Sunday, August 02, 2009

Filled Under:

အမှုမှ အပြီးပြတ်လွှတ်ခြင်းနှင့် ပြစ်ဒဏ်သတ်မှတ်ခြင်း

မင်းလွင်ဦး
သြဂုတ်လ ၃ရက်၊ ၂၀၀၉ ခုနှစ်

ပဒေ ရေးရာ တိုက်ပွဲမှာ ဒေါ်အောင်ဆန်းစုကြည် အနေနဲ့ အရှုံးနဲ့ ရင်ဆိုင် ရတော့မှာလား၊ အမှန်တရား တိုက်ပွဲဝင်သူတွေ အတွက် ဥပဒေက ဘာမှ အကာအကွယ် မပေးနိုင် တော့ဘူးလား။

တရားဥပဒေ စိုးမိုးမှုဆိုတာ ပြည်သူတွေ အတွက်မဟုတ်ပဲ အာဏာရှင်တွေ အာဏာ တည်မြဲဖို့ ထင်သလို ရမ်းကား နိုင်ဖို့ ကိုပဲ ထောက်ကူ ပံ့ပိုးနေတော့ မှာလား၊

အမှန်တရားကို တည့်မတ်ပေးမည့် ထီးချက်စောင့် နတ်သမီး အိပ်ပျော်နေသလား အမျိုးမျိုး တွေးတောစရာတွေ ဖြစ်ပေါ် လာတာတော့ အမှန်ပါ။ မှားယွင်းတဲ့ ဆုံးဖြတ်ချက် တွေကြောင့် အရှုံးတွေကို ထပ်ဆင့် ရင်ဆိုင်နေရလို့ စိတ်ဓါတ် ကျစရာတွေ ဖြစ်လာတယ်ဆိုရင် မငြင်းနိုင်တဲ့ အချက်တချက်လို့ ပြောရမှာပါ၊

ဒါပေမဲ့ မှုခင်းတွေ ဖြစ်ပွားလာပြီဆိုတာနဲ့ အမှားနဲ့ အမှန်၊ အကောင်းနဲ့ အဆိုးစသဖြင့် ဒွန်တွဲနေတာဟာ နိယာမ တရားတခုပဲ ဖြစ်တယ်။ မှားယွင်း ဆုံးဖြတ်လိုက်လို့ နစ်နာတဲ့သူအတွက် သက်သာခွင့်ကုစားခွင့် အဆိုးထဲက အကောင်းရွေးချယ်လို့ ကောမရတော့ ဘူးလား။ ဒီလိုတော့ မဟုတ်ပါ အကောင်းမြင် တတ်သူတွေအတွက် ကောင်းတယ်လို့ ရွေးချယ်ခံ စားနိုင်ဖို့ အချို့ အချက်အလက်တွေ ရှိပါတယ်။

အာဏာရှင်တို့ အနေနဲ့ အာဏာ တည်မြဲနိုင်ဖို့ ရာအတွက် ဘာကိုမှ အလေးမထား ဂရုမစိုက်ပဲ လုပ်ကိုင်တယ်ဆို တာကို နိုင်ငံတကာနဲ့ ပြည်သူလူထု တရပ်လုံး ပိုမိုသိမြင် လာစေတယ်။ ပြဌာန်းထားတဲ့ ဥပဒေတွေကို လက်နက်သဖွယ် အသုံးပြုပြီး ပြည်သူတွေနဲ့ အတိုက်အခံတွေကို ဖိနှိပ်နိုင်ဖို့ အသုံးပြုတယ် ဆိုတာကို နိုင်ငံတကာက ပိုမိုထင်ရှားစွာ သိလာပြီဖြစ်တယ်။

နိုင်ငံတကာက လက်ခံကျင့်သုံး လိုက်နာရမဲ့လူ့ အခွင့်အရေး အခြေခံမူတွေဟာ အာဏာရှင် လူတစုတို့ အတွက် သာဖြစ်ပြီး ပြည်သူအများအတွက် မဟုတ်ဘူး ဆိုတာကို မျက်ဝါးထင်ထင် တွေ့မြင်စေတယ်။

တရားခံဖက်မှ သက်သေများအဖြစ် တင်ပြထားသည့် ဦးတင်ဦးနှင့် ဦးဝင်းတင် တို့အား လက်ခံစစ်ဆေး ပေးရန် လျောက်ထားခြင်းကို ပလပ်ခဲ့သည့် တရားရုံးချုပ်၏ စီရင်ချက်တွင် လျှောက်ထားသူ အမှတ်(၁) ဒေါ်အောင်ဆန်းစုကြည် အပေါ် စွဲဆိုထားသော အမှုမှာ နိုင်ငံတော်အား နှောင့်ယှက်ဖျက်ဆီး လိုသူများ၏ ဘေးအန္တရာယ်မှ ကာကွယ် စောင့်ရှောက်သည့် ဥပဒေ ပုဒ်မ ၂၂ အရ စွဲဆိုခြင်းဖြစ်ကြောင်း ယင်းပုဒ်မမှာ အရေးယူခြင်း ခံရသူတဦးသည် ကန့်သတ်မိန့် (သို့မဟုတ်) တားဆီးမိန့်ကို ဆန့်ကျင်လျှင် သော်လည်းကောင်း၊ မလိုက်နာလျှင် သော်လည်းကောင်း အရေးယူသည့် ပုဒ်မဖြစ်ကြောင်း၊ ဒေါ်အောင်ဆန်းစုကြည် အနေဖြင့် မူလရုံး အမှုတွင် ၎င်းအပေါ် အရေးယူထားသည့် ကန့်သတ်မိန့် (သို့) တားဆီးမိန့်ကို ဆန့်ကျင်ခြင်း မရှိကြောင်း၊ ဖေါက်ဖျက်ခြင်း မရှိကြောင်း၊ အဓိက ထုချေဖြေရှင်းရန်သာ ဖြစ်ကြောင်း တရားရုံးချုပ်က မှတ်ချက်ပြု ဆုံးဖြတ်ခဲ့သည်။

တရားလိုနှင့် တရားခံ အဖြစ်စွပ်စွဲ ခံရသူ ၂ ဦး ၂ ဖက်မှ တင်ပြသည့် သက်သေ များကို စစ်ဆေးပြီးနောက် ၂၅-၇-၂၀၀၉ ရက် သောကြာနေ့တွင် ဒေါ်အောင်ဆန်းစုကြည်၏ အကျိုးဆောင်များက လျှောက်လဲချက်ပေးပြီး နောက်ရုံးချိန်ကုန် သွားသည့်အတွက် ၂၈-၇-၂၀၀၉ တနင်္လာနေ့သို့ ထပ်မံ ချိန်းဆိုခဲ့သည်။ ရန်ကုန်မြောက်ပိုင်း ခရိုင်အထူးခရိုင် တရားရုံးက ၂ဖက် တင်ပြသည့် အပြီးသပ် လျောက်လဲချက်ကို ကြားနာခဲ့ပြီးနောက် အမိန့်ချမှတ်ရန် ဇူလိုင်လ ၃၁ ရက်နေ့သို့ ချိန်းဆိုခဲ့သည်။ ထိုနောက် ဥပဒေ ရေးရာ အချက်အလက်များ ပေါ်ပေါက်နေသည့် အတွက် ချိန်းဆိုထားသည့် နေ့တွင် အမိန့်မချဖြစ်ပဲ သြဂုတ်လ ၁၁ ရက်နေ့ ထပ်မံ ချိန်းဆိုခဲ့သည်။

အမှုတွင် စစ်ဆေး ပေါ်ပေါက်ချက်များ၊ သက်သေ ထွက်ဆိုချက်များ၊ သက်သေ အထောက်အထားများနှင့် နှစ်ဖက် တင်ပြသည့် လျောက်လဲချက်ကို ကြားနာပြီး နောက် တရားလိုဖက်က စွဲဆိုထားသည့်အတိုင်း တရားခံက ကျူးလွန်ကြောင်းနှင့် အပြစ်ရှိကြောင်း တရားရုံးက တွေ့ရှိလျင် ပြစ်မှုနှင့် အချိုးကျသော ပြစ်ဒဏ်ကို သတ်မှတ်၍ ပြစ်ဒဏ်ချမှတ် ပေးရမည်ဖြစ်သည်။ ထိုသို့ ပြစ်ဒဏ်ချမှတ်ရာတွင် ပထမ သင့်မြတ်သော ပြစ်ဒဏ် အမျိုးအစားကို ရွေးရသည်။ ပြီးလျှင် ပြစ်ဒဏ်၏ အတိုင်းအတာကို သတ်မှတ်ရသည်။

ပြစ်ဒဏ် အမျိုမျိုးတွင် ငွေဒဏ်၊ ထောင်ဒဏ်နှင့် သေဒဏ်တို့ပါသည်။ စည်းကမ်းချက်များဖြင့် ခံဝန်ချုပ် ဆိုကာ အလွတ်နေထိုင်ရခြင်း သည်လည်း ပြစ်ဒဏ်တမျိုးပင် ဖြစ်သည်။

ပြစ်မှုကျူးလွန်လျှင် မည်သို့သော ပြစ်ဒဏ် ထိုက်သင့်စေရမည်ဟု သက်ဆိုင်ရာ ဥပဒေက တပါတည်း ပြဌာန်းထားသည်။ တရားရုံးသည် ဥပဒေနှင့် အညီသာ ဆုံးဖြတ်ရသည်။ ဥပဒေက သတ်မှတ်သော ပြစ်ဒဏ်ကြီး လေးလွန်းသည်ဟု ယူဆလျှင်လည်း လျှော့မပေးနိုင်၊ ပေါ့လွန်းသည်ဟု ယူဆလျှင် လည်းတိုးမပေးနိုင်၊ ဥပဒေ ဘောင်အတွင်း၌ အမှုအဖြစ်အပျက်၊ အခြေအနေ၊ တရားခံနောက်ကြောင်း စသည်တို့ကို ထောက်၍ ပြစ်ဒဏ် အမျိုးအစားကို ရွေးချယ်နိုင်သည်။ အတိုင်းအတာကို ချိန်ဆ ချင့်ချိန်နိုင်သည်။

အချို့သော ပြစ်မှုများ၌ ပြစ်ဒဏ်အမျိုးအစားကိုပင် တရားရုံးက မရွေးနိုင်၊ ဥပမာ သေဒဏ်မပေးမနေ ရပြဌာန်းထားလျှင် ငွေဒဏ် ချမှတ်ယုံမျှနှင့် မပြီး၊ ထောင်ဒဏ် မပေးမနေရ သတ်မှတ် ထားသည့်အပြင် အနည်းဆုံး ထောင်ဒဏ် ၁၀ နှစ်မှ တသက်ထောင် ဒဏ်ဟုပါ အတိအလင်း ပြဌာန်းထားလျှင် ထောင်ဒဏ်ကို ၁၀ နှစ်အောက် လျှော့၍ ပြစ်ဒဏ်ပေး၍မရ ထို့ကြောင့် ၁၀ နှစ်နှင့် တသက်ထောင်ဒဏ် အကြားတွင်သာ တရားရုံးကချိန်ဆ သတ်မှတ်နိုင်သည်။ နိုင်ငံတော် သစ္စာဖေါက်မှု အတွက် ပြစ်ဒဏ်သည် တသက်တကျွန်းဒဏ် သို့မဟုတ် သေဒဏ်ဖြစ်သည်။ ပြစ်မှု ထင်ရှားတွေ့ရှိလျှင် ထိုထောင်ဒဏ် ၂ ရပ် အနက် တရပ်ကိုသာ တရားရုံးက ရွေးချယ် အပြစ်ပေးနိုင်သည်။ အခြားပြစ်ဒဏ်ကို တရားရုံးက ရွေးချယ် ချမှတ်၍ မပေးနိုင်၊ ထောင်ဒဏ် တသက်ဆိုလျင် သာမန်အားဖြင့် နှစ် ၂၀ ၊ နိုင်ငံတော် သမတက ပြောင်းလဲ သတ်မှတ်ပေးလျင် ၁၄ နှစ်ထက် မပိုသော ထောင်ဒဏ် ဖြစ်သည်ဟု ဥပဒေတွင် ပြဌာန်းထားသည်။

ထောင်ဒဏ် ချမှတ်ရမည်ဟု ဥပဒေက ပြဌာန်းစေကာမူ အများဆုံးကိုသာ ဖေါ်ပြ၍ အနည်းဆုံးကို ချန်လှပ်ထားလျင် တရားရုံးက တရက်မှ သတ်မှတ်သော အများဆုံးအထိကို ချိန်ဆသတ်မှတ် ရသည်။ တရက်ကို တရားရုံးတထိုင် ဟုလည်း သတ်မှတ်သည်။ တရက်မှ တသက်အထိကို ချိန်ဆဆုံးဖြတ်ရလျင် တရားရုံးတွင် တာဝန်ကြီးလေးသည်။ အမှားဖြစ်တတ်သည်။ အပြောခံရတတ် သည်။ အဂတိ ၀င်တတ်သည်။ ထို့ကြောင့် တရားရုံး၏ ဆုံးဖြတ်ခွင့်သည် မကျဉ်းလွန်း၊ မကျယ်လွန်း၊ မတင်းမကြပ် မလျော့လွန်း ဖြစ်သင့်သည်။

အချို့ပြစ်မှုများတွင် ငွေဒဏ်၊ သို့မဟုတ် ထောင်ဒဏ်၂ ရပ်စလုံး စီရင်နိုင်သည်။ ငွေဒဏ်ကိုလည်း မည်မျှ အထိဟု သတ်မှတ်လေ့ ရှိသည်။ တပ်ရိုက်သော ဒဏ်ငွေမှတဖက် နစ်နာသူအား မည်မျှပေးစေဟု တရားရုံးက အမိန့်ချမှတ် နိုင်သည်။

ငွေဒဏ် မပေးဆောင်နိုင်သူအား ထောင်ဒဏ် အချိုးကျ ချမှတ်နိုင်သည်။ အစားထိုး ထောင်ဒဏ်သည် မည်မျှမပိုရဟု ဥပဒေက သတ်မှတ်ပြဌာန်း ထားသည်။ ပြစ်ဒဏ် အမျိုးအစားနှင့် အချိုးကို ရွေးချယ်ရာတွင် အမှုအဖြစ်အပျက်၊ ကာလ၊ ဒေသ အခြေအနေနှင့် တရားခံ၏ နောက်ကြောင်းကို ထည့်သွင်း စဉ်းစားသင့်သည်။ အမှန်းအဆ၊ ကိုယ့်အထင်အမြင် ဒေါသတို့ဖြင့် ပြစ်ဒဏ်ကို သတ်မှတ်လျှင် တရားရုံး၏ ဆုံးဖြတ်ချက်သည် မှားတတ်သည်။ တရားခံ အပြစ်ရှိကြောင်း တွေ့ပြီး၍ပြစ်ဒဏ် ရွေးချယ် သတ်မှတ်ဖို့ဖြစ်လာလျှင် အချက်အလက်များကို လေ့လာသုံးသပ်ကာ အဂတိတရား လေးပါးကင်းစွာ ဒေါသ ကင်းကင်းဖြင့် ဆုံးဖြတ်သင့်သည်။

ယခု ရန်ကုန်မြောက်ပိုင်းခရိုင် အထူးခုံရုံးတွင် စစ်ဆေးနေသည့် ဒေါ်အောင်ဆန်းစုကြည် ၏ အမှုတွင် ချမှတ်နိုင်သည့် ပြစ်ဒဏ် နှင့်ပတ်သက်၍ အောက်ပါအတိုင်း ပြဌာန်းထားသည်။ နိုင်ငံတော်အား နှောက်ယှက်ဖျက်ဆီး လိုသူများ၏ ဘေးအန္တရာယ်မှ ကာကွယ် စောင့်ရှောက်သည့် ဥပဒေပုဒမ ၂၂ အရ အရေးယူခြင်း ခံရသူတဦးဦးသည် ကန့်သတ်မိန့် သို့မဟုတ် တားဆီးမိန့်ကို ဆန့်ကျင်လျင် သော်လည်းကောင်း၊ ဖေါက်ဖျက်လျင် သော်လည်းကောင်း၊ မလိုက်နာလျှင် သော်လည်းကောင်း၊ အနည်းဆုံး ၃ နှစ်မှ အများ ဆုံး ၅ နှစ်ထိ ထောင်ဒဏ်ဖြစ်စေ၊ ကျပ်ငါးထောင်ထိ ငွေဒဏ်ဖြစ်စေ၊ ဒဏ် ၂ ရပ်လုံးဖြစ်စေ စီရင်ခြင်း ခံစေရမည်ဟု ပြဌာန်းထားသည်ကို တွေ့ရသည်။

ထိုပုဒ်မဖြင့် အပြစ်ပေး အရေးယူနိုင်ရန် ပုဒ်မ ၁၁ ပါပြဌာန်းချက်များကို ဒေါ်အောင်ဆန်းစုကြည်က ဖေါက်ဖျက် ကျူးလွန်ကြောင်းကို တရားလိုဖက်မှ အထင်အရှား သက်သေပြနိုင်မှသာ အပြစ်ပေးနိုင်မည် ဖြစ်သည်။ ပုဒ်မ ၁၀ (ခ) အရ အရေးယူခြင်း ခံရသူအား တားဆီးမှုပြုရာတွင်-

(က) မည်သည့်နေရာတွင် မနေထိုင်ရဟု သတ်မှတ်ခြင်း
(ခ) မည်သည့်နေရာ ဒေသတွင် နေထိုင်ရမည်ဟု သတ်မှတ်ခြင်း
(ဂ) သွားလာမှုကို လိုအပ်သလို တားဆီးခြင်း
(ဃ) သတ်မှတ်သည့် အရာဝတ္ထုများကို လက်ဝယ်ထားရှိခြင်း သို့မဟုတ် အသုံးပြုခြင်းကို ပိတ်ပင်တားဆီးခြင်းဟု ပြဌာန်းထားပါသည်။ အမှုတွင် တင်ပြထားသည့် သက်သေခံ အထောက်အထားများ အရ-

သက်သေခံ(ခ-၁) တွင်ပါရှိသည့် အပိုဒ် (က)(ခ)(ဂ)များပါ အချက်အလက် များဖြင့် တားဆီး ထားပါသည်။
အပိုဒ် (က) တွင်သံရုံးများ၊ နိုင်ငံရေးပါတီများ၊ နိုင်ငံရေးပါတီနှင့် ဆက်နွယ်သူများ
အပိုဒ်(ခ) တွင် နေအိမ်မှ အပပြင်ပသို့လုံးဝမထွက်ရ
အပိုဒ် (ဂ) တွင်အခြားသို့ စာဖြင့် သော်လည်းကောင်း၊ စကားပြော ကြေးနန်းဖြင့်သော် လည်းကောင်း ဆက်သွယ်ခြင်း မပြုရဟု အစိုးရအဖွဲ့၏ကြိုတင်ခွင့် ပြုမိန့်ဖြင့် ဒေါ်အောင်ဆန်းစုကြည်အား အထက်ပါအတိုင်း တားဆီးထားသည့် အမိန့်ထုတ်ပြန် ခဲ့ပါသည်။

ယင်းဥပဒေ ပုဒ်မ ၉ (စ) တွင် ကန့်သတ် တားဆီးမှု ခံထားရသူသည် ပုဒ်မ ၁၁ ပါ ကန့်သတ်ထားသည့် ကိစ္စရပ်များမှတပါး နိုင်ငံသားများ ခံစားခွင့်ရှိသော အခြား အခွင့်အရေးများကို ခံစားခွင့် ရှိသည်ဟု ပြဌာန်းထားသည် ကိုတွေ့ရသည်။

ဒေါ်အောင်ဆန်းစုကြည်အား နေအိမ် အကျယ်ချုပ်ဖြင့် တားဆီးထားသည့် ကာလအတွင်း အထက်တွင် ဖေါ်ပြထားသည့် တားဆီးမိန့်ကို ချိုးဖေါက်ခဲ့ခြင်း မရှိပါ။

ဒေါ်အောင်ဆန်းစုကြည်အား အကျယ်ချုပ်ဖြင့် နေအိမ်တွင် ထိန်းသိမ်းထားပြီး နေအိမ်ကို အာဏာပိုင်များက လုံခြုံရေး တာဝန်ယူထားခြင်း ဖြစ်သည်။ နေအိမ်အတွင်းသို့ လုံခြုံရေးစည်းကို ကျော်ဖြတ်ပြီး ဂျွန်ဝီလျံယက်တော ၀င်ရောက်လာသည့် ကိစ္စတွင် အာဏာပိုင်များက ဂျွန်ဝီလျံယက်တောအား ညဥ့်အချိန်ပုန်းလျိုး ၀င်ရောက်မှု၊ ပိုင်နက် ကျူးလွန်မှုဖြင့် တရားစွဲဆို ရမည်ဖြစ်သည်။ ဂျွန်ဝီလျံယက်တော ကိုယ်တိုင်က ကျူးကျော် ၀င်ရောက်လာကြောင်း ၀န်ခံထားပြီး ဖြစ်သည်။ သို့သော် ထိုသို့ လုပ်ဆောင်ခြင်း မပြုပဲ ဒေါ်အောင်ဆန်းစုကြည်အား အဓိက တရားခံအဖြစ် တရားစွဲဆိုခြင်းသည် လွန်စွာမှပင် မှားယွင်းနေသည်။

တရားလိုဖက်မှ သက်သေများဖြစ်သည့် ဒုရဲမှူးကြီး ဇော်မင်းအောင်နှင့် ဒုရဲမှူးကြီး ၀င်းနိုင်ထွန်းတို့က ဒေါ်အောင်ဆန်းစုကြည်သည် ၁၉၇၄ခု နှစ် ဆိုရှယ်လစ် သမ္မတ မြန်မာနိုင်ငံ၏ ဖွဲ့စည်းပုံ အခြေခံဥပဒေ ဥပဒေပုဒ်မ ၁၄၈(ဂ)၊ ၁၅၇၊၁၅၈၊၁၅၉ (က)(ခ) ပုဒ်မ ၁၆၀ ပြဌာန်းချက်များကို ကျူးလွန် ဖေါက်ဖျက်ကြောင်း သက်သေထွက် ဆိုခဲ့သည်။ ၁၉၇၄ ဖွဲ့စည်းပုံ အခြေခံ ဥပဒေသည် နိုင်ငံတော်အစိုးရမှ ပယ်ဖျက်သည့် ဥပဒေများ စာရင်းတွင် မပါဝင်သော်လည်း ၁၉၈၈ ခုနှစ် စစ်တပ်မှ အာဏာ သိမ်းပြီးနောက် နိုင်ငံတော် ငြိမ်ဝပ်ပိပြားမှု တည်ဆောက်ရေးအဖွဲ့ အမိန့် အမှတ် ၁/၈၈ စကားရပ်များ အစားထိုးသည့် ဥပဒေ ဥပဒေအမှတ် ၈/၈၈ ဥပဒေကဲ့သို့ အာဏာတည်သော အမိန့်အမှတ် ၂/၈၈၊၃/၈၈ ကြေညာချက်အမှတ် ၂/၈၈ တို့အရ လည်းကောင်း၊ နိုင်ငံတော် အေးချမ်း သာယာရေးနှင့် ဖွံ့ဖြိုး ရေးကောင်စီ ကြေညာချက် အမှတ် ၁/၉၇၊ ၁၉၉၇ ခုနှစ် စကားရပ်များ အစားထိုးသည့် ဥပဒေအ မှတ် ၁/၉၇ တို့အရ လည်းကောင်း၊ သက်သေခံ အမှတ် (ခ) ကန့်သတ်မိန့်တွင် ဖေါ်ပြထားသော ၁၉၇၄ ခုနှစ်၊ ပြည်ထောင်စု ဆိုရှယ်လစ် သမတ မြန်မာနိုင်ငံတော် ဖွဲ့စည်းပုံ အခြေခံဥပဒေ ပါပြဌာန်းချက်များသည် ကြေညာချက် အမှတ် ၆/၈၈ တွင် ဖေါ်ပြထားသော ပယ်ဖျက်ခြင်း၊ အရပယ်ဖျက်သည့် သဘောသက်ရောက် နေသည်ကို တွေ့ရသည်။

ဖွဲ့စည်းပုံ အခြေခံဥပဒေကို အကောင်အထည် ဖေါ်မည့် ပြည်သူ့လွှတ်တော်၊ နိုင်ငံတော်ကောင်စီ၊ ပြည်သူ့ တရားသူကြီး အဖွဲ့ ပြည်သူ့ ဥပဒေ အကျိုးဆောင်အဖွဲ့၊ ပြည်သူ့လုပ်ငန်း စစ်ဆေးရေး အဖွဲ့နှင့် ပြည်သူ့ကောင်စီ အဆင့်ဆင့်ကို ပယ်ဖျက်ထား ပြီးဖြစ်နေသည့် အတွက် ၁၉၇၄ ဖွဲ့စည်းပုံ အခြေခံဥပဒေသည် သက်ဝင်လှုပ်ရှား အကောင်အထည် ဖေါ်နိုင်ခြင်း မရှိတော့ပါ။

၁၉၇၄ ခုနှစ် ဆိုရှယ်လစ် သမ္မတ မြန်မာနိုင်ငံတော် ဖွဲ့စည်းပုံ အခြေခံ ဥပဒေမှာ ၆/၁၉၈၈ အရ ကြေညာချက်အရ မပယ်ဖျက်သေး၍ အတည်ဖြစ် လျှက်ရှိကြောင်း တရားလိုဖက်မှ တင်ပြသည့် သက်သေများက ထွက်ဆိုသော်လည်း နိုင်ငံတော် ငြိမ်ဝပ်ပိပြားမှု တည်ဆောက်ရေး အဖွဲ့ ဥက္ကဌ ကိုယ်တိုင်က ၄၆ နှစ်မြောက် တော်လှန်ရေးနေ့ ၂၇-၃-၁၉၉၁တွင် ဖွဲ့စည်းပုံ အခြေခံဥပဒေ မရှိတော့ကြောင်း မိန့်ခွန်း ပြောကြားထားသည်ကိုလည်း တွေ့ရသည်။

ရန်ကုန် မြောက်ပိုင်းခရိုင် တရားရုံး အထူးခုံရုံးက ဇူလိုင်လ ၃၁ ရက်နေ့တွင် အမိန့်ချရန် ချိန်းဆိုထားသော်လည်း ဥပဒေရေးရာ အချက်အလက်များ ပေါ်ပေါက်နေသည့် အတွက် သြဂုတ်လ ၁၁ ရက်နေ့သို့ ပြန်လည်ချိန်း ဆိုခဲ့သည်။

ဥပဒေရေးရာ အငြင်းပွားနေသည့် အချက်များအနေဖြင့်-

၁။ ၁၉၇၄ ပြည်ထောင်စု ဆိုရှယ်လစ် သမ္မတ မြန်မာနိုင်ငံ၏ ဖွဲ့စည်းပုံ အခြေခံဥပဒေသည် အတည်ဖြစ်လျက်ရှိ ပါသလား
၂။ ၁၉၇၄ ခုနှစ် ဖွဲ့စည်းပုံ အခြေခံဥပဒေပါ ပုဒ်မ ၁၄၈(ဂ)၊ ၁၅၇၊၁၅၈၊၁၅၉ (က)(ခ) ပုဒ်မ ၁၆၀ ပြဌာန်းချက်များကို ကျူးလွန် ဖေါက်ဖျက်သည်ဟု သက်သေ ထွက်ဆိုချက်များကို အမှုအား စစ်ဆေး စီရင်ရာတွင် ထည့်သွင်း စဉ်းစားရန် လိုအပ်ပါသလား
၃။ ဒေါ်အောင်ဆန်းစုကြည်သည် နိုင်ငံတော်အား နှောင့်ယှက် ဖျက်ဆီးလိုသူများ၏ ဘေးအန္တရာယ်မှ ကာကွယ် စောင့်ရှောက်သည့် ဥပဒေပုဒ်မ ၁၁ ပါပြဋ္ဌာန်းချက် များကို ကျူးလွန် ဖေါက်ဖျက်သလား သို့မဟုတ် ၁၉၇၄ ဖွဲ့စည်းပုံ အခြေခံဥပဒေပါ ပြဌာန်းချက် များကို ကျူးလွန် ဖေါက်ဖျက်ပါသလား စသည့် အချက်များသည် အမှုကို စီရင်ဆုံးဖြတ်မည့် တရားသူကြီးများ အနေဖြင့် ထည့်သွင်း စဉ်းစားရမည့် ဥပဒေပြဿနာများ ဖြစ်လာပါသည်။

ဒေါ်အောင်ဆန်းစုကြည်၏ အကျိုးဆောင်များက နိုင်ငံတော်အား နှောက်ယှက် ဖျက်ဆီးလိုသူများ၏ ဘေးအန္တရာယ်မှ ကာကွယ် စောင့်ရှောက်သည့် ဥပဒေပုဒ်မ ၁၁ ပါပြဌာန်းချက်များကို ဒေါ်အောင်ဆန်းစုကြည် ကျူးလွန် ဖေါက်ဖျက်ခြင်း မရှိကြောင်း ခုခံ ချေပခဲ့ပြီး ဖြစ်သည်။

တရားလိုများဖက်က တင်ပြစွဲဆိုသည့် ၁၉၇၄ ဖွဲ့စည်းပုံ အခြေခံဥပဒေသည် အသက်ဝင် လှုပ်ရှားနိုင်ခြင်း မရှိတော့သည့်အတွက် ပယ်ဖျက်ပြီး သကဲ့သို့ ဖြစ်နေကြောင်း ကိုလည်း တင်ပြထုချေခဲ့ပြီး ဖြစ်သည်။ အထူးခုံရုံး အနေဖြင့် ဥပဒေ ပြဌာန်းချက်များ၊ သက်သေခံ ဥပဒေပါ ပြဌာန်းချက်များနှင့် ပြစ်မှုဆိုင်ရာ ကျင့်ထုံးဥပဒေပါ ပြဌာန်းချက်များအရ အမိန့်ချမှတ် ရမည်ဆိုပါက ဒေါ်အောင်ဆန်းစုကြည်၊ ဒေါ်ခင်မမ နှင့် ဒေါ်ဝင်းမမ တို့အား အမှုမှ အပြီးပြတ် လွှတ်ပေးသည့် အမိန့်ကိုသာ ချမှတ်ရမည်ဖြစ်သည်။ သို့သော် နိုင်ငံရေးအရ တရားရုံးသို့ တင်ပို့တရားစွဲဆိုသည့် မှုခင်းများကို တရားသူကြီးများက စစ်ဆေး ဆုံးဖြတ်သည် မဟုတ် အာဏာရှင်များ၏ ဆုံးဖြတ်ချက်ကို ဖတ်ပြယုံမျှသာ ဖြစ်သည်။

ကုလအတွင်းရေးမှူးချုပ် လာလည်း ဒေါ်စုအမှုအတွက်တော့ ဘာမှ ထူးလာမှာ မဟုတ်ဘူးဆိုတာကို သက်သေများ ခေါ်ယူ စစ်ဆေးခွင့်ပြုဖို့ လျောက်ထားတဲ့ ပြစ်မှုဆိုင်ရာ ပြင်ဆင်မှုအမှတ် ၃၃၃/၂၀၀၉ မှာ တရားရုံးချုပ်က ချမှတ်လိုက်တဲ့ အမိန့်နဲ့ သက်သေပြလိုက်သလို နောက်တဆင့် ပြစ်ဒဏ် ချမှတ်အုံးမယ် ဆိုတာကိုလဲ ရဲချုပ်ခင်ရီရဲ့ သတင်းစာရှင်းပွဲက သက်သေပြ ထားပြီးဖြစ်တယ်။ သို့သော် ပြည်သူလူထုရဲ့ ဒေါ်အောင်ဆန်းစုကြည် အပေါ် ယုံကြည် လေးစားမှုနှင့် နိုင်ငံတကာ ဖိအားများကြောင့် ယခုအမှုအား မည်ကဲ့သို့ တုံ့ပြန်၍ အမိန့် ချမှတ်မည်ကို စောင့်ကြည့် ရဦးမည်ဖြစ်ကြောင်း တင်ပြ လိုက်ရပေသည်။

0 comments:

Post a Comment