Wednesday, June 03, 2009

Filled Under:

ဒေါ်အောင်ဆန်းစုကြည် ရုံးတင်စစ်ဆေးနေတာဟာ လက်ရှိ တည်ဆဲဥပဒေကို ချိုးဖေါက်တယ်လို့ လူ့အခွင့်အရေး ရှေ့နေများ ဝေဖန်

VOA ----- 3/ 6/ 2009
ဒေါ်အောင်ဆန်းစုကြည် အပေါ် နေအိမ်အကျယ်ချုပ် ကန့်သတ်မိန့် ချိုးဖေါက်မှု ဥပဒေနဲ့ အင်းစိန် ထောင်မှာ ရုံးတင်စစ်ဆေး နေတာဟာ လက်ရှိ မြန်မာပြည်တွင်း တည်ဆဲ ဥပဒေကို ပြန်ပြီး ချိုးဖေါက်ရာ ရောက်တယ်လို့ လူ့အခွင့်အရေး ရှေ့နေတွေက ဝေဖန်လိုက်ပါတယ်။ အပြစ်အပျက်တခုကို ခြုံကြည့်လျှင် ဒေါ်အောင်ဆန်းစုကြည် ဘက်က ဥပဒေချိုးဖေါက်မှု မရှိသလို ဒီလိုအမှု ဖြစ်စရာ အကြောင်းမရှိဘူးလို့ AHRC လို့ခေါ်တဲ့ ဟောင်ကောင်အခြေစိုက် အာရှ လူ့အခွင့်အရေး ကော်မရှင်မှ လူ့အခွင့်အရေး ရှေ့နေ ဦးမင်းလွင်ဦးကို ကိုသားညွန့်ဦးက မေးမြန်းရာမှာ သူက အခုလို ပြောသွားတာ ဖြစ်ပါတယ်။

ဦးမင်းလွင်ဦး ----- တရားစီရင်ရေး ဆိုင်ရာမူဖြစ်တဲ့-
၁။ လွတ်လပ်စွာ တရားစီရင်ရေး မရှိဘူး။ အဲဒီအခွင့်အရေး ကျနော်တို့ ဆုံးရှုံးတာဖြစ်တယ်။ နောက်တခါ-
၂။ အများပြည်သူ ရှေ့မှောက်မှာ စစ်ဆေးစီရင်ခြင်း ပြုရမယ်ဆိုတဲ့ တရားစီရင်ဆိုင်ရာ မူတွေ ချမှတ်ထားတာ ရှိတယ်။ ဒီအချက်ကိုလည်း ကျနော်တို့ ခံစားခွင့်မရှိဘူး ဖြစ်တယ်။ နောက်တချက်ကတော့ -
၃။ ဥပဒေအရ ခုခံခြေပခွင့် ပေးရမယ်ဆိုတဲ့ တရားစီရင်ရေးဆိုင်ရာ မူတချက် ရှိပါတယ်။ ဒီအချက်ကိုလည်း ကျနော်တို့အနေနဲ့ ခံစားခွင့်မရှိပါဘူး။

ဘာကြောင့်လည်းဆိုတော့ တရားခံအဖြစ် စွပ်စွဲခံရတဲ့ ဒေါ်အောင်ဆန်းစုကြည် ဘက်ကနေပြီး တင်ပြတဲ့ သက်သေ ၄ ယောက်မှာ ၃ ယောက်ကို တရားရုံးကနေပြီး ပယ်ထားတဲ့အတွက် ကျနော်တို့အနေနဲ့ ထိုက်တန်တဲ့ ခုခံခြေပခွင့် မရရှိခဲ့ပါဘူး။ ဒီအခွင့်အရေးတွေဟာ ဥပဒေက အတိအလင်း ခွင့်ပြု ပေးထားသော်လည်း ဒေါ်အောင်ဆန်းစုကြည် အနေနဲ့ မရဘဲနဲ့ ဆုံးရှုံးနေရတယ် ဆိုတာကို ကျနော်တို့ ပြောချင်ပါတယ်။

မေး ----- အခု ဒီတရားစီရင်ရေးဟာ လက်ရှိ ဥပဒေနဲ့ မကိုက်ညီဘူးလို့ သုံးလို့ရမှာလား၊ လက်ရှိဥပဒေကို ပြန်ပြီး ချိုးဖေါက်တယ်လို့ သုံးလို့ရမှာလား။ ဘယ်အဆင့် ရောက်နေသလဲ။

ဦးမင်းလွင်ဦး ------ အထူးသီးသန့် ခုံရုံးအနေနဲ့ တရားစီရင်ရေး ဆိုင်ရာမူတွေကို လိုက်နာ ဆောင်ရွက်ခြင်း မရှိဘဲနဲ့ မျက်ကွယ်ပြု ဆုံးဖြတ်နေတယ်။ အမြင့်ဆုံး တရားစီရင်ရေး တရားရုံးချုပ်ကနေ ပြဌာန်းထားတဲ့ တရားစီရင်ရေး စနစ်ကို တရား စီရင်ရေးဆိုင်ရာ မူတွေကို ချိုးဖေါက်ပြီးတော့ စီမံဆောင်ရွက် နေတယ်လို့ ကျနော်တို့ ပြောချင်ပါတယ်။ ကျနော်တို့ နောက်ပိုင်းမှာ ဒီနေ့ ဆိုရင်လည်း ဒေါ်အောင်ဆန်းစုကြည်ရဲ့ အကျိုးဆောင်များက နေပြီးတော့ တိုင်းတရားရုံးမှာ သက်သေအဖြစ် ခေါ်ယူခွင့်နဲ့ ပတ်သက်ပြီးတော့ ပြင်ဆင်မှု တင်သွင်းထားတယ် ဆိုတာ ကျတော်တို့ သိရှိရတယ်။ ဒါကလည်း ဥပဒေအရ ပေးထားတဲ့ အခွင့်အရေးကို တရားခံဘက်က ရဖို့သင့်တယ်။ နောက်ပြီးတော့ ဥပဒေကလည်း ပေးကိုပေးရမယ်ဆိုတဲ့ ပြဌာန်းချက် ရှိတဲ့အတွက် အခုလိုမျိုး ပြင်ဆင်ထားတာ ဖြစ်တယ်။

အဲတော့ အဲလိုမျိုး ပြင်ဆင်မှု တင်သွင်းထားတာကို တိုင်းတရားရုံးကနေပြီး လက်ခံခဲ့မယ် ဆိုလို့ရှိရင် ကျနော်တို့အနေနဲ့ ကျန်တဲ့သက်သေ ၃ ယောက်ကို ပြပြီးတော့ ဒေါ်အောင်ဆန်းစုကြည် ဘက်ကနေ ခုခံချေပနိုင်တယ်။ အဲဒီလို တိုင်းတရားရုံးက နေပြီတော့ ပြင်ဆင်မှု တင်သွင်းထားတဲ့ တင်သွင်းချက်ကို လက်မခံဘူး ဆိုလို့ရှိရင်တော့ အစောကပြောတဲ့ ၅ ရက်နေ့မှာ လျှောက်လဲချက် ဆက်လက် ဆောင်ရွက်သွားမှာ ဖြစ်တယ်။ ၅ ရက်နေ့ လျှောက်လဲချက်ပေးဖို့ ရက်ချိန်းမှာ လုပ်ဆောင်ခဲ့မယ် ဆိုလို့ရှိရင် အမိန့်ချမှတ်မဲ့ ရက်ကိုလည်း ဆက်ပြီး စောင့်ရမဲ့ အခြေအနေ ဖြစ်တယ်။

တရားစီရင်ရေး စနစ်နဲ့ ပတ်သက်ပြီး ပြောရရင်တော့ မြန်တိုင်းလည်း မှန်ချင်မှ မှန်မယ်ဆိုတာကို ကျနော်တို့ အနေနဲ့ ပြောချင်ပါတယ်။

မေး ----- အခု ဒေါ်အောင်ဆန်းစုကြည်ရဲ့ တရားခွင်အမှုဟာ နိုင်ငံရေးကိစ္စတွေ တော်တော်လေး လွှမ်းမိုးနေတာလား။ အခု သက်သေအဖြစ် နေအိမ်အကျယ်ချုပ် ခံရတဲ့ ဦးတင်ဦးလည်း ပါပါတယ်။ နိုင်ငံရေး ဖြစ်နေတဲ့ ကိစ္စတွေမှာ ဥပဒေရဲ့ လောင်းရိပ်ထိုးနေတဲ့ သဘော ဖြစ်မနေဘူးလား။

ဦးမင်းလွင်ဦး ------ ဟုတ်တယ်ခင်ဗျား။ ဒီကိစ္စက နိုင်ငံရေး လွှမ်းမိုးမှု ရှိတယ်လို့ ပြောမယ်ဆိုရင် ပြောလို့ရပါတယ်။ ဘာကြောင့်လည်းဆိုတော့ နိုင်ငံရေးကြောင့်သာ ဒီအမှုကို မဖြစ်မနေ စွဲဆိုပြီးတော့ ဒေါ်အောင်ဆန်းစုကြည်ကို တရားခံအဖြစ် သတ်မှတ်ထားတာ ဖြစ်တယ်။ အာဏာရှိတဲ့ သူတွေ စီမံ ဖန်တီးခဲ့တာ ဖြစ်တယ်။ သာမန်ဥပဒေ အမြင်အရ ပြောရမယ် ဆိုလို့ရှိရင် ဒီအမှုဟာ ဒေါ်အောင်ဆန်းစုကြည် ချိုးဖေါက်တာလည်း မဟုတ်ဘူး။ ကျူးလွန်တာလည်း မဟုတ်ဘူး။ အပြစ်ပေးနိုင်စရာ အကြောင်း အချက်အလက် တစုံတရာမှ မရှိဘူး။ ဥပဒေကြောင်းအရ ပြောရမယ်ဆိုလို့ရှိရင် ဒီအမှုကို စွဲဆိုဖို့ အကြောင်းခြင်းရာ မပေါ်ပေါက်ဘူးလို့ ကျနော်တို့ ပြောချင်ပါတယ်။

(ဒါကတော့ အာရှလူ့အခွင့်အရေး ကော်မရှင်မှ လူ့အခွင့်အရေး ရှေ့နေ ဦးမင်းလွင်ဦး ပြောသွားတာ ဖြစ်ပါတယ်။)

0 comments:

Post a Comment