Thursday, July 23, 2009

Filled Under:

သီးသန့် ခုံရုံးနဲ့ သီးသန့်ဥပဒေ

မင်းလွင်ဦး
ဂျူလိုင်လ ၂၄ရက်၊ ၂၀၀၉ ခုနှစ်

စွပ်စွဲခံရသူများ၏ ခုခံချေပခွင့်နှင့် ပတ်သက် ၍ ၂၀၀၀ ပြည့်နှစ် တရားစီရင်ရေး ဥပဒေ ပုဒ်မ ၂ (စ) အမှုတွင် ခုခံချေပခွင့်နှင့် ဥပဒေအရ အယူခံပိုင်ခွင့် ပေးခြင်းဟူ၍ ပြဌာန်းထား ရှိသည်။ ခုခံချေပခွင့် ဆိုသည်မှာ တရားလိုဖက်မှ စွပ်စွဲထားသည့် စွပ်စွဲချက်များကို ခုခံချေပရန် လိုအပ်သည့် ဥပဒေကျွမ်းကျင် နားလည် သူများကို ငှားရမ်းခွင့် ပြုယုံမျှနှင့်မပြီး၊ စွပ်စွဲခံရသူနှင့် ၎င်း၏ အကျိုးဆောင်များက အမှု စစ်ဆေးနေသည့် တရားရုံး တရားသူကြီးများ သံသယ ကင်းရှင်းစွာဖြင့် ပြစ်မှု မကျူးလွန်ကြောင်း လက်ခံနိုင်စေရန် ဥပဒေ ပြဌာန်းချက်များနှင့်အညီ ခုခံချေပရာတွင် စွပ်စွဲခံရသည့် ကာယကံရှင်ဖြစ်သူနှင့် ဥပဒေကို နားလည် တတ်ကျွမ်းသည့် ဥပဒေ ပညာရှင်များ၏ ဆွေးနွေး တိုင်ပင်ခြင်းသည် လွန်စွာမှပင် အရေးပါသည်။

စွပ်စွဲသူ တရားလိုများဖက်မှ တရားလိုပြ သက်သေများအဖြစ် ၂၃ ဦး အမည်စာရင်း တင်သွင်းခဲ့သည်။ ထိုသူများအနက် တရားလိုပြ သက်သေများ စာရင်းတွင် မပါဝင် သည့် ဒုရဲမှူးကြီး ၀င်းနိုင်ထွန်းကိုပင် ကွန်ပျူတာ ရိုက်ရာတွင် ကျန်ရစ်ခဲ့သည် ဟူသည့် အကြောင်းပြ ချက်ဖြင့် နောက်ဆက်တွဲ သက်သေအဖြစ် ရန်ကုန် မြောက်ပိုင်းခရိုင် တရားရုံး တရားသူကြီးများက လက်ခံခွင့်ပြုပြီး တရားလိုဖက်မှ သက်သေ ၁၄ ဦးကို စစ်ဆေးခဲ့သည်။

တရားလိုဖက်မှ တင်ပြသည့် သက်သေများအနက် ပြန်ခေါ်သက်သေအဖြစ် ၅ ဦးခေါ်ယူ ပြီး ၄ ဦးအား ထပ်မံ စစ်ဆေးခဲ့သည်။

စွပ်စွဲခံရသည့် တရားခံများဖက်မှ တင်သွင်းသည့် သက်သေ ၄ ဦးအနက် ဦးကြည်ဝင်းနှင့် ဒေါ်ခင်မိုးမိုး တို့ကိုသာ သက်သေအဖြစ် အစစ်ခံ ခွင့်ပြုခဲ့ပြီး။ အမျိုးသားဒီမိုက ရေစီအဖွဲ့ချုပ်၏ ဒုဥက္ကဌဖြစ်သူ ဦးတင်ဦးနှင့် ဦးဝင်းတင်တို့ကို သက်သေအဖြစ် အစစ်ခံရန် မလိုဟူသည့် အကြောင်းပြချက်ဖြင့် စွပ်စွဲခံရသူ တရားခံ၏ ခုခံချေပခွင့်ကို ကန့်သတ် ခဲ့ပြန်သည်။

မှုခင်း ဖြစ်ရပ်များကို စစ်ဆေးပြီးနောက် အပြီးသပ် လျောက်လဲချက် ပေးရန် နေ့ရက် နီးသည့်အခါ အပြီးသပ် လျောက်လဲချက်ကို ပြင်ဆင် အတည်ပြု နိုင်ရန်အတွက် တရားခံအဖြစ် စွပ်စွဲခံရသူ ဒေါ်အောင်ဆန်းစုကြည်နှင့် ၎င်း၏ အကျိုးဆောင်များ တိုင်ပင် ဆွေးနွေးခွင့်ကိုပင် တရားလိုဖက်မှ ခွင့်မပြုခဲ့ပေ။

အမှုကို စတင်စွဲဆိုစဉ်ကပင် ၁၉၇၄ ခုနှစ် ပြည်ထောင်စု ဆိုရှယ်လစ် သမ္မတ မြန်မာနိုင်ငံ၏ ဖွဲ့စည်းပုံ အခြေခံဥပဒေပါ နိုင်ငံသားများ၏ အခွင့်အရေးကို ကန့်သတ် တားဆီးခဲ့ခြင်း ဖြစ်သည်။

၁၉၇၄ ခုနှစ် ဖွဲ့စည်းပုံ အခြေခံ ဥပဒေသည် ၁၉၈၈ ခုနှစ် စက်တင်ဘာလ ၁၉ ရက်နေ့ စစ်တပ်မှ အာဏာသိမ်းပြီးနောက် ထုတ်ပြန် ကျေညုာခဲ့သည့် ဖျက်သိမ်းသော ဥပဒေများ စာရင်းတွင် မပါဝင်သော်လည်း ၁၉၇၄ ခုနှစ် ဖွဲ့စည်းပုံ အခြေခံ ဥပဒေအရ ဖွဲ့စည်းထားသည့် ပြည်သူ့လွှတ်တော်၊ နိုင်ငံတော်ကောင်စီ၊ ပြည်သူလုပ်ငန်း စစ်ဆေးရေးအဖွဲ့၊ ပြည်သူ့ဥပဒေ အကျိုးဆောင် အဖွဲ့နှင့် ပြည်သူ တရားသူကြီးအဖွဲ့တို့ကို ဖျက်သိမ်းကြောင်း ထိုစဉ်က န၀တ နိုင်ငံတော် ငြိမ်ဝပ်ပိပြားမှု တည်ဆောက်ရေးအဖွဲ့ ထုတ်ပြန် ကျေညာခဲ့သည့် နိုင်ငံတော် ငြိမ်ဝပ်ပိပြားမှု တည်ဆောက်ရေးအဖွဲ့ အမိန့်အမှတ် ၁/၈၈ စကားရပ်များ အစားထိုးသည့် ဥပဒေ ဥပဒေအမှတ် ၈/၈၈ ဥပဒေကဲ့သို့ အာဏာတည်သော အမိန့်အမှတ် ၂/၈၈၊၃/၈၈ ကြေညာချက် အမှတ် ၂/၈၈ တို့အရ လည်းကောင်း၊ နိုင်ငံတော် အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီ ကြေညာချက်အမှတ် ၁/၉၇၊ ၁၉၉၇ ခုနှစ် စကားရပ်များ အစားထိုးသည့် ဥပဒေအ မှတ် ၁/၉၇ တို့အရ လည်းကောင်း၊ သက်သေခံအမှတ် (ခ) ကန့်သတ်မိန့်တွင် ဖေါ်ပြထားသော ၁၉၇၄ ခုနှစ်၊ ပြည်ထောင်စု ဆိုရှယ်လစ် သမတမြန်မာနိုင်ငံတော် ဖွဲ့စည်းပုံ အခြေခံဥပဒေ ပါပြဌာန်းချက်များသည် ကြေညာချက် အမှတ် ၆/၈၈ တွင် ဖေါ်ပြထားသော ပယ်ဖျက်ခြင်းအရ ပယ်ဖျက်ပြီး ဖြစ်သည်ကို သိပါသလားဟု တရားခံဖက်မှ ရှေ့နေမျာက မေးမြန်းရာတွင်- အမှုလိုက် ဥပဒေအရာရှိက ဥပဒေ ပြဌာန်းချက်များ ဖြစ်သဖြင့် သက်သေအား မေးမြန်းရန် မသင့်ပါကြောင်း ကန့်ကွက် တင်ပြသည်။

ကန့်သတ်သည့် ပုဒ်မများ ဖြစ်သော ၁၄၈(၈)၊ ၁၅၇၊၁၅၈၊ ၁၅၉(က)(ခ) နှင့် ၁၆၀ တို့မှာ ပြည်ထောင်စု ဆိုရှယ်လစ် သမ္မတ မြန်မာနိုင်ငံတော်၊ ဖွဲ့စည်းပုံ အခြေခံ ဥပဒေ၏ ပုဒ်မများ ဖြစ်သည်ဆိုလျှင် မှန်ပါသည်ဟု တရားလိုဖြစ်သူ ဒုရဲမှူးကြီး ဇော်မင်းအောင်က ထွက်ဆိုထားသည့် အတွက်၁၉၇၄ ဖွဲ့စည်းပုံ အခြေခံ ဥပဒေသည် သက်ဝင် လှုပ်ရှားခြင်း ရှိမရှိဆိုသည်ကို မေးမြန်းရန် အဓိက လိုအပ်လာသည်။ ထို့အပြင် တရားခံဖက်မှ အကျိုးဆောင်များက -

ဆိုရှယ်လစ် ဖွဲ့စည်းပုံ အခြေခံဥပဒေ အတည်ဖြစ်လျှက် ရှိသည်ဟုဆိုရာ ယခု အချိန်တွင် ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံ အခြေခံဥပဒေကို နိုင်ငံတော် အေးချမ်း သာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီ ဥက္ကဌမှ အတည်ပြုထားပြီး ဖြစ်၍ ဖွဲ့စည်းပုံ အခြေခံဥပဒေ ၂ ရပ် ရှိနေပါသလား ဆိုလျှင်- ၂၀၀၈ ခုနှစ် ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံတော် ဖွဲ့စည်းပုံ အခြေခံ ဥပဒေ အာဏာ တည်ရှိမှုနှင့် ပတ်သက်၍ မေးမြန်းခြင်းကိုလည်း တရားရုံးက-ဥပဒေ အချက်အလက်၊ အမိန့် ညွှန်ကြားချက် မြောက်မြားစွာကို သက်သေအား ဖြေဆိုရန် အတင်းအကြပ် ခိုင်းစေရန် မသင့်ဟု ကျွန်ုပ်တို့ ယူဆသည်။ သို့ဖြစ်၍ အမှုနှင့် တိုက်ရိုက် ပတ်သက်သော အချက်အလက် တခုချင်းကို အဖြေတခုခြင်းဖြင့် မေးမြန်းရန် ကျွန်ုပ်တို့ ဆုံးဖြတ်သည်ဟု ဆိုကာ မေးမြန်းခွင့် မပြုခဲ့ပေ။

တရားခံများဖက်မှ အကျိုးဆောင်များက ဥပဒေ အချက်အလက်၊ အမိန့်၊ ညွှန်ကြားချက်များကို တခုချင်း မေးမြန်းရာတွင် သက်သေခံ(ခ)တွင် ဖေါ်ပြထားသော ဖွဲ့စည်းပုံ အခြေခံ ဥပဒေတွင် ပါရှိသည့် နိုင်ငံတော် အာဏာပိုင် အဖွဲ့အစည်းများကို ယနေ့မှစ၍ ဖျက်သိမ်း လိုက်ပြီဟု ၁၈-၉-၈၈ ရက်စွဲပါ ကြေညာ ချက်အမှတ် ၂/၈၈ အရ ကြေညာထားပြီး ဖြစ်သည်ကို သိပါသလားဟု ထပ်မံမေးမြန်းခြင်း အပေါ် ခရိုင်ဥပဒေ အရာရှိက အမှုနှင့် တိုက်ရိုက် မပတ်သက်သော ကိစ္စရပ်များကို မေးမြန်းခြင်း မပြုရန်၊ အာဏာပိုင် အဖွဲ့အစည်းများနှင့် ပတ်သက်ပြီး တည်ရှိမှု ရှိ မရှိ မေးမြန်းခြင်း များအား အမှုနှင့် မသက်ဆိုင်၍ မေးမြန်းခွင့် မပြုသင့်ပါကြောင်း၊ ကန့်ကွက်ခဲ့ပြန်သည်။

တရားခံဖက်မှ လိုက်ပါ ဆောင်ရွက်သော ရှေ့နေက ကျနော် ပထမဆုံး မေးမြန်းသော မေးခွန်းအပေါ်တွင် တရားရုံးတော်မှ ဥပဒေနှင့် အမိန့် ကြော်ငြာစာများကို တခုချင်းခွဲခြား၍ မေးမြန်းရန် ညွှန်ကြားခဲ့ပြီး ဖြစ်သဖြင့် အဆိုပါ ညွှန်ကြားချက်နှင့် ပထမ မေးမြန်းခဲ့သော မေးခွန်းတွင် ပါရှိသည့် ဥပဒေ၊ အမိန့်များ၊ ကြေညာချက်များကို တခုစီခွဲခြား၍ မေးမြန်းနေခြင်း သာဖြစ်သည့် အပြင် သက်သေခံ တင်ပြထားသော သက်သေခံ(ခ) နှင့် တိုက်ရိုက် ပတ်သက် ဆက်စပ်နေသည့် မေးခွန်းများကို သာလျှင် မေးမြန်းခြင်း ဖြစ်သဖြင့် ဥပဒေနှင့်အညီ မေးမြန်းခြင်းကို ခွင့်ပြုပါရန် ခရိုင်တရားရုံး တရားသူကြီး များအား တင်ပြသည်။

သို့သော် ခရိုင်တရားရုံး တရားသူကြီးများက အုပ်ချုပ်မှု အာဏာပိုင်များ၏ ဆောင်ရွက်ချက် များအပေါ် သိမသိ မေးမြန်းခြင်း ဖြစ်၍ အမှုနှင့် တိုက်ရိုက် ပတ်သက်မည်ဟု ဆိုနိုင်မည် မဟုတ်ဟူသည့် အကြောင်းပြချက်ဖြင့် မေးမြန်းခွင့် မပြုကြောင်း ဆုံးဖြတ်သည်။

တရားလိုဖက်မှ သက်သေစာရင်းတွင် မပါသည့် ဒုရဲမှူးကြီး ၀င်းနိုင်ထွန်းကို တရားရုံးက လက်ခံစစ်ဆေးခြင်း မပြုရန် တရားခံများ ဖက်က လျောက်ထားသည့် အခါမှ ကွန်ပျူတာ စာရိုက်ရာတွင် ကျန်သွားသည့်အတွက် ဟူသည့် အကြောင်း ပြချက်ကို သီးသန့်ခုံရုံး တရားသူကြီးများက လက်ခံ၍ သက်သေအဖြစ် အစစ်ခံခွင့် ပြုခဲ့သည်။

ထိုသို့ အစစ်ခံသူ၏ ထွက်ချက်များအပေါ် တရားခံဖက်မှ ခုခံ ချေပသည့်အခါ ခရိုင် ဥပဒေအရာရှိ အဖြစ် လိုက်ပါသူက နည်းအမျိုးမျိုးဖြင့် ကန့်ကွက်၍ တရားရုံး ကလည်း မေးမြန်းခွင့် မပြုခဲ့သည်ကို အထင်အရှား တွေ့ရှိရသည်။

ထို့ကြောင့် လက်ရှိ ခရိုင် အထူးသီးသန့် တရားရုံး၏ ဆောင်ရွက်ချက်များသည် ဒေါ်အောင်ဆန်း စုကြည်အပေါ် အပြစ်ပေး အရေးယူရန် အဓိကထား လုပ်ဆောင် နေသည်မှာ အထင်အရှားပင် ဖြစ်ကြောင်း အမှု တစိတ်ကပိုင်းကို တင်ပြ လိုက်ရပေသည်။

1 comments:

  1. i dont want to say nothing!!!
    now junta are shameless ready!!!
    give me bomb!!!! i ready to die with that mother .uckers!!!

    ReplyDelete