Sunday, May 31, 2009

Filled Under:

နအဖသည် ဥပဒေနှင့်အညီ တရားစွဲဆိုနိုင်သည့် အစိုးရမဟုတ်

မင်းလွင်ဦး
ဂျွန်လ ၁ ရက်၊ ၂၀၀၉ ခုနှစ်

င်္ဂလိပ်လက်အောက်သို့ ကိုလိုနီအဖြစ် မြန်မာနိုင်ငံ ကျရောက်စဉ် ဗြိတိသျှအစိုးရက လွတ်လပ်ရေးအတွက် ကြိုးပမ်းကြသည့် တော်လှန်ရေး သမားများနှင့် နိုင်ငံရေးသမားများ၏ လှုပ်ရှားမှုများကို ဟန့်တား၊ တားဆီးနိုင်ရန် ရည်ရွယ်၍ ၁၈၇၅ ခုနှစ်တွင် နိုင်ငံတော် အကာအကွယ်ပေးရေး ဥပဒေ State Protection Law အဖြစ် ပြဌာန်းကျင့်သုံး ခဲ့သည်။ ထိုဥပဒေကို ၁၉၇၅ ခုနှစ်တွင် နိုင်ငံတော်အား နှောက်ယှက် ဖျက်ဆီးသူများ၏ ဘေးအန္တရာယ်မှ အကာအကွယ် ပေးသည့် ဥပဒေအဖြစ် ဖြည့်စွက်မွမ်းမံ၍ ပြန်လည်ပြဌာန်းခြင်း ဖြစ်သည်။

နိုင်ငံတော်အား နှောက်ယှက်ဖျက်ဆီး လိုသူများ၏ ဘေးအန္တရာယ်မှ ကာကွယ်သည့် ဥပဒေသည် မြန်မာ့ဆိုရှယ်လစ် လမ်းစဉ်ပါတီ လက်ထက် ဆိုရှယ်လစ် စီးပွားရေးစံနစ်ကို အကာအကွယ်ပေးရန်၊ ဦးနေ၀င်း၏ မြန်မာ့နည်း မြန်မာ့ဟန်ဖြင့် ချီတက်နေသည့် ဆိုရှယ်လစ် လမ်းစဉ်ကို အကောင်အထည်ဖေါ်ရာတွင် ဟန့်တားနှောက်ယှက် မည့်သူများအား အရေးယူနိုင်ရန် ရည်ရွယ်၍ ပြဌာန်းခဲ့ခြင်း ဖြစ်သည်။

အဆိုပါ ဥပဒေဖြင့် နိုင်ငံသား တဦးတယောက်၏ မူလ အခွင့်အရေးများကို တားမြစ်ကန့်သတ် အရေးယူမည် ဆိုပါက ၁၉၇၄ ခုနှစ် ဖွဲ့စည်းပုံ အခြေခံဥပဒေနှင့် အညီ ရွေးချယ် တင်မြှောက်ထားသည့် ကိုယ်စားလှယ်များဖြင့် ဖွဲ့စည်းထားသည့် ၀န်ကြီးအဖွဲ့နှင့် နိုင်ငံတော် ကောင်စီတို့၏ ခွင့်ပြုချက်ဖြင့် ကျင့်သုံးဆောင်ရွက်ရပြီး အနီးကပ်ဆုံး ပြည်သူ့လွှတ်တော်သို့ တင်ပြ၍ အတည်ပြုချက် ရယူရသည်။

ထို့ကြောင့် နိုင်ငံသားတဦး၏ မူလအခြေခံ အခွင့်အရေးများကို ကန့်သတ်တားဆီးမိန့် ထုတ်ပြန်မည့်သူသည် အစိုးရအဖွဲ့ ဖြစ်ရန်လိုသည်။ တနည်းအားဖြင့် ဖွဲ့စည်းပုံ အခြေခံ ပြဌာန်းချက်များနှင့်အညီ ရွေးချယ်တင်မြှောက် ထားသည့် အစိုးရ အဖွဲ့၏ အင်္ဂါရပ်နှင့် ညီညွတ်ရန် လိုသည်။ သို့မှသာ ၁၉၇၅ ခုနှစ် နိုင်ငံတော်အား နှောက်ယှက်ဖျက်ဆီးလိုသူများ၏ ဘေးအန္တရာယ်မှ ကာကွယ်သည့် ဥပဒေကို ကျင့်သုံးနိုင်မည် ဖြစ်သည်။

ဒေါ်အောင်ဆန်းစုကြည်အား နိုင်ငံတော်အား နှောက်ယှက်ဖျက်ဆီးမည့် သူများ၏ ဘေးအန္တရာယ်မှ ကာကွယ်သည့် သူများ၏ ဥပဒေပုဒ်မ ၁၀(ခ) ဖြင့် အရေးယူ၍ မူလ အခွင့်အရေးများကို ကန့်သတ်တားဆီးခဲ့သည်။ ထို့နောက် ကန့်သတ်တားဆီးမိန့်များကို ဖေါက်ဖျက်သည်ဟု ဆိုကာ ပုဒ်မ ၂၂ ဖြင့် ဆက်လက် အရေးယူပြီးအမှု စစ်ဆေးသည်မှာ စီရင်ချက်နှင့် အမိန့်ချမှတ်မည့် အဆင့်သို့ပင် ရောက်ရှိနေပြီ ဖြစ်သည်။

တရားလိုပြသက်သေ မြန်မာနိုင်ငံ သတင်းတပ်ဖွဲ့မှ ဒုတိယ တပ်ဖွဲ့မှူး ရဲမှူးကြီး ၀င်းနိုင်ထွန်းကို စစ်ဆေးရာတွင် ရုံးရှေ့ရှိ ဒေါ်အောင်ဆန်းစုကြည်သည် နိုင်ငံတော်အား နှောက်ယှက် ဖျက်ဆီးလိုသူများ၏ ဘေးအန္တရာယ်မှ ကာကွယ်စောင့်ရှောက်သည့် ဥပဒေအရ ကန့်သတ်မိန့်၊ တားဆီးမိန့်များနှင့် တားဆီးခံထားရသူ ဖြစ်ကြောင်း၊ ကန့်သတ်မိန့်ထဲတွင် ဖွဲ့စည်းပုံ အခြေခံဥပဒေ၌ ပြဌာန်းထားသော မူလအခွင့်အရေးများ ထဲက ပုဒ်မ ၁၄၈(ဂ)၊ ၁၅၇၊၁၅၈၊၁၅၉ (က) (ခ) နှင့် ၁၆၀ တို့တွင် ပါရှိသည့် မူလအခွင့်အရေးများကို ကန့်သတ်ထားခြင်း ဖြစ်ကြောင်း၊ ယင်းသို့ကန့် သတ်ထားသဖြင့် ဒေါ်အောင်ဆန်းစုကြည်သည် မည်သူ တစုံတဦးကိုမျှ တွေ့ဆုံခြင်း၊ ဆက်သွယ်ခြင်း၊ လက်ခံစကားပြောဆိုခြင်း၊ ညအိပ်ညနေ တည်းခိုခွင့် ပြုလုပ်နိုင်သည့် အခွင့်အရေးများ မရှိကြောင်း စသဖြင့် သီးသန့်ခုံရုံးရှေ့တွင် ထွက်ဆိုခဲ့သည်။

နအဖ အာဏာသိမ်း အစိုးရအနေဖြင့် ၁၉၇၄ ဖွဲ့စည်းပုံ အခြေခံဥပဒေပါ ပြဌာန်းချက်များကို ကျင့်သုံးခွင့်ရှိ၊မရှိကို ဥပဒေ ပြဌာန်းချက်များနှင့်အညီ သုံးသပ်ရန် လိုအပ်လာပေသည်။

ဥပဒေအရ တည်ထောင်ထားသော အစိုးရကို ပြစ်မှုဆိုင်ရာ ဥပဒေတွင် The Government established by Law ဟုဖေါ်ပြထားသည်။ နိုင်ငံတော် ငြိမ်ဝပ်ပိပြားမှု တည်ဆောက်ရေးအဖွဲ့၊ ယခု နိုင်ငံတော် အေးချမ်းသာယာ ရေးနှင့်ဖွံ့ဖြိုးရေး ကောင်စီကို ကုလသမဂ္ဂ အဖွဲ့အစည်းကြီး အပါအ၀င် ကမ္ဘာ့နိုင်ငံအသီးသီးမှ မြန်မာနိုင်ငံ၏ အစိုးရအဖြစ် အသိအမှတ် ပြုထားသော အစိုးရဖြစ်ပါသည်။ သို့သော် ယင်းသို့ အသိအမှတ် ပြုထားသည့်အတွက် ဥပဒေအရ တည်ထောင်ထားသော အစိုးရ (The Government established by Law) ဖြစ်မလာပါ။

အစိုးရဟူသည့် စကားရပ်နှင့် ပတ်သက်၍ ပြစ်မှုဆိုင်ရာ ဥပဒေ၊ အခန်း(၂) အရပ်ရပ်ဆိုင်ရာ ရှင်းလင်းချက်များ ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ ၁၇ တွင် အစိုးရဆိုသည်မှာ ပြည်ထောင်စု မြန်မာနိုင်ငံ တ၀ှမ်းလုံးတွင် မည်သည့်အရပ်၌ မဆို ဥပဒေအရ အုပ်ချုပ်မှု အာဏာရရှိသော သူတဦးကိုဖြစ်စေ၊ အများကိုဖြစ်စေ ဆိုလိုသည်ဟု ရှင်းလင်း ဖေါ်ပြထားသည်ကို တွေ့ရမည်ဖြစ်သည်။ ဥပဒေ ပြဌာန်းချက်များအရ နအဖသည် ဥပဒေအရ တည်ထောင်ထားသည့် အစိုးရတရပ်မဟုတ် ကြောင်းကို အောက်ပါ အချက်များအရ အထင်အရှား တွေ့ရှိရမည်ဖြစ်သည်။

၁၈-၉-၁၉၈၈ ရက်စွဲပါ ကြေငြာချက်အမှတ် ၁/၈၈ တွင် နိုင်ငံတ၀ှမ်းလုံးတွင် အဖက်ဖက်မှ ယိုယွင်းနေသော အခြေအနေကို အချိန်မီ ထိန်းသိမ်းနိုင်ရန်အတွက် ပြည်သူပြည်သား အားလုံးအကျိုးငှာ တပ်မတော်သည် အောက်ပါ လက်ငင်းတာဝန်များကို ထမ်းဆောင်ရန် ယနေ့မှစ၍ နိုင်ငံတော်အာဏာ အရပ်ရပ်ကို လုံးဝတာဝန် ယူလိုက်သည်။ ထိုနေ့မှာပင် နိုင်ငံတော် အာဏာပိုင် အဖွဲ့အစည်းများကို ဖျက်သိမ်းကြောင်းနှင့် ဒုတိယ ၀န်ကြီးများကို တာဝန်မှရပ်စဲကြောင်း ၂/၈၈ ဖြင့် ကြေညာခဲ့သည်။

၂၀-၉-၁၉၈၈ ရက်စွဲပါ ကြေငြာချက်အမှတ် ၄/၈၈ တွင် နိုင်ငံတော် ငြိမ်ဝပ်ပိပြားမှု တည်ဆောက်ရေးအဖွဲ့မှ တာဝန်ပေးချက်အရ အောက်ပါ ပုဂ္ဂိုလ်များ ပါဝင်သော အုပ်ချုပ်ရေး အစိုးရအဖွဲ့ကို ယနေ့မှစတင်၍ ဖွဲ့စည်းလိုက် သည်ဟု ကြေညာခဲ့သည်။ ထို့ကြောင့် နိုင်ငံတော် ငြိမ်ဝပ်ပိပြားမှု တည်ဆောက်ရေးအဖွဲ့ ယခုနိုင်ငံတော်အေးချမ်း သာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီ၏ အုပ်ချုပ်ရေး အစိုးရအဖွဲ့ကို ကြေညာချက်များဖြင့် ဖွဲ့စည်း ဆောင်ရွက်ခဲ့ခြင်း ဖြစ်ကြောင်းနှင့် ဥပဒေအရ ဖွဲ့စည်းတည်ထောင်ထားသည့် အစိုးရမဟုတ်ကြောင်း ထင်ရှားစွာ တွေ့ရှိနိုင်ပါသည်။ ထို့အပြင်-

(က) ၄၅ နှစ်မြောက် တော်လှန်ရေးနေ့ဖြစ်သော ၂၇-၃-၁၉၉၀ ရက်နေ့ စစ်ရေးပြ အခမ်းအနားတွင် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး စောမောင်၏ မိန့်ခွန်းတွင် ဒီနေ့အစိုးရဟာ ရွေးချယ် တင်မြှောက်ခံရတဲ့ အစိုးရမဟုတ်ဘူး။ တပ်မတော်အစိုးရ၊ ဘာသာပြန်ဆိုချက်တွင် We are not elected government. We are a military government ဟုတွေ့ရပါသည်။

(ခ) ၂၀၀၅ ခုနှစ် မတ်လ ၁၅ ရက်နေ့ နိုင်ငံတော် အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီ၏ သတင်းထုတ် ပြန်ရေးကော်မတီက သတင်းစာ ရှင်းလင်းပွဲ၊ စာမျက်နှာ ၂ တွင် တိုင်းပြည်၏ လိုအပ်ချက်အရ ၁၉၈၈ ခုနှစ်တွင် တပ်မတော်အစိုးရက နိုင်ငံတော် တာဝန်ယူခဲ့ရသည်ဟု သက်ဆိုင်ရာတာဝန်ရှိသူက ပြောကြားသွားသည်ကိုလည်း တွေ့ရပါသည်။

အထက်ဖေါ်ပြပါ အချက်များအရ နအဖသည် ၁၉၇၄ ဖွဲ့စည်းပုံ အခြေခံဥပဒေပါ နိုင်ငံသားများ၏ မူလအခွင့်အရေး ကိုကန့်သတ်တားမြစ် နိုင်သည့် အခွင့်အာဏာမရှိပဲ ဒေါ်အောင်ဆန်းစုကြည် အပေါ် ကန့်သတ် တားမြစ်ခဲ့ခြင်းသည် ဥပဒေနှင့် ညီညွတ်ခြင်းမရှိသည်ကို အထင်အရှား တွေ့ရှိရသည်။

ဒေါ်အောင်ဆန်းစုကြည်အား တားဆီးမိန့် ထုတ်သည့် အထဲတွင်ပါသည့်အချက်များမှာ သံရုံးများ၊ နိုင်ငံရေးပါတီများ၊ နိုင်ငံရေးပါတီများနှင့် ဆက်နွယ်သူများနှင့် မဆက်သွယ်ရန်၊ နေအိမ်မှ အပပြင်ပသို့ ထွက်ခွင့် လုံးဝမပြုရန်၊ အခြားသို့ စာဖြင့်သော်လည်းကောင်း၊ စကားပြောကြေးနန်းဖြင့် သော်လည်းကောင်း ဆက်သွယ်ခြင်း မပြုရန်ဟု သာပါရှိသည်။ သို့သော် တရားလိုပြသက်သေ မြန်မာနိုင်ငံ သတင်းတပ်ဖွဲ့မှ ဒုတိယတပ်ဖွဲ့မှူး ရဲမှူးကြီး ၀င်းနိုင်ထွန်းက တရားရုံးတွင် ၁၉၇၄ ဖွဲ့စည်းပုံ အခြေခံဥပဒေပါ မူလအခွင့်အရေးများကို ကန့်သတ်ထားခြင်းသည် တရားဝင် ဆက်လက် အတည်ဖြစ်လျက်ရှိသကဲ့သို့ တရားရုံးက ဒေါ်အောင်ဆန်းစုကြည်အား အပြစ်ပေးနိုင်ရန် တမင်ရည်ရွယ်၍ ထွက်ဆိုခဲ့ခြင်းဖြစ်ကြောင်း သိသာထင်ရှားသည်။

၁၉၇၄ ဖွဲ့စည်းပုံ အခြေခံဥပဒေပါ နိုင်ငံသားများ၏ မူလအခြေခံ အခွင့်အရေးများကို ကန့်သတ်မည်ဆိုလျှင် ဥပဒေနှင့်အညီ ရွေးချယ် တင်မြှောက်ထားသည့် အစိုးရဖြစ်ရပါမည်။ နအဖသည် ဥပဒေနှင့်အညီ ပြည်သူက ရွေးချယ် တင်မြှောက်ထားသည့် အစိုးရမဟုတ်။ ထို့ကြောင့် ယခုအမှုကို မစွဲဆိုနိုင်၊ ဥပဒေနှင့်အညီ စွဲဆိုခြင်းမရှိသည့် အမှုကို လက်ခံ စစ်ဆေးနေခြင်းသည် နဂိုလ်မူလကပင် မှားယွင်းနေသည့်အတွက် စွဲဆိုထားသည့် အမှုကို တရားလိုဖက်မှ ရုပ်သိမ်းရန်သာဖြစ်ကြောင်း သုံးသပ်တင်ပြ လိုက်ရပေသည်။

0 comments:

Post a Comment