Friday, July 31, 2009

Filled Under:

ဒေါ်အောင်ဆန်းစုကြည် အမှုအား စီရင်ချက်ချရန် ရက်ရွှေ့ဆိုင်း

VOA ---- 29/7/2009

အင်းစိန် အကျဉ်းထောင် အတွင်းမှာ ဖမ်းဆီးထိန်းသိမ်း ခံနေရတဲ့ မြန်မာနိုင်ငံရေး ထိပ်တန်း ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ အမှုကို လာမဲ့ ဂျူလိုင်လ ၃၁ ရက် သောကြာနေ့ကျရင် စီရင်ချက် ချမယ်လို့ အထူး တရားရုံးက ရက်ချိန်း ပေးလိုက်ပါတယ်။ နိုင်ငံတကာရဲ့ စိုးရိမ်ပူပန်းမှုနဲ့ တောင်းဆိုမှုတွေကို ကျော်လွန်ပြီး ရုံးတော်က အပြစ်ရှိတယ်လို့ ဆုံးဖြတ်မယ် ဆိုရင်တော့ ငြိမ်းချမ်းရေး နိုဘယ်ဆုရှင် ဒေါ်အောင်ဆန်းစုကြည် ဟာ ထောင်ဒဏ် ၃ နှစ်ကနေ ၅ နှစ်အထိ ပြစ်ဒဏ် ကျခံနိုင်ဖွယ် ရှိပါတယ်။

မနေ့က အင်္ဂါနေ့မှာ နှစ်ဖက် ရှေ့နေတွေရဲ့ နောက်ဆုံး လျှောက်လဲချက်ကို ရုံးတော်က ကြားနာပြီးလို့ နောက်ဆုံးအဆင့် ဖြစ်တဲ့ စီရင်ချက်ကိုတော့ လာမဲ့ သောကြာနေ့ မနက်ပိုင်းကို ချိန်းလိုက်တာပါ မခင်ဖြူထွေးရေ။ အမှုကို ပြီးခဲ့တဲ့ မေလ ၁၈ ရက်နေ့က ရုံးတင် စစ်ဆေးခဲ့တာ အခုဆိုရင် ၂ လကျော် ကြာခဲ့ပါပြီ။

ဒီအမှုကို စတင် စစ်ဆေးစဉ် ကအတည်းက ပြည်တွင်းပြည်ပ မြန်မာ့အရေး လှုပ်ရှားသူတွေ၊ မြန်မာ့အရေး အားပေးသူနဲ့ ကမ္ဘာထိပ်တန်း နိုင်ငံ ခေါင်းဆောင်တွေ များမကျန် ဒေါ်အောင်ဆန်းစုကြည်ကို လွှတ်ပေးဖို့ ဖိအားပေး တောင်းဆိုနေတဲ့ ကြားထဲက အခုလာမဲ့ သောကြာနေ့ကို စီရင်ချက် ချတော့မယ်လို့ ဆိုပါတယ်။ တရား နည်းလမ်းမကျတဲ့ ဆုံးဖြတ်စီရင် နိုင်ပါ့မှာလားလို့ နိုင်ငံတကာ ၀ိုင်းဝန်းစိုးရိမ် ပူပန်နေကြပါတယ်။ NLD ရဲ့ ပြောခွင့်ရ ဦးဥာဏ်ဝင်းကတော့ အစကတည်းက ကျူးလွန်ခြင်းမ ရှိလို့ ဒေါ်အောင်ဆန်းစုကြည် ပြန်လည် လွတ်မြောက်လာမယ်လို့ မျှော်လင့်ထားပါတယ်။

“ ဥပဒေအရ ဒေါ်အောင်ဆန်းစုကြည်ဟာ စွဲဆိုတဲ့ ပြစ်မှုတွေကို လုံးဝ မကျူးလွန်ဘူး။ အဲဒါကြောင့် ကျနော်တို့ကတော့ ဥပဒေ အမြင်အရ ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက် လာမယ်လို့ ကျနော်တို့ မျှော်လင့်ထားတယ်။ ဒေါ်အောင်ဆန်းစုကြည် အနေနဲ့ကတော့ ဘာမှ မထုတ်ပြောဘူး။ သို့သော် အကယ်၍ အပြစ်ချရင်လည်း ရင်ဆိုင်ဖို့ အဆင်သင့် ဖြစ်အောင် ပြင်ဆင်မှုတော့ လုပ်ပါတယ်။”

ဒါ့အပြင် ဒီအမှုကို ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင်က ဥပဒေ ကြောင်းအရ စေ့စေ့စပ်စပ် လေ့လာထားပြီးတော့ သူဖြေရှင်းလိုတဲ့ အချက် တော်တော်များများ ကိုလည်း သူ့ရဲ့ လျှောက်လဲချက် တွေထဲမှာ ဖြေရှင်း နိုင်ခဲ့တယ်လို့ ဦးဥဏ်ဝင်းက ပြောပါတယ်။ ဒါ့အပြင် လျှောက်လဲချက်ထဲမှာ ဒေါ်အောင်ဆန်းစုကြည်ရဲ့ သဘောထားကိုလည်း သီးခြားစာပိုဒ်အနေနဲ့ ဖေါ်ပြခဲ့တယ်လို့ ပြောပါတယ်။

“ကျနော်တို့ရဲ့ လျှောက်လဲချက်ထဲမှာ ဒီအမှုနဲ့ ပတ်သက်ပြီးတော့ သဘောထား သီးခြားအပိုဒ်တွေကို ကျနော်တို့ report လုပ်ပြီး ထည့်ပါတယ်။ သူ့သဘောထားကို ကျနော်ပေးပါတယ်။ ဒီအမှု တမှုလုံးနဲ့ ပတ်သက်ပြီး သူ့ယူဆချက်တွေ တရားဥပဒေ စိုးမိုးရေးအတွက် ဥပဒေ ယူဆချက်တွေ အဲဒါတွေပါ။ ဥပဒေ ဆိုင်ရာ idea တွေကတော့ ထူးထူးခြားခြား ရှိပါတယ်။”

NLD ရဲ့ ပြောခွင့်ရသူ ဦးဥာဏ်ဝင်း ပြောပြခဲ့တာပါ။ ဒီအမှုကို စတင် စစ်ဆေးစဉ်ကတည်းကလည်း ဒီတရားခွင်ကို နိုင်ငံတကာ ဥပဒေ ပညာရှင်တွေက စောင့်ကြည့်နေကြပြီးတော့ သူတို့အားလုံးရဲ့ မှတ်ချက်ကတော့ တရားစီရင်ရေးဆိုင်ရာ ကျင့်ထုံးတွေနဲ့ လွှဲချော်နေတယ်လို့ ဆိုပါတယ်။

ဟောင်ကောင်အခြေစိုက် အာရှ လူ့အခွင့်အရေး ကော်မရှင် ရှေ့နေ ဦးမင်းလွင်ဦးကတော့ - “ ပြစ်မှုတရပ် ကျူးလွန်တဲ့အခါ သက်သေခံဥပဒေမှာ ပြဌာန်းထားတဲ့ ပြဌာန်းချက်တွေ ရှိပါတယ်။ ပြစ်မှုတရပ်ကို ကျူးလွန်ဖို့အတွက် ကြံစည်မှု ရှိရမယ်။ ပြင်ဆင်မှု ရှိရမယ်။ အားထုတ်မှု ရှိရမယ်။”

“ အဲဒီလို အချက် ၃ ချက် ပြည့်စုံမှသာလျှင် ပြစ်မှု ကျူးလွန်တယ်လို့ သတ်မှတ်လို့ ရတာဖြစ်တယ်။ အခု ဒေါ်အောင်ဆန်းစုကြည် အမှုဟာ ညအချိန်မှာ အချိန်မတော် ၀င်ရောက်လာတာ ဖြစ်တယ်။ လူသားချင်း စာနာတဲ့အနေနဲ့ နားနေခွင့်ပေးတယ်။ အစာကျွေးတယ်။ ဒီအပြင် ဘာမှ လုပ်ဆောင်တာမရှိဘူး။ ဒါကြောင့် ဒေါ်အောင်ဆန်စုကြည်က ပြစ်မှုကျူးလွန်ဖို့ ကြံစည်ထားတာ မရှိဘူး။ အားထုတ်တာလည်း မရှိဘူး။ ပြင်ဆင်တာလည်း မရှိဘူးလို့ ကျနော်တို့ ပြောနိုင်တယ်။ အဲတော့ အဲလို အချက်အလက်တွေ မပြည့်စုံဘဲနဲ့ အပြစ်ပေးမယ် ဆိုရင်တော့ တရားမျှတမှုကို မျက်ကွယ်ပြုရာ ရောက်တယ်။”

အာရှလူ့အခွင့်အရေး ကော်မရှင်မှ ရှေ့နေ ဦးမင်းလွင်ဦး ပြောဆိုခဲ့ပါတယ်ရှင်။

အမေရိကန် နိုင်ငံသား ဂျွန်ယက်တောဟာ အင်းလျားကန်ကို ရေဖြတ်ကူးပြီးတော့ တိတ်တဆိတ် ၀င်ရောက်ခဲ့တာကို နေအိမ်အကျယ်ချုပ် ကန့်သတ်မှုကို ဖောက်ဖျက်တယ် ဆိုတဲ့ စွပ်စွဲချက်တွေနဲ့ အာဏာပိုင်တွေက ရုံးတင် စစ်ဆေးခဲ့တာပါ။ ဒီလအထဲမှာ နေအိမ်ကနေ အင်းစိန်ထောင်ကို ရွှေ့ပြောင်း ဖမ်းဆီးလိုက်ပြီးတော့ ဒေါ်အောင်ဆန်းစုကြည်နဲ့ အတူနေတဲ့ ဒေါ်ခင်ခင်ဝင်းနဲ့ ဒေါ်ဝင်းမမ တို့ကိုပါ အားပေးကူညီမှုနဲ့ တရားစွဲဆိုခဲ့ပါတယ်။ အခုလို အင်းစိန်ထောင်ကို ပြောင်းရွှေ့ဖမ်းဆီးလိုက်တဲ့ အချိန်က ၂၀၀၃ ခုနှစ် မေလ ဒီပဲယင်း ပြဿနာအပြီး ၆ နှစ်သာ နေအိမ်အကျယ်ချုပ် ပြည့်ခါနီး ဖြစ်နေတာမို့ အများကတော့ ဒါဟာ တမင် အကွက်ဆင် ဖန်တီးခဲ့တာလို့ ဆိုပါတယ်။

ဒါအပြင် မြန်မာစစ်အစိုးရက ဦးဆောင်ကျင်းပပေးမယ်ဆိုတဲ့ ၂၀၁၀ ရွေးကောက်ပွဲမှာ ဒေါ်အောင်ဆန်းစုကြည် ပါဝင်နိုင်ခြင်း မရှိအောင်လို့ တမင်ဖန်တီး စီစဉ်ထားတာကြောင့် အခုလာမဲ့ သောကြာနေ့ ဆုံးဖြတ်ချက်မှာ ဒေါ်အောင်ဆန်းစုကြည်ဟာ ပြစ်ဒဏ်ကျခံနိုင်ဖွယ် ရှိတယ်လို့ ခန့်မှန်း နေကြပါတယ်ရှင်။

0 comments:

Post a Comment