Tuesday, June 02, 2009

Filled Under:

ပြင်ဆင်မှုကိုလက်ခံမှာလား သို့မဟုတ် အကျဉ်းနည်းဖြင့် ပလပ်မှာလား

မင်းလွင်ဦး
ဂျွန်လ ၃ ရက်၊ ၂၀၀၉ ခုနှစ်


မူလ တရားရုံးက မှုခင်း ဆောင်ရွက်ရာတွင် ဆောင်ရွက်ပုံ မှားနေလျှင် ပြင်ဆင်မှုကို လက်ခံ၍ မှားယွင်းနေသည့် အချက်များကို အထက် တရားရုံးက ပြင်ဆင်ပေးရသည်။ ပြင်ဆင်မှုကို သုံးသပ်ရာတွင် အဓိက ရည်ရွယ်ချက်သည် အမှားကိုပြင်ရန်၊ မှန်ကန် မျှတမှုကို မြန်မြန် ပေါ်ပေါက်စေရန်နှင့် တရားမျှတမှုကို ညီညွတ် ထင်ရှားစေရန် ဖြစ်သည်။ တဆင့်မြင့် တရားရုံးသည် ထင်သလို ဆုံးဖြတ်နိုင်ခြင်း မရှိပေ။ ဥပဒေ ပြဌာန်းချက်များ၊ လုပ်ထုံး လုပ်နည်းနှင့် စီရင်ထုံးများ နှင့်အညီသာ ပြင်ဆင်ဆုံးဖြတ်မှု ပေးနိုင်သည်။ မူလ တရားရုံးက စစ်ဆေး ဆုံးဖြတ်ထားသည်ကို လေးစားစွာ လေ့လာပြီး ပြင်ဆင်သင့်လျှင် အကျိုးသင့် အကြောင်းသင့် ဖေါ်ပြ၍ မှတ်ချက်ပြုကာ ပြင်ဆင်ပေးရသည်။

မူလ တရားရုံး၏ ဆုံးဖြတ်ချက်များကို သာမန်အားဖြင့် အထက်တဆင့်မြင့် တရားရုံးက ပြင်ဆင်ရန် အောက်ပါ အချက်များ ပြည့်စုံရန်လိုသည်။
၁။ အမှုတွင်စွဲဆိုခြင်းသည် ဥပဒေပြဌာန်းချက်များ နှင့်ညီမညီ။
၂။ အမှုစစ်ဆေး စီရင်ရာတွင် ပြဌာန်းထားသည့် ကျင့်ထုံးများ၊ တရားရုံး လက်စွဲများနှင့် ကိုက်ညီမှုရှိ၊မရှိ စသည်တို့ကို အဓိကထား၍ ပြင်ဆင်မှုကို လက်ခံစစ်ဆေးသည့် တရားရုံးက အဓိကထား ကြည့်ရပါသည်။ သက်သေ ထွက်ချက်များကို အသေးစိတ် ကြည့်ရှုလေ့မရှိ။ တနည်းအားဖြင့် မူလ တရားရုံး၏ စစ်ဆေး စီရင်မှုသည် ဥပဒေ ပြဌာန်းချက်များ၊ လုပ်ထုံး လုပ်နည်းများနှင့် ကိုက်ညီမှု ရှိ မရှိကို အဓိကထား၍ သုံးသပ်ကြည့်ရှု ဆုံးဖြတ်ကြသည်။

ဒေါ်အောင်ဆန်းစုကြည်၏ အမှုတွင် အကျိုးဆောင်အဖြစ် လိုက်ပါ ဆောင်ရွက်ကြသည့် ဦးကြည်ဝင်း၊ ဦးဥာဏ်ဝင်း၊ ဦးလှမျိုးမြင့်နှင့် ဒေါ်ခင်ဌေးကြွယ်တို့က ဦးတင်ဦး၊ ဦးဝင်းတင်၊ ဦးကြည်ဝင်းနှင့် တောင်ကြီးမြို့မှ တရားရုံးချုပ်ရှေ့နေ ဒေါ်ခင်မိုးမိုးတို့ကို ဒေါ်အောင်ဆန်းစုကြည် ဖက်မှ တင်ပြမည့် သက်သေများအဖြစ် အမည် စာရင်းတင်သွင်းခဲ့သည်။ မူလတရားရုံးက သက်သေအဖြစ် တင်ပြမည့် ၄ ဦးအနက် ဦးကြည်ဝင်း တယောက်ကိုသာ ခွင့်ပြု၍ ကျန်သက်သေ ၃ ဦးအား အကြောင်းပြချက် တစုံတရာမပြပဲ ပယ်သည့် အမိန့်ချမှတ် ခဲ့သည်။ မူလတရားရုံးမှ ထိုသို့ ဆောင်ရွက်ခဲ့ခြင်းသည် ပြစ်မှုဆိုင်ရာ ကျင့်ထုံးဥပဒေ ပုဒ်မ ၂၅၇(၁)နှင့် မညီသည့်အတွက် ယခုကဲ့သို့ အထက်တရားရုံးတွင် ပြင်ဆင်မှုကို တင်သွင်း လျှောက်ထားခြင်း ဖြစ်သည်။

တရားခံက သက်သေအဖြစ် ဆင့်ဆို ပေးရန် လျှောက်ထားခြင်းမှာ တရားစီရင်ရေးကို အနှောက် အယှက်ပြုရန်၊ သို့မဟုတ် စစ်ဆေးနေသည့် အမှုကို ကြန့်ကြာစေရန်၊ သို့မဟုတ် စစ်ဆေးနေသည့် အမှုတွင် တရားမျှတစွာ ဆုံးဖြတ်နိုင်ရေးကို ထိခိုက်စေရန် ကိစ္စအလို့ငှာ ပြုလုပ်သည်ဟု ယုံကြည်ပါက ယင်း လျှောက်ထားချက်ကို ရာဇ၀တ် တရားသူကြီးက ငြင်းဆိုနိုင်သည်။ ထိုသို့ ငြင်းဆိုသည့်အခါ မည်သည့်အတွက် ငြင်းဆိုရကြောင်းကို ရေးသားမှတ် တမ်းတင်ထားရမည်ဟု ပြစ်မှုဆိုင်ရာ ကျင့်ထုံးဥပဒေ၂၅၇(၁)တွင် ပြဌာန်းထားသည်ကို တွေ့ရသည်။

ပညာရှိ တရားသူကြီးများဖြစ်သော ဦးသောင်းညွန့်နှင့် ဦးညီညီစိုးတို့သည် ထိုကဲ့သို့ ဆောင်ရွက်ခဲ့ခြင်း မရှိသည့်အတွက် ဦးကြည်ဝင်းတို့က တိုင်းတရားရုံးသို့ ပြင်ဆင်မှု တင်သွင်းခဲ့ခြင်း ဖြစ်သည်။ တိုင်းတရားရုံးကလည်း ထိုကဲ့သို့ ပြင်ဆင်မှု တင်သွင်းခြင်းအပေါ် လက်ခံသင့်၊ မသင့် ကြားနာရန် ဒေါ်အောင်ဆန်းစုကြည်၏ အကျိုးဆောင်များအား ၂-၆-၂၀၀၉ ရက်နေ့ ညနေ ၄ နာရီတွင် လျှောက်လဲချက် ပေးရန် ချိန်းဆိုခဲ့သည်။ သို့သော် ညနေ ၄ နာရီခွဲတွင် တရားသူကြီး မလာရောက်သည့်အတွက် ၃ ရက်နေ့တွင် ထပ်မံ၍ လာရောက် စုံစမ်းရန် ချိန်းဆိုခဲ့ပြန်သည်။

သာမန်အားဖြင့် ထိုသို့ ပြင်ဆင်မှု တင်သွင်းလျှင် ပြင်ဆင်မှု လျှောက်လွှာ လက်ခံရရှိသည့် တရားရုံးက ပြင်ဆင်မှုကို လက်ခံသင့် မသင့် လျှောက်လဲချက်ပေးရန် အနည်းဆုံး ရက်သတ္တ ၂ ပတ် ချိန်းဆိုလေ့ရှိသည်။ ယခုအမှုတွင် ဒေါ်အောင်ဆန်းစုကြည်၏ အကျိုးဆောင်များက တင်သွင်းသည့် ပြင်ဆင်မှု လျှောက်လွှာကို လက်ခံရရှိသည်နှင့် ညနေ ၄ နာရီတွင် လက်ခံသင့်၊ မသင့် လျှောက်လဲချက် ပေးရန် ချိန်းဆိုခြင်းသည် ၀န်ကြီးချုပ် သိန်းစိန် မိန့်ကြားခဲ့သည့် မှန်မှန်နှင့်မြန်မြန် တရားစီရင်ရေးကို စတင် အကောင်အထည် ဖေါ်နေပြီလားဆိုသည်ကိုပင် စဉ်းစားစရာပင် ဖြစ်သည်။ ပြင်ဆင်မှု အကြောင်းပြချက် များသည် ဥပဒေ ပြဌာန်းချက်များနှင့် လုပ်ထုံးလုပ်နည်းများ မှားယွင်းခြင်း မရှိဟု တိုင်းတရားရုံးက သုံးသပ်ပါက ပြင်ဆင်မှုကို လက်မခံပဲ ပယ်ချနိုင်ပါသည်။ ဥပဒေ ပြဌာန်းချက်များ၊ လုပ်ထုံးလုပ်နည်းများ တစုံတရာ ပြင်ဆင်ပေးရန် အကြောင်းမမြင်လျှင် အကျဉ်းနည်းဖြင့် လျှောက်လွှာကို ပလပ်ပြီး အောက်ရုံး ဆုံးဖြတ်ချက်ကို အတည်ပြုကြောင်း အမိန့်ချမှတ်ရန်သာ ရှိပါသည်။

ပြင်ဆင်မှု လျှောက်လွှာကို တိုင်းတရားရုံးမှ လက်ခံသည်ဆိုပါက မူလခရိုင် အထူးခုံရုံးတွင် စစ်ဆေး နေသည့် အမှုတွဲအား တိုင်းတရားရုံးသို့ ပို့ဆောင်ပေးရန် တိုင်းတရားရုံးက မူလခရိုင် အထူးခုံရုံးသို့ ညွန်ကြား ရမည်ဖြစ်သည်။ တိုင်းတရားရုံးက ၂ ဖက်တင် ပြလျှောက်လဲချက်ကို ကြားနာ၍ အမှုတွင် ပေါ်ပေါက်ချက်များအရ ဥပဒေနှင့်အညီ ပြင်ဆင်ဆုံးဖြတ် ပေးရမည် ဖြစ်သည်။

မူလ ခရိုင်အထူးခုံရုံးတွင် စစ်ဆေး နေသည့် အမှုအား တိုင်းတရားရုံးမှ ပြင်ဆင်မှုကို ဆုံးဖြတ်ပြီးသည် အထိ ဆိုင်းငံ့ပေးထားရမည် ဖြစ်သည်။ လျှောက်လဲချက် ပေးရန် သတ်မှတ်ထားသည့် နဂိုမူလ ၅ ရက်နေ့ အစား သင့်တော်သည့် နေ့ရက်ကို ရုံးချိန်းအဖြစ် ပြန်လည် သတ်မှတ် ပေးရမည် ဖြစ်သည်။

တိုင်းတရားရုံးက ပြင်ဆင်မှုကို လက်ခံ ကြားနာခဲ့ပါက သာမန်မှုများတွင် အနည်းဆုံး ရက်သတ္တ ၂ ပတ်မှ တလထိ ကြာမြင့် တတ်သော်လည်း ယခုအမှုတွင်မူ အလွန်ဆုံး ရက်သတ္တ တပတ်သာ ကြာမြင့်မည် ဟုခန့်မှန်း ရပါသည်။

မူလခရိုင်တရားရုံး၏ ဆုံးဖြတ်ချက်ကို ပြင်ဆင်လိုက်ပါက သက်သေများအား ဆက်လက်စစ်ဆေးပြီးမှ အပြစ် မပေးသင့်ကြောင်း အပြီးသပ် လျှောက်လဲချက် ပေးရမည်ဖြစ်သည်။

တိုင်းတရားရုံးက ပြင်ဆင်မှု လျှောက်လွှာအား လက်မခံပဲ အကျဉ်းနည်းဖြင့် ပလပ်သည့် အမိန့်ကို သော်လည်းကောင်း (သို့မဟုတ်) ပြင်ဆင်မှု လျှောက်လွှာကို လက်ခံပြီး၂ ဖက် လျှောက်လဲချက်ကို ကြားနာပြီးမှ မူလခရိုင် အထူးတရားရုံး၏ ဆုံးဖြတ်ချက်ကို ၀င်ရောက် စွက်ဖက်ရန် အကြောင်းမမြင်သဖြင့် ပြင်ဆင်မှု လျှောက်လွှာအား ပလပ်ပြီး အောက်တရားရုံး၏ ရေးသား မထားသည့် အမိန့်နှင့် ဆုံးဖြတ်ချက်ကို အတည်ပြုသည့် အမိန့်ကို သော်လည်းကောင်း ချမှတ်နိုင်ပါသည်။

တိုင်းတရားရုံးက မူလခရိုင်တရားရုံး၏ ဆုံးဖြတ်ချက်ကို အတည်ပြုခဲ့ပါက ဒေါ်အောင်ဆန်းစုကြည်ဖက်မှ တရားရုံးချုပ်သို့ တိုင်းတရားရုံး၏ ဆုံးဖြတ်ချက်ကို ပြင်ဆင်ပေးရန် ပြင်ဆင်မှု တင်သွင်းနိုင်သည့် အခွင့်အရေးကို ဥပဒေက ခွင့်ပြုထားပေသည်။ သို့သော် ထိုအခွင့်အရေးကို ခံစားနိုင်ရန် လုံလောက်သည့် အချိန် ရပါမည်လား ဆိုသည်မှာ လွန်စွာ သံသယ ဖြစ်စရာပင်ဖြစ်ကြောင်း တင်ပြလိုက်ရပေသည်။

0 comments:

Post a Comment