Wednesday, July 29, 2009

Filled Under:

အင်းစိန်ထောင်မှာ အဖမ်းခံထားရတဲ့ ဒေါ်အောင်ဆန်းစုကြည် အမှု သုံးသပ်ချက်

VOA ----- 26 July 2009
နေအိမ်အကျယ်ချုပ် ကန့်သတ်မှုကို ဖေါက်ဖျက် တယ် ဆိုတဲ့ စွပ်စွဲချက်နဲ့ အင်းစိန်ထောင်မှာ ပြောင်းရွှေ့ ဖမ်းဆီးပြီး တရားရုံးမှာ စစ်ဆေးနေတဲ့ အမှုဟာ အခုဆိုရင် နောက်ဆုံးရှေ့နေတွေရဲ့ လျှောက်လဲချက်တွေကို ပေးရမဲ့ အဆင့်ကို ရောက်နေပါပြီး။ ဒါပေမဲ့ ပြီးခဲ့တဲ့ သောကြာနေ့က နှစ်ဘက်ရှေ့နေတွေရဲ့ လျှောက်လဲချက် ပေးရမယ် ဖြစ်ပေမဲ့ ဒေါ်အောင်ဆန်းစုကြည်တို့ဘက်က လျှောက်လဲချက်ကိုသာ ကြားနာပြီးတော့ တရားရုံးက တရားလိုရဲ့ စွပ်စွဲသူတွေရဲ့ အချိန်မရလို့ ဆိုပြီးတော့ တင်္နလာနေ့ကို ရွှေ့ဆိုင်းလိုက်ပါတယ်။ ဒီအမှုကို စောင့်ကြည့်နေတဲ့ သူတွေနဲ့ နိုင်ငံတကာ အသိုင်းအ၀ိုင်းကတော့ ဒါဟာ စွပ်စွဲသူတွေဘက်က ဒေါ်အောင်ဆန်းစုကြည်တို့ရဲ့ လျှောက်လဲချက်ကို ခုခံချေပဖို့ ပြင်ဆင်ချိန်ရအောင် တမင်လုပ်လိုက်တာ ဖြစ်တယ်လို့ ဝေဖန်ကြသလို ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင်ကလည်း အခုလို ရက်ရွှေ့ဆိုင်းလိုက်တဲ့ ဆုံးဖြတ်ချက်အပေါ်ကို မကျေနပ်ဘူးလို့ ပြောပါတယ်။

အခုလို နှစ်ဘက် လျှောက်လဲချက်ကို တပြိုင်နက် မကြားနာတာမျိုးဟာ ဥပဒေကြောင်းအရ လုပ်ပိုင်ခွင့် ရှိပါသလား။ ဟောင်ကောင်အခြေစိုက် အာရှလူ့အခွင့်အရေး ကော်မရှင်မှ ရှေ့နေ ဦးမင်းလွင်ဦးကို ဆက်သွယ်မေးမြန်းတော့ သူက -----

ဦးမင်းလွင်ဦး ------ နိုင်ငံတကာမှာ ပြစ်မှုဆိုင်ရာတွေကို စစ်ဆေး စီရင်တဲ့ ခုံရုံးတွေမှာတော့ ဒီလိုမျိုး အပြီးသတ်နှစ်ဖက် လျှောက်လဲချက်ကို ကြားနာတဲ့အခါမှာ တရက်ထဲမှာဘဲ အပြီးစစ်ဆေး စီရင်ရမယ် ဆိုတာကို တရားရုံးများ လက်စွဲမှာလည်း ပြဌာန်းထားတာရှိတယ်။ ပြစ်မှုဆိုင်ရာ ကျင့်ထုံးဥပဒေမှာလည်း ပြဌာန်းထားတာ ရှိပါတယ်။ အဲတော့ နိုင်ငံတကာမှာလည်း ဒီမူကိုပဲ လက်ခံပြီးတော့ ဆက်လက် ကျင့်သုံးနေဆဲဘဲ ဖြစ်တယ်။ အကယ်၍ နှစ်ဘက် လျှောက်လဲချက် ပေးလိုက်လို့ အစောက ပြောသလိုမျိုး အချိန်မလုံလောက်ဘူးဆိုလို့ နောက်ရွှေ့လိုက်ရတယ် ဆိုတာက ဒါက တကဏ္ဍဖြစ်တယ်။

အခုကတော့ ဒေါ်အောင်ဆန်းစုကြည် တဘက်ကိုဘဲ လျှောက်လဲချက်ကို ဦးဆုံးနားထောင်လိုက်တယ်။ ပြီးတော့ တဘက်က ဘာမှ မပြောသေးဘဲနဲ့ အခုလိုမျိုး ရပ်ဆိုင်းလိုက်တဲ့ ကိစ္စက လုံးဝ မဖြစ်သင့်တဲ့ ကိစ္စ ဖြစ်တယ်ဆိုတာကို ကျနော်တို့ အနေနဲ့ ထောက်ပြပြောဆိုခြင်း ဖြစ်ပါတယ်။

မေး ----- အခု စစ်ဆေးနေတဲ့အမှုမှာ အများပြည်သူရှေ့မှာ ကြားနာဖို့ ဆိုပြီးတော့ တောင်းဆိုပေမဲ့ အမှုကို သီးသန့် တံခါးပိတ် စစ်ဆေးနေတဲ့ အပေါ်ကိုလည်း ကန့်ကွက်တာလည်း ရှိတယ်။ ဒါပေမဲ့ နိုင်ငံခြားသား သံတမန်တွေကို အချို့ကြားနာတဲ့ ရုံးချိန်းမှာပေါ့လေ လာပြီးကြည့်ခွင့်ပေးတာတွေဟာ ဥပဒေကြောင်းအရ လွတ်လပ်မှုရှိတဲ့ တရားခွင်လို့ရော ယူဆလို့ မရဘူးလားရှင်။

ဦးမင်းလွင်ဦး ----- သံတမန်တွေကို ခေါ်ပြီးတော့ ပြတဲ့နေ့တွေမှာ အရေးကြီးတဲ့ သက်သေတွေကို စစ်ဆေးတာဟာ တယောက်မှမရှိဘူး။ ရှာဖွေပုံစံမှာ သက်သေလက်မှတ်ထိုးတဲ့ ရှာဖွေပုံစံ သက်သေတွေပါမယ်။ ပစ္စည်သိမ်းတဲ့ ရဲတွေပါမယ်။ ဒါတွေကိုဘဲ သူတို့က စစ်ဆေးတဲ့နေ့မှာ သံတမန်တွေကို ခေါ်ပြီးတော့ ပြတယ်။ အရေးကြီးတဲ့ သက်သေတွေကို စစ်တဲ့နေ့တွေမှာ ဥပမာ ဒုရဲမှူးကြီး ၀င်းနိုင်ထွန်းတို့ စစ်တဲ့နေ့တွေမှာ သံတမန်တွေကို ခွင့်မပြုခဲ့ဘူး။ နိုင်ငံတကာက မျက်စိလည်အောင် ဥပဒေအရ ထိုက်သင့်တဲ့ ခုခံချေပခွင့် ပေးထားတယ် ဆိုတာကို ဖေါ်ပြရုံလောက်ဘဲ ဖြစ်တယ်လို့ ကျနော်တို့ အနေနဲ့ ပြောချင်တယ်။

မေး ----- ဟုတ်ကဲ့ ဒေါ်အောင်ဆန်းစုကြည်ဘက်က သက်သေ ၄ ယောက်တင်တယ်။ ဒါပေမဲ့ ဦးဝင်းတင်နဲ့ ဦးတင်ဦးတို့ကို ပယ်ချလိုက်ပြီးတော့ နှစ်ယောက်ဘဲ လက်ခံစစ်ဆေးပြီးတော့ အမှုကို ဆက်သွားနေတာဆိုရင် နောက်ဆုံးပေါ့လေ ရှေ့နေတွေရဲ့ လျှောက်လဲချက် အဆင့်ကို ရောက်နေပြီးဆိုတော့ ဒါဟာ ဥပဒေ လမ်းကြောင်းအရ အကြုံးဝင်ပါရဲ့လားရှင်။

ဦးမင်းလွင်ဦး ------ အမှန်ကတော့ တရားခံဘက်ကနေပြီးတော့ ခုခံချေပတဲ့ အခါမှာ တရားခံကနေပြီးတော့ တရားလိုဘက်က စွပ်စွဲထားတဲ့ စွပ်စွဲချက်တွေကို ဖြေရှင်းနိုင်ဖို့အတွက် သူ့မှာလုံလောက်တဲ့ သက်သေ အထောက်အထား တင်ပြပိုင်ခွင့်ရှိတယ်။ အဲဒီသက်သေ အထောက်အထားတွေ ရဖို့အတွက် သက်သေတွေကို ခေါ်ယူပေးရမှာကလည်း တရားရုံးရဲ့ တာဝန်ဖြစ်တယ်။ သို့သော်လည်း အခုကျနော်တို့ ဒေါ်အောင်ဆန်းစုကြည် အမှုမှာ ဦးဝင်းတင်နဲ့ ဦးတင်ဦးတို့က အမှုကို ကျကြာစေဖို့ မဟုတ်ဘဲနဲ့ အမှန်တရားကို ဖေါ်ထုတ်ဖို့အတွက် လာကြမဲ့ သူတွေဖြစ်တယ်။ ဒါကို စိုးရိမ်တဲ့အတွက် ဒီသက်သေ နှစ်ဦးကို သက်သေခံခွင့် မပေးဘူးလို့ ကျနော်တို့ နားလည်ပါတယ်။ တရားလိုဘက်မှာ နဂိုက တင်ထားတဲ့ သက်သေ စာရင်းထဲမှာ မပါတဲ့ ဒုရဲမှူးကြီး ၀င်းနိုင်ထွန်းကိုတောင်မှ သူတို့က သက်သေအဖြစ် အစစ်ခံဖို့ လက်ခံခဲ့တယ်ဆိုတာကို ကျနော်တို့ တွေ့ရပါတယ်။

အကြောင်းပြချက်က ကွန်ပျူတာ စာရိုက်တဲ့အခါမှာ သက်သေစာရင်းထဲမှာ မပါတဲ့အတွက် တရားလိုဘက်က စွပ်စွဲထားတဲ့ အချက်အလက်တွေ ခိုင်မာဖို့အတွက် ဖေါ်ထုတ်နိုင်တဲ့သူဟာ ဒီလိုဘဲဖြစ်တယ်။ ဒါကြောင့် စစ်ဆေးဖို့လိုတယ် ဆိုပြီးတော့ တရားရုံးကနေပြီးတော့ ဆုံးဖြတ်ထားတာကို ကျနော်တို့ တွေ့ရှိရတယ်။ ဒီဟာတွေကြောင့် ဒီအမှုကိစ္စမှာ လုံးဝမျှတမှုမရှိဘူး။ လွတ်လပ်တဲ့ တရားခွင် မဖြစ်ဘူး။ နောက်ပြီးတော့ မျှတမှန်ကန်တဲ့ ဆုံးဖြတ်ချက် ပေါ်ထွက်လာမှာမဟုတ်ဘူး ဆိုတာကို ကျနော်တို့ အနေနဲ့ လေ့လာ သုံးသပ်လို့ ရပါတယ်။

မေး ---- နောက်ဆုံး ဒေါ်အောင်ဆန်းစုကြည်ရဲ့ အမှုကို နိုင်ငံတကာရဲ့ တရားစီရင်ရေး ဥပဒေနဲ့ ကြည့်မယ်ဆိုရင် ဘယ်လို သုံးသပ်လို့ရမှာလဲရှင်။

ဦးမင်းလွင်ဦး ----- ဒီအမှုဟာ ရှင်းရှင်း ပြောရမယ်ဆိုရင် ရှေ့နေတွေရဲ့ စကားအရ ဆိုလို့ရှိရင် ဒီအမှုဟာ နိုင်ငံရေး အမှုဖြစ်တယ်။ တရားစွဲဆိုဖို့ အကြောင်းအရာ လုံးဝမပေါ်ပေါက်တဲ့ ကိစ္စဖြစ်တယ်။ အဲတော့ အဲဒီကိစ္စရပ်အပေါ်မှာ အမှုကို ဆင်ပြီးတော့ စွဲတဲ့ကိစ္စဟာ ပြစ်ဒဏ်ပေးဖို့ ဆိုပြီးတော့ ရည်ရွယ်ပြီး လုပ်တဲ့ကိစ္စဘဲ။ ဒါကြောင့် ဒေါ်အောင်ဆန်းစုကြည်ကို အပြစ်ပေးမယ်လို့ ကျနော်တို့က ထင်မြင်ယူဆတယ်။ နောက်ပြီးတော့ ပေးမယ်။ ပေးပြီဆိုလို့ရှိရင် ဆိုင်းငံ့ အပြစ်ဒဏ်နဲ့ နေအိမ်အကျယ်ချုပ် ပြန်ချထားတဲ့ ကိစ္စလည်း ဖြစ်နိုင်တယ်လို့ ကျနော်တို့က ထင်မြင်ယူဆပါတယ်။ ဟုတ်ကဲ့ ဦးမင်းလွင်ဦး ကျေးဇူးတင်ပါတယ်ရှင်။

ဒါကတော့ အာရှ လူ့အခွင့်အရေး ကော်မရှင်မှ ရှေ့နေ ဦးမင်းလွင်ဦးကို ဆက်သွယ် မေးမြန်းခဲ့ပါတယ်ရှင်။

0 comments:

Post a Comment