Wednesday, July 29, 2009

Filled Under:

မြန်မာ့ ဒီမိုကရေစီ ခေါင်းဆောင်တရားစွဲ ခံနေရတဲ့အမှု နောက်ဆုံးအခြေ

တနင်္ဂနွေစကားဝိုင်း
RFA ---- 26/ 7/ 2009
(ဤစကားဝိုင်းကို အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်မှ ရှေ့နေ ဦးဥာဏ်ဝင်း၊ ဇိုမီအမျိုးသား ကွန်ကရက် ဥက္ကဌ ဦးပူကျီရှင်းထန်နှင့် အာရှလူ့ အခွင့်အရေး ကော်မရှင်မှ ဦးမင်းလွင်ဦးတို့ ဆွေးနွေး ထားပါသည်။)

မေး ----- ရှေ့နေ ဦးဥာဏ်ဝင်း ခင်ဗျား။ နောက်ဆုံး အမှု အခြေအနေ နောက်ဆုံး လျှောက်လဲချက်နဲ့ ပတ်သက်ပြီး သိပါရစေခင်ဗျား။

ဦးဥာဏ်ဝင်း ------ ၂၄ ရက်နေ့က အပြီးသတ် လျှောက်လဲချက်ကို ညနေ၂ နာရီမှာ ချိန်းထားပါတယ်။ ၂ နာရီ ချိန်းတယ်ဆိုတော့ ၂ နာရီမှာဘဲ ရုံးစတယ် ဆိုရမှာပေါ့။ ဒေါ်အောင်ဆန်းစုကြည်အတွက် ရှေ့နေကြီး ဦးကြည်ဝင်းက လျှောက်လဲချက် ပေးတယ်။ ရှေ့နေကြီး ဦးကြည်ဝင်းရဲ့ လျှောက်လဲချက်က ရေးသားထားတဲ့ စာရွက်အရဆိုရင် စာမျက်နှာ ၃၀ ရှိတယ်။ ဒီမှာ အကြောင်းအရာ တွေကို ရှင်းပြပြီးတော့ လျှောက်လဲချက် ပေးသွားတာ ၂ နာရီခွဲလောက် ကြာတယ်။ တရားရုံးက ရုံးချိန်ကုန်သွားလို့ ဆိုပြီးတော့ ၂၇ ရက်နေ့ကို ဆက်လက်ပြီး ကြားနာဖို့ ဆက်လက်ပြီးတော့ အပြီးသတ် လျှောက်လဲချက်ကို နားထောင်ဖို့ ရက်ရွှေ့လိုက်ပါတယ်။

အဲဒီတော့ ဒီအောင်ဆန်းစုကြည် အမှုတွဲမှာ ဒေါ်အောင်ဆန်းစုကြည်ရယ်၊ ဒေါ်ခင်ခင်ဝင်းရယ်၊ ဒေါ်ဝင်းမမရယ်၊ မစ္စတာယက်တောရယ်။ အဲတော့ ဒေါ်အောင်ဆန်းစုကြည် အတွက်ဘဲ ရှေ့နေက လျှောက်လဲချက် ပေးသွားနိုင်တယ်။

ဒေါ်ဝင်းမမ၊ ဒေါ်ခင်ခင်ဝင်းတို့ အတွက်ကို ရှေ့နေ ဦးလှမျိုးမြင့်က ဆက်ပြီးတော့ လျှောက်လဲချက်ပေးမယ်။ ပြီးရင် မစ္စတာယ်တောရဲ့ ရှေ့နေက ပေးမယ်။ ပြီးရင် တရားစွဲ အဖွဲ့အစည်းကိုယ်စား ဥပဒေ၀န်ထမ်းက လျှောက်လဲချက် ပေးမယ်။ အဲဒါကို ၂၇ ရက်နေ့မှာ ဆက်လက်ဆောင်ရွက်ဖို့။ ၂၇ ရက်၊၁၀ နာရီ ရုံးချိန်းပေး တာပေါ့နော်

မေး ------ ဟုတ်ကဲ့ ခင်ဗျား။ အဲဒီနေ့မှာရော သက်သေတွေ အကုန်လုံး မရှိဘူးဆိုရင် ထပ်မံပြီးချိန်းဖို့ အကြောင်း ဖြစ်နိုင်ပါသလား ခင်ဗျား။

ဦးဥာဏ်ဝင်း ------- ဟုတ်ကဲ့။ ပုံမှန်အားဖြင့်တော့ မပြီးရင် ချိန်းမယ်ပေါ့။ သို့သော်လည်း ကျနော်တို့ ခန့်မှန်းချက်အရ နံနက် ၁၀ နာရီ ဆိုရင် ပြီးပါလိမ့်မယ်။

မေး ------ အခုတော့ ရက်ခွာပြီး ချိန်းလိုက်တာနဲ့ ပတ်သက်ပြီး ဒေါ်အောင်ဆန်းစုကြည်က စိုးရိမ်စိတ် သော်လည်းကောင်း မကျေမနပ်စိတ် သော်လည်းကောင်း ဖြစ်တယ်လို့ သတင်းတွေ ထွက်ပါတယ်။ အဲဒါ ဟုတ်ပါသလား ခင်ဗျား။

ဦးဥာဏ်ဝင်း ----- ဟုတ်ပါတယ် ခင်ဗျား။ ကျနော်ကိုယ်တိုင်ကို ဒေါ်အောင်ဆန်းစုကြည်က ပြောပါတယ်။ ဆိုလိုတာကတော့ ဒီလို အပြန်အလှန် လျှောက်လဲချက် ပေးတယ် ဆိုတဲ့ဟာက တချိန်ထဲ တနေ့ထဲ ပြီးအောင် လုပ်ရမယ်။ မပြီးပဲနဲ့ ဒီလို ရွှေ့ဆိုင်းတာနဲ့ ပတ်သက်ပြီး ကျေနပ်မှုမရှိဘူးလို့ ဒီလိုပြောပါတယ်။

မေး ----- ဘာကြောင့်ပါလဲ ခင်ဗျား။

ဦးဥာဏ်ဝင်း ------ ကျနော်တို့ အဲဒီအပေါ်မှာ ပြန်ပြီး လျှောက်လဲမယ်။ အဲဒီလျှောက်လဲချက်ကို ပြန်ပြီး reply ပြန်သွားမယ်။ ဒီလို လုပ်ကြရတာကိုး။ တဖက်နဲ့ တဖက် မျှတရေးအတွက်ဆိုရင် ဘယ်သူမှ အချိန်ယူလို့မရဘူး။
သို့သော် ဒီဟာက တရားရုံးက အချိန်ပိုပေး လိုက်တယ်လို့ ကျနော် ဆိုလိုတာမဟုတ်ဘူး။ သို့သော် အခင်းအကျင်း အားဖြင့်တော့ ဒီသဘော တွေ့နေရတာကြောင့် ဖြစ်တယ်။

မေး ----- အဲတော့ တရားရုံး နောက်ဆုံး အခြေအနေမှာ ပြောကြဆိုကြတာနဲ့ ပတ်သက်ပြီးတော့ ဦးဥာဏ်ဝင်း ကျနော်တို့ကို ဒီထက်ပိုပြီး ပြောပြပေး နိုင်မှာလား ခင်ဗျား။

ဦးဥာဏ်ဝင်း ------ ကျနော်တို့ လျှောက်လဲချက် အနေနဲ့ကတော့ ဦးကြည်ဝင်းက ၂ နာရီခွဲ အချိန်ယူလိုက်တဲ့ အဓိက Main Point ကတော့ ၇၄ အခြေခံ ဥပဒေ ရှိသလား၊ မရှိဘူးလား။ မရှိဘူးဆိုရင် အခြေခံဥပဒေက ကန့်သတ်တဲ့ အမိန့်က တရားမ၀င်ဘူး။ တရားမ၀င်တဲ့ အတွက် ဖေါက်ဖျက်တယ် ဆိုတာ မရှိဘူး။ ဒါကတပိုင်း။

အခြေခံ ဥပဒေကို ရှိတယ်ဆိုရင်လည်း ဥပဒေမှာ ပါတဲ့ စကားလုံးတွေကို အဓိပ္ပါယ် ဖွင့်ဆိုပြီး တရားလိုဘက်က တရားစွဲရာမှာ တရားစွဲ အဖွဲ့အစည်းက ဖြစ်ဖြစ် ၀န်ကြီးအဖွဲ့က ဖြစ်ဖြစ်၊ ၀န်ကြီးချုပ်က ဖြစ်ဖြစ် မဆောင်ရွက် နိုင်ဘူး။ ဥပဒေအရကိုက ပြည်သူ့လွှတ်တော်မှာ အဓိပ္ပါယ် ဖွင့်ဆိုတာ ရှိပါတယ်။

နောက်တခုက ဗမာစကား တခြားသို့ စာဖြင့် ဆက်သွယ်ခြင်းမလုပ်ရ။ အဲဒီမှာ ဒေါ်အောင်ဆန်းစုကြည် အနေနဲ့ အခြားဘယ်သူ့ကိုမှ စာနဲ့ဆက်သွယ်တယ်လို့ စာနဲ့ စွပ်စွဲထားတာလည်း မရှိဘူး။ ပြောဆို ထားတာလည်း မရှိဘူး။ ဒါပေမဲ့လို့ မစ္စတာယက်တောရဲ့ သမီးငယ်လေး တယောက်က ပေးလိုက်တဲ့စာကို မစ္စတာယက်တော ယူလာခဲ့တယ်။ အဲဒါကို တခြားသို့ ဆက်သွယ်ခြင်း ဆိုပြီးတဲ့အထဲမှာ ထည့်ပြီးတော့ သူတို့က တရားစွဲတယ်။ အဲဒါက ဗမာ စကားလုံးအရ ရှင်းပါတယ်။ ဗမာအဘိဓါန်အရလည်း ရှင်းပါတယ်။ ရှင်းတာကိုဘဲ သူတို့က အဲဒီလို စွပ်စွဲတာကို ရှင်းလင်းပြောဆိုတဲ့ လျှောက်လဲချက် ဖြစ်ပါတယ်။

မေး ---- ဦးဥာဏ်ဝင်းအနေနဲ့ တရားစတင် စွဲဆိုတဲ့ အချိန်ကနေပြီးတော့ နောက်ဆုံး လျှောက်လဲချက် ပေးခဲ့တဲ့ နေ့အထိ အမြဲတန်း ဒီအမှုနဲ့ ဆက်စပ် ပတ်သက် ပါဝင်နေတယ်ဆိုတော့ အမှုသွားအမှုလာ အကုန်လုံးကို ခြုံကြည့်မယ်ဆိုရင် ဘယ်လိုများ မြင်နိုင်ပါသလဲ ခင်ဗျား။

ဦးဥာဏ်ဝင်း ------ တရားစွဲတဲ့ အဖွဲ့အစည်းအနေနဲ့ ဒေါ်အောင်ဆန်းစုကြည် အပေါ်မှာ မရှိတဲ့ အမှုကို ချမှတ်ပြီး စွဲတယ်လို့ ကျနော်တို့ အဲလိုမြင်တယ်။ ကျနော်တို့ ဥပဒေ ရေးရာကို ဟိုဘက်ဒီဘက်ကို အငြင်းပွားစရာ ဘာမှမရှိဘူး။ အတင်း ဒီဟာကို ဒါနဲ့ဝင်တယ်၊ ဟိုဟာနဲ့ဝင်တယ်။ တကယ်တန်း ဥပဒေ ဖတ်ကြည့်တော့ မ၀င်ဘူး။ ဒီလို အခြေအနေမျိုးဘဲ ကျနော်တွေ့တယ်။

မေး ----- ဟုတ်ကဲ့ အဓိက ဒီအမှုမှာ စွဲဆိုခံနေရတဲ့ ဒေါ်အောင်ဆန်းစုကြည် အနေနဲ့ရော ဒီအမှု ကာလအတွင်းမှာ ဦးဥာဏ်ဝင်းတို့ ပြောဆိုသံနဲ့ ပတ်သက်ပြီး အဓိကအားဖြင့် ဒေါ်အောင်းဆန်းစုကြည် ဟာ ဒီအမှုကို ဘယ်လို သဘောထားတယ် ဆိုတာကို ကျနော်တို့ကို ပြောနိုင်မှာလည်း ခင်ဗျား။

ဦးဥာဏ်ဝင်း ------ ဒေါ်အောင်ဆန်းစုကြည် သဘောထားက ဒီကိစ္စဖြစ်ပျက်တာ အဓိက ကတော့ လုံခြုံရေး စည်းချိုးဖေါက်တဲ့ ကိစ္စပဲ။ အဲတော့ လုံခြုံရေး စည်းဖေါက်တဲ့ ပုဂ္ဂိုလ်တွေက တစုံတရာ အရေးယူ မခံရဘဲနဲ့ အဲဒီစည်းပေါက်ပြီး ၀င်လာတဲ့ပုဂ္ဂိုလ်ကို စကားပြောမိတဲ့၊ နေရာလေး ပေးမိတဲ့ သူ့အပေါ်မှာ တရားစွဲတာ ဒါက ဘက်လိုက် ဆောင်ရွက်မှု ဘဲလို့ သူပြောပါတယ်။ ဒီမှာလည်း ဒေါ်အောင်ဆန်းစုကြည်က သူဒီလိုပြောနေတာက လုံခြုံရေးဝန်ထမ်း၊ လုံခြုံရေးရဲဘော် တာဝန်ရှိတဲ့သူတွေကို အပြစ်ရစေတဲ့၊ ဒုက္ခရောက်စေတဲ့သဘော သူ့မှာ မပါဘူး။ သူပြောချင်တာက တရားဥပဒေ စိုးမိုးမှုဘဲ။ တရားဥပဒေ စိုးမိုးမှု ရှိအောင် သူပြောနေရတာ ဖြစ်တယ်။ ဒီဟာက ကျနော်တို့ လျှောက်လဲချက် ထဲမှာလည်း ဒေါ်အောင်ဆန်းစုကြည်က အခုလို ပြောဆိုချက်တွေကို ရေးသားကြောင်း ဖေါ်ပြထားပါတယ်။

မေး ----- ဟုတ်ကဲ့ ဒါဆိုရင် ဒီအမှုမှာ ဘာကြောင့် သူ့ကို ဒီလို တဖက်သတ် ဆောင်ရွက်တယ်လို့ ဒေါ်အောင်ဆန်းစုကြည်က ယူဆပါသလဲ ခင်ဗျား။

ဦးဥာဏ်ဝင်း ------ ဒေါ်အောင်ဆန်းစုကြည်က စစွဲတဲ့ အချိန်ကိုက ဒါနိုင်ငံရေး အရ လုပ်တာဘဲ။ ဒါနိုင်ငံရေးမှုဘဲ။ နိုင်ငံရေးအရ သူ့ကို တရားစွဲတာဘဲ။ သူဘာဖြစ်မှုမှ မကျူးလွန်ဘူး။ ဒီလိုကိစ္စကို အခုကျနော် ပြောနေတဲ့ အပြင်ကို ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင်က ရုံးမှာတင်တဲ့ Statement မှာ ပါပြီးသား ဖြစ်တယ်။ ဒီအတိုင်းဘဲ သူတရားရုံးကို တင်ပြထားပါတယ်။

မေး ----- ဦးပူကျင်ရှင်းထန် ခင်ဗျား။ ဒီအမှုနဲ့ ပတ်သက်ပြီး ဦးပူကျင်ရှင်းထန် ဘယ်လိုမြင်ပါသလဲ ခင်ဗျား။

ဦးပူကျင်ရှင်းထန် ------- အမှုကတော့ ကျနော်မြင်တဲ့အတိုင်း ဆိုလို့ရှိရင် ဒါဟာ အမှန်မှာတော့ နိုင်ငံရေး အမှုဘဲ။ အမှုသွား အမှုလာကို အားလုံးတော့ ကျနော်တို့ မသိဘူးပေါ့ဗျား။ ဒါပေမဲ့ ဦးဥာဏ်ဝင်း ပြောတဲ့ အတိုင်းဆိုရင် တရားခံကို စွဲချက်တင်ပြီးတော့ နောက်ဆုံး အပြီးသတ် လျှောက်လဲချက် ပေးတဲ့နေ့မှာ သူတို့ပြောတဲ့ တရားခံမှာ သူမရှိဘူးဆိုတာကို တင်ပြပြီးတော့ အားလုံး အမှန်မှာ တရားလိုပြဘက်က အကျိုးသာမက သူကပြန်ပြီးတော့ ချေပခွင့် ရှိပါတယ်။

အဲဒါကို ဦးဥာဏ်ဝင်း ပြောတဲ့အတိုင်း ဆိုလို့ရှိရင် တရားခံက တယောက်ထဲ မဟုတ်တော့၊ ၃ ယောက် ၄ ယောက်ရှိနေတော့ ကျန်တဲ့ အကျိုးဆောင်များက လျှောက်လဲချက် မပေးနိုင်တာလည်း ရှိတယ်။ အမှန်မှာ အဲဒီအမှုမှာ တကယ်တော့ ဟိုတုန်းကလည်း ညနေအထိတောင် ထိုင်သေးတာကို အဲဒီအားလုံးကို သူသိနိုင်ခဲ့တယ်။ မရှိဘဲနဲ့ တခါထဲ တရက်ထဲနဲ့ ကျနော်တို့ အမှုအတိုင်း တရားခံ အကျိုးဆောင်တွေက အပြစ်မရှိတဲ့ အကြောင်းကို တင်ပြပြီးတဲ့ နောက်ပိုင်း အကျိုးဆောင်များက ပြန်ပြီးချေပပိုင်ခွင့် ရှိတယ်။ နောက်ထပ်တခါ တရားခံ အကျိုးဆောင်ဘက်က ချေပပိုင်ခွင့်ရှိတယ်။ အဲဒီဥစ္စာက ကျနော်နားလည် သလောက် ဆိုလို့ရှိရင် အခု တရားခံ ၃ ယောက် အဲဒီရှိတဲ့အထဲမှာ အဓိကတရားခံလို့ သူတို့ပြောနေတဲ့ သူတင်ပြတာလောက်ပဲ ရှိသေးတယ်။ နောက် ၃ ယောက် ကျန်သေးတယ် ဆိုတော့ တော်တော်ကြာမဲ့ သဘောဆိုတာကို ကျနော် အမှုသွား အမှုလာတွေကို ဥပဒေအတိုင်း ကျနော်မြင်တာ ဖြစ်ပါတယ်။

မေး ----- ဟုတ်ကဲ့ အာရှ လူ့အခွင့်အရေး ကော်မရှင်က ဦးမင်းလွင်ဦး ခင်ဗျား။ ဒီအမှုကို ဘယ်လို မြင်ပြီး ဒီအမှုရဲ့ တရားစီရင်မှုကရော ဘယ်လို ဆက်လက် ဖြစ်ပေါ်လာမယ်လို့ ထင်ပါသလဲ။

ဦးမင်းလွင်ဦး ------ ဟုတ်ကဲ့၊ ဒီအမှုကို အစအဆုံး အနီးကပ် စောင့်ကြည့် လေ့လာနေပါတယ်။ အဲလို လေ့လာတဲ့အခါမှာ ကျနော်တို့ ဘာတွေ့ သလဲဆိုတော့ ဒေါ်အောင်ဆန်းစုကြည်ကို အရေးယူတဲ့ ကိစ္စက ၁၉၇၄ ဖွဲ့စည်းပုံ အခြေခံ ဥပဒေ အပေါ်မှာ မူတည်ပြီးတော့ အရေးယူတာ ဖြစ်တယ်။ ဖွဲ့စည်းပုံ အခြေခံဥပဒေကို န ၀ တ/ န အ ဖ အာဏာ တက်လာတဲ့အခါမှာ ပယ်ဖျက်လိုက်တဲ့ ဥပဒေ စာရင်းမှာ မပါပေမဲ့လည်း ဒီဥပဒေ စာရင်းထဲမှာ ဒီဥပဒေကို အကောင်အထည်ဖေါ်မဲ့ အဖွဲ့တွေကို အမိန့် ကြေငြာစာတွေ၊ စကားရပ် အစားထိုးတဲ့ ဥပဒေတွေ၊ ဒါတွေနဲ့ သူတို့က ပယ်ဖျက်ပြီးသား ဖြစ်တယ်။ ဥပမာအားဖြင့် ကျနော်တို့ ပြောရရင် မြန်မာနိုင်ငံမှာ ရှိတဲ့ နိုင်ငံတော် ကောင်စီ၊ ပြည်သူ့လွှတ်တော်၊ နောက်ပြီးတော့ မြို့နယ်ကောင်စီ၊ ပြည်သူ့ တရားသူကြီးအဖွဲ့၊ ပြည်သူ့ဥပဒေ အကျိုးဆောင်အဖွဲ့၊ နောက်ပြီး လုပ်ငန်း စစ်ဆေးရေးအဖွဲ့ ဒါတွေကို အားလုံး ပယ်ဖျက်ပြီးသား ဖြစ်တယ်။ အဲတော့ ဥပဒေကို မပယ်ဖျက် သော်ငြားလည်း ဒီဥပဒေကို လက်တွေ့ အကောင်အထည်ဖေါ် ကျင့်သုံး ဖေါ်ဆောင်မဲ့ အဖွဲ့တွေ အားလုံးနည်းပါးကို ပယ်ဖျက်ပြီးသား ဖြစ်နေတဲ့အတွက် ဥပဒေက အသက်ဝင် လှုပ်ရှားနိုင်ခွင့် မရှိတော့ဘူး။

ဒါကြောင့်လည်း သူတို့က ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံ အခြေခံ ဥပဒေကို အတည်ပြု ပြဌာန်းတယ် ဆိုပြီးတော့ သူတို့အနေနဲ့ ပြည်သူတွေရဲ့ ဆန္ဒက ဘယ်နှစ် ရာခိုင်နှုန်း ရှိတယ် ပြောပြီးတော့ ပြဌာန်းလာတာ ဖြစ်တယ်။ ဒါကြောင့် ကျနော်တို့က
မြန်မာနိုင်ငံ အတွင်းမှာ ဖွဲ့စည်းပုံ အခြေခံဥပဒေ ၂ ခုရှိနေသလား။ ကျနော်တို့က ပြန်ပြီး စဉ်းစား ကြည့်တာပေါ့နော်။ ၁၉၇၄ ဥပဒေ ရှိနေသေးတယ် ဆိုလို့ရှိရင် ဒီနေ့ န ၀ တ/ န အ ဖ အစိုးရက အာဏာသိမ်းတဲ့ အစိုးရဖြစ်တယ်။ သူတို့ကို ဦးဆုံး အရေးယူရမှာ ဖြစ်တယ်။ ဒါက ဥပဒေအရ အဓိကကျတဲ့ အချက်တချက် ဖြစ်တယ်။ သို့သော်လည်း ပြည်သူ့လွှတ်တော်ကို သူတို့ ပယ်ဖျက်ပြီးသား ဖြစ်နေတဲ့အတွက် အသစ်ဖွဲ့စည်းမဲ့ ပြည်သူ့လွှတ်တော် ပေါ်ပေါက်နိုင်ခြင်း မရှိဘူး။

ဒါကြောင့် ကျနော်တို့က သူတို့ အမိန့် အာဏာတွေနဲ့ လုပ်ခဲ့တဲ့အမှု ကိစ္စမှန်တမျှကို ကျနော်တို့ အတည်ပြုနိုင်ခြင်း မရှိဘူး။ ဒါကြောင့်လည်း သူတို့ရဲ့ အမိန့်အာဏာကလည်း အခုချိန်အထိ သူတို့ သဘောအတိုင်းသာ သူတို့ ဆက်လက် ဆောင်ရွက်နေတယ် ဆိုတာကို ကျနော်တို့ တွေ့ရှိရတယ်။ အဲဒါက တချက်ဖြစ်တယ်။ ဒါကြောင့် ဥပဒေအရ အနှစ်သာရ မရှိတော့သည့် ဥပဒေအပေါ်မှာ အခြေခံပြီးတော့ တရားစွဲဆိုတဲ့ဟာက လွန်စွာမှပင် မှားယွင်းတယ်။ ဒါကို (၁) အချက် ကျနော် ပြောချင်တယ်။

နောက် (၂) အချက် ပြောချင်တာက ကျနော်တို့ နိုင်ငံတကာ စံချိန် စံညွန်းတွေအရ တရားခွင်ကို စစ်ဆေးစီရင်တဲ့ အခါမှာ ဒီလိုမျိုး သတ်မှတ်ထားတဲ့ တရားခံရဲ့ အခွင့်အရေး ခုခံ ချေပနိုင်ခွင့်ကို အပြည့်အ၀ မရတာကိုလည်း ကျနော်တို့ ပြောချင်တယ်။ ဘာဖြစ်လို့လဲဆိုတော့ တရားလိုဘက်က တင်သွင်းလာတဲ့ သက်သေတွေ တော်တော်များများ ရှိပါတယ်။ အဲတော့ သက်သေစာရင်းမှာ မပါတဲ့ သူကိုတောင်မှ သူတို့ကနေပြီးတော့ နောက်ဆုံးသက်သေ ဆိုပြီးတော့ လက်ခံပြီး စစ်ဆေးတယ်။ ဒါက သက်သေ နံပါတ် (၂) ဖြစ်တယ်။ ဒုရဲမှူး ၀င်းနိုင်ထွန်း ဖြစ်တယ်။ အဲတော့ အကြောင်းပြ တာကလည်း ကောင်းပါတယ်။ ကျနော်တို့ လေ့လာ ကြည့်သလောက် ဆိုလို့ရှိရင် ကွန်ပျူတာ စာရိုက်တဲ့နေရာမှာ ကျန်သွားတဲ့အတွက် မပါတာ ဖြစ်တယ်။ ဆိုတဲ့ အကြောင်းပြချက်ကို တရားရုံးက လက်ခံပြီးတော့ စစ်ဆေးလျှက် ရှိတယ်။

ကျနော်တို့ တရားခံဘက်က နေပြီးတော့ ၁၉၇၄ ဖွဲ့စည်းပုံ အခြေခံဥပဒေက တကယ်တရားဝင် မဟုတ်တော့ဘူး။ အကျိုးသက်ရောက်မှု မရှိတော့ဘူး။ အာနိသင် မရှိတော့ဘူး ဆိုတာကို သက်သေပြနိုင်ဖို့ အတွက် သက်သေ ၄ ယောက်ဘဲ တင်တယ်။ အဲဒီ သက်သေ ၄ ယောက် တင်တဲ့အခါမှာလည်း ပထမဦးဆုံး ဦးကြည်ဝင်းကို ခွင့်ပြုတယ်။ ကျန်တဲ့ ၃ ယောက်ကို ခွင့်မပြုဘူး။ အဆင့်ဆင့် အခွင့်အရေး တောင်းဆိုလိုက်တော့မှ ဒုတိယတခါ ဒေါ်ခင်မို့မို့ကို ခွင့်ပြုတယ်။ ကျန်တဲ့ ၂ ယောက်ကို ခွင့်မပြုဘူး။

ကဲ ကျနော်တို့က ဒီ ၇၄ အခြေခံ ဥပဒေ အပေါ်မှာ စွဲတဲ့ကိစ္စမှာ ကျနော်တို့အနေနဲ့ သက်သေပြစရာက နိုင်ငံသားရဲ့ မူလအခွင့်အရေး ကန့်သတ်တယ်။ တားဆီးတယ် ဆိုတာတွေနဲ့ ပတ်သက်ပြီးတော့ ကျနော်တို့ဘက်က တင်ပြပိုင်ခွင့် ရှိရမယ်။ ဒါတွေက ဒီလိုမျိုး ဖြစ်တယ်။ မဖြစ်ဘူး ဆိုတာကို တရားရုံးအနေနဲ့ ရှင်းရှင်းလင်းလင်း ဖြစ်အောင် ကျနော်တို့က တရားခွင်မှာ တင်ပြဖို့ လိုလာတယ်။ ဒီဥစ္စာကိုတောင်မှ ခွင့်မပြုဘူး ဆိုလို့ရှိရင် ဒါက ကျနော်တို့ အနေနဲ့ ဘက်လိုက်မှုရှိတယ်။ ဒါကို ကျနော်တို့ ပြောချင်တယ်။ အဲတော့ နောက်တခါ ပြီးခဲ့တဲ့ သောကြာနေ့က လျှောက်လဲချက်ပေးတဲ့ ကိစ္စကလည်း အမှန်တကယ် ဆိုလို့ရှိရင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ အမှုဟာ သီးသန့် ခုံရုံး ဖြစ်တယ်။

သီးသန့်ခုံရုံးက ထိုက်သင့်တဲ့ ရုံးချိန်းကို ယူပြီးတော့မှ ဖြစ်ပေါ်လာတယ်။ ဒါပေမဲ့ အဲလို မလုပ်ဘဲနဲ့ ဒီလို နေ့လည် ၂ နာရီ ချိန်းလိုက်တယ်။ ပြီးတော့ အချိန် မလုံလောက်လို့ နောက်တခါ ထပ်ချိန်းတယ် ဆိုတာမျိုးဟာ လုံးဝ မဖြစ်သင့်တဲ့ ကိစ္စဖြစ်တယ်။ ဘာဖြစ်လို့လဲ ဆိုတော့ နှစ်ဘက်လျှောက်လဲချက် ပေးတဲ့အခါမှာ တဖက်က အဆိုတင်လာတဲ့ အချိန်မှာ တဖက်က အချေကို ပြောရမှာ ဖြစ်တယ်။ တပြိုင်နက်ထဲမှာ အဲဒီ အဆို အချေက တပြိုင်နက်တည်း ဖြစ်နေရမယ်။ အဲဒီလို မဟုတ်ဘဲနဲ့ ကျနော်တို့ ဘက်ကနေ ပြီးတော့ တင်ပြ ပြောဆိုလိုက်တဲ့ အချက်တွေ သူတို့ အချိန်ယူ မစဉ်းစားဘူးလို့ ကျနော်တို့ မပြောနိုင်ဘူး။ ဒီဥစ္စာဟာလည်း တရားမျှတမှု မရှိဘူး။

ကဲအချိန်ယူ စဉ်စားတဲ့ အချိန်ကျတော့မှ တင်္နလာနေ့ ကျလို့ရှိရင် နောက်ထပ် တရားခံနှစ်ဦးရဲ့ ရှေ့နေ လျှောက်လဲချက်ကို သူတို့ နားထောင်ဦးမယ်။ နားထောင်ပြီးတော့ အမိန့်က ချမှပြီးသားလို့ ကျနော်တို့ နားလည်ပါတယ်။ သို့သော်လည်း ဒီလိုမျိုး ဥပဒေအရ ခွင့်ပြုသင့်ကိစ္စ၊ ဥပဒေကနေ ပေးထားတဲ့ အခွင့်အရေးကို ဒီလို ကန့်သတ်တဲ့ ဥစ္စာကတော့ တရားမျှတမှု မရှိဘူး ဆိုတာကို ကျနော်တို့ အာရှ လူ့အခွင့်အရေး ကော်မရှင်အနေနဲ့ အလေးအနက် ပြောချင်တယ်။ နိုင်ငံတကာက သိအောင် ဆက်လက် ဆောင်ရွက်သွားမယ် ဆိုတာကို ကျနော်တို့ အထူးပြောချင်ပါတယ်။

မေး ----- ဟုတ်ကဲ့။ ဦးမင်းလွင်ဦး ကျေးဇူးတင်ပါတယ်။ တခုတော့ရှိတယ်။ ဦးမင်းလွင်ဦး ပြောသွားတဲ့ အထဲမှာ ဒီအမှုအတွက် အမိန့် ချမှတ်ထားပြီးသား ဖြစ်တယ်ဆိုတာက ကျနော် ထင်ပါတယ် ခင်ဗျား။ ဦးမင်းလွင်ဦးရဲ့ ပုဂ္ဂလိက အမြင်လို့ဘဲ ကျနော်တို့ ယူဆရမယ်လို့ ထင်ပါတယ်နော်။ ဟုတ်ကဲ့ တဆက်ထဲမှာ ရှေ့နေ ဦးဥာဏ်ဝင်းကို မေးခွင့် ပြုပါခင်ဗျား။ ဦးဥာဏ်ဝင်းရေ ဒီအမှုက ကျနော်တို့ အမြင်ပေါ့ဗျား။ ကျနော်တို့ သိသလောက်တော့ အခု တရားခံဘဲ ထားပါတော့ ခင်ဗျား။ အဲဒီစကားလုံး ကလည်း မြန်မာ့ ဥပဒေအရ တရားခံ ခေါ်ကြတယ်ပေါ့လေ။ အခြား တိုင်းပြည်တွေမှာ စွပ်စွဲ ခံရတဲ့ ပုဂ္ဂိုလ်တယောက်ကို အမေရိကန်မှာတော့ Suspect လို့ ခေါ်တယ်ဗျား။ သံသယရှိသူ၊ သူ့ကို တရားသူကြီးက (သို့) ဒီအဖွဲ့ကနေပြီးတော့ ခုံသမာဓိက ဒီလူမှာ အပြစ်ရှိတယ်လို့ အဆုံးမဖြတ်မပေးမချင်း သူ့ကို သံသယရှိသူလို့ဘဲ ပြောလေ့ ရှိတယ်ဗျား။ ဗမာပြည်မှာတော့ အစွဲခံရတဲ့သူကို တရားခံလို့ ခေါ်ပါတယ်။

ဦဥာဏ်ဝင်း ----- ဟုတ်ပါတယ်၊ ဒီအသုံးအနှုန်းက သုံးနေကြဖြစ်တယ်။

မေး ----- အဲတော့ ထားပါတော့ ခင်ဗျား။ မြန်မာပြည် သုံးခဲ့တဲ့ အသုံးအနှုန်းကို တရားခံဘက်ကနေပြီး ဒေါ်အောင်ဆန်းစုကြည် ဘက်ကို လျှောက်လဲချက် ပေးခဲ့ပါတယ်။ အခုတခါ ပြန်ပြီး နောက်ဆုံးမှာ တရားလိုဘက် အစိုးရ ဘက်ကနေပြီးတော့ သူတို့က လျှောက်လဲချက် ပေးပါတယ်။ အဲဒါပြီးရင် တရားခံဘက်ကို ပြန်ပြီးတော့ ပေးလေ့ရှိသလား ခင်ဗျား။ ကျနော် သိသလောက်။

ဦးဥာဏ်ဝင်း ----- ကျနော်တို့ ပြန်ပြီးတော့ လျှောက်လဲခွင့် ရှိပါတယ်။

မေး ----- နောက်ဆုံးချေပချက်။ အဲဒီတော့ တရားခွင် အတွင်းမှာရော ဥပဒေအတိုင်း ဆောင်ရွက် လုပ်ကိုင်နေတယ်လို့ ကျနော်တို့ ယူဆလို့ ရပါသလားခင်ဗျား။

ဦးဥာဏ်ဝင်း ----- ဥပဒေအတိုင်း ပြောရင် ဥပဒေအတိုင်း ဖြစ်ပေမဲ့လို့ ကန့်သတ်မှုဆိုတာ လိုသေးတယ်။ ဒါကြောင့် ကျနော်တို့က မမျှတတဲ့ဟာကို မျှတ အောင်ပြောမယ်။ ဥပဒေအညီ ဖြစ်ချင် ဖြစ်မယ်။ သို့သော် မမျှတတဲ့ အပြုအမူ အလုပ်အကိုင် မျိုးကို တရားရုံးက မလုပ်ရပါဘူး။ ဒါနဲ့ပတ်သက်ပြီးတော့ ဒေါ်အောင်ဆန်းစုကြည်က သူ့ရဲ့ ဒီအမှု သဘောထား ထဲမှာ ပါပါတယ်။ တရားမျှတတယ် ဆိုတာဟာ လုပ်ရုံနဲ့ အပြီးဘူး။ အများ အမြင်မှာလည်း မျှတဖို့လိုတယ်။ ဒါကြောင့် ခဏကပြောတဲ့ ဥပဒေနဲ့ ညီသလား ဆိုတာရင် ဥပဒေနဲ့ညီတိုင်း မျှတတာ မဟုတ်ဘူး။ မျှတကြောင်းကို အမြင်အရကို ပေါ်လွင်နေရမယ်။ အဲတာကို ကျနော်တို့ ဆိုလိုပါတယ်။

မေး ----- အဲတော့ ဦးဥာဏ်ဝင်းတို့ အမြင်အရဆိုရင် လက်ရှိ ဒီအမှုဟာ ဘယ်လို ရှေ့ဆက်ပြီး ဖြစ်ပေါ်နိုင်မှာလဲ ခင်ဗျား။

ဦးဥာဏ်ဝင်း ------ ဖြစ်ပေါ်လာနိုင်တဲ့ ဟာက ကြိုပြီးတော့ ကျနော်တို့ မပြောနိုင်ပါဘူး။ ဒါက ခဏက ဦးမင်းလွင်ဦး ပြောသွားသလိုဘဲ။ ဒါက စီရင်ချက် ချပြီးသားဆိုတော့။ ကျနော်က ဒီလိုမပြောဘူး။ သို့သော် နိုင်ငံရေး အမှုတွေမှာ အများက ဒီအတိုင်းဘဲ ပြောနေကြတယ်။ ဒီတမှုထဲ မဟုတ်ဘူး။ နိုင်ငံရေး အမှုဆိုပြီးတော့ ဒီအတိုင်းကို ပြောနေကြတယ်။ ပြောနေကြတယ် ဆိုတာက နိုင်ငံရေးနဲ့ ပတ်သက်တဲ့ အမှုတိုင်းမှာ စွပ်စွဲတဲ့ ပုဒ်မ အကုန်လုံးကို ချမယ်။ သီးခြားစီ ကျခံစေ။ ဒါက ဒီအတိုင်း တွေ့နေရလို့ ဥပဒေက ဒီလို ပြောတာကိုး။ ဒါကြောင့် ကျနော့အနေနဲ့ ဘာဖြစ်လာနိုင်မယ် ဆိုတာကို ကျနော်မပြောနိုင်ပါဘူး။ သို့သော် ဥပဒေ ရှုထောင့်ကတော့ ဒေါ်အောင်ဆန်းစုကြည် ဟာ အပြစ်မရှိဘူးလို့ လုံးဝ တရားဝင်ကြီး ကျနော်ပြောပါတယ်။

မေး ----- ဟုတ်ကဲ့ ဦးဥာဏ်ဝင်း ပြောသွားတဲ့အခါမှာ နိုင်ငံတကာ ဥပဒေတွေကို ကြည့်တဲ့အခါမှာလည်း ဒီကိစ္စနဲ့ ပတ်သက်တဲ့ အမှုတွေက ကြိုတင်ပြီး တစုံတရာကို ရည်ရွယ်ချက်ရှိရှိနဲ့ လုပ်ဆောင်တယ်။ ဒါနဲ့ ပတ်သက်ပြီး ဘယ်လို ဆက်လက် ဆောင်ရွက်မယ်၊ ဘယ်လို အမိန့်ချမယ် ဆိုတာမျိုးကို အတိအကျ ကြိုတင် ကြံရွယ်ထားတယ် ဆိုတာမျိုးကတော့ မြန်မာ့နိုင်ငံ သမိုင်းရဲ့ အစဉ်အလာလို မြင်နေရတယ် ခင်ဗျား။ စောစောက ဦးမင်းလွင်ဦး ပြောသွားသလိုပါဘဲ မြန်မာပြည်မှာ တရားအမှု အခြေအနေ နိုင်ငံရေး အခြေခံ အကြောင်းတွေကို ထည့်တွက်ပြီးတော့ ပြောတယ်လို့ဘဲ ကျနော်တို့လည်း ထင်ပါတယ်။ ဥပဒေအရ ပြောမယ် ဆိုရင်လည်း ဘယ်သူမှ ကြိုတင်ပြီး မသိဘူးပေါ့ဗျား။

အဲတော့ ဦးဥာဏ်ဝင်း ခင်ဗျား။ တရားခွင်မှာ ဒေါ်အောင်ဆန်းစုကြည်ကို ပုဂ္ဂိုလ်ရေးအရ တခြားပုဂ္ဂိုလ်တွေနဲ့ ဆက်ဆံပုံတွေကို ကျနော်တို့ကို သောတရှင်တွေကို ပြောပြပါလား ခင်ဗျား။ နိုင်ငံခြားက လာတဲ့ သံတမန်တွေလည်း နောက်ဆုံး တွေ့ရတော့ ၄ နိုင်ငံလောက် တက်ခွင့် ရတယ်လို့ ကျနော်တို့ သိရတယ်။ တရားရုံး ၀န်ထမ်းတွေကရော ဒေါ်အောင်ဆန်းစုကြည်ကို ဘယ်လိုများ ဆက်ဆံ ပြောဆိုကြပါသလဲ ခင်ဗျား။

ဦးဥာဏ်ဝင်း ------ တရားရုံးကို ကျနော်တို့ ရောက်ပြီးရင် ဒေါ်အောင်ဆန်းစုကြည်ဟာ သူတို့ နေတဲ့နေရာ ကနေပြီးတော့ လူ (၃) ယောက်ကို ကား (၃) စီးနဲ့ အမြဲတမ်း လိုက်ပို့တယ်။ လိုက်ပို့ပြီးရင် တရားရုံးရှေ့ ၀င်လာတဲ့ အမြဲတမ်း ဒေါ်အောင်ဆန်းစုကြည်က ကျနော်တို့ရှေ့နေ ဦးကြည်ဝင်းကို ချက်ချင်း တွေ့တယ်။ အဲတော့ ခဏက သံသမန် ကိစ္စပြောရင် ပထမဆုံး သံတမန် (၃၀) လောက် လာတဲ့ အချိန်တုန်းက ကျနော်တို့လည်း မသိဘူးခင်ဗျား။ သံတမန်တွေ လာတုန်းက။ ကျနော်တို့ ရောက်ရောက်ချင်း သံသမန်တွေနဲ့ တွေ့တယ်။ ဒေါ်အောင်ဆန်းစုကြည်က အဲဒီသံတမန်တွေ အရှေ့ ပေ ၂၀ လောက် တခါးပေါက်က ၀င်တယ်။ ဒါက သူဝင်နေကြ လမ်းအတိုင်း အဲဒီက ၀င်လာပြီးနောက် ခဏက ကျနော်ပြောသလို ရှေ့နေတွေနဲ့ သူစကားပြောတယ်။

သံတမန်တွေကို ဒေါ်အောင်ဆန်းစုကြည်က ကျောပေးရက်ပေါ့။ အဲတော့ ကျနော်တို့လည်း သတိထားမိတယ်။ ၃ /၄ မိနစ်လောက် ကြာတော့ ဒေါ်အောင်ဆန်းစုကြည်ဝင်တော့ မတ်တပ်ရပ် ပေးတယ်။ အဲဒီမှာ လုံခြုံရေး ရှိနေတဲ့ အရပ်ဝတ်နဲ့ ပုဂ္ဂိုလ်တွေပေါ့ဗျား။ သူတို့ကလည်း မတ်တပ်ရပ်တယ်။ ဒေါ်အောင်ဆန်းစုကြည်က မသိဘူး။ ဒေါ်အောင်ဆန်းစုကြည် မတ်တပ်ရပ်တော့ သူတို့လည်း မတ်တပ်ရပ်တယ်။ အဲဒီတော့ ကျနော်ကဘဲ သတိပေးတယ်။ ဒေါ်စုရေ။ သံတမန်တွေ ရောက်နေတယ်။ နောက်မှာ။ ဒေါ်စုမထိုင်ရင် သူတို့လည်း မထိုင်ဘူး။ အဲတော့မှ သူသိတယ်။ အဲနောက် သူလှည့်ကြည့်တယ်။ အဲတော့မှ သူထိုင်ရမဲ့ ခုံမှာ သွားထိုင်တယ်။ ဒါက အတွေ့အကြုံပါ။ အဲဒီအတွေ့အကြုံမှာ ဒေါ်အောင်ဆန်းစုကြည်က အမှုပြီးသွားတဲ့ အခါမှာ သံတမန်တွေက ခဏလိုဘဲ မတ်တပ်ရပ်နေတယ်။ ဒေါ်စုက ကျနော့ကိုမေးတယ်။ ဦးဥာဏ်ဝင်ရေ၊ ကျမ သူတို့ကို နှုတ်ဆက်လို့ ရမှာလားတဲ့။ အဲတော့ ဒေါ်အောင်ဆန်းစုကြည် ရှိတဲ့နေရာနဲ့ သံတမန်တွေ ရှိမဲ့နေရာက ပေ ၂၀ လောက် ကွာလိမ့်မယ်။ အလယ်မှာ အဲဒီ ပေ ၂၀ ကြား ထိုင်ခုံမှာ လုံခြုံရေး ထိုင်တယ်။ အဲဒီအချိန်မှာ ဒေါ်အောင်ဆန်းစုကြည် အပေါ်မှာ ကန့်သတ်ထားတဲ့၊ တားဆီးထားတဲ့ အမိန့် မရှိတော့ဘူး၊ ရုပ်သိမ်းသွားပြီး။

အဲဒီတော့မှ သူနှုတ်ဆက်တယ်။ သံတမန်တွေနဲ့ မဆက်ဆံရဆိုတဲ့ အဲဒီတော့မှ ၄/ ၅ ခွာပြီးတော့မှ သူနှုတ်ဆက်တယ်။ သူပြောလိုက်တာက သူ့အနေနဲ့ တဦးချင်း နှုတ်ဆက် ပြောချင်ပါတယ်။ ဒါမေမဲ့လို့ အခွင့်အခါ မသင့်ဘူးပေါ့။ ကောင်းမွန်တဲ့ အချိန်ကျရင် သူနှုတ်ဆက်မယ်။ အဲဒီလို နှုတ်ဆက်ခွင့် ရတယ်ပေါ့လေ။ ကျနော်မြင်ရတဲ့ အမြင်ပါ။

မေး ---- အဲတော့ မနေ့ကရော ခင်ဗျား။

ဦးဥာဏ်ဝင်း ------ မနေ့ကလည်း ဒေါ်အောင်ဆန်းစုကြည်က ပြီးတော့ ပြန်ခါနီး အခါမှာ သံတမန်တွေကို ဒီလိုဘဲ နှုတ်ဆက်ပါတယ်။ မနေ့ကတော့ သံရုံးက ၄ ခု ၅ ခုလောက်ရှိမယ် ထင်ပါတယ်။

မေး ----- ကျနော်တို့ ကြားတာကတော့ သံရုံးက ပုဂ္ဂိုလ်တွေ ကြိုတင်ပြီးတော့ တက်ရောက် နားထောင်ခွင့် အမေရိကန် သံရုံးမရဘူးလို့ ပြောတယ်။ အဲတာရော ဟုတ်လား ဦးဥာဏ်ဝင်း။

ဦးဥာဏ်ဝင်း ------ ကျနော်တွေ့တာက ဗြိသိသျှ တွေ့တယ်။ ပြင်သစ်တွေ့တယ်။ အီတလီ တွေ့တယ်။ ဂျာမနီ တွေ့တယ်။ နောက်တခုက နော်ဝေလို့ ထင်ပါတယ်။ အမေရိကန်နဲ့ ပတ်သက်ပြီးတော့ အဲဒီလို တက်လာတဲ့ သံရုံးထဲမှာ အမေရိကန်တော့ မပါဘူး။ သို့သော မစ္စာ ဂျွန်ဝေလျံယက်တောက အမေရိကန် ဖြစ်နေတဲ့အတွက် အမေရိကန် ကောင်စစ်ဝန် ရုံးချိန်းတိုင်းမှာ သူလာပါတယ်။ သူလာခွင့်လည်း ရှိပါတယ်။

မေး ------ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ထောင်တွင်း အခြေအနေရော ဦးဥာဏ်ဝင်းသိရင် ပြပါဦးခင်ဗျား။ ထောင်ထဲမှာ ထောင်အရာရှိတွေ၊ ဆရာဝန်တွေ၊ တခြား အကျဉ်းသားတွေနဲ့ ပတ်သက်ပြီး ဒေါ်အောင်ဆန်းစုကြည်ကို ဘယ်လို ပြောတာ ဆိုတာ ရှိပါသလဲ။ ဒေါ်အောင်ဆန်းစုကြည်နဲ့ ဘယ်လို ဆက်ဆံကြပါသလဲ။

ဦးဥာဏ်ဝင်း ----- မေ ၂၆ ရက်နေ့မှာ ဒေါ်အောင်ဆန်းစုကြည် နေတဲ့အိမ်ကို ရောက်သွားတယ်။ အခုထားတဲ့ နေရာကို ရောက်သွားတယ်။ ရောက်သွားတယ် ဆိုတာကလည်း အာဏာပိုင်တွေက ခေါ်သွားတယ်။ ဘာဖြစ် ခေါ်သွားတယ်ဆိုတော့ တားဆီးမိန့်တွေကို ပြန်ရုပ်သိမ်းတယ်။ ၂၆ ရက်နေ့မှာ။ ပြန်ရုပ်သိမ်းတာကို ဒေါ်အောင်ဆန်းစုကြည် ရှေ့နေတွေနဲ့ တွေ့မယ်ဆိုပြီးတော့ ကျနော် ရှေ့နေတွေနဲ့ ရောက်သွားတယ်။ ဒေါ်အောင်ဆန်းစုကြည်ကို ထားတဲ့နေရာကတော့ နှစ်ထပ် လုံးချင်းတိုက် အပေါ်ထပ်မှာ။ အောက်ထပ်မှာတော့ အမျိုးသမီး လုံခြုံရေး ရဲအရာရှိတွေ ရှိပါတယ်။ ကျနော့ အမြင်အရ ပြောရရင် ကောင်းကောင်းမွန်မွန် ထားပါတယ်။ ထောင်ဆရာဝန်ကလည်း၊ ဆေးမှူးချုပ် ထင်ပါတယ်၊ အမြဲတန်းရှိပါတယ်။ ကောင်းကောင်းမွန်မွန် သပ်သပ်ရပ်ရပ် နေရတယ်၊ ထားတယ်လို့ ကျနော်မြင်ပါတယ်။ အကျဉ်းဦးစီးဌာန ၀န်ထမ်းတွေကလည်း ဒေါ်အောင်ဆန်းစုကြည်နဲ့ ဆက်ဆံရာမှာ ဘာအခက်အခဲ မရှိဘူးလို့ ကျနော်မြင်တယ်။ ပြေပြေလည်လည်ဘဲ။ ဒါကျနော်မြင်ရတဲ့ မြင်ကွင်း။

မေး ----- ဒေါ်အောင်ဆန်းစုကြည်က အင်းစိန်ထောင်မှာ နေရတော့ သူ့အိမ်တော့ မဟုတ်ဘူးပေါ့လေ။ အဲဒါနဲ့ ပတ်သက်ပြီး ဒေါ်အောင်ဆန်းစုကြည် တခုခု ပြောဆိုတာ ရှိပါသလား။

ဦးဥာဏ်ဝင်း ----- နေရေး ထိုင်ရေးနဲ့ ပတ်သက်ပြီးတော့ ပြောတာမရှိဘူး။ သူပြောတာက စောစောပိုင်းက သတင်းစာလည်း မရှိဘူး။ ရေဒီယိုလည်း မရှိဘူး။ Television လည်းမရှိဘူး။ နောက် အဲဒီရောက်ပြီး တပါတ်၊ ၁၀ ရက်လောက်ကြာတော့ သတင်းစာရတယ်။ သတင်းစာရတော့ နိုင်ငံရေး သတင်းတွေ၊ ဆောင်းပါးတွေ အများကြီးပါတယ်။ တနေ့က သူပြောပါတယ်။ တချို့ဟာတော့ ဒီလို ဆောင်းပါး ရေးလို့ဘဲ သူသိရတယ်လို အဲလိုပြောတယ်။

မေး ----- အဲတော့ ထောင်ထဲမှာ ရောက်ပေမဲ့လည်း ကျဉ်းကြပ်မှု သိပ်မတွေ့ရဘူးလို့ ပြောလို့ရပါသလား ခင်ဗျား။

ဦးဥာဏ်ဝင်း ------ ဟုတ်ကဲ့၊ သူက အစစအရာရာကို ရင်ဆိုင်ဖို့ စိတ်ဓါတ်အား ကောင်းတဲ့ သဘောနဲ့ ရပ်တည်နေတယ်လို့ အဲဒီသဘောနဲ့ ကျနော်မြင်ပါတယ်။

မေး ----- ဦးဥာဏ်ဝင်း ထောင်မှာတော့ ပုံမှန်အားဖြင့် နိုင်ငံရေး အမှုနဲ့ ကျသည်ဖြစ်စေ၊ ဘယ်လို အမှုမျိုးနဲ့ ကျသည်ဖြစ်စေ အစားအသောက်က တမျိုးထဲဘဲ ကျွေးတယ်ဗျား။ ဆေးရုံရောက်နေတဲ့ သူမမာကလွဲ၍ အဲတော့ ဒေါ်အောင်ဆန်းစုကြည် ကိုတော့ သီးခြား အစားအသောက် ကောင်းကောင်းမွန်မွန် ကျွေးသလားခင်ဗျား။

ဦးဥာဏ်ဝင်း ------ ဟုတ်ကဲ့ သီးသန့်ကျွေးပါတယ်။ ကျနော်တို့ အမှုလိုက်တဲ့ ကာလမှာ ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့တိုင်း ကျနော်က မေးပါတယ်။ ဘာနဲ့စားသလဲ။ သီးခြားချက်ပြီးတော့ ကျွေးပါတယ်။ ကောင်းပါတယ်။

မေး ------ ဒေါ်အောင်ဆန်းစုကြည် အတွက် ထမင်းဟင်း ချက်ပြုတ် ပေးမဲ့သူတွေကို သီးသန့် လုပ်ပေးထားသလား ခင်ဗျား။ NLD နဲ့ ပတ်သက်လို့ရော ဒီရက်ပိုင်းအတွင်း ပြောတာဆိုတာ ရှိပါသလားခင်ဗျား။

ဦးဥာဏ်ဝင်း ----- ဟုတ်ကဲ့ ပြောာတာတော့ ရှိတာပေါ့ဗျား။ သူက NLD ခေါင်းဆောင်လေ။ ကျနော်တို့က NLD အဖွဲ့ဝင်တွေ၊ NLD အကြောင်းကတော့ ပြောပါတယ်။

မေး ------ ကျနော်တို့ကို ဝေမျှပြောဆိုနိုင်လား ခင်ဗျား။

ဦးဥာဏ်ဝင်း ----- လောလောဆယ်တော့ မရှိသေးဘူးပေါ့ခင်ဗျား။ လုပ်ငန်းနဲ့ ပတ်သက်ပြီးတော့ သူသဘောထားတွေကို ပြောတာ ရှိပါတယ်။

မေး ----- ကျန်းမာရေး ကောင်းသလား ခင်ဗျား။

ဦးဥာဏ်ဝင်း ------- ဟုတ်ကဲ့ ကျန်းမာရေးတော့ ကောင်းပါတယ်။

မေး ----- ပါဝင်ဆွေးနွေးတဲ့ ပုဂ္ဂိုလ်အားလုံး အကျဉ်းအနေနဲ့ မိမိပြောလိုတဲ့ အရာကို ပြောနိုင်ပါတယ်။ ဦးပူကျင်ရှင်းထန် စပြီးပြောပါလားခင်ဗျား။

ဦးပူကျင်းထန် ------ ကျနော် အခု ပြောဆိုနေတာက ပြည့်စုံနေပြီးဆိုတော့ ဘာမှ ပြောစရာမရှိပါဘူး။ ဒါနဲ့ ပတ်သက်ပြီးတော့ ခဏက ကျနော်ပြောသလို နိုင်ငံရေးအမှု ဖြစ်နေတယ်။ အမှုကို လွှဲချတဲ့ ပုဒ်မတွေ ဖယ်ဖျက်ထားတဲ့ အခြေခံ ဥပဒေကို လုပ်နေတယ် ဆိုတော့ အနှစ်သာရ မရှိဘူး။ တရားဝင် မရှိဘူးဆိုတာ အားလုံးက သိသာ ထင်ရှားနေတယ်။ ကျနော်ပြောလိုတယ်။

မေး ------ ရှေ့နေ ဦးမင်းလွင်ရော ခင်ဗျား။ နောက်ဆုံး ဘာပြောချင်ပါသလဲ။

ဦးမင်းလွင်ဦး ----- ဒေါ်အောင်ဆန်းစုကြည် အမှု ဖြစ်ပြီးဆိုတာနဲ့ သတင်းမီဒီယာ တွေမှာ ပါတဲ့ကိစ္စ အချို့ရှိပါတယ်။ အဲဒီပါတဲ့ ကိစ္စရပ်တွေမှာ နိုင်ငံတော်က နေပြီးတော့ ထုတ်ဝေတဲ့ ကြေးမုံနဲ့ မြန်မာ့အလင်းတို့မှာ တရားခွင်အတွင်းမှာ တရားခွင်အမှုလိုက် သတင်းထောက် ရှိတယ်။ သူကနေပြီး အစဉ်ဆက်မပြတ် ထုတ်ပြန်နေတဲ့ သတင်း ထုတ်ပြန်ချက်တွေ ရှိပါတယ်။

အဲဒီတော့ အဲဒီလို ထုတ်ပြန်တဲ့ အချက်တွေက န အ ဖ ဘက်ကနေပြီးတော့ အာဏာရှင်တွေ အလိုကျ ဖြစ်မဲ့ အချက်အလက်ကိုဘဲ သူတို့ ထုတ်ပြန်တာ ဖြစ်တယ်။ အသေးစိတ် အချက်အလက်တွေကို ထုတ်ပြန်ခြင်း မရှိဘူး။ ကျနော်တို့က အသေးစိတ် အချက်အလက် ထုတ်ပြန်ဖို့ ပြောနေတာ မဟုတ်ဘူး။ ဒါပေမဲ့ မျှမျှတတ ဖြစ်အောင် ထုတ်ပြန်ဖို့လိုတဲ့ အချက်အလက်ကို ကျနော်တို့ ပြောပြတာ ဖြစ်တယ်။ နောက်တခါ အမှုစစ်ဆေးနေတဲ့ ကာလ တလျှောက်လုံးမှာလည်း ဒေါ်အောင်ဆန်းစုကြည် အပေါ်မှာ အပြစ်ဒဏ် ပေးနိုင်ဖို့အတွက် သတင်းစာရှင်းလင်းပွဲ တွေလုပ်တယ်။ Press release တွေလုပ်တယ်။ အမျိုးမျိုးပေါ့ဗျား။ ဒါတွေက ကြိုတင်ပြီးတော့ ဒီလိုမျိုး အပြစ်ပေးနိုင်ဖို့ အတွက်ကို တရားရုံးကို ဖိအားပေးတဲ့ သဘောမျိုးကိုလည်း ကျနော်တို့ တွေ့ရတယ်။ ဒါတွေက ဒီအမှုတွေ သဘောအရလည်း မျှတမှုမရှိဘူး။ ပြည်သူတွေ အနေနဲ့လည်း ရှင်းရှင်းလင်းလင်း သိအောင် ဖေါ်ပြဖို့ လိုတယ်ဆိုတာကို ကျနော် ပြောချင်တယ်။

နောက်ဆုံး တချက်ကတော့ အခု ဒေါ်အောင်ဆန်းစုကြည်ကို အကျဉ်းထောင်အတွင်းမှာ အစောက ဆရာ ဦးဥာဏ်ဝင်း ပြောသွားသလို နေရေး ထိုင်ရေး ကိစ္စတွေ အဆင်ပြေအောင် ဖန်တီးပေးထားတာ ဆိုတာက ကျနော်တို့ နိုင်ငံရေး အကျဉ်းသားတွေ အားလုံးကို ထိုနည်းတူတဲ့ အခွင့်အရေးတွေ ပေးဖို့လိုတယ် ဆိုတာကို ဒါကို ကျနော်တို့ ပြောချင်တယ်။ ဒေါ်အောင်ဆန်းစုကြည်လို သီးသန့်ထားဖို့ မလိုပါဘူး။ ဆေးစစ်မှု မှန်မှန်ပေးရမယ်။ ထိုက်သင့်တဲ့ လုံလောက်တဲ့ အစားအစာ ကျွေးမွေးရမယ်။ နောက်ပြီးတော့ ထိုက်သင့်တဲ့ ဆေးစစ်မှုတွေ ခံယူဖို့အတွက် စီမံဖန်တီး ပေးရမယ်။ မိသားစုနဲ့ ပုံမှန်တွေ့ဆုံခွင့်ကို အာဏာပိုင်တွေက စီမံဆောင်ရွက်ပေးဖို့ လိုတယ်ဆိုတာကို ကျနော်တို့ အာရှလူ့အခွင့်အရေး အနေနဲ့ တောင်းဆိုချင်ပါတယ် ခင်ဗျား။

မေ ----- ဦးဥာဏ်ဝင်း နောက်ဆုံးအနေနဲ့ ကျနော်မေးခွန်းတခု မေးပါရစေ။ အခြားမဟုတ်ပါဘူး။ ဒေါ်အောင်ဆန်းစုကြည်က သူ့အမှုနဲ့ ပတ်သက်ပြီး မြန်မာနိုင်ငံ အတွင်းမှာရော၊ မြန်မာနိုင်ငံ ပြည်ပကရော ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ရဲ့ ပြောစကားတွေကို အပါအ၀င် အဲဒါတွေကို သူသိပါသလား ခင်ဗျား။

ဦးဥာဏ်ဝင်း ------ အကုန်လုံးတော့ မသိနိုင်ဘူး။ ကျနော်တို့က ဒီသတင်းတွေကို မှတ်မိသမျှ ပြောရတာကို ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့တဲ့အချိန်မှာ ကျနော်တို့က သတင်းပြောဖို့ ရည်ရွယ်တာ မဟုတ်ဘူး။ အလုပ်ထဲကနေပြီးတော့ ပြောရတာဆိုတော့ တော်တော်များများ ပြောဖြစ်တယ်။ အစုံတော့မသိဘူး။ နောက်ဆုံးအနေနဲ့ ကျနော်တခု ပြောချင်တာက ဒေါ်အောင်ဆန်းစုကြည်က ဒီအမှုနဲ့ ပတ်သက်ပြီးတော့ နောက်ဆုံး နှစ်ခုဘဲရှိတာဗျ၊ အပြစ်ပေးမယ်။ လွှတ်မယ်။ လွှတ်မယ်ဆိုတာ ထားလိုက်၊ အပြစ်ပေးမယ်ဆိုရင် သူဘယ်လိုရင်ဆိုင်ရမယ် ဆိုတာ ကြိုတင်ပြီးတော့ စိတ်ဓါတ် ပြင်ထားဖို့ဘဲ။ စိတ်ဓါတ်က နဂိုးကတည်းက ခိုင်မာပြီးသားပါ။ ပြင်ဆင် ထားပါတယ်လို့ ကျနော်နောက်ဆုံး ပြောချင်ပါတယ်။

ပါဝင်ဆွေးနွေးတဲ့ သူအားလုံးကို ကျေးဇူးတင်စကား ပြောကြားပါရစေ။

0 comments:

Post a Comment