Tuesday, August 04, 2009

Filled Under:

ဒေါ်အောင်ဆန်းစုကြည် အမှုနှင့် ပတ်သက်သော VOA တိုက်ရိုက်လေလှိုင်း အစီအစဉ်

VOA ----- 1/ 8/ 2009

မြန်မာ အာဏာပိုင်တွေဟာ ဒေါ်အောင်ဆန်းစုကြည်ကို ရုံတင် တရားစွဲဆိုထားတဲ့ တရားရုံး ဆုံးဖြတ်ချက်ကို ရွှေ့ဆိုင်းလိုက်တာဟာ ဘာကြောင့်ပါလဲ။ ထုတ်လုပ်သူ ကိုဇော်ဝင်းလှိုင်နဲ့ တွဲဖက်ပြီး ဦးကျော်ဇံသာက တင်ပြထားပါသည်။

မြန်မာနိုင်ငံ စစ်အစိုးရဟာ ဒေါ်အောင်ဆန်းစုကြည်ကို စွဲဆိုထားတဲ့ အမှုကိစ္စနဲ့ ပတ်သက်ပြီးတော့ သောကြာနေ့တုန်းက စီရင်ချက် ချမှတ် လိမ့်မယ်ဆိုတဲ့ ရည်ရွယ်ချက်နဲ့ ရှေ့ပြေးနဲ့ ဒီလို လုပ်ခဲ့ပါတယ်။ စီရင်ချက်မချပဲနဲ့ ရွှေ့ဆိုင်း လိုက်တာဟာ ဘာကြောင့်ပါလဲ ဆက်လက် ဆွေးနွေးကြမယ် သောတရှင်များ ခင်ဗျား။ အဓိက တိုင်ခံ ဆွေးနွေးမဲ့ ပုဂ္ဂိုလ် နှစ်ဦးအနေနဲ့ လူ့အခွင့်အရေး ရှေ့နေ နှစ်ဦးကို ဖိတ်ခေါ်ထားပါတယ်။ ပထမက လမ်းပြကြယ် ဦးအေးမြင့် မြန်မာနိုင်ငံမှာ အခြေစိုက် လူ့အခွင့်အရေး ရှေ့နေဖြစ်ပြီး၊ ပြည်ပမှာ အခြေစိုက် အာရှ လူ့အခွင့်အရေး ကော်မရှင်မှ ဦးမင်းလွင်ဦးတို့ ဖြစ်ပါတယ်။

ဒေါ်အောင်ဆန်းစုကြည် အပေါ် စီရင်ချက်လိုက်တဲ့ ကိစ္စကို ရွှေ့ဆိုင်းလိုက်တာနဲ့ ပတ်သက်ပြီးတော့ ပြည်တွင်းဖိအား၊ ပြည်ပဖိအား၊ စစ်တပ်အတွင်း ဖိအားလား၊ ကုလသမဂ္ဂ ဖိအားလား (သို့) န အ ဖ အစိုးရက ဘာစိုးရိမ်စိတ်ရှိလို့ ရွှေ့ဆိုင်း လိုက်တာလဲ။ သဘောရိုးနဲ့ တကယ် ဥပဒေ ကြောင်းအရ ပြဿနာတွေရှိနေလို့ ဖြစ်နေတာလား စီစစ်ဖို့ ဒီလို ရွှေ့ဆိုင်း လိုက်တာလား။ ဒီလို ရွှေ့ဆိုင်းလိုက်တဲ့ အကျိုးဆက် ဘာဖြစ်နိုင်မှာလဲ အများကြီး ရှိပါတယ်။

မေး ------ ပထမ တိုင်ခံဆွေးနွေးမဲ့ ရှေ့နေ ဦးအေးမြင့်ကို မေးချင်တာကတော့ လူ့အခွင့်အရေးကို အသာထားပြီးတော့ ဥပဒေ ကြောင်းအရ ဆွေးနွေးကြမယ် ခင်ဗျား။ စစ်အစိုးရက ဥပဒေပြဿနာ Legal ကြောင့် ရွှေ့ရတယ်။ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်က ဒေါ်အောင်ဆန်းစုကြည် အတွက် လိုက်ပါတဲ့ ရှေ့နေ အဖွဲ့က ဘာပြောသလဲ ဆိုတော့ ၇၄ အခြေခံ ဥပဒေကို ကိုးကားပြီးတော့ လုပ်ထားတဲ့ အတွက်ကြောင့် ပြဿနာရှိနေတယ် ဆိုပြီးတော့ ထောက်ပြပါတယ်။ ဦးအေးမြင့်ရဲ့ အယူအဆကို ခတ်တိုတို သိလိုပါတယ်။ ဥပဒေကြောင်းအရ ပြဿနာ တကယ်ရှိနေလို့ တကယ် ရွှေ့ဆိုင်းလိုက်တာလား အဓိကပြဿနာ ဘယ်လိုရှိနေသလဲ ခင်ဗျား။

ဦးအေးမြင့် ------ ကျနော်တို့ သုံးသပ်ချက်အရ တရားရုံးတွေမှာ စီရင်ချက်ချဖို့ အတွက် အချိန်မရသေးရင် မရသေးတဲ့ အကြောင်း၊ နေ့စဉ်မှတ်တမ်းမှာ ချရေးထားပါတယ်။ အခုဟာက တရားသူကြီး တယောက်ရဲ့ အရည်အချင်းက ဘယ်လောက်အထိ ရှိလဲဆိုတဲ့ ဂုဏ်သိက္ခာကို ဖေါ်ပြသွားတာဘဲ။ ဥပဒေပြဿနာရှိလို့ ဆိုကတည်းက တရားသူကြီးတယောက်က ဥပဒေ ဘယ်လောက် နားလည်တယ် နားမလည်ဘူး ဆိုတာက ကျနော်တို့ လယ်သမားကအစ နားမလည်ဘူး။ ပြဿနာ ရှိနေပြီဆိုတာကို ပြောသွားတာကြောင့် ပြည်သူလူထုက ဒီတရားသူကြီးဟာ ဥပဒေကို နားမလည်ဘူး ဆိုတာကို ဖေါ်ပြသွားပါတယ်။

မေး ------ ဦးမင်းလွင်ဦးရော ဘယ်လို မြင်ပါသလဲ။ တကယ်တော့ ဖွဲ့စည်းပုံကိစ္စ အနည်းငယ် အကျဉ်းချုပ် ပြောမယ်ဆိုရင် ၇၄ ဖွဲ့စည်းပုံ အခြေခံ ဥပဒေကို ကိုးကားပြီးတော့ ပြောထားတယ်၊ အဲဒီဖွဲ့စည်းပုံက မရှိတော့ဘူးဆိုတော့ အဲဒီပြဿနာ များလား ဦးမင်းလွင်ဦး။

ဦးမင်းလွင်ဦး ------ ဟုတ်ပါတယ် ခင်ဗျား။ ၁၉၇၄ ဖွဲ့စည်းပုံ အခြေခံ ဥပဒေမှာပါတဲ့ ပုဒ်မ ၁၄၈ (ဂ)၊ ပုဒ်မ ၁၅၇၊ ၁၅၈၊ ၁၅၉(က)၊ (ခ)၊ ပုဒ်မ ၁၆၀ တွေကို ကိုးကားပြီးတော့ တရားလိုတွေဖြစ်တဲ့ ဒုရဲမှူးကြီး ဇော်မင်းအောင်ရယ်၊ နောက်ပြီးတော့ ၀င်းနိုင်ထွန်းရယ်၊ သူတို့ကနေပြီးတော့ ဒေါ်အောင်ဆန်းစုကြည်က တားမြစ်ထားတဲ့ ၁၉၇၄ ဖွဲ့စည်းပုံ အခြေခံ ဥပဒေထဲက အဲဒီ ပုဒ်မတွေ ကျူးလွန် ဖေါက်ဖျက်တယ်လို့ ပြောတယ်။ အဲတော့ ၇၄ ဖွဲ့စည်းပုံ အခြေခံဥပဒေက လက်ရှိမှာ အသက်ဝင် လှုပ်ရှားနိုင်ခြင်း မရှိတော့ဘူး။

နောက်ပြီးတော့ နိုင်ငံတော် နှောင့်ယှက် ဖျက်ဆီးလိုသူများ အက်ဥပဒပုဒ်မ (၁၀/ခ) အရ အရေးယူမယ် ဆိုလို့ရှိရင် လည်း အစောက ပြောသလိုမျိုး ပုဒ်မတွေ် မဟုတ်ဘဲနဲ့ အချက် ၄ ချက်ဘဲ ပါရှိတာကို ကျနော်တို့ တွေ့ရတယ်။ အဲဒီလို အချက်တွေမှာ မူတည်ပြီးတော့ တရားလိုဘက်က တင်ပြတဲ့ အချက်အလက်တွေက ဒီဥပဒေ ကြောင်းတွေနဲ့ မညီဘူးဆိုတာ ပေါ်ပေါက်နေတာ တော်တော်များများ ရှိပါတယ်။ ဒါကြောင့် ဒီပေါ်ပေါက်နေတဲ့ အတိုင်းတာ ဆုံးဖြတ်ရမယ်ဆိုတော့ ဒေါ်အောင်ဆန်းစုကြည်ကို မဖြစ်မနေ လွှတ်ပေးရမယ် ဖြစ်တယ်။

နောက်တချက်က ဒေါ်အောင်ဆန်းစုကြည်မှုဟာ နောက်ပိုင်းဖြစ်လာမဲ့ ပြဿနာတွေကို စီရင်ထုံးလို ကိုးကား ပြီးတော့ ဆုံးဖြတ်ကျမှာ ဖြစ်တယ်။ အဲတော့ ဒီကိစ္စဟာ နိုင်ငံတကာ ဖိအား ပေးနေတာလည်း ပါတယ်။ စောင့်ကြည့် နေတာလည်း ပါတယ်။ ဥပဒေနဲ့ မညီတဲ့ အချက်အလက်တွေ တော်တော်များများ ပါတယ်။ ဒါကြောင့် ကျနော့အနေနဲ့ ဒါကို အချိန်ယူပြီးတော့ ရက်ချိန်း လိုက်တယ်လို့ ကျနော် ထင်မြင်ယူဆပါတယ်။

မေး ----- အခြားကိစ္စတွေ နောက်မှ ပြောကြတာပေါ့။ လောလောဆယ်မှာ ရှေ့နေနှစ်ဦး တိုင်ခံ ဆွေးနွေးမဲ့ ပွဲမှာ ၀င်ရောက် မေးမြန်းတဲ့ သောတရှင် တယောက် ကလည်း ရှေ့နေ ဖြစ်နေပါတယ်။ ရှေ့နေ ဦးမျိုးညွန့် ဘယ်လို သဘောရ ဘာသလဲ။ ဘာကြောင့် ရွှေ့ဆိုင်းတာ ထင်ပါသလား။ ဥပဒေကြောင်း ပြဿနာများလား။

ဦးမျိုးညွန့် ------ ဒီအမှုဟာ ကျနော်ကလည်း ပြောခဲ့ပြီး။ ဒီအမှုဟာ ဥပဒေနဲ့ ပတ်သက်တာပါပဲ။ သို့သော်လည်း ဒီအမှုက ဥပဒေနဲ့ ပတ်သက်တယ် ဆိုတာထက် နိုင်ငံရေး အမှုဖြစ်ပါတယ်။ နိုင်ငံရေးကို ကျောထောက်နောက်ခံ ပြုပြီးတော့ ဖြစ်လာတဲ့ အမှုဖြစ်ပြီးတော့ တရားရုံးက အကြောင်းပြထားတယ်။ အဲဒါ ဘာကိုပြောလဲ ဆိုရင်တော့ ဒီကိစ္စရပ်တွေကို ဥပဒေရေးရာကိစ္စတွေ ရှိနေလို့ တော်တော် လေးစားစရာ ဖြစ်နေတယ်။ ဘာဖြစ်လဲဆိုတော့ ကျနော်တို့ ဥပဒေမှာ ဒီလိုဘဲရှိတာကိုး။ Question of law and question of fact ဆိုတာရှိတယ်။ အဲတော့ ဒီဥစ္စာမှာ Question of Law ဖြစ်နေတယ် ပြောပြီးတော့ ရက်ချိန်းရွှေ့ပြီးတော့ လုပ်တယ်ဆိုတော့ ကြီးကျယ်တယ်၊ ပိုပြီးတော့ ဂရုတစိုက်လုပ်တယ်၊ ဒီအမှုကို အလေးအနက် ထားပြီးတော့ အသေအချာ ဆောင်ရွက် နေပါတယ်လို့ တရားရုံးက ပြထားတယ်။

တကယ်တန်းတော့ ဒီလိုအမှုမျိုးဟာ တရားရုံးက ဆုံးဖြတ်နေတာ မဟုတ်ဘူး။ ကျနော်မြင်တာကတော့ ရိုးရိုးလေးဘဲ နေပြည်တော်က ဆုံးဖြတ်နေတယ်လို့ မြင်ပါတယ်။ အဲတော့ နေပြည်တော်က ဆုံးဖြတ်တဲ့ အခါကျတော့ နေပြည်တော်က နိုင်ငံရေး လုပ်တယ်။ နိုင်ငံရေး ဆိုတော့ မျက်လှည့်ပြသလိုဘဲ။ တခါတခါတော့လည်း လုပ်ရတာကိုး။ န အ ဖ ဒါတွေကို တတ်ပါတယ်။ န အ ဖ က အ တဲ့ နေရာတွေရှိတယ်။ ဒါပေမဲ့ ဒီနေရာကျတော့ မွှတ်နေတယ်လို့ ကျနော်ထင်ပ်ါတယ်။ ဂျူလိုင် ၃၁ ရက်ကို ရက်ချိန်းပေးထားပြီးတော့ အခုလို ရွှေ့လိုက်တာတော့ ဘာလဲဆိုတော့ ဒီနေရာမှာ သူ့အတွက် ဆုံးဖြတ်ချက်များ ရှိပြီးသားလို့ ကျနော်ပြောချင်တယ်။ ဒါကြောင့် နိုင်ငံရေး အမှုလို့ မြင်တဲ့အတွက် ရှိပြီးသား၊ လုပ်ထားပြီးသား၊ အသင့်ပြင်ဆင်ပြီးသား၊ အသေအချာ ပြင်ဆင်ပြီးသားလို့ မြင်ပါတယ်။ စစ်တိုက်တဲ့ သဘောဘဲလို့ ကျနော်ထင်ပါတယ်။

ဒါပေမဲလို့ ဒါကို ရွှေ့ပြီးတော့ လုပ်ကြည့်တယ်လို့ ကျနော်မြင်တယ်။ ကျနော်တို့ စစ်တိုက်တဲ့ သဘောမျိုး၊ ဒီဟာဘာလုပ်မှာလဲ။ တပြည်လုံးက ဘာလုပ်မှာလဲ။ တပြည်လုံးက ဘယ်လို လှုပ်ရှားမှာလဲ။ တဘက်က ဘာပြင်ဆင်ထားပြီးတော့ ဘာလှုပ်ရှားမှာလဲ ဆိုတာကို မနေ့တနေ့က လူတပြည်လုံးက ပြန်လွှတ်လိုက်တဲ့ သဘော ဖြစ်တယ်။ နောက်တခါ တကမ္ဘာလုံးမှာ ဒီအပေါ်မှာ ဘယ်လို အာရုံစိုက်ပြီးတော့ တုန့်ပြန်မှာလဲ။ ကုလသမဂ္ဂဘာလုပ်မှာလဲ။ ကုလသမဂ္ဂ ဘာလုပ်မှာလဲဆိုတာက အမေရိကန် သဘောထားဘယ်လိုလဲ၊ သူတို့ ဘာလုပ်မယ်ဆိုတာကို ဘန်ကီမွန်းက ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်က ဘာလုပ်မယ် ဆိုတာကတော့ ကုသမဂ္ဂ မြန်မာသံအမတ်ကို ခေါ်ပြီးတော့ နောက်ထပ် ၃၁ ရက်နေ့ ရုံးချိန်းမတိုင်ခင်မှာပြောတယ်။ ဒေါ်အောင်ဆန်းစုကြည် ကို လွှတ်ပေးပါလို့ အကျယ်အပြန့်တော့ မပြောဘူး။ နိုင်ငံရေး အကျဉ်းသားအားလုံး လွှတ်ပေးဖို့ပြောတယ်။ ဒါပေမဲ့ ကျနော်ကတော့ ဒီလို မမြင်ပါဘူး။ ဒီထက်နက်ရှိုင်းတာ ပြောတာ ဖြစ်နိုင်တယ်။ ပွင့်ပွင့်လင်းလင်း ပြောမယ်ဆိုရင် အပေးအယူ တခုခုရှိမယ်လို ကျနော်ထင်တယ်။

မေး ------ ကောင်းပါပြီ ခင်ဗျား။ ဦးမျိုးညွန့် ပြောတာကတော့ ကုလသမဂ္ဂ အတွင်းရေးမှူးမှ အတိအကျ ဘာပြောဖို့အတွက် ကျနော်လည်း တင်ပြဖို့ အတွက် ပြင်ဆင်ထားပါတယ်။ အဲဒါကို နားထောင် ကြည့်ရအောင်ပါ။

အဲဒါကတော့ ကုလသမဂ္ဂ ပြောခွင့်ရပုဂ္ဂိုလ် Mr. Farnanhigh အဓိက ပြောသွားတာက -
“ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်က မြန်မာသံအမတ်ကို ခေါ်ပြီးပြောတယ်။ သူပြောသွားတာက စဉ်းစဉ်းစားစား လုပ်ပါ၊ နိုင်ငံရေး အကျဉ်းသားများကို လွှတ်ပေးဖို့ ကျနော်ပြောတာ။ အဲဒါကို ဖြစ်လာလိမ့်မယ်လို့ သူတို့ဘက်က မျှော်လင့်နေတယ်။ နောက်ပြီးတော့ ဒီအမှုကိစ္စကို စဉ်းစား ဆင်ခြင်ဆုံးဖြတ်ပါလို့ ပြောတယ်။”

ပြောပြီးနောက်တနေ့မှာ မြန်မာသံအမတ်က ရွှေ့ဆိုင်းလိုက်ပါပြီလို့ အကြောင်းပြန်ကြား တယ်လို့ ဆိုပါတယ်။ ဆိုတော့ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် ပြောကြားလို့များ ရွှေ့ဆိုင်းလိုက်သလား ဆိုတာကို စဉ်းစားစရာ ဖြစ်နေပါတယ်။ နောက်ပြီးတော့ ဦးမျိုးညွန့် ပြောတဲ့အထဲမှာ နေပြည်တော်က ကစားနေတာ ဖြစ်တယ်။ နေပြည်တော် နိုင်ငံရေး ကိစ္စအကြောင်းကို ထဲထဲဝင်ဝင် သိတဲ့ ပုဂ္ဂိုလ်တဦးဖြစ်တဲ့ တပ်မတော် စစ်ထောက်လှန်းရေး အရာရှိဟောင်း ဖြစ်ခဲ့ဖူးတဲ့ ဦးအောင်လင်းထွဋ်ကို မေးကြည့်ချင်ပါတယ်။ အမှုကို ရွှေ့ဆိုင်းလိုက်တာနဲ့ ပတ်သက်ပြီးတော့ ဦးအောင်လင်းထွဋ် ဘယ်လိုမြင်ပါသလဲ။

ဦးအောင်လင်းထွဋ် ------- ဦးမျိုးညွန့် ပြောတာကို ကျနော် ထောက်ခံပါတယ်။ ဒီအမှုကို ရွှေ့ဆိုင်းလိုက်တာနဲ့ ပတ်သက်ပြီးတော့ နောက်ဆုံးရတဲ့ သတင်းအရ ဗိုလ်ချုပ်ကြီး မောင်အေး အပါအ၀င် ကျန်တဲ့ ထိပ်ပိုင်း ခေါင်းဆောင်များက ဗိုလ်ချုပ်မှူးကြီး သန်းရွှေကို ဒီကိစ္စနဲ့ ပတ်သက်ပြီးတော့ ပြန်ပြီးစဉ်းစားဖို့ ၀ိုင်းတိုက်တွန်း တယ်လို့ သိရပါတယ်။ ကျနော် ပြောရမယ် ဆိုလို့ရှိရင် ကျနော်တို့ နိုင်ငံမှာ ကျနော်တို့ ရှိကတည်း ဥပဒေ အထက်မှာ ဗိုလ်ချုပ်မှူးကြီး သန်းရွှေရှိပါတယ်။ ကျနော်တို့ ရှိစဉ်ကလည်း ဖမ်းဆီးခိုင်းတယ်။ ပြီးတော့ သူဘဲ ဒီအဆင့်ကို အနှစ် ၂၀ ချ၊ ဒီအဆင့်ကို (၁၀)နှစ်ချ၊ ဒီအဆင့်ကို ၃ နှစ်နှင့် ၇နှစ် ချ ဆိုပြီးတော့ သတ်မှတ်ပေးတာ ရှိခဲ့ပါတယ်။ ဥပဒေ ဆိုတာက ရုပ်ပြပါဘဲ ခင်ဗျား။ အခုလည်း ဒီအတိုင်းပါဘဲ။ ဒေါ်အောင်ဆန်းစုကြည်ကို လွှတ်ရေး မလွှတ်ရေးဟာ ဗိုလ်ချုပ်မှူးကြီးသန်းရွှေ တယောက်ထဲ အပေါ်မှာဘဲ မူတည်နေတယ်လို့ ကျနော်မြင်ပါတယ်။

မေး ------ ဟုတ်ကဲ့ ကုလသမဂ္ဂ အမိန့်ပေးတာလည်း ဖြစ်နိုင်တယ်။ နောက်ပြီတော့ တပ်မတော် အတွင်းမှာလည်း စောစောက ပြောသလို ဒုတိယ ဗိုလ်ချုပ်ကြီး မောင်အေးတို့ ၀ိုင်းပြောကြတယ်ဆိုတော့ ဒီနှစ်ခု အပြင် နောက် ဘာတွေရှိသေးသလဲ၊ အဓိကဆွေးနွေးတဲ့ ရှေ့နေ ဦးအေးမြင့်ကို ပြန်ပြီး ဆွေးနွေးချင်ပါတယ်။ ဒီအယူအဆနဲ့ ပတ်သက်ပြီးတော့ တခြားဘယ်လို ရှုမြင်ဘာသလဲ ခင်ဗျား။

ဦးအေးမြင့် -------- အချက်အလက် တွေကတော့ ကျနော် ပြောမယ်ဆိုရင် ကမ္ဘာ့နိုင်ငံ အသီးသီးရယ်၊ ကုလသမဂ္ဂ ဖိအားရယ်၊ ပြည်တွင်းက ပြန်လည် ညှိလို့မရတဲ့ ပြန်လည် တွန်းလှန်တဲ့အားရယ်၊ အဲဒါကြောင့်မို့လို့ အခု ဒေါ်အောင်ဆန်းစုကြည် အမှုဟာ ပြည်တွင်းသာမကဘဲ လူမသိ သူမသိ ချလို့ရတဲ့ နိုင်ငံရေးသမား အမှု မဟုတ်ဘူး။ ကမ္ဘာကလည်း သိနေပြီ ဖြစ်တယ်။ တရားသူကြီးတွေ ကလည်း ခဏက ဦးအောင်လင်းထွဋ်တို့ ဦးမျိုးညွန့်ပြောသလို၊ ဒီခေတ် တရားသူကြီးက အရုပ်ပါဘဲ။ ဒီလိုနဲ့ ဥပဒေနဲ့ ပတ်သက်လာရင် အပေါ်မှာ ဥပဒေ ရှိပြီးသား၊ ပြည်တွင်းမှာရော ပုဒ်မ (၄) အရ ပေးမှ လုပ်တဲ့ တရားသူကြီးတွေ ဖြစ်နေရင် နိုင်ငံတကာမှာလဲ ခက်တယ်။ သို့သော် သူက ဥပဒေ ပညာရှင်တဦး ဖြစ်တဲ့အတွက် ဒေါ်စုအမှု ရက်ရွှေ့ဆိုင်းလိုက်တဲ့ နေရာမှာ ဒီအစိုးရ လုပ်နေတာဟာ ဥပဒေအရ ပြဿနာရှိတယ်။ ပြန်လည်လေ့လာရမယ်။ ဒီအမှုမှာ လွှတ်ရမယ်ဆိုတာ ပညာသားပါပါ၊ ပညာသယ် တယောက်အနေနဲ့ တိုင်းသိပြည်သိ ဖြစ်အောင် လုပ်လိုက်တာပါဘဲ။

မေး ------ ဟုတ်ကဲ့၊ ဦးမင်းလွင်ဦး စောစောကပြောတဲ့ ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူးချုပ်က မြန်မာသံအမတ်ကို ပြောပြီးတော့ နောက်တနေ့မှာ ရွှေ့ဆိုင်းလိုက်တယ်လို့ ပြောတယ်ဆိုတော့ မစ္စတာ ဘန်ကီမွန်းကို အမှတ်ပေးမရမလို ဖြစ်နေပြီ၊ မြန်မာနိုင်ငံ သွားစဉ်တုန်းက ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ခွင့် မရခဲ့ဘူးလား ဆိုပြီးတော့ လူတွေက သူ့ကို ဝေဖန်သံ ထွက်လာတော့ ဦးမင်းလွင်ဦးအနေနဲ့ ဘယ်လို သတ်မှတ်မှာလဲ။

ဦးမင်းလွင်ဦး ------ ပြောရမယ်ဆိုရင် မြန်မာနိုင်ငံ စစ်အစိုးရက ကုလသမဂ္ဂတို့ နိုင်ငံခြား ဖိအားတို့ဆိုတာ သူသိပ်ပြီး အလေးထားတာ မဟုတ်ဘူး။ ကျနော်တို့ တခုခု စဉ်းစားမိတာက ၂၀၁၀ ရွေးကောက်ပွဲကို မဖြစ်မနေ လုပ်မှာဘဲ။ အဲတော့ ၂၀၁၀ ရွေးကောက်ပွဲမှာ ဖမ်းဆီးထိန်းသိမ်းတဲ့ သူတွေလည်း ပေါ်လာဦးမယ် ဖြစ်တယ်။ အဲဒီလို လူတွေကို ဖမ်းဆီး အရေးယူတဲ့အခါမှာ အစောက ပြောသလိုမျိုး အမျိုးသားညီလာခံကို နှောင့်ယှက်ဖျက်ဆီးသူများ ဥပဒေတွေနဲ့ အရေးဖို့ မဖြစ်တော့ ပြန်ဘူး။ အဲတော့ အရေးယူမယ်ဆိုရင် ဘယ်လို ဥပဒေနဲ့ အရေးယူမယ်။ အဲဒီလို အရေးယူတဲ့အခါမှာ ရုပ်ပျက်ဆင်းပျက် မဖြစ်အောင်၊ ဘောင်ဝင်အောင် ဘယ်လိုလုပ်မှာလဲ ဆိုတဲ့အပိုင်းကို သူတို့ ထည့်သွင်းစဉ်းစား ဟန်တူတယ်။ ဒါကြောင့် သူတို့အနေနဲ့ နောက်ပိုင်းတွေမှာ ဆက်ပြီးတော့ ပြည်သူလူထုကို ဖမ်းဆီးတဲ့ အခါမှာ အသုံးပြုနိုင်အောင် ဒီအမှုမှာ အဓိက အခြေခံကျတဲ့ အချက်အလက်အနေနဲ့ စီရင်ထုံးတခု ဖြစ်နိုင်တဲ့ အဆင့်အထိရောက်အောင် သူတို့အနေနဲ့ ဆောင်ရွက်မယ်လို့ ကျနော်တို့ ထင်မြင်ယူဆတယ်။ ဒီနိုင်ငံတကာ ဖိအားတွေကို ကျနော်တို့ ပြောနေပေမဲ့ အထဲက စစ်အုပ်စုက ဂရုစိုက်တာ မဟုတ်ဘူးဆိုတာကို ကျနော်တို့ တွေ့ရှိရတယ်။

နောက်ပြီးတော့ ဒီအမှုဟာ အစောက ဦးမျိုးညွန့်ပြောသလိုပါဘဲ၊ စီရင်ချက် ချပြီးသားဆိုတာ မှန်တယ်။ သို့သော်လည်း ရုပ်ပျက်ဆင်းပျက် မဖြစ်အောင် ပြန်လည်ပြင်ဆင် ရေးသားတဲ့အခါမှာ နည်းနည်းပါးပါး နောက်ပြီးတော့ နောင်လာမဲ့ သူတွေကို ဖမ်းဆီးတဲ့ အခါမှာလည်း ဒီဥစ္စာနဲ့ မူတည်ပြီးတော့ ထောင်ချနိုင်အောင်၊ အရေးယူနိုင်အောင်၊ အဲလိုမျိုး အခုလို အချိန်ယူပြီးတော့ ပြင်နေတယ်လို့ ကျနော် မြင်ပါတယ်။

မေး ----- ဒီအမှုကို စီရင်ချက် ချပြီးသားဆိုတာက တရားသူကြီး ချတာမဟုတ်ဘူး ထင်တယ်။၊ အချို့က ဗိုလ်ချုပ်မှူးကြီး သန်းရွှေရဲ့ သဘောဘဲ နောက်ဆုံး အချိန်အထိ တရားရုံးက စီရင်ချက် ချရမဲ့အဖွဲ့ဟာ နေပြည်တော်က ဗိုလ်ချုပ်မှူးကြီးဆီ ဘယ်လိုညွှန်ကြားချက် လာမယ်ဆိုတာကို စောင့်ဆိုင်းရဦးမယ်လို့ တွက်ကြပါတယ်။ ဘယ်လောက် ဖြစ်နိုင်ပါသလဲ။

ဦးအောင်လင်းထွဋ် ------- မှန်ပါတယ် ခင်ဗျား။ အဲတာက အမှန်ပါဘဲ၊ ဒီအမှု ဖြစ်ဖြစ်ချင်းမှာဘဲ သူကိုယ်တိုင် ကြီးကြပ်ခဲ့တာ ရှိပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ကို မော်စကိုမှာ ၃ နှစ် ပို့ထားလိုက် ဆိုတာဟာ သူ့ပါးစပ်က ပြောတဲ့စကားပါ။ ဒါ့အပြင် ဂျွန်လထဲမှာ ကျနော် သိရသလောက် တရားသူကြီးချုပ် ဦးအောင်တိုးကို ဒီကိစ္စနဲ့ သက်ပြီးတော့ ဥပဒေ ဘောင်အတွင်းကို မ၀င် ၀င်အောင်ပေါ့လေ။ ဘောင်သွင်းပြီးတော့မှ အတင်းလုပ်ခိုင်းတာ ရှိပါတယ်။ ဦးအောင်တိုးက မလုပ်ချင်ပါဘူး။ မလုပ်ချင်တဲ့ အတွက်ကြောင့် pressure မိတဲ့အခါမှာ ဦးအောင်တိုး ကိုယ်တိုင် အရေးပေါ် ဆေးရုံတက်လိုက်ရတဲ့ အနေအထားမျိုး ရှိခဲ့ပါတယ်။ အဲဒါကို ကြည့်ခြင်းအားဖြင့် ဒီကိစ္စအားလုံးဟာ ဗိုလ်ချုပ်မှူးကြီး သန်းရွှတယောက်ထဲမှာဘဲ တာဝန်ရှိပါတယ်။ သူကိုယ်တိုင် ဖန်တီးတဲ့ ဇာတ်လမ်းပါ။ သူကိုယ်တိုင် အဆုံးသတ် ပေးရပါလိမ့်မယ်။

မေး ----- ဒေါ်အောင်ဆန်းစုကြည်အမှုကို ဘယ်လိုကြောင့် ရွှေ့ဆိုင်းလိုက်ရတယ်လို့ ဦးကျော်သိန်း ထင်ပါသလဲ။

ဦးကျော်သိန်း ----- ကျနော်တို့ မြန်မာ့အရေးကတော့ စနစ်တကျ အကွက်ချ လုပ်ဆောင်ခဲ့တယ်ဆိုပြီး အများယူဆတဲ့ ဒေါ်အောင်ဆန်းစုကြည် အမှုကို ဥပဒေ ပြဿနာကြောင့် စီရင်ချက် ရက်ကို ရွှေ့လိုက်ပါတယ်။ ဒါကလည်း အချိန်ယူလိုက်တာ၊ ပွဲကို ထိန်းလိုက်တာလို့ ကျနော်ယူဆပါတယ်။ အပြစ်ကနေ လွတ်ဖို့အထိတော့ ထူးထူးခြားခြား ပြောင်းလဲဖို့ အတွက်တော့ မဟုတ်ပါဘူး။ ဒါကတော့ အနှစ် ၂၀ အမှောင်ထဲမှာ လျှောက်နေရလို့ မျက်စိ ကျင့်သားရပြီးလို့ မြင်တဲ့အမြင်လို့ ကျနော် ပြတ်ပြတ်သားသား ပြောချင်ပါတယ်။ နောက် စစ်အစိုးရရဲ့ အလားအလာ တခုနဲ့ ပတ်သက်ပြီးတော့ ပြည်သူ့ဆန္ဒက ပေးအပ်ထားတဲ့ နိုင်ငံရေ legitimacy ဖြစ်တဲ့ အုပ်ချုပ်ပိုင်ခွင့်အာဏာ rights to rule ဟာ NLD မှာရှိတယ်။ ဒါပေမဲ့လို့ အင်းစိန်ထောင်ထဲမှာ ဒေါ်အောင်ဆန်းစုကြည်က သူ့ရှေ့နေတွေကို ပြောတဲ့ အမျိုးသားရင်ကြားစေ့ရေး၊ တွေ့ဆုံနွေးရေးဟာ NLD အတွက် လမ်းညွှန်ချက် ဖြစ်တယ်။ NLD ရှေ့ဆက်သွားရမဲ့ လမ်းစဉ်ဖြစ်တယ်။ မြန်မာ့အရေးကို တခြားဘယ်လမ်းစဉ်နဲ့မှ NLD သွားမှာ မဟုတ်ဆိုပြီး Only one way direction ကို NLD CEC လည်းဖြစ်၊ ပြန်ကြားရေး တာဝန်ခံလည်းဖြစ်တဲ့ ပြောရေးဆိုခွင့်ရှိသူက မကြာခင်က သတင်းမီဒီယာတွေကို ပြောလိုက်ပါတယ်။ ဒါဆိုရင် NLD က ပြည်သူ့အာဏာ အပ်နှင်းထားတဲ့ ရွေးကောက်ပွဲ ရလာဒ်ကို ပန်းပန် အလှကြည့်ရုံ ရှိတော့တာမို့ စစ်အစိုးရ အလားအလာဟာ ကောင်းတဲ့ ဒီအခြေအနေမှာ သေချာသွားပြီးလို့ ကျနော်ကတော့ ဒီလိုဆွေးနွေး ချင်ပါတယ် ခင်ဗျား။ မျောနေတဲ့ စစ်အစိုးရက ဘယ်တော့မှ မတွေ့ချင်တဲ့ ကျနော်တို့ ကမ်းလှမ်းချက်တွေကို လွှတ်ချင်နေတဲ့ ဒီအစိုးရနဲ့ကတော့ တွေ့ဆုံဆွေးနွေးရေးသာ ဆက်သွားရင် ၂၀၁၀ ဟာ ရောက်လာမှာ မဟုတ်ဘူးလို့ ကျနော်ထင်တယ်။

မေး ------ စစ်အစိုးရ အလားအလာ ကောင်းသွားပြီးပေါ့၊ အဲဒီတော့ -

ဦးကျော်သိန်း ----- ပြုလုပ်သင့်တာ မလုပ်ဘဲနဲ့ အမြဲမျောနေတဲ့ စစ်အစိုးရက ကျနော်တို့ ကမ်းလှမ်းချက်ကို လွှတ်ပစ်နေတဲ့ တွေ့ဆုံဆွေးရေးသာ ဆက်သွားရင် ရောက်မယ် မဟုတ်ဘူးလို့ ကျနော်ထင်တယ်။

မေး ------ ဒေါ်အောင်ဆန်းစုကြည် အမှုကို ရွှေ့ဆိုင်းတာဟာ ဘာကြောင့်ပါလဲ ကိုဇော်လင်း။

ကိုဇော်လင်း ------- ဘာကြောင့် ရွှေ့ဆိုင်းလိုက်တယ် ဆိုတော့ တပ်မတော် ခေါင်းဆောင်းပိုင်းကများ အခြေအတင် ဖြစ်နေတာ မသိဘူးပေါ့နော်။ ဘာကြောင့်လည်းဆိုတော့ ကုလသမဂ္ဂရော၊ EU ကရော ဖိအားပေး နေတယ်ဆိုတော့ တဘက်က လွှတ်ပေးချင် တာပေါ့နော်၊ တဘက်ကလည်း

မေး ------ တပ်မတော် ခေါင်းဆောင်းပိုင်းမှာ စစ်တပ်ထဲမှာ အခြေအနေဆိုတာ ဗိုလ်ချုပ်မှူးကြီး သန်းရွှေပြောတဲ့ စကားကို ချေပရဲတဲ့လူများ ရှိပါရဲ့လား ခင်ဗျား။

ဦအောင်လင်းထွဋ် ------- တပ်မတော်ထဲမှာက ဗိုလ်ချုပ်မှူးကြီး သန်းရွှေ ပြောတဲ့ဟာကိုတော့ ပြန်ပြီးတော့ ညင်းပယ်နိုင်တဲ့ သူမရှိပါဘူ့း သို့သော် ညင်ညင်သာသာနဲ့ ချင်းကပ်ပြီးတော့ ပြောနိုင်တဲ့သူရှိပါတယ်။ ဥပမာ ၀န်ကြီးချုပ် ဗိုလ်ချုပ်ကြီး သိန်းစိန် လိုဟာမျိုး၊ အဲဒီလိုမျိုး အလားအလာ ပေါ့လေ။ ကျ ILO ကနေပြီးတော့ ထွက်မယ်ဆိုပြီးတော့ အမိန့်ပေးခဲ့ဘူး ပါတယ်။ အမိန့်ကို ပြန်ပျက်သွားအောင် Negotiator အနေနဲ့ ဒုတိယ ထောက်လှမ်းရေး မှူးချုပ် လုပ်တဲ့ ဗိုလ်ချုပ်ကျော်ဝင်းက ညှိနှိုင်းရပါတယ်။ ဗိုလ်ချုပ် ခင်ညွန့်တို့လည်း တိုက်ရိုက် ပြောလို့မရဘူး။ ကြားထဲက ပြန်ပြောတဲ့ အခါကျမှ ILO က ထွက်မဲ့ကိစ္စကို ပယ်ဖျက်ပြီးတော့မှ ILO ဆက်သွယ်ရေး ရုံးကို မြန်မာပြည်မှာ ပြန်ဖွင့်လို့ရတဲ့ အခြေအနေအထိ ရှိခဲ့ပါတယ်။ အခုကိစ္စမှာလည်း ဗိုလ်ချုပ်မှူးကြီး သန်းရွှေ အနားမှာရှိတဲ့ တပည့်တွေက ဆရာအကြောင်းကို သိတဲ့ တပည့်တွေက နေပြီတော့ အသေအချာ နားချပြီး နားလည်အောင် ရှင်းပြရင်တော့ ဗိုလ်ချုပ်မှူးကြီး သန်းရွှေအနေနဲ့ အတိုင်းအတာ တခုအထိတော့ လက်ခံမယ်လို့ ယုံကြည်ပါတယ် ခင်ဗျား။ ဒါ့ကြောင့်မို့လည်း သူပြန်စဉ်းစားတယ်လို့ ကျနော်ယူဆပါတယ်။

မေး ------ အဲဒီလို စဉ်းစားတဲ့ အတွက်ရော နောက်တပါတ် စီရင်ချက်မယ် ဆိုရင်ရော စီရင်ချက်ကို ဘယ်လိုများ ဘယ်လို ဆက်ထိန်းထားမှာလဲ၊ ဦးမျိုးညွန့်ကို ကျနော်မေးချင်ပါတယ်။ အခု တွေ့ရတဲ့ အနေအထား အထိ ဦးမျိုးညွန့် ဘယ်လို သုံးသပ်မှာလဲ၊ ဗိုလ်ချုပ်မှူးကြီး သန်းရွှေ စိတ်ကူးထဲမှာ ပြောင်းသွားစရာ အကြောင်း မြင်ပါသလား။ ပြောင်းသွားနိုင်စရာ အကြောင်းရှိတယ်လို့ ထင်ပါသလား။

ဦးမျိုးညွန့် ------- ကျနော်ကတော့ ပြောင်းသွားစရာ အကြောင်းမရှိဘူးလို့ မြင်ပါတယ်။ ဘာကြောင့်လည်းဆိုတော့ နိုင်ငံတကာ ထင်မြင်ချက်များ နိုင်ငံတကာ Pressure များကို Sanction များကို န အ ဖ ဂရုမစိုက်ပါဘူး။ ခဏက ဗိုလ်မှူးပြောသွားတာ ရှိပါတယ်။ ပြောနိုင်ဆိုနိုင်တဲ့ သူတွေ ရှိပေမဲ့။ ဒါပေမဲ့ ကျနော်က အဲလို မမြင်ဘူး။ ဘာကြောင့်လည်း ဆိုတော့ ဒေါ်အောင်ဆန်းစုကြည်နဲ့ ပတ်သက်တဲ့ ကိစ္စရပ်များ ဆိုလို့ရှိရင် ပထမကတော့ ဗိုလ်ချုပ်မှူးကြီးသန်းရွှေ သဘောထားဖြစ်တာကို ကျနော် သဘောတူပါတယ်။ ဒါပေမဲ့ အဲဒါကို သဘောတူပြီးသား ဖြစ်ပါတယ်။ အဲဒီလို သဘောတူပြီးသား မဖြစ်သည့်တိုင်အောင် ခဏက ဗိုလ်မှူး ပြောသလိုတော့ ဒါလေးတော့ ဒီလို စဉ်းစားပါလို့ ပြောနိုင်စရာ အကြောင်းမရှိဘူးလို့ အဲလိုဘဲမြင်ပါတယ်။

မေး ------ ဗိုလ်မှူးအောင်လင်းထွဋ်ကို နည်းနည်းလေး မေးချင်ပါတယ်။ ဦးမျိုးညွန့်ကတော့ မဖြစ်နိုင်ဘူးလို့ ပြောတယ်။ ဘယ်လို သဘောရပါသလဲ။

ဦးအောင်လင်းထွဋ် ------- ကျနော်တို့ သဘောကတော့ မဖြစ်နိုင်ဘူးဆိုတာက ကြိုပြီးတော့ ပြောလို့မရဘူး ခင်ဗျား။ ဗိုလ်ချုပ်မှူးကြီး သန်းရွှေရဲ့ နောက်ဆုံးကဒ်က ဒေါ်အောင်ဆန်းစုကြည်ပါဘဲ ခင်ဗျား။ ပြည်တွင်း၊ ပြည်ပ၊ တပ်မတော်မှာရော နောက်ဆုံးကဒ်ကို သူသုံးမယ်လို့ ထင်ပါတယ်။ အခုဖြစ်လာတဲ့ ကိစ္စကလည်း ပြည်ပ Pressure က အများကြီး ပါပါတယ်။ ဒီများတဲ့ အတွင်းမှာက တပ်မတော်ထဲက အရာရှိပိုင်းမှာကို ကျနော်တို့ ထင်ပါတယ် ခင်ဗျား။ ဗိုလ်ချုပ်မှူးကြီး သန်းရွှေကို မပြောရဲပေမဲ့ နောက်ကွယ်မှာတော့ အဖိုးကြီးကို မကြိုက်တဲ့သူတွေ တော်တော်များများ ရှိပါတယ်။ ဒါကလည်း ၂၀၀၈ ခုနှစ်တုန်းက ဖြစ်တဲ့ကိစ္စတွေပါ။ နောက်ဆုံး ကုန်ကုန်ပြောရရင် ဘယ်လောက်အထိ သူတို့ စဉ်းစားကြသလဲဆိုတော့ ဗိုလ်ချုပ်မှူးကြီး သန်းရွှေကို ဖယ်ပြီးတော့ ဗိုလ်ချုပ်ကြီး ရွှေမန်းကို တင်ခဲ့ရင် ဆိုတဲ့ အတွေးအခေါ်လေး အထိ သူတို့စဉ်းစားခဲ့တာ ရှိ့ပါတယ်။

နောက်ပြီးတော့ တပ်ထဲမှာ စုတ်ပြတ်သတ်ပြီးတော့ ကျွန်သာသာလောက်ပါဘဲ ဖြစ်တဲ့ အနေအထားမျိုး ရှိပါတယ်။ ဒါကြောင့်မို့ ဗိုလ်ချုပ်ကြီး သန်းရွှေက ဒီကဒ်ကို ထုတ်သုံးပြီးတော့မှ တကယ်လို့ ဒေါ်အောင်ဆန်းစုကြည် ကိုသာ ဗိုလ်ချုပ်မှူးကြီး သန်းရွှေက လွှတ်လိုက်ရင် အကျိုးအမြတ်ကို ပြန်တွက်ရင်၊ ပြည်ပ Pressure၊ ပြည်တွင်း Pressure တွေကို အတိုင်းအတာ တခုအထိ ဖြစ်သွားနိုင်ပါတယ်။ ဒေါ်အောင်းဆန်းစုကြည်ကို လွှတ်လို့ ဒီမိုကရေစီ ဘက်တော်သားတွေက ဘာတွေ တုန့်ပြန်လာနိုင်မယ် ဆိုတာကို သူအချိန်မရွေး စောင့်ကြည့် နိုင်ပါတယ်။ ဘာဖြစ်လို့လည်း ဆိုတော့ ၁၉၉၄ ခုနှစ်က လွှတ်တယ်ဗျာ။ ညောင်တုန်းမှာ ဖြစ်တဲ့ကိစ္စရှိတယ်။ ဒလမှာ ဖြစ်တဲ့ကိစ္စရှိတယ်။ ဘူတာရုံကြီးမှာ ဖြစ်တဲ့ကိစ္စရှိတယ်။ ဖြစ်သော်ငြားလည်း ပြည်သူလူထု တခုလုံး ပါလာနိုင်အောင်အတွက်ကို သူ့အနေနဲ့ ကစားကွက်တကွက်လုပ်တာ ဖြစ်ပါတယ်။

မေး ------ ပြန်လွှတ်နိုင်မဲ့ အလားအလာ ရှိပါသလား။

ဦးအောင်လင်းထွဋ် ------ ကျနော့ အယူအဆကတော့ ပြန်လွှတ်နိုင်ပါတယ်။ ပြီးတော့မှ ပြန်ကစားပါဦးမယ်။

မေး ------- ဦးမြတ်မိုးကိုရဲ့ သဘောထားကိုလည်း သိပါရစေ။

ဦးမြတ်မိုး ------ ကျနော်တို့ မြန်မာပြည် တရားစီရင်ရေးဟာ ကုလသမဂ္ဂမှာ ပြောသလိုဘာပဲ။ ဥပဒေမဲ့ တရား စီရင်မှုတွေက အရမ်းများနေတယ်။ အခု ဒေါ်အောင်ဆန်းစုကြည်ကို လုပ်တဲ့ပုံစံက နိုင်ငံရေး လုပ်တဲ့သူတွေ အားလုံးကို ကြွက်တွေကို ကြောင်တွေက ဖမ်းသလို လွတ်လိုက် ဖမ်းလိုက် ကစားနေတာပါ။ နိုင်ငံခြား Pressure များလို့ရှိရင် ကြွက်တွေကို ပြန်လွှတ်လိုက်မယ်။ ပြီးလို့ရှိရင် ပြန်ဖမ်းမယ်။ ဒါက မြန်မာပြည်ရဲ့ တရားဥပဒေရေး အရရော၊ နိုင်ငံရေးအရပါ ဆက်စပ်နေတဲ့ အပြစ်အပျက်လို့ပဲ ကျနော်ယူဆပါတယ်။ ကျနော်တို့ နိုင်ငံရေး လုပ်တဲ့သူတွေ ဟာလည်း သူလိုဘဲ ခံစားနေရတယ်။

မေး ----- အခုဖြစ်ရပ်ကို ဘယ်လို မြင်ပါသလဲ။

ဦးမြတ်မိုး ------ နိုင်ငံရေး ကစားတယ်လို့ပဲ မြင်ပါတယ်။

မေး ------ ဦးအောင်းလင်းထွဋ် ဒေါ်အောင်ဆန်းစုကြည်ကို ပြန်လွှတ်ပေးတဲ့အထိ စဉ်းစားနိုင်တယ်။ ဦးမျိုးညွန့် ဘာမှ ပြောင်းလဲ စရာအကြောင်း မရှိဘူးလို့ ပြောပါတယ်။ ဦးအေးမြင့်ကရော ဘယ်လို သဘောရပါသလဲ၊ အချိန်ယူပြီး စဉ်းစားလိုက်တဲ့အတွက် ဆုံးဖြတ်ချက်ဟာ ဘယ်လို ထိခိုက် ပြောင်းလဲလာနိုင်ပါသလဲ။

ဦးအေးမြင့် ------ ကျနော့ အမြင်ကတော့ ဦးအောင်လင်းထွဋ်နဲ့ တူပါတယ်။ လွှတ်ကို လွှတ်ပေးရမဲ့ဘ၀ ဖြစ်နေတယ်။ လက်ရှိ န အ ဖ ရဲ့ တက်တဲ့ ခရီးလမ်းက ဒေါ်အောင်ဆန်းစုကြည် အမှုအပေါ်မှာ မူတည်နေတယ်။ ဥပမာ အနူပျားတုပ်သလို ဒေ၀ဒတ် ငရဲမီး ၀ိုင်းနေတဲ့ အချိန် ဖြစ်တဲ့အတွက် ပြန်လွှတ်လိမ့်မယ်လို့ ယူဆတယ်။ နောက်တချက်က တရားသူကြီးက အရုပ်ဖြစ် ပေမဲ့လည်း သူကိုယ်တိုင် ပညာသားပါပါ လွှတ်လိုက်လို့ရတယ်။ အချိန်မရသေးလို့၊ ဥပဒေပြဿနာ ပေါ်ပေါက်နေပါတယ် ဆိုတဲ့ တရားစွဲတာဟာ မှားနေပါတယ် ပညာရှင်ကြီး ဦးအောင်လင်းထွဋ် ပြောသလို ဒေါ်အောင်ဆန်းစုကြည်ကို ကျနော့အမြင်တော့ လွှတ်ကိုလွှတ်မယ်။ မလွှတ်ရင်တောင် ရက်ပိုင်းအတွင်းမှာ အမိန့်ချပြီးတော့ လွတ်ငြိမ်းချမ်းသာခွင့် ပေးလိမ့်မယ်လို့ ကျနော် ယူဆပါတယ်။

မေး ------ ဦးမင်းလွင်ဦးရော၊ ဘယ်လိုမြင်ပါသလဲ။

ဦးမင်းလွင်ဦး ------- ကျနော့အမြင် ပြောရရင် ဦးမျိုးညွန့်ပြောတာနဲ့ နည်းနည်း ဆင်နေပါတယ်။ လွှတ်မယ်လို့ မထင်ဘူး။ ဘာဖြစ်လို့လည်း ဆိုတော့ ၂၀၁၀ ရွေးကောက်ပွဲ ရှိနေတဲ့အတွက် ဒေါ်အောင်ဆန်းစုကြည်ကို လွှတ်လို့ရှိရင် ဆက်ပြီးကြုံရမဲ့ ပြဿနာကို သူတို့အနေနဲ့ သိပြီးသားဖြစ်တယ်။ နောက်ပြီးတော့ ဒီအချိန်မှာ လွှတ်လိုက်မယ် ဆိုလို့ရှိရင် ပြည်သူတွေရဲ့ အောင်ပွဲလို့ ယူဆနိုင်တဲ့အတွက် ပြောနိုင်မယ် ဖြစ်တယ်။ အဲဒီလိုမျိုးကိုတော့ သူတို့ အဖြစ်ခံမှာ မဟုတ်ဘူး။ ဒေါ်အောင်ဆန်းစုကြည်ကို ကျနော့အမြင်အရ ပြောရမယ် ဆိုလို့ရှိရင် ၃ နှစ် အပြစ်ဒဏ်ပေးမယ်။ ဆိုင်းငံ့ အပြစ်ဒဏ်အနေနဲ့ ဗိုလ်ချုပ်ခင်ညွန့်လိုမျိုး နေအိမ်မှာ အကျယ်ချုပ်နဲ့ ပြန်ချမယ် ဆိုတာမျိုးကို ထားမယ်လို့ ထင်ပါတယ်။

မေး ----- ဦးမျိုးညွန့်ကို အတိုဆုံး ပြောချင်ပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ဟာ သူတို့အာဏာကို စိန်ခေါ်နေတာ မဟုတ်ဘူးလား။ ပြောင်းလဲနိုင်စရာ အကြောင်းရှိမယ်လို့ ထင်ပါသလား။

ဦးအောင်လင်းထွဋ် ------ အားစမ်းတဲ့ သဘောမျိုး ဖြစ်ပါလိမ့်မယ်။ ဒေါ်အောင်ဆန်းစုကြည် ဘက်က ထုတ်ပြန်တဲ့ Statement ကို သူတို့ စောင့်ပါလိမ့်မယ်။ စောင့်ရတဲ့ အကြောင်းအရင်းက ၂၀၁၀ ရွေးကောက်ပွဲကို မဖြစ်ဖြစ်အောင် သူတို့လုပ်မှာဘဲ။ ဒါပေမဲ့ နိုင်ငံတကာက အသိအမှတ်မပြုဘူး ဆိုလို့ရှိရင် ဒီအပေါ်မှာလည်း ကျနော်တို့ အများကြီး စဉ်းစားရမှာ ဖြစ်တယ်

မေး ----- နောက်ဆုံးဖြစ်တဲ့ ဦးကျော်သိန်းခင်ဗျား။ လွတ်မယ် ထင်ပါသလား။ မပြောင်းလဲဘဲ ဒီအတိုင်း ဆက်ထားမှာလား၊ ဦးကျော်သိန်း ဘယ်လိုထင်ပါသလဲ ခင်ဗျား။

ဦးကျော်သိန်း ----- ကျနော် ပြောခဲ့ပြီးပါပြီး Road Map ကြီးကို လမ်းခင်းတဲ့အနေနဲ့ သူတို့လုပ်တဲ့ ပွဲက ညှိနှိုင်းလို့ရရင် ကောင်းတာပေါ့ဗျား။ မညှိနှိုင်းဘဲနဲ့ လွှတ်လို့ရှိရင်တော့ ၂၀၁၀ ဟာ ပွဲပျက်မှာဘဲ။ သူတို့ အသေအချာ သိထားပါတယ်။ ဒါ့ကြောင့် မလွှတ်ဘူးလို့ ကျနော်ထင်ပါတယ်။

ဟုတ်ကဲ ခင်ဗျား။ လွှတ်မှာလား။ ပျော့ပျောင်းတဲ့ ဆုံးဖြတ်ချက် ဖြစ်မှာလား။ ဒီအတိုင်းဘဲ ဆက်ထားမလား ဆိုတာကို သောတရှင်များဘဲ ဆက်လက်ပြီး အတွေးနဲ့ ခဲကြပါလေဦးလို့ ပြောကြားရင်း ဒီအပတ် အစီအစဉ်ကို ရပ်နားလိုက်ပါတယ်။

0 comments:

Post a Comment