Friday, July 31, 2009

Filled Under:

ဒေါ်အောင်ဆန်းစုကြည် အမှုရဲ့ ဥပဒေလမ်းကြောင်း အခြေအနေ

VOA ----- 28/ 7/ 2009
မြန်မာ့ ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင် ဆန်းစုကြည် အမှုစီရင်ချက် ချမဲ့ သောကြာ နေ့မှာ အဖြေဘယ်လို ထွက်လာမှာလဲ၊ တရားနည်းလမ်း တကျ ဖြစ်နိုင်ပါ့မှာလား ဆိုတာကို နိုင်ငံတကာက ၀ိုင်းဝန်းပူပန် နေကြတယ်။ ဒေါ်အောင်ဆန်း စုကြည်က “တရားစီရင်ရေး ဆောင်ပုဒ်အတိုင်း ဖြစ်သင့်တယ်” လို့ အပြီးသတ် လျှောက်လဲချက်မှာ သူရဲ့ သဘောထားကို ဥပဒေ အကျိုးဆောင် အဖွဲ့ကို ပြောခဲ့တယ်လို့ သိရပါတယ်။ အဲဒီ တရားစီရင်ရေး ဆောင်ပုဒ်က ဘာပါလဲ။ ဘယ်လို အနက်အဓိပါယ် ရှိသလဲ ဆိုတာကို ဟောင်ကောင် အခြေစိုက် AHRC အာရှ လူ့အခွင့်အရေး ကော်မရှင်မှ မြန်မာ့ ဥပဒေ ရေးရာ ကျွမ်းကျင်သူ ဦးမင်းလွင်ဦးကို ဒေါ်လှလှသန်း ဆက်သွယ် မေးမြန်းထား ပါတယ်။

ဦးဥာဏ်ဝင်း ------ ဒေါ်အောင်ဆန်းစုကြည်က ဒီအမှုနဲ့ ပတ်သက်ပြီးတော့ Statement တခု သူရေးပါတယ်။ သူရေးတဲ့ Statement ဘာတွေ ပါသလဲ ဆိုတော့ Justice must not only to be done, but must be seen to be done အဲဒီလို ဒေါ်အောင်ဆန်းစုကြည်က ဒီအဆိုအမိန့်ကို ရေးသားထားတယ်။

မေး ----- အခုလို ဦးဥာဏ်ဝင်းက တရားစီရင်ရေး ဆိုင်ရာ ဆောင်ပုဒ်ဖြစ်တဲ့ Justice must not only to be done, but must be seen to be done ဆိုတော့ ဒီတရားစီရင်ရေး ဦးမင်းလွင်ဦးတို့က တော့ ရင်းနှီးပြီးသား ရှိမယ် ထင်ပါတယ်နော်။ အကျယ်တ၀င့် ရှင်းပြပေးပါလား။

ဦးမင်းလွင်ဦး ------ ဟုတ်ကဲ့ခင်ဗျား။ အဲဒီလိုမျိုး အမှုတွေကို စစ်ဆေး စီရင်တဲ့ အခါမှာ တရားရုံး တရားသူကြီးတွေ အနေနဲ့ တရားစီရင် ဆုံးဖြတ်တဲ့ အခါမှာ အမှန်ကို ဆုံးဖြတ်ရုံမျှသာ မကဘဲနဲ့ အမှုကို မှန်မှန်ကန်ကန် စီရင် ဆုံးဖြတ်တယ် ဆိုတာကို အများပြည်သူတွေ ထင်သာမြင်သာ ရှိစေရမယ်ဆိုတဲ့ ဥပဒေဆောင်ပုဒ် ရှိပါတယ်။ ဒါမှလည်း အများပြည်သူက နေပြီးတော့ တရားရုံးရဲ့ ဆုံးဖြတ်ချက် တွေကို ယုံကြည်မှုရှိမယ်။ တရားစီရင်ရေး ဆိုင်ရာကိစ္စရပ် အားလုံးကို လေးစား လိုက်နာမှု ရှိမယ် ဆိုတဲ့သဘောကြောင့် ဒီတရားစီရင်ရေး ဆိုင်ရာ ဆောင်ပုဒ် တွေကို တရားရုံးတွေက နေပြီးတော့ အမှုကို စစ်ဆေးစီရင်တဲ့ အခါမှာ အများ အားဖြင့် လိုက်နာ ဆောင်ရွက်ရတာ ဖြစ်ပါတယ်။”

မေး ------ အခုလို တရားစီရင်ရေး ဆောင်ပုဒ်နဲ့ ပတ်သက်ပြီးတော့ လောလော ဆယ် နိုင်ငံတကာက စောင့်ကြည့်နေတဲ့ သောကြာနေ့ ကျရင် စီရင်ချက် ချမယ်။ ဒေါ်အောင်ဆန်းစုကြည် အမှုကိုရော ဘယ်လို မြင်ဘာသလားရှင်။

ဦးမင်းလွင်ဦး ------ ဒီလိုမျိုး ဖြစ်မှုတရပ်ကို ကျူးလွန်တဲ့အခါမှာ သက်သေခံ ဥပဒေမှာ ပြဌာန်းထားတဲ့ ပြဌာန်းချက်တွေ ရှိပါတယ်။ ပြစ်မှုတရပ်ကို ကျူးလွန်ဖို့ အတွက် ကြံစည်မှု ရှိရမယ်။ ပြင်ဆင်မှု ရှိရမယ်။ အားထုတ်မှု ရှိရမယ်။ အဲဒီလို အချက် ၃ ချက် ပြည့်စုံမှသာလျှင် ပြစ်မှု ကျူးလွန်တယ်လို့ သတ်မှတ်လို့ရတာ ဖြစ်တယ်။ အခု ဒေါ်အောင်ဆန်းစုကြည်ရယ်၊ ဒေါ်ခင်ခင်ဝင်းရယ်၊ ဒေါ်ဝင်းမမရယ်တို့ အမှုတွေမှာ ညအချိန်မှာ အချိန်မတော် ၀င်ရောက်လာတဲ့ လူသားချင်း စာနာတဲ့အနေနဲ့ နားနေခွင့် ပေးတယ်။ အစာကျွးတယ်။ ဒီအပြင် ဘာမှပြစ်မှု ကျူးလွန်တာမရှိဘူး။ ဒါကြောင့် ဒေါ်အောင်ဆန်းစုကြည်က ပြစ်မှု ကျူးလွန်ဖို့အတွက် ကြံစည်ထားသာလည်း မရှိဘူး။ အားထုတ်တာလည်း မရှိဘူး။ ပြင်ဆင်တာလည်း မရှိဘူးလို့ ပြောနိုင်တယ်။

“အဲတော့ အဲဒီလို အချက်အလက်တွေ မပြည့်စုံတဲ့ အပြစ်ပေးမယ်ဆိုရင် တရားမျှတမှုကို မျက်ကွယ် ပြုရာရောက်တယ်။ နောက်ပြီးတော့ တရားလိုဘက်က စွပ်စွဲထားတဲ့ စွပ်စွဲချက်တွေကို တရားလိုဘက်က သက်သေတွေကနေပြီးတော့ စဉ်ဆက်မပြတ် သက်သေ တင်ပြနိုင်ဖို့ လိုတယ်။ အခုတော့ အဲဒီလို သက်သေ တင်ပြနိုင်တာ မရှိတာကို ကျနော်တို့ တွေ့ရတယ်။”

ဥပမာ - စွဲဆိုထားတဲ့ တရားလို ဒုရဲမှူးကြီးရယ်။ နောက်ဆုံးဖြတ်တဲ့ ဒုရဲမှူးကြီး ၀င်းနိုင်ထွန်းရယ်၊ သူတို့နှစ်ယောက်က နေပြီးတော့ ထွက်ဆိုထားတာ ရှိတယ်။ အဲတော့ ဒီပြစ်မှုမှာ ဒေါ်အောင်ဆန်းစုကြည် ဘယ်လိုကျူးလွန်တယ်၊ ဘယ်လို ဖေါက်ဖျက်တယ် ဆိုတာကို ဂွင်းဆက်မပြတ်၊ စဉ်ဆက်မပြတ် သူတို့ တင်ပြနိုင်ခြင်းမရှိဘူး။ အဲတော့ အဲဒီလို အချက်အလက်တွေ အပေါ်မှာ မူတည်ပြီးတော့ တရားရုံးကနေ ပြစ်ဒဏ်ပေးမယ် ဆိုလို့ရှိရင်တော့ တရားမျှတမှုကို တိမ်းစောင်းစေတယ်။ တရားဥပဒေ ဆောင်ပုဒ်အတိုင်း အမှုတွေကို စစ်ဆေးစီရင်တဲ့အခါမှာ အမှန်တွေကို စစ်ဆေးစီရင်ဖို့မကဘဲနဲ့ ဒီဥပဒေ ပြဌာန်းချက်တွေနဲ့အညီ၊ တရားရုံးလက်စွဲတွေနဲ့အညီ၊ သက်သေခံ ဥပဒေတွေနဲ့အညီ စစ်ဆေးစီရင်တယ် ဆိုတာကို အများပြည်သူ ထင်သာမြင်သာ ဆောင်ရွက်ဖို့ လိုတယ်ဆိုတာကို ဒီဆောင်ပုဒ် ပေါ်ပေါက် လာရခြင်း ဖြစ်ပါတယ်။

မေး ---- တရားစီရင်ရေး ဆောင်ပုဒ်နဲ့ ပတ်သက်ပြီးတော့နော် တရားမျှတတဲ့ လက်တွေ့ကျကျ ဆောင်ရွက်နိုင်ကြမှာလား ဥပဒေ အကျိုးဆောင်တွေနဲ့ တရားသူကြီးတွေ အပေါ်မှာ လက်ရှိ ဒေါ်အောင်ဆန်းစုကြည် ရဲ့အမှုကို တရားဥပဒေ အကျိုးဆောင်တွေရော၊ တရားသူကြီးတွေရဲ့ အခြေအနေကို နည်းနည်းလောက် သုံးသပ်ပေးပါခင်ဗျား။

ဦးမင်းလွင်ဦး -------“ ဒီအမှုမှာ ခရိုင်တရားသူကြီး ၂ ဦး ပေါ့နော်။ ပထမ ဦးသောင်းညွန့်၊ ဒုတိယက ဦးညီညီစိုး ဖြစ်တယ်။ ဒီခရိုင် တရားသူကြီး နှစ်ဦးကလည်း စက်တင်ဘာ ရွှေဝါရောင် တော်လှန်ရေးမှာ ပါဝင်တဲ့သူတွေ၊ နောက်တခါ ကျောင်းသားတွေကို စစ်ဆေးစီရင် တဲ့အခါမှာ ပါဝင်တဲ့ သူတွေဆိုတာကို ကျနော်တို့ တွေ့ရှိရတယ်။ တရားသူကြီး ဦးသောင်းညွန့် ဆိုလို့ရှိရင် ကိုမင်းဇေယျာပါ (၁၄) ဦးအမှုမှာ သက်သေခံ အထောက်အထား မခိုင်လုံပေမဲ့လည်း အပြစ်ဒဏ်ပေးခဲ့တယ်။ ဦးညီညီစိုး ဆိုတာကလည်း မစုစုနွေးအမှုမှာ ပြစ်ဒဏ်တွေ ပေးပြီးတော့ သီးခြားကျဖို့ ချမှတ်ခဲ့တဲ့ တရားသူကြီး ဖြစ်တယ်။”

“အဲတော့ အဲဒီတရားသူကြီး ၂ ဦး စစ်ဆေးစီရင်တဲ့ မျှတမှန်ကန်မှု မရှိဘူး ဆိုတာကို ကျနော်တို့ လွန်စွာမှပင် သံသယ ဖြစ်တယ်။ ထိုနည်းတူစွာ ခရိုင်ဥပဒေ အရာရိအဖြစ် လိုက်ပါဆောင်ရွက်တဲ့ ဦးမြင့်ကြိုင်ကလည်း ကျောင်းသာအမှုတွေ တော်တော်များများမှာ လိုက်ပါ ဆောင်ရွက်ခဲ့တဲ့ ခရိုင် ဥပဒေအရာရှိ ဖြစ်တယ် ဆိုတာကို တွေ့ရတဲ့အတွက် ဒီအမှုမှာ တရားသူကြီးတွေရဲ့ အစိုးရဘက်က လိုက်ပါ ဆောင်ရွက်တဲ့ ဥပဒေ အကျိုးဆောင်တွေရဲ့ ဆောင်ရွက်မှုဟာ မျှတတဲ့ ဆောင်ရွက်မှုရှိမယ်၊ အမှန်တရားကို ဖေါ်ဆောင်နိုင်ခြင်း ရှိမယ်လို့တော့ ကျနော်တို့က အလွန် သတိထားပြီးတော့ စောင့်ကြည့်ရဦးမယ် ဖြစ်ပါတယ်။”

(AHRC အာရှ လူ့အခွင့်အရေးကော်မရှင်မှ ဦးမင်းလွင်ဦးကို ဒေါ်လှလှသန်း ဆက်သွယ် မေးမြန်းထားပါတယ်။)

0 comments:

Post a Comment