Thursday, June 04, 2009

Filled Under:

တရုတ်ပြည် တီယန်နန်မင် (Tiananmen) ဒီမိုကရေစီ လှုပ်ရှားမှု အရေးတော်ပုံ အနှစ် ၂၀ ပြည့် အထိမ်းအမှတ်

RFA ---- 4/6/ 2009
သောတရှင်များခင်ဗျား။ ဒီကနေ့ ဂျွန်လ ၄ ရက်နေ့ဟာ တရုတ်ပြည်မှာ လွန်ခဲ့တဲ့ အနှစ် ၂၀ က ပေါ်ပေါက်ခဲ့တဲ့ တီယန်နန်မင် (Tiananmen) ဒီမိုကရေစီ တောင်းဆိုလှုပ်ရှားမှု အရေးတော်ပုံကို စစ်တပ်က ပစ်သတ် နှိမ်နင်းခဲ့တဲ့ နှစ်ပတ်လည်နေ့ ဖြစ်တဲ့အတွက် တရုတ်အစိုးရဟာ ပြည်သူတွေကြားမှာ သတင်း အချက်အလက်တွေ အမြန်ဆုံးနည်းနဲ့ ပြန့်နှံ့ရောက်ရှိနိုင်ခဲ့တဲ့ အင်တာနက် စာမျက်နှာတွေ၊ ရုပ်မြင်သံကြား လိုင်းတွေကို အကြီးအကျယ် ပိတ်ဆို့နေသလိုဘဲ ပေကျင်းမြို့တော်မှာလည်း လုံခြုံရေးအင်အားတွေ အထူအထပ် တိုးမြှင့် ချထားပါတယ်။

မြန်မာပြည်မှာ ၁၉၈၈ ခုနှစ် ဒီမိုကရေစီ တောင်းဆိုလှုပ်ရှားမှု ပေါ်ပေါက်ပြီး တနှစ်အကြာ ၁၉၈၉ ခုနှစ်မှာ တရုတ်ပြည်မှာလည်း အလားတူ လူထုတောင်းဆို ဆန္ဒပြပွဲ ပေါ်ပေါက်ခဲ့ပါတယ်။ နိုင်ငံတ၀ှမ်း ဆိုးရွားနေတဲ့ အစိုးရအရာရှိတွေရဲ့ အကျင့်ပျက် ချစားမှု တိုက်ဖျက်ရေး၊ နိုင်ငံရေးစနစ် ပြုပြင်ပြောင်းလဲရေးတို့ အပါအ၀င် ဒီမိုကရေစီစနစ် လိုလားတဲ့ ကျောင်းသား၊ အလုပ်သမားနဲ့ ပြည်သူတွေဟာ ၁၉၈၉ ခုနှစ် ဧပြီလ ၁၄ ရက်နေ့မှာ ပီကျင်းမြို့ တီယန်နန်မင် (Tiananmen) ရင်ပြင်မှာ စုရုံး ဆန္ဒပြခဲ့ကြတာ ဖြစ်ပါတယ်။ ဒီနောက် သတင်း ၇ ပတ်လောက်အကြာ ဂျွန်လ ၄ ရက်နေ့မှာ သိန်းနဲ့ ချီတဲ့ ဆန္ဒပြ လူအုပ်ကို တရုတ်စစ်တပ်က အင်အားအလုံးအရင်းနဲ့ မောင်းပြန်သေနပ်တွေ၊ သံချတ်ကာ ကားတွေ၊ မျက်ရည်ယိုဗုံးတွေနဲ့ တရစက် ပစ်ခတ်ခဲ့ပါတယ်။

အဲဒီ ဂျွန်လ ၄ ရက် တီယန်နန်မင် (Tiananmen) ဆန္ဒပြပွဲမှာ ကျောင်းသားခေါင်းဆောင် တဦးဖြစ်ခဲ့ပြီး အခုတော့ Humanitarian China တရုတ်ပြည် လူသားချင်း စာနာမှု အကူအညီ ပေးရေးအဖွဲ့ရဲ့ အကြီးအကဲတဦးအဖြစ် ဆောင်ရွက်နေသူ မစ္စတာ ဖန်းဆူးဆောင်ကတော့ လွန်ခဲ့တဲ့ အနှစ် ၂၀ က တီယန်နန်မင် (Tiananmen) ပစ်ခတ်မှုဟာ သူ့အတွက် ဒီတသက် မမေ့နိုင်စရာ အပြစ်အပျက်ပါဘဲ။

“ သေနတ်သံဆိုရင် Tiananmen ရင်ပြင်ခုလုံး ဆူညံနေတယ်ဗျ။ သွေးအလိမ်းလိမ်းနဲ့ လဲကျနေသူတွေ၊ ဒဏ်ရာရထား သူတွေကို သယ် မ နေကြတဲ့သူတွေ၊ သံချပ်ကာကားတွေ၊ စစ်သားတွေဆိုရင် ကျနော့မြင်ကွင်း တခုလုံး ဖုံးလွှမ်းနေတယ်ဗျား။”

ပီကျင်းမြို့လယ်ခေါင် တီယန်နန်မင် Tiananmen ရင်ပြင်မှာ စစ်ပွဲကြီးတခုလို တဖက်သတ် ပစ်ခတ် နှိမ်နင်းတဲ့ တရုတ်အစိုးရ လက်ချက်ကြောင့် လူဘယ်နှစ်ဦး သေတယ်ဆိုတာ ဒီကနေ့အထိ စာရင်း အတိအကျ မရှိရပါဘူး။ တရုတ် ကြက်ခြေနီ အသင်းနဲ့ နီးစပ်တဲ့ သတင်း ရပ်ကွက်က လူ ၂၇၀၀ (နှစ်ထောင့် ခုနစ်ရာ) လောက် သေဆုံးတယ်လို့ ကနဦး သတင်း ထွက်ပေါ်ခဲ့တာ ရှိပေမဲ့ တရုတ် ကြက်ခြေနီ အသင်းက ဒီလိုမျိုး ဘယ်တုန်းကမှ မပြောဆိုခဲ့ကြောင်း ငြင်းဆိုခဲ့ပါတယ်။

အရေးတော်ပုံအတွင်း လူပေါင်း ထောင်သောင်းချီ ဖမ်းဆီးခံရပြီး အများစုဟာ ထောင်ချ ခံခဲ့ရပါတယ်။ ထိန်းသိမ်းခံရသူအထဲက ဘယ်နှစ်ဦး လက်စဖျောက် သတ်ဖြတ်ခံရတာလည်း စာရင်း မသိရပါဘူး။ တရုတ်အစိုးရကတော့ သတ်ဖြတ်ခံရသူ တဦးမှ မရှိတဲ့အပြင် စစ်တပ်နဲ့ ဆန္ဒပြသူတွေအကြား လမ်းပေါ်မှာ အပြန်အလှန် တိုက်ခိုက်မှုကြောင့် စစ်သားတွေအပါအ၀င် သေဆုံးသူ ၂၄၁ ဦး ရှိခဲ့ပြီး ဒဏ်ရာရသူ ၇၀၀၀ (ခုနစ်ထောင်)ဘဲ ရှိခဲ့တယ်လို့ သတင်း ထုတ်ပြန်ခဲ့ပါတယ်။

တရုတ်ပြည်က တီယန်နန်မင် Tiananmen အရေးအခင်း အနှစ် ၂၀ ကြာသွားခဲ့ပေမဲ့ ဒီအရေးအခင်းနဲ့ ပတ်သက်လို့ တရုတ်ပြည်မရဲ့ လက်အောက်ခံ ဟောင်ကောင်နဲ့ တခြားလွတ်လပ်တဲ့ နိုင်ငံတွေက လူ့အခွင့်အရေး လှုပ်ရှားသူတွေက ဆန္ဒပြပွဲတွေ၊ အောင့်မေ့အမှတ်တရ အထိမ်းအမှတ်ပွဲတွေ ပြုလုပ်နေကြဆဲ ဖြစ်ပါတယ်။ ပြီးခဲ့တဲ့ တနင်္ဂနွေနေ့ကဆိုရင် တီယန်နန်မင် (Tiananmen)အရေးတော်ပုံ အနှစ် ၂၀ ပြည့် အထိမ်းအမှတ် အဖြစ် ဟောင်ကောင်မှာ လူငါးထောင်လောက် ဆန္ဒပြခဲ့ကြပါတယ်။ ဒါ့အပြင် တရုတ်အစိုးရရဲ့ စာရင်း ထုတ်ပြန်ချက်တွေကို နိုင်ငံတကာက ဒီကနေ့အထိ အယုံအကြည် မရှိကြတဲ့အတွက် တီယန်နန်မင် (Tiananmen) အရေးအခင်းမှာ သေဆုံးခဲ့ရသူတွေ၊ ဖမ်းဆီးထောင်ချ ခံခဲ့ရသူတွေ၊ ပျောက်ဆုံးနေသူ အရေးနဲ့ ပတ်သက်လို့ စာရင်းတိအကျ ဖေါ်ထုတ်ပေးဖို့ အမေရိကန်နဲ့တကွ နိုင်ငံအချို့က တရုတ်အစိုးရကို တောင်းဆိုနေကြဆဲ ဖြစ်ပါတယ်။

တရုတ်အစိုးရအနေနဲ့ ဖုံးကွယ်ဖို့ ကြိုးပမ်းတာထက် သမိုင်းသင်ခန်းစာ ယူတတ်လာတာကို မြင်တွေ့လိုကြောင်း အမေရိကန် နိုင်ငံခြားရေး ၀န်ကြီးဌာနက မနေ့ကဘဲ ကြေငြာချက် ထုတ်ပြန်လိုက်ပါတယ်။ အခုလို အနှစ် ၂၀ ကြာသွားခဲ့ပေမဲ့လည်း အမှန်တရားကို ဖေါ်ထုတ်ရမဲ့ ကိစ္စတွေကတော့ တရားမျှတမှုနဲ့ ဥပဒေရေးရာရှုထောင့်၊ လူသားဆိုင်ရာ ရှုထောင့်တွေကနေ ဖေါ်ထုတ်သွားရမယ် ဖြစ်တယ်လို့ AHRC လို့ခေါ်တဲ့ ဟောင်ကောင်အခြေစိုက် အာရှလူ့အခွင့်အရေးကော်မရှင်မှ ဥပဒေပညာရှင် ဦးမင်းလွင်ဦးက ပြောပါတယ်။

“ဒါတွေက တရုတ်နိုင်ငံမှာသာ မဟုတ်ပါဘူး။ ကျနော်တို့ မြန်မာနိုင်ငံ ဆိုလို့ရှိရင်လည်း အထင်ကရဖြစ်တဲ့ 7 July အရေးအခင်း ရှိတယ်။ ၈၈၈၈ (ရှစ်လေးလုံး)ရှိတယ်။ ဒီပဲယင်း အကြမ်းဖက်မှု ရှိတယ်။ ၂၀၀၇ နှစ်ကမှ ပြီးသွားတဲ့ ရွှေဝါရောင် သံဃာ့လှုပ်ရှားမှုရှိတယ်။ အဲဒီလို လှုပ်ရှားမှုတွေက နိုင်ငံတိုင်း တော်တော်များများမှာ ရှိကြပါတယ်။ ထိုင်းမှာဆိုလို့ရှိရင်လည်း တက္ကသိုလ်ကျောင်းသားတွေ ဒီမိုကရေစီရေးအတွက် ဆန္ဒပြရင် ဒီဆုံးသွားတဲ့ Black September အရေးအခင်း လိုမျိုးတွေ အဲဒါတွေက တိုးတက်လာတဲ့ လူမှုအဖွဲ့အစည်းမှာ ဒီမိုကရေစီကို ဖေါ်ဆောင်တဲ့ အစိုးရတွေ ကျလို့ရှိရင် ဒါတွေက မဖြစ်မနေ ဖေါ်ထုတ်ပေးရမဲ့ အခြေအနေ ဖြစ်ပါတယ်။”

တီယန်နန်မင် (Tiananmen) အရေးတော်ပုံအပြီး လွန်ခဲ့တဲ့ အနှစ် ၂၀ ကာလအတွင်း တရုတ်ပြည်သူတွေရဲ့ စီးပွားရေး တိုးတက် မြင့်မားလာခဲ့ပေမဲ့ တရုတ်ပြည်သူ တဦးချင်းရဲ့ လွတ်လပ်ခွင့်နဲ့ လူ့အခွင့်အရေး တွေကတော့ အာဏာရှင် ကွန်မြူနစ် အစိုးရလက်အောက်မှာ ပျောက်ဆုံးနေဆဲပဲလို့ နိုင်ငံရေး၊ လူမှုရေး အကဲခတ်တွေက ရှုမြင် သုံးသပ်ကြပါတယ် ခင်ဗျား။

ဒါကတော့ ဒီကနေ့ကျရောက်တဲ့ အနှစ် ၂၀ နဲ့ ပတ်သက်လို့ တင်ပြခဲ့တာ ခင်ဗျား။

0 comments:

Post a Comment