Sunday, July 26, 2009

Filled Under:

ဒေါ်အောင်ဆန်းစုကြည် အမှုအား ရုံးချိန်း ရွှေ့ဆိုင်းလိုက်ခြင်းနှင့် ပတ်သက်ပြီးသုံးသပ်ချက်

BBC ------ 25 July 2009

နေအိမ် အကျယ်ချုပ် စည်းကမ်းချိုးဖေါက်တယ် ဆိုတဲ့ စွပ်စွဲချက်နဲ့ အင်းစိန်ထောင် အထူးတရားရုံးမှာ တရားစွဲ ခံထားရတဲ့ ဒေါ်အောင်ဆန်းစုကြည် အမှုနဲ့ ပတ်သက်လို့ မနေ့က ဒေါ်အောင်ဆန်းစုကြည် ဘက်က ဥပဒေ အကျိုးဆောင် ရှေ့နေဦးကြည်ဝင်း၏ လျှောက်လဲချက်တွေကို ကြားနာအပြီးမှာ ရုံးချိန်းကို တနလာင်္နေ့ကို ရွှေ့ဆိုင်းလိုက်ပါတယ်။ အခုလို နှစ်ဖက်ရှေ့နေတွေ တရက်ထဲ မလျှောက်လဲနိုင်ခဲ့တဲ့အတွက် ဒေါ်အောင်ဆန်းစုကြည် ဘက်က မကျေနပ်ဘူးလို သိရပါတယ်။ ဥပဒေ ရှုထောင့်အရ ကြည့်လျှင် ဒေါ်အောင်ဆန်းစုကြည် ဘက်က ဘယ်လို နစ်နာမှုတွေ ရှိသလဲ။ တကယ်တန်း ဥပဒေအရ အဲဒီနေ့ ကြားနာ စစ်ဆေးမှုမှာ နှစ်ဘက် ရှေ့နေတွေ အနေနဲ့ ဘယ်လိုလျှောက်လဲ ပိုင်ခွင့် ရှိပါသလဲလို့ အာရှ လူ့အခွင့်အရေး ကော်မရှင်မှ မြန်မာ့အရေး ဆောင်ရွက်နေတဲ့ ရှေ့နေ ဦးမင်းလွင်ဦးကို ဆက်သွယ် မေးမြန်းကြည့်ရာမှာ သူက အခုလို သုံးသပ်ပါတယ်။

ဦးမင်းလွင်ဦး ------- ဟုတ်ကဲ့ ကျနော်တို့ မနေ့က စစ်တဲ့အခါမှာ အင်းစိန်ထောင်အတွင်းမှာ ဖွင့်ထားတဲ့ အထူးသီးသန့် ခုံရုံးဖြစ်တယ်။ သီးသန့်ခုံရုံး ဖြစ်တဲ့အတွက် ရုံးချိန်စမယ် ဆိုလို့ရှိရင် ၉ နာရီလည်း စလို့ရတယ်။ ၁၀ နာရီလည်း စလို့ရတယ်။ သို့သော်လည်း ဒီလိုမဟုတ်ဘဲနဲ့ မွန်းလွဲတဲ့အခါကျမှ စတယ်။ ဒီဟာက ကျနော်တို့ အနေနဲ့ အများကြီး သံသယ ဖြစ်စရာတခု ဖြစ်လာတယ်။ အဲတော့ နံနက် ၉ နာရီ စတယ်ဆိုလို့ရှိရင် တရားခံဘက်က အပြစ်မပေးသင့်ဘူး ဆိုတဲ့အကြောင်းကို ခုခံချေပရမှာ ဖြစ်တယ်။ အဲဒီလို ပြောပြီးတဲ့အခါမှာ တရားလိုဘက်က နေပြီးတော့ ကဲ တရားခံကတော့ ဒီပြစ်မှုတွေ ဒီဥပဒေတွေကို ဘယ်လို ချိုးဖေါက်တယ်။

ဒါကြောင့် ဘယ်လို အပြစ်ပေးသင့်တယ် ဆိုတာကို ပြောတာဖြစ်တယ်။ အဲတော့ ကျနော်တို့ နှစ်ဘက် အပြီးသတ် လျှောက်လဲချက်က အဓိက ပြောရမှာ ဖြစ်တယ်။ တရားခံတွေ ဘက်ကို အခွင့်အရေး ပိုပေးထားတဲ့ ဥပဒေရဲ့ လိုက်နာရမဲ့ စည်းမျဉ်းစည်းကမ်း သဘောသဘာဝ တခုဖြစ်တယ်။ ဒါတွေကို မြန်မာပြည်တွင်းမှာ ရှိတဲ့ အထူးတရားရုံးက နေပြီးတော့ ကျူးလွန်ဖေါက်ဖျက်တယ် ဆိုတာကို တွေ့ရှိရတယ်။ ဒါကြောင့်လည်း ဥပဒေကို နားလည်တဲ့ ဒေါ်အောင်ဆန်းစုကြည်က နေပြီးတော့ အချက်အလက်တွေ အပေါ်မှာ မကျေမနပ် ဖြစ်တယ်လို့ဘဲ ကျနော်တို့ အနေနဲ့ ထင်မြင်ယူစပါတယ်။

မေး ------- တရားခံဘက်ကလည်း အဲလိုဖြစ်တဲ့အတွက် ဘယ်လို နစ်နာမှုတွေ ရှိဘာသလဲရှင်။

ဦးမင်းလွင်ဦး ------- တရားခံက နေပြီးတော့ တင်သွင်းသွားတဲ့ အပြီးသတ် လျှောက်လဲချက်မှာ အချက် ၂၀ ရှိရင်ရှိမယ်။ အချက် ၃၀ ရှိရင်ရှိမယ် ပေါ့ဗျား။ အဲတော့ အဲဒီ အချက်အလက်တွေကို တပြိုင်နက်ထဲ ခုခံ ချေပတာ မဟုတ်ဘဲနဲ့ အခုလိုမျိုး သောကြာ၊ စနေ၊ တနင်္ဂနွေ ၃ ရက် အချိန်ယူပြီးတော့မှ ခုခံချေပတဲ့ ကိစ္စရပ်ကတော့ ဒါက လွန်စွာမှပင် မဖြစ်သင့်တဲ့ ကိစ္စဖြစ်တယ်။ ရှင်းရှင်းပြောရမယ် ဆိုလိုရှိရင် တရားလိုက နေပြီးတော့ ဒါကို ဘယ်လို ခုခံချေပမှာလဲ။ ငါတို့က သူ့ကို ထိရောက်အောင် ဘယ်လို အပြစ်ပေးနိုင်မလဲ ဆိုတာကို ကြိုတင် စီမံတဲ့ သဘောမျိုး ဖြစ်နေတဲ့အတွက် တရားခံအတွက် လွန်စွာမှပင် နစ်နာတယ်လို့ ကျနော် ပြောချင်ပါတယ်။

မေး ------ အခုလို နစ်နာတဲ့အတွက် တရားခံ ဘက်ကနေပြီးတော့ ဥပဒေ ကြောင်းအရရော တင်ပြပိုင်ခွင့် ရှိပါသလား။

ဦးမင်းလွင်ဦး ----- ဟုတ်ကဲ့ ဒီဥစ္စာက စံနစ်ဆိုးလို့ ပြောရမှာလား။ စံနစ်လို့ ပြောရမှာပေါ့နော်။ အင်္ဂလိပ် ရိုးရာ ဥပဒေအရတော့ အလွန်ကောင်းတဲ့ စံနစ်တခုပါ။ ဒါပေမဲ့ ကျနော်တို့ မြန်မာနိုင်ငံအတွင်းမှာ မ ဆ လ တရားစီရင်ရေး စနစ် ဖြစ်လာတဲ့ အခါမှာ ဒီလိုမျိုး တရားရုံး စာရေးတွေနဲ့ တရားသူကြီးတွေ ပေါင်းပြီးလုပ်တဲ့ကိစ္စ အခုအချိန်အထိ အရိုးစွဲနေတယ်။ ဒီအကျင့်တွေက အခုအချိန်အထိ ပါနေတယ်။ ဒီဥစ္စာတွေ အပေါ်မှာ ယူပြီးတော့ ဒီအခွင့်အရေးကို အသုံးပြုတယ်လို့လည်း ကျနော်တို့ထင်တယ်။

အဲတော့ အဲဒီအပေါ်မှာ ဥပဒေကို လက်တလုံးကြား လုပ်တာ ဖြစ်တဲ့အတွက် ကျနော်တို့က ဥပဒေအရ အခွင့်အရေး ဘယ်လိုတောင်းဆို နိုင်မယ် ဆိုတာကတော့ တော်တော် စဉ်းစားရမဲ့ ကိစ္စဖြစ်တယ်။ ရှင်းရှင်းပြောရမယ် ဆိုလို့ရှိရင် ဒီအခွင့်အရေးကို ဥပဒေအရ ကျနော်တို့ ပြန်ပြီးတော့ တောင်းဆိုလို့ မရနိုင်တဲ့ အခွင့်အရေး ဖြစ်တယ်။

အာရှ လူ့အခွင့်အရေး ကော်မရှင်မှ မြန်မာ့အရေး ဆောင်ရွက်နေသူ ရှေ့နေ ဦးမင်းလွင်ဦး သုံးသပ်ခဲ့တာပါ။

0 comments:

Post a Comment