Tuesday, June 02, 2009

Filled Under:

ဥပဒေသည် ပြည်သူလူထုကို အကာအကွယ် ပေးရန်ဖြစ်သည် ဖိနှိပ်ရန်မဟုတ်

မင်းလွင်ဦး
ဂျွန်လ ၂ရက်၊ ၂၀၀၉ ခုနှစ်

ဒေါ်အောင်ဆန်းစုကြည်သည် နေအိမ် အတွင်းသို့ ကျူးကျော် ၀င်ရောက် လာသူအား သက်ဆိုင်ရာသို့ သတင်းပေးပို့ရန် ပျက်ကွက်ခဲ့သည့် အတွက်၊ အမှန်တရားကို ဖုံးကွယ် ခဲ့သည့်အတွက် အရေးယူ ခဲ့ရကြောင်းနှင့် မြန်မာနိုင်ငံ၏ ပြည်တွင်းရေးသာ ဖြစ်သည့်အတွက် နိုင်ငံတကာမှ ၀င်မစွက်သင့်ကြောင်း ဒုတိယကာကွယ် ရေးဝန်ကြီး ဗိုလ်ချုပ်အေးမြင့်က စင်္ကာပူနိုင်ငံတွင် ကျင်းပသည့် ကာကွယ်ရေး ၀န်ကြီးများ၏ အစည်းအဝေးတွင် ပြောဆိုခဲ့သည်။

တနည်းအားဖြင့်
ငါတို့ နိုင်ငံထဲမှာ ငါတို့လုပ်ချင်တာ လုပ်မယ်။ မဆိုင်သူတွေ ၀င်မရှုပ်နဲ့ဟု နိုင်ငံတကာကို ခပ်ရိုင်းရိုင်း တုံ့ပြန် ပြောဆို လိုက်ခြင်း ဖြစ်သည်။ တချိန်တည်း မှာပင် မြန်မာနိုင်ငံအတွင်း တရားဥပဒေ စိုးမိုးမှုမရှိ၊ လွတ်လပ်သည့် တရား စီရင်ရေး ဆိုတာ မရှိကြောင်းကိုလဲ နိုင်ငံတကာက ပိုမိုသိရလာအောင် အတိအလင်း ထုတ်ဖေါ် ပြောဆိုရာ ရောက်သည်။ ဒေါ်အောင်ဆန်းစုကြည် အပေါ် တရား စွဲဆိုထားသည့် ကိစ္စသည် တရားဥပဒေနှင့် ညီညွတ်မှုရှိ၊ မရှိ နိုင်ငံတကာက သံသယဖြင့် စောင့်ကြည့် နေချိန်တွင် ဒေသအတွင်း တည်ငြိမ်ရေး ကိုပါထိခိုက် စေနိုင်သည်ဟု ခြိမ်းခြောက် လိုက်သည့်အတွက် ယခုကဲ့သို့ နိုင်ငံတကာနှင့် အိမ်နီးချင်း နိုင်ငံများက အပြင်းအထန် ပြန်လည်တုံ့ပြန် ပြောဆိုမှုများ ပေါ်ပေါက် လာရခြင်း ဖြစ်သည်။

ဒေါ်အောင်ဆန်းစုကြည်အပေါ် နိုင်ငံတော်အား နှောက်ယှက် ဖျက်ဆီးလိုသူများ၏ ဘေးအန္တရာယ်မှ ကာကွယ်သည့် ဥပဒေပုဒ်မ ၂၂ အရ တရားစွဲဆို ထားခြင်းသည် ဥပဒေနှင့် ညီညွတ်ခြင်း ရှိမရှိကို သုံးသပ်ရလျှင်-

အဆိုပါ ဥပဒေပုဒ်မ ၉(င)တွင် အရေးယူခြင်း ခံရသူအား တရားစွဲဆို နိုင်လောက်သည့် အချက်အလက် ပြည့်စုံလျှင် တရားစီရင်ရေး အဖွဲ့သို့ ချက်ချင်းပို့ရမည်။

ဥပဒေ ပြဌာန်းချက်အရ ဒေါ်အောင်ဆန်းစုကြည်အား မူလအရေးယူ ထားသည့် ကိစ္စရပ်များနှင့် ပတ်သက်၍ အချက်အလက် အထောက်အထားများ ခိုင်လုံစွာ တင်ပြနိုင်လျှင် တရားစွဲဆိုရန် တရားစီရင်ရေး အဖွဲ့သို့ ချက်ချင်း ပို့ရမည်ဟု ဆိုလိုခြင်းဖြစ်သည်။ မူလ အရေးယူထားသည့် ကိစ္စမှာ ၂၀၀၃ ခုနှစ် မေလ ၃၀ ရက်နေ့ ဒီပဲယင်း အကြမ်းဖက် တိုက်ခိုက်မှု ဖြစ်သည်။

(၁) အကြမ်းဖက် ရိုက်နှက်ခံရသူမှာ ဒေါ်အောင်ဆန်းစုကြည်နှင့် သူမကို ထောက်ခံ အားပေးသူများ ဖြစ်သည်။ ထိုအကြမ်းဖက်မှုကို ဒေါ်အောင်ဆန်းစုကြည်က စီမံဆောင်ရွက်ခဲ့ခြင်း မဟုတ် အာဏာပိုင်များက စီစဉ် ညွန်ကြားခဲ့ခြင်း ဖြစ်သည်။ ထိုအကြမ်းဖက် ခံရမှုနှင့် ပတ်သက်၍ ဒေါ်အောင်ဆန်းစုကြည်အား တရားစွဲဆိုနိုင်ရန် အာဏာပိုင်များဖက်မှ အချက်အလက် တင်ပြနိုင်ခြင်းမရှိ။

ဒီပဲယင်း အဖြစ်အပျက် ဖြစ်ပေါ်လာအောင် ဒေါ်အောင်ဆန်းစုကြည်က စီမံဖန်တီးခဲ့ခြင်း ဖြစ်သည်ဟု အထောက်အထား အချက်အလက် အပြည့်အစုံ ရှာဖွေတွေ့ရှိလျှင် တရားစီရင်ရေး အဖွဲ့သို့ ချက်ချင်း ပို့ပြီး တရားစွဲဆိုရန် ဖြစ်သည်။

(၂) အရေးယူခြင်း ခံထားရသည့် ကာလအတွင်း ဒေါ်အောင်ဆန်းစုကြည်သည် မည်သည့် ဥပဒေကိုမျှ ချိုးဖေါက်ခဲ့ခြင်း မရှိ။ ထို့ကြောင့် ပြဌာန်းထားသည့် ဥပဒေအရ သတ်မှတ်ကာလ ပြည့်လျင် ပြန်လည်လွှတ် ပေးရမည် ဖြစ်သည်။

အဆိုပါပုဒ်မ ၉ (ဇ) တွင် ဖမ်းဆီး ချုပ်နှောင်သူအား ပြန်လွှတ်ပြီးနောက် မူလအရေးယူခဲ့သည့် (ဒီပဲယင်း အကြမ်းဖက်လုပ်ကြံမှု) ကိစ္စရပ်အပေါ် အခြေပြု၍ ဤဥပဒေအရ ထပ်မံဖမ်းဆီး ချုပ်နှောင်ခြင်း မပြုရဟု ပြဌာန်းထားသည့် အတွက် ဒေါ်အောင်ဆန်းစုကြည်အား ချွင်းချက်မရှိ ပြန်လည်လွှတ်ပေး ရမည်ဖြစ်သည်။ ထိုသို့ လွှတ်ပေးခြင်း မပြုမီ ဒေါ်အောင်ဆန်းစုကြည်အား အကြောင်းအရာ တခုခုဖြင့် တရားစွဲဆိုထားမှသာ ဆက်လက် ချုပ်နှောင် ထားနိုင်မည် ဖြစ်သည့်အတွက် အာဏာပိုင်များက အကွက်ချ စီမံဆောင်ရွက်၍ ဒေါ်အောင်ဆန်းစုကြည်အား ပုဒ်မ ၂၂ ဖြင့် တရားစွဲဆိုခဲ့ခြင်း ဖြစ်သည်။

ဒေါ်အောင်ဆန်းစုကြည် အပေါ် နိုင်ငံတော်အား နှောက်ယှက်ဖျက်ဆီး သူများ၏ ဘေးအန္တရာယ်မှ ကာကွယ်သည့် ဥပဒေပုဒ်မ ၁၀(ခ) ဖြင့် ကန့်သတ် တားဆီးမိန့်များ ထုတ်ပြန်ထားခြင်းကို ပြန်လည်ရုပ်သိမ်းကြောင်း မြန်မာနိုင်ငံ ရဲချုပ်ခင်ရီနှင့် သတင်းတပ်ဖွဲ့မှူး ရဲမှူးချုပ် မြင့်သိန်းတို့က အင်းစိန်ထောင်အတွင်းရှိ ရိပ်သာတွင် ဒေါ်အောင်ဆန်းစုကြည်အား ဖတ်ကြား အသိပေးခဲ့သည်။ ကန့်သတ် တားဆီးထားသည့် အချိန်ကာလမှာလည်း နောက်ထပ် ၆ လ ထပ်မံချုပ်နှောင် ထားနိုင်ကြောင်းကို သံတမန်များနှင့် နိုင်ငံခြား သတင်းထောက်များကို သတင်းစာ ရှင်းလင်းပွဲဖြင့် ရှင်းပြခဲ့သည်။ နောက်ထပ် ၆ လ ထပ်မံ ချုပ်နှောင်ထားနိုင်သည် ဆိုသည့်အချက်နှင့် ပတ်သက်၍-

ဒေါ်အောင်ဆန်းစုကြည်အား ကန့်သတ်တားဆီးသည့် အချိန်ကာလ ကျော်လွန်နေပြီ ဖြစ်ကြောင်း အစိုးရအဖွဲ့သို့ ဒေါ်အောင်ဆန်းစုကြည်၏ အကျိုးဆောင်များက အကြိမ်ကြိမ် အယူခံ တင်သွင်းခဲ့သည်။ အယူခံမှုကို လက်ခံ၍ လျှောက်လဲချက်ပေး ကြားနာခွင့် ပြုခဲ့ပါက အကျိုးဆောင် ဦးကြည်ဝင်းတို့ဖက်မှ သတ်မှတ်ထားသည့်ကာလ သက်တမ်း ၅ နှစ် ကျော်လွန်နေပြီ ဖြစ်ကြောင်းကို ဥပဒေနှင့်အညီ တင်ပြမည် ဖြစ်သည်။ ထိုအချက်များကို ဗဟိုအဖွဲ့ သို့မဟုတ် အစိုးရ အဖွဲ့အနေဖြင့် မငြင်းဆိုနိုင်။ ထို့ကြောင့် အယူခံမှုကို လက်မခံပဲ ပယ်ချခဲ့ခြင်းဖြစ်ကြောင်း အောက်ပါ အချက်များအရ တွေ့ရမည် ဖြစ်သည်။

ဥပဒေပုဒ်မ ၁၀(ခ) အရ တားဆီးမှု ပြုလုပ်ရန် လိုအပ်ခြင်းကြောင့် ဗဟိုအဖွဲ့၏ အခွင့်အာဏာဖြင့် သူမ၏ နေအိမ်မှာပင် ၂၈-၁၁-၂၀၀၃ ရက်နေ့မှ ၂၇-၁၁-၂၀၀၄ ရက်နေ့ အထိ ကန့်သတ် တားဆီးခြင်းကို စတင်ဆောင်ရွက်ခဲ့သည်။ ဆက်လက်၍ ပုဒ်မ ၁၄ အရ အစိုးရအဖွဲ့၏ ကြိုတင်ခွင့်ပြုချက်ဖြင့် တကြိမ်လျှင် တနှစ်ထက် မပိုဘဲ အောက်ပါအတိုင်း ဆက်လက် တားဆီးခဲ့သည်ဟု သတင်းစာ ရှင်းလင်းပွဲတွင် ရဲမှူးချုပ်မြင့်သိန်း ကပြောဆိုခဲ့သည်။
(က) ၂၈-၁၁-၂၀၀၄ မှ ၂၇-၁၁-၂၀၀၅ အထိပထမအကြိမ် (၁) နှစ်
(ခ) ၂၈-၁၁-၂၀၀၅ မှ ၂၇-၅-၂၀၀၆ ထိ ဒုတိယအကြိမ် (၆)လ
(ဂ) ၂၈-၅-၂၀၀၆ မှ ၂၇-၅-၂၀၀၇ ထိ တတိယအကြိမ် (၁) နှစ်
(ဃ) ၂၈-၅-၂၀၀၇ မှ ၂၇-၅-၂၀၀၈ ထိ စတုတ္ထအကြိမ် (၁) နှစ်
(င) ၂၈-၅-၂၀၀၈ မှ ၂၇-၅-၂၀၀၉ ထိ ပဉ္စမအကြိမ် (၁) နှစ်

ဗဟိုအဖွဲ့၏ အခွင့်အာဏာမှာ ပုဒ်မ ၁၀ (က) ပါ ပြဌာန်းချက်အရ ချုပ်နှောင်နိုင်သည့် ကာလအပိုင်းအခြားမှာ တကြိမ်လျင် ရက်ပေါင်း (၆၀) ဖြင့် ရက်ပေါင်း (၁၈၀) အထိဖြစ်သည်။

ပုဒ်မ ၁၂တွင် ဗဟိုအဖွဲ့သည် အရေးယူခြင်း ခံရသူအား ပုဒ်မ ၁၀၊ ပုဒ်မခွဲ (က)ပါ ကာလ အပိုင်းအခြားထက် ကျော်လွန်၍ ဆက်လက် ဖမ်းဆီးချုပ်နှောင်ထားရန် လိုအပ်ပါက ၀န်ကြီးအဖွဲ့၏ ကြိုတင်ခွင့် ပြုချက်ကို ရယူရမည်ဟု ပြဌာန်းထားသည်။
ဆိုလိုသည်မှာ ရက်ပေါင်း ၁၈၀ ထက် ကျော်လွန် ချုပ်နှောင်ထားလိုပါက ၀န်ကြီးအဖွဲ့၏ ခွင့်ပြုချက် တောင်းခံရမည် ဖြစ်သည်။
ပုဒ်မ ၁၄ တွင် ၀န်ကြီးအဖွဲ့သည် ဆက်လက်ဖမ်းဆီး ချုပ်နှောင်ရန်ဖြစ်စေ၊ ဆက်လက်တားဆီးမှု ပြုလုပ်ရန်ဖြစ်စေ ကြိုတင်ခွင့်ပြုချက် ပေးရာတွင် တကြိမ်လျှင် တနှစ်ထက် မပိုစေဘဲ စုစုပေါင်း (၅) နှစ်အထိ ခွင့်ပြုနိုင်သည်။

ဝန်ကြီးအဖွဲ့၏ ခွင့်ပြုချက်ဖြင့် စတင်တားဆီးမိန့် ထုတ်ပြန်သည့် ကာလသည် ၂၈-၁၁-၂၀၀၃ မှစတင်ခဲ့ပြီး ၂၇-၅-၂၀၀၉ အထိ တွက်လျင် စုစုပေါင်း တားဆီးမိန့်ကာလမှာ ၅ နှစ် နှင့် ၆ လဖြစ်သည်ကို တွေ့ရမည်။

သတင်းစာ ရှင်းလင်းပွဲတွင် ဥပဒေပုဒ်မ ၁၀(ခ) အရ တားဆီးမှု ပြုလုပ်ရန်လိုအပ် ခြင်းကြောင့် ဗဟိုအဖွဲ့၏ အခွင့်အာဏာဖြင့် သူမ၏ နေအိမ်မှာပင် ၂၈-၁၁-၂၀၀၃ ရက်နေ့မှ ၂၇-၁၁-၂၀၀၄ ရက်နေ့အထိ ကန့်သတ် တားဆီးခြင်းကို စတင် ဆောင်ရွက်ခဲ့သည်ဟု ဖေါ်ပြခဲ့ရာ ဗဟိုအဖွဲ့တွင် ထိုအခွင့်အာဏာ မရှိ၊ ၀န်ကြီးအဖွဲ့၏ ခွင့်ပြု ချက်ဖြင့်သာ ဆက်လက် တားဆီးနိုင်သည်ကို ပုဒ်မ ၁၂ ပါ ပြဌာန်းချက်အရ တွေ့ရမည်ဖြစ်သည်။ အများပြည်သူ ထင်ယောင်ထင်မှား ဖြစ်စေရန်နှင့် နိုင်ငံတကာကို လှည့်စားရန် ဥပဒေကို လက်တလုံးခြားဖြင့် အဓိပ္ပါယ် ဖွင့်ဆိုခဲ့သည်ကို တွေ့ရမည် ဖြစ်သည်။

သတ်မှတ်ကာလ ၅ နှစ်ကျော်လွန်ပြီး ဖြစ်သည့်အတွက် ဆက်လက်တားဆီး ချုပ်နှောင်ထား ခြင်းသည် မတရား တားဆီး ချုပ်နှောင်ထားမှု ဖြစ်ကြောင်းကို ကုလသမဂ္ဂ လူ့အခွင့်အရေး ကော်မရှင် လက်အောက်ရှိ ဥပဒေမဲ့ ဖမ်းဆီး ချုပ်နှောင်ထားခြင်းဆိုင်ရာ အလုပ်အဖွဲ့က ထုတ်ပြန် ကြေညာထားပြီး ဖြစ်သည်။

ထို့အပြင် သံတမန်များနှင့် နိုင်ငံခြားသတင်း ထောက်များအား ဖိတ်ကြားကာ ဒေါ်အောင်ဆန်းစုကြည် သည်သူမ၏ နေအိမ်အတွင်း တရားမ၀င် ၀င်ရောက်လာသည့် အမေရိကန် နိုင်ငံသား John William Yettaw ကို ၂ ရက် နေထိုင်ခွင့် ပြုခြင်း၊ လက်ခံ စကားပြောခြင်း၊ အစားအသောက်များ ကျွေးမွေးခြင်း စသည့် ကူညီဆောင်ရွက်မှုများ ပြုလုပ်ခဲ့ခြင်းသည် တည်ဆဲဥပဒေနှင့် ငြိစွန်းနေခြင်းကြောင့် မလွှဲမရှောင်သာ ၀မ်းနည်းစွာဖြင့် အမှုဖွင့် တရားစွဲ ဆိုခဲ့ရခြင်း ဖြစ်ပါကြောင်း ရဲမှူးချုပ် မြင့်သိန်းက ရှင်းလင်း ပြောကြားခဲ့သည်။

နိုင်ငံတကာ အစိုးရများက ဥပဒေများ ပြဌာန်းထားရခြင်းနှင့် ကျင့်သုံး အကောင်အထည် ဖေါ်ရခြင်းသည် အများပြည်သူတို့၏ အကျိုးစီးပွားကို ကာကွယ် စောင့်ရှောက်ရန် ဖြစ်သည်။ ဥပဒေကို လက်နက်သဖွယ် အသုံးပြု၍ ပြည်သူလူထုအား ဖိနှိပ်ချုပ်ချယ် ရန် မဟုတ်ဆိုသည့် အခြေခံ သဘောတရားကို လက်ကိုင်ထားကြသူများ ဖြစ်သည်။ နအဖ၏ လုပ်ဆောင်ချက်များ ကမူ ထိုသို့မဟုတ် ဥပဒေကို လက်နက်သဖွယ် အသုံးပြု၍ ဖိနှိပ်ခြင်း ဖြစ်သည့်အတွက် အေဆီယံ အဖွဲ့ဝင်နိုင်ငံများ အဖို့ နိုင်ငံတကာ အစိုးရများ အကြားတွင် မျက်နှာပျက်စရာ ဖြစ်လာရသည်။

နအဖသည် ၂၀၁၀ ရွေးကောက်ပွဲတွင် ဒေါ်အောင်ဆန်းစုကြည်နှင့် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် မပါဝင်နိုင်အောင် နည်းမျိုးစုံဖြင့် ဟန့်တား နှောက်ယှက်နေခြင်း ဖြစ်ကြောင်းနှင့် ဥပဒေနှင့်အညီ ရွေးကောက်တင် မြှောက်သည့် တရားဝင်အစိုးရ အဖြစ်သို့ ရောက်အောင် စီမံဆောင်ရွက်နေကြောင်း အထက်ဖေါ်ပြပါ အချက်များအရ ပိုမိုသိသာ ထင်ရှားစေသည်။

နအဖ၏ ဥပဒေမဲ့ လုပ်ရပ်များဖြင့် တရားဝင်မှုရအောင် လုပ်ဆောင်ခြင်းကို ခွင့်ပြုခဲ့ပါက နောင်တွင် ယခုထက်ပို၍ ရှုပ်ထွေးမှုများ၊ ခြိမ်းခြောက်မှုများဖြင့် ရင်ဆိုင်ရမည်ကို အေဆီယံ ခေါင်းဆောင်များကလည်း သတိပြု မိလာသည့်အတွက် ယခုကဲ့သို့ အပြင်းအထန် ကန့်ကွက် ပြောဆိုလာခြင်း ဖြစ်ကြောင်း တင်ပြလိုက်ရပေသည်။

0 comments:

Post a Comment