Tuesday, July 14, 2009

Filled Under:

ဒေသဆိုင်ရာ အာဏာပိုင်များရဲ့ ရိုက်နှက်မှုကြောင့် ကိုအောင်ခိုင်ထွန်း သေဆုံးသွားရခြင်းနဲ့ စပ်လျဉ်းပြီး AHRC မှ အရေးပေါ် ပန်ကြားလွှာပေးပို့

RFA ----- 13/ 7/ 2009

ပုသိမ်မြို့က ကိုအောင်ခိုင်ထွန်းကို ရယက အဖွဲ့ဝင်တွေက ရိုက်နှက်တဲ့အတွက် သေဆုံးသွားတဲ့အမှုမှာ ဒီအမှုနဲ့ ပတ်သက်ပြီးတော့ ရယက အဖွဲ့ဝင်တွေကို ဖမ်းဆီး အရေးယူထားတယ်လို့ ကြားသိရပါတယ်။ ဒီကိစ္စနဲ့ ပတ်သက်ပြီးတော့ ဦးမင်းလွင်ဦးတို့ အနေနဲ့ ဘယ်လို လေ့လာထားတာ ရှိပါသလဲ။

ဦးမင်းလွင်ဦး ------ ကျနော်တို့ အောင်ခိုင်ထွန်းရယ်၊ အောင်ခိုင်ထွန်းနဲ့အတူ ပါလာတဲ့ ကိုတင်ထွန်းလွင်တို့ကို ရယက တွေကနေပြီးတော့ တယောက်ယောက်ကို ငွေ ၃၀၀၀ ပေးဖို့ ပြောတယ်။ ငွေပြန်ယူနေတဲ့ အချိန်ကာလမှာပဲ ကိုအောင်ခိုင်ထွန်းက ရယကတွေရဲ့ ရိုက်နှက်မှုကြောင့် သေဆုံးသွားတယ် ဆိုတာကို ကျနော်တို့ သိရတယ်။ အဲတော့ မသေမရှင် ဖြစ်နေတဲ့ အချိန်မှာ ဆိုက်ကားနဲ့ သင်္ချိုင်းကို သွားပြီး မြှုပ်ခိုင်းတယ်။ သင်္ချိုင်းက လူမသေ သေးတဲ့အတွက် မြှုပ်နှံဖို့အတွက် ငြင်းဆန်တယ်လို့ ကျနော်တို့ သိရှိရပါတယ်။ အဲတော့ အဲဒီလို ငြင်းဆန်နေတဲ့အခါမှာ သင်္ချိုင်းရှေ့မှာ ရှိတဲ့ ကင်းထဲမှာ တင်ထားခဲ့တဲ့အတွက် ကိုအောင်ခိုင်ထွန်း သေဆုံးသွားတယ်။ အဲတော့ အဲလို သက်သေ သေဆုံးသွားတဲ့အတွက် ပထမဆုံးကတော့ (၁၀) ယောက်ဖမ်းပြီးတော့ အားလုံးကို လူသေမှုနဲ့ စုံစမ်း စစ်ဆေးပြီးပြန်လွှတ်ပေးခဲ့ပါတယ်။

ဒါပေမဲ့ နောက်ပိုင်းမှာ ဆေးစာအရ လူသတ်မှု ဖြစ်ကြောင်းလည်း သိတော့ ရယက အဖွဲ့ဝင်တွေ အပါအ၀င် (၅) ဦးကို ဖမ်းဆီးအရေးယူထားတယ်ဆိုတာကို ကျနော်တို့ သိရှိရတယ်။ ဒီလို ဖမ်းဆီး အရေးယူ ထားတာကိုလည်း ကျနော်တို့ အနေနဲ့ အများကြီး ကြိုဆိုတယ်။ ဘာဖြစ်လို့လည်းတော့ မြန်မာနိုင်ငံအတွင်းမှာ အာဏာပိုင်တွေကနေပြီး ကျူးလွန်ဖေါက်ဖျက်တဲ့ အမှုတွေမှာ ဒီလို ဖမ်းဆီးအရေးယူမှုက အလွန်တရာမှပင် နည်းပါးတယ်။

မေး ----- အဲဒီတော့ အခုတော့ ကိုအောင်ခိုင်ထွန်း အမှုမှာ တဘက်က သူတို့ရင်ဆိုင်ရတဲ့ သူတွေက အုပ်ချုပ်ရေး အာဏာပိုင်အဖွဲ့ အစည်းမှာ ပါဝင်တဲ့ ရယက အဖွဲ့ဝင်တွေ တွေ့ရပါတယ်။ အဲဒီတော့ တဖက်က သာမန်အရပ်သားနဲ့ အာဏာပိုင်အဖွဲ့ အစည်းကြားမှာ ဖြစ်တဲ့ အမှုတွေကို တရားစီရင်တဲ့ အခါမှာ မျှမျှတတ ဖြစ်ဖို့ဆိုရင် အခြေခံအားဖြင့် ဘယ်လို အချက်အလက်တွေ လိုအပ်မယ်လို့ ဦးမင်းလွင်ဦးတို့ ယူဆထားပါသလဲ။

ဦးမင်းလွင်ဦး ------ ကျနော်တို့ ဒီအမှုကို စစ်ဆေးစီရင် တဲ့အခါမှာ ကိုအောင်ခိုင်ထွန်း သေဆုံးတယ်ဆိုတာကို သွားရောက်ကြည့်ရှုတဲ့ လူတွေ ရှိတယ်။ နောက်ပြီးတော့ ငွေ (၆၀၀၀) ပေးဖို့သွားတဲ့ကိုအောင်ခိုင်ထွန်းရဲ့ မွေးစားဖခင်နဲ့ သူငယ်ချင်းတွေရှိတယ်။ အဲဒီလို လူတွေကို အာဏာပိုင်ကနေပြီးတော့ သက်သေချက် ထွက်ဆိုတဲ့နေရာမှာ ဖိအားမပေးဘဲနဲ့ မှန်မှန်ကန်ကန် ဆက်ဆိုနိုင်ဖို့အတွက် အာဏာပိုင်တွေ ကိုယ်တိုယ်ကိုက ကြပ်ကြပ်မတ်မတ် ဆောင်ရွက်ပေးစေလိုတယ်။ ကျနော်တို့ အတွေ့အကြုံတွေအရ အဲဒီလို ရယက အဖွဲ့ဝင်တွေနဲ့ ဖြစ်တဲ့ ကိစ္စရပ်တွေမှာ လာရောက်ထွက်ဆိုတဲ့ သက်သေတွေကို ဖိအားပေးတာတွေ၊ ခြိမ်းခြောက်တာတွေ၊ အမျိုးမျိုး ရင်ဆိုင်ကြုံတွေ့နေရတဲ့အတွက် အမှုက ပုံမှန်အတိုင်း မဖြစ်ဘဲနဲ့ နောက်ဆုံးမှာ လျော့ပေါ့ ပြစ်ဒဏ်တွေ ပေးတဲ့အဆင့်အထိ ရောက်သွားတာကို ကျနော်တို့ တွေ့ရှိရပါတယ်။

ဒါကြောင့် ကျနော်တို့ အနေနဲ့ အာဏာပိုင်တွေက နေပြီးတော့ သက်သေတွေ လွတ်လွတ်လပ်လပ် ထွက်ဆိုနိုင်ဖို့အတွက် ရဲစခန်းနဲ့ တရားရုံးကနေပြီးတော့ ထိရောက်တဲ့ အကာအကွယ်တွေ ပေးသင့်တယ်လို့ ကျနော်တို့ အနေတဲ့ တင်ပြတောင်းဆိုပါတယ်။ တရားရုံးကို အမှုစွဲတင်လာတဲ့အခါမှာ တရားရုံး တရားသူကြီးကလည်း ဒီသက်သေတွေကို တဖက်က နည်းမျိုးစုံနဲ့ ဖိအားပေးနေတာကို ဆိုစေဦး ရုံးအခွင့် အာဏာနဲ့ ဒီအမှန်တရားကို ဖေါ်ထုတ်နိုင်ဖို့အတွက် ဖေါ်ထုတ်ပေးဖို့ကို ကျနော်တို့ တောင်းဆိုထားတာ ဖြစ်ပါတယ်။

မေး ------ ဟုတ်ကဲ့၊ နောက်တခုဟာ ကျနော်တို့ သိရသလောက်ကလည်း အရင်တုန်းက အခုလို ရယက အဖွဲ့ဝင်တွေ ရိုက်နှက်လို့ သေဆုံးတဲ့အမှုတွေ ရှိခဲ့ဖူးပါတယ်။ ဥပမာ ကိုအောင်နိုင်ဝင်း ကိစ္စ၊ နောက်တခုက ကိုသက်နိုင်ဦး ကိစ္စ စသဖြင့် ကျနော်တို့ ကြားသိရသလောက် အမှုတွေ ရှိခဲ့ပါတယ်။ အဲဒီကိစ္စတွေမှာလည်း နောက်ပိုင်းတွေမှာ အခုလိုဘဲ အမှုကြေအေးတာတို့ လျှော့ပေါ့ပေးတာတို့ ရှိခဲ့တယ်လို့ သိရပါတယ်။ အဲဒီတော့ အဲဒီအတွေ့အကြုံနဲ့ ပတ်သက်လို့ရော အာရှလူ့အခွင့်အရေး ကော်မရှင်က ဘယ်လို ပြောချင်ပါသလဲ။

ဦးမင်းလွင်ဦး ------ ကျနော်တို့ ဥပမာအားဖြင့် ပြောရမယ်ဆိုလို့ရှိရင် ကြည့်မြင်တိုင် မြို့နယ်အတွင်း ဖြစ်ပွားတဲ့ ကိစ္စ ကိုသက်နိုင်ဦးရဲ့ ကိစ္စတွေမှာ ဒီမြူနီစပယ် ၀န်ထမ်းတွေရယ်၊ ရပ်ကွက်ကောင်စီ ၀န်ထမ်းတွေရယ် ပါဝင်ပတ်သက်နေတဲ့အတွက် ရုံးမှာ လွတ်လွတ်လပ်လပ် သက်သေထွက်ဆိုနိုင်ခြင်း မရှိဘူး။ အဲတော့ အဲဒီအမှုမှာလည်း တရားရုံးကနေ စီရင် ဆုံးဖြတ်လိုက်တဲ့ ဥစ္စာက အလွန်ဆုံး (၃)နှစ်ပဲ ဖြစ်တယ်ဆိုတာကို ကျနော်တို့ တွေ့ရှိရတယ်။

နောက်တခါ ကိုအောင်နိုင်ဝင်း အမှုမှာ ဆိုလို့ရှိရင်လည်း ပြစ်မှုကျူးလွန်တဲ့ အာဏာပိုင်အဖွဲ့အစည်းတွေကို တရားဥပဒေနဲ့အညီ အရေးယူပေးဖို့အတွက် တရားရုံးအဆင့်ဆင့်ကို တက်ရောက်အရေးဆိုခဲ့ပေမဲ့လည်း ရှုံးနိမ့်ခဲ့ရတယ် ဆိုတာကို ကျနော်တို့ တွေ့ရှိရတယ်။

နောက်တခါ မြောက်ဥက္ကလာမှာ ဖြစ်တဲ့ကိုနိုင်ဦးရဲ့ ကိစ္စ ဆိုလို့ရှိရင်လည်း အာဏာပိုင်တွေရဲ့ ဖိအားပေးမှုကြောင့် နောက်ဆုံး အမှုကို ကြေအေးလိုက်ရတဲ့ အထိ ရောက်တယ် ဆိုတာကို ကျနော်တို့ တွေ့ရှိရတယ်။ ဒါကြောင့်လည်း အာရှလူ့အခွင့်အရေး ကော်မရှင်အနေနဲ့ မြန်မာအတွင်းမှာ အောက်ခြေအာဏာပိုင် အဖွဲ့အစည်းတွေကနေပြီး တော့ ကျူးလွန်ဖေါက်ဖျက်တဲ့ အမှုတွေကို ထိထိရောက်ရောက် အရေးယူပေးဖို့ဆိုတယ်၊ အဲဒီလို အရေးယူပေးမှလည်း မြန်မာနိုင်ငံအတွင်းမှာ တရားဥပဒေ စိုးမိုးမှု ရှိပြီးတော့ ရပ်ရွာ အေးချမ်း သာယာမှာ ဖြစ်တယ်။

အဲဒီလို ထိရောက်ဟန့်တားတဲ့ အရေးယူမှု မပြုလုပ်ဘူး ဆိုလို့ရှိရင်တော့ မြန်မာနိုင်ငံအတွင်းမှာ ယခုလိုမျိုးဘဲ မင်းမဲ့စရိုက်ဆန်ဆန် လုပ်နေတဲ့ကိစ္စရပ်တွေ ဆက်လက် ဖြစ်ပေါ် နေဦးမယ်ဆိုတာကို အသိပေးရင်းနဲ့ ကျနော်တို့ ဒီနေ့ အရေးပေါ် မေတ္တာရပ်ခံစာကို ထုတ်ပြန်ကြေငြာရခြင်း ဖြစ်တယ်ခင်ဗျား။

ဒီအကြောင်းနှင့် ပတ်သက်ပြီး အာရှလူ့အခွင့်အရေး ကော်မရှင်မှ ပေးပို့သော အရေးပေါ် ပန်ကြားလွှာကို ဤအင်တာနက် စာမျက်နှာတွင် ဖတ်ရှုနိုင်ပါတယ်။ http://www.ahrchk.net/ua/mainfile.php/2009/3206/

0 comments:

Post a Comment