရက ပြစ်မှု ကျူးလွန်နေပြီးတော့ ထောင်ချတာဖြစ်တယ်။ ဒါပေမဲ့ မြန်မာပြည်သူ တရပ်လုံးရဲ့ အထင်၊ နိုင်ငံတကာ အစိုးရများရဲ့ ကုလသမဂ္ဂရဲ့ အထင်မှာတော့ ဥပဒေ အားလုံးဟာ အပြစ်ပေးရတဲ့ ရာဇ၀တ် သားတွေ မဟုတ်ဘူးဗျ။ သူတို့ဟာ ဖမ်းဆီးချုပ်နှောင်ခြင်း ကျနေတဲ့ ပုဂ္ဂိုလ်တွေကို ဒေါ်အောင်ဆန်းစုကြည် အပါအ၀င် နိုင်ငံရေး အကျဉ်းသား အားလုံးဟာ မြန်မာနိုင်ငံ ဒီမိုကရေစီ ပြောင်းလဲရေး အတွက် အရေးကြီးတဲ့ အခန်းကဏ္ဍမှာ ပါဝင်လှုပ်ရှား နိုင်စွမ်းရှိတဲ့ ပါဝင်လှုပ်ရှားဖို့ လိုအပ်တဲ့ ပုဂ္ဂိုလ်တွေ ဖြစ်တယ်။ ဒါကြောင့်မို့လို့ သူတို့ကို အကျဉ်းထောင်ကနေ လွှတ်ပြီး နိုင်ငံရေး ဆွေးနွေးပွဲတွေ လုပ်ပြီး နိုင်ငံရေး ပြောင်းလဲမှု ဖြစ်စဉ်ဟာ ဒီပုဂ္ဂိုလ်တွေအားလုံး ပါဝင်နိုင်ခြင်းဟာ အင်မတန် အရေးကြီးတဲ့ ကဏ္ဍြ့ဖစ်တယ်လို့ နိုင်ငံတကာမှ လက်ခံလာမည် ဖြစ်သည်။ န အ ဖ ဘက်က ဘယ်လိုဘဲ အကြောင်းပြနေသည် ဖြစ်စေ အကြောင်းပြချက် ခိုင်လုံမှု ရှိမယ်မဟုတ်ဘူး။

ဒါကတော့ ၀ါရှင်တန်တီစီ အခြေစိုက် US Campaign for Burma အဖွဲ့ရဲ့ အမှုဆောင် ညွှန်ကြားရေးမှူး ကိုအောင်ဒင် ပြောသွားတာ ဖြစ်ပါတယ်။

မေး ----- ဒေါ်အောင်ဆန်းစုကြည်ဟာ အမှုရင်ဆိုင်နေရတဲ့ အချိန် ဖြစ်နေတာ ကြောင့် ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်နဲ့ ပေးမတွေ့နိုင်ဘူးလို့ မြန်မာ စစ်အစိုးရက အကြောင်းပြချက် ပေးပါတယ်။ ဒီလို မြန်မာ စစ်အစိုးရက အကြောင်းပြချက် ပေးတာနဲ့ ပတ်သက်ပြီး အာရှလူ့အခွင့်အရေး ကော်မရှင်မှ ရှေ့နေ ဦးမင်းလွင်ဦးမှ အခုလို ပြောပါတယ်။

ဦးမင်းလွင်ဦး ----- အခု ပြည်တွင်းမှာ ပြဌာန်းထားတဲ့ ဥပဒေ တွေအရတော့ အကျဉ်းကျ ခံနေရတဲ့ ဒါမဟုတ် အမှုရင်ဆိုင် နေရတဲ့ သူတယောက်တွေကို တွေ့ဖို့အတွက် ခွင့်ပြုထားတဲ့ ခွင့်ပြုချက်တွေ ရှိပါတယ်။ ကျနော်တို့ ထောင်သား တွေကို ထောင်ဝင်စာ လာတွေ့သလိုမျိုး တွေ့မယ်ဆိုရင်လည်း တွေ့ခွင့်ရှိပါတယ်။ အရင်တုန်းက ရာဇာလီ တုန်းကလည်း အကျဉ်းထောင် ထဲအထိ ရာဇာလီ ကိုင်တိုင် လာရောက်ပြီးတော့ တွေ့ခဲ့ဖူးတဲ့ သာဓကတွေ ရှိပါတယ်။ ဒီဥစ္စာကတော့ သူတို့ကိုယ်တိုင်က ခွင့်မပြုချင် တဲ့အတွက် ဒီဥစ္စာကို အကြောင်းပြ ပြီးတော့ တွေ့ခွင့် မပေးဘူးလို့ ကျနော်တို့ ထင်မြင်ယူဆပါတယ်။

အာရှလူ့အခွင့်အရေး ကော်မရှင်မှ လူ့အခွင့်အရေး ရှေ့နေ ဦးမင်းလွင်ဦး ပြောပြသွားတာ ဖြစ်ပါတယ်။

ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် ဘန်ကီမွန်းကတော့ ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ခွင့် မရတဲ့အတွက် စိတ်ပျက်တယ်လို့ ပြောဆို လိုက်ပေမဲ့လည်း သူ့ရဲ့ ခရီးစဉ်ဟာ အောင်မြင်တယ် မအောင်မြင်ဘူး ဆိုတာဟာ ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ခွင့်ရ၊ မရတာနဲ့ တိုင်းတာလို့ မရဘူးလို့ မစ္စတာဘန်ကီမွန်းက ပြောကြားခဲ့ပါတယ် ခင်ဗျား။

0 comments:

Post a Comment